March 17, 2011

လူများစွာရဲ့ သတင်းများစွာ


ဝေးရာကို ပြေးခွါသူများ
ဂျပန်ရောက် နိုင်ငံခြားသားအချို့ နဲ့ မြန်မာအချို့ က တိုကျိုမြို့မှထွက်ခွါပြီး ဂျပန်နိုင်ငံအလယ်ပိုင်းသို့တိမ်းရှောင်ခြင်း အမိမြေသို့ခေတ္တပြန်ခြင်းတွေများပြားလာပါတယ်။
ကျွန်မရဲ့ မိတ်ဆွေတရုတ်လူမျိုးများကတော့ ကုမဏီကိုခွင့်ယူပြီး နာဂိုယာကိုသွားကြပါတယ်။ နာဂိုယာမှာ တိန်းရှောင်နေပြီး အခြေအနေပိုဆိုးလာရင်တော့ နာဂိုယာလေဆိပ်ကနေ တရုတ်နိုင်ငံကို ချက်ချင်းပြန်ကြဘို့ပါ။ 
ရှီနာဂါဝါ ပြည်ဝင်ပြည်ထွက် ကြီးကြပ်ရေးရုံးရှေ့မှ ပြည်ပြန်ဝင်ခွင့်ဗီဇာယူကြသူ နိုင်ငံခြားသားများ


တိုကျို၊ ရှီနာဂါဝါ ပြည်ဝင်ပြည်ထွက်ကြီးကြပ်ရေးရုံးမှာ ပြည်ပြန်ဝင်ခွင့်ဗီဇာယူသူ နိုင်ငံခြားသား များပြားလွန်းကြောင်း သတင်းထဲမှာလည်း ပါလာပါတယ်။

ဘာကြောင့် အခုလိုလူပေါင်းများစွာ ရတက်မအေးရှိရတာတွေကတော့ ပေါက်ကွဲမှုများကို ထိမ်းချူပ်နိုင်စွမ်းမရှိသေးတာ၊ ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်တာ၊ အင်အား၃အထက်ငလျင်များ နာရီပိုင်းလိုက်ကြိမ်ဖန်များစွာရှိနေတာ၊စားသောက်ကုန်နဲ့ လူသုံးပစ္စည်းများဝယ်မရတာ၊ မီးရေဆက်သွယ်ရေးပြတ်လပ်တာ၊ ရထားနဲ့ လေယဉ်များ အစင်းအရည်အတွက်များစွာလျှော့နည်း သွားတာတွေကြောင့် ပါပဲ။

ကျွန်မကိုယ်တိုင်လည်း ပတ်ဝန်းကျင်က သူငယ်ချင်းအချို့ တိုကျိုကထွက်ခွာတာ၊ အခြားနိုင်ငံဘက်ထွက်တာ မြန်မာပြည်ပြန်တာသိရတော့ ဂျပန်အလယ်ပိုင်းက မီအဲ ခရိုင်မှာရှိတဲ့ ညီမလိုခင်တဲ့ သူငယ်ချင်းဆီသွားဘို့ပြင်ပါတယ်။ စိုးရိမ်တတ်သူ ဂျပန်မိတ်ဆွေကတော့ ကျူးရှူးကျွန်းဘက်သွားဘို့ စီစဉ်ပေးပါတယ်။

သားရဲ့ကျောင်းကလည်း ရုတ်တရက်ပိတ်သွားတော့ (၁၅ရက်နေ့ကပါ)စိတ်ကသွားတော့မယ်လို့ စဉ်းစားပြီးချိန်ရုံးမှာ ကျွန်မအလုပ်တွေထပ်ပေါ်လာပါတယ်။ အဲဒါနဲ့ ရုံးဆက်တက်နေတာပါပဲ။

အလုပ်နဲ့ ဆန္ဒများသူများ
နေ့စဉ်အချိန်တိုင်းဆိုသလို အခြေအနေများနဲ့ သတင်းများကလည်းအရှိန်များစွာနဲ့ ပြောင်းလည်း နေပါတယ်။ တကယ်ကလည်း နားလည်ဘို့ခက်ခဲတဲ့ ငလျင်ကြောနဲ့ အဏုမြူဆိုင်ရာ ပြဿနာများကို ပေါက်ကွဲမှုအဖြစ်အပျက်များနဲ့ အတူ တင်ပြရတဲ့ သတင်းတွေဖြစ်တဲ့အတွက်လည်း သတင်းမှန်အတွက် ချက်ချင်း ပြောင်းလည်း တင်ပြနေကြတာလည်းဖြစ်ပါတယ်။

“ရုရှားသံရုံးဝန်ထမ်းမိသားစုများ တိန်းရှောင်ရန် ဆုံးဖြတ်” 2011.3.17 00:51 တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို သေချာဖတ်ကြည့်လိုက်တော့ …။  
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ၁၆ရက်နေ့မှာ  ဖူကူရှီးမားပေါက်ကွဲမှု အဖြစ်အပျက်ကြောင့် ဂျပန်ရှိရုရှားသံရုံးအမှုထမ်းနဲ့ မိသားစုများကို မနက်ဖန်၁၈ရက်နေ့ လောက်မှာ ဂျပန်ကနေထွက်ခွါစေရန်ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်။ ဒါပေမယ့် တိုကျိုနဲ့ အခြားမြိုများမှာရှိတဲ့ သံရုံးဝန်ထမ်းများကတော့ အခုချိန်ထိ ဆက်လက်တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်။

ရုရှားသတင်းစာကတော့ ဂျပန်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ တိုကျိုလျှပ်စစ်ဓါတ်အား ရဲ့ အရေးပေါ်ဆောင်ရွက်မှု နှောင့်နှေးပုံကိုတွေကို “ လိမ္မာပါးနပ်မှု မရှိကြောင်း” ရေးသားခဲ့ပါတယ်။း

ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင်သံအမတ်ကြီး ရဲ့ “အရေးပေါ်ကိစ္စရပ်အနေနဲ့ သံရုံးဝန်ထမ်းများ ခေတ္တတိန်းရှောင်ခွင့်” ကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက “ ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင်နိုင်ငံသားများကို နောက်ဆုံးအချိန်အထိ စောင့်ရှောက်ဘို့ တာဝန်ဟာ ကျေပွန်ရမည့် ၀တ္တရားဖြစ်တယ်” ဆိုပြီး ပယ်ချလိုက်ပါတယ်တဲ့။

အလုပ်နဲ့ အသက်ကို စတေးသူများ
“မိမိအသက်ကိုစတေးသူ ၅၀ အား အမေရိကန် မီဒီယာလောကမှ ချီမွမ်းထောပဏာပြု ” တဲ့သတင်းကိုလည်း အခုလိုဖတ်ရပါတယ်။
ဖူကူရှီးမားပေါက်ကွဲမှုဖြစ်ရပ်မှာ ဆင့်ကဲဆင့်ကဲဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုများ၊ များပြာပျံ့လွင့်လာတဲ့ ရေဒီယိုသတ္တိကြွရောင်ခြည်များ ကြားမှာ အသက်အန္တရာယ်ကို ပဓါနမထားပဲ အခုအချိန်အထိအလုပ်ဆက်လုပ်နေတဲ့ လုပ်သား၅၀ ကို အမေရိကန်မီဒီယာလောက ရဲ့ အာရုံစူးစိုက်မှု အမြင့်ဆုံး ဖြစ်နေပါတယ်။ နယူးယောက်ခ် တိုင်းမ်စ် မှာတော့ “နောက်ဆုံးအကာအကွယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်သား၅၀ရဲ့ အထူးဆောင်းပါးကို တင်ပြထားပါတယ်။

ဂျပန်နိုင်ငံကို အဏုမြူရဲ့ကြောက်မက်ဘွယ်အန္တရာယ်မှ ကယ်တင်မယ့် နောက်ဆုံး ကောက်ရိုးတမျှင် လို့ လုပ်သား၅၀ကိုတင်စားထားပြီး  ၀င်္ကဘာသဖွယ်လိမ်ကောက်နေတဲ့ စက်ရုံတာဝါတိုင်ကြီးထဲကို မီးပျက်နေလို့မဲမှောင်နေတဲ့ကြားမှာ လက်နှိပ်ဓါတ်မီးတွေကိုင်လို့ မျက်နှာဖုံး၊ ကာကွယ်ရေးဝတ်စုံလေးတစ်စုံဝတ်ဆင်တဲ့ ခန္ဒာကိုယ်လေးတွေ ကုန်းကွဝပ်တွားစမ်းတ၀ါးဝါးနဲ့ အအေးခံကန်တွေထဲ ပင်လယ်ရေထည့်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်နေကြတဲ့ လုပ်သား၅၀ရဲ့ အသက်ကိုစတေးပြီး တာဝန်ထမ်းဆောင်ပုံကိုလည်း ကွင်းကွင်းကွက်ကွက် ဂုဏ်ပြုရေးသားထားပါတယ်။

ဂျပန်နိုင်ငံအင်တာနက်စာမျက်နှာများမှာတော့  ပေါက်ကွဲမှုဖြစ်ပါးရာ စက်ရုံအမှတ်၁မှာ အလုပ်လုပ်ဆဲဖြစ်တဲ့ လုပ်သား၅၀ကို “ သူရဲကောင်းတို့ ကြိုးစားပေးပါ ” လို့ ဂုဏ်ပြု စာများ ရေးသားကြတာ အဆက်မပြတ်ဆိုသလိုပါပဲ။
ဂျပန်နိုင်ငံ အရှေ့ပိုင်း အင်အားကြီးငလျင်ဘေးကြောင့် ဆိုးဝါးလှတဲ့ ဘေးအန္တရာယ်များဆက်တိုက်ဆိုသလို ပေါ်ပေါက်ရာက တိုကျိုလျှပ်စစ်ဓါတ်အားကုမဏီရဲ့ ဖူကူရှီးမား အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁မှပေါက်ကွဲမှုများဖြစ်ပွါးနေခဲ့ပါတယ်။ တိုကျိုလျှပ်စစ်ဓါတ်အားပေးရဲ့ ကျွမ်းကျင်စွာကိုင်တွယ်နိုင်စွမ်းမရှိတဲ့ ပြဿနာများလို့ ယူဆချက်များနဲ့ အတူ၊ တစ်ဘက်ကလည်း  ယခု လက်ရှိအလုပ်ဆက်လက်လုပ်ကိုင်နေတဲပ လုပ်သား ၅၀ကို ချီးကျူး အားပေးသံတွေက အင်တာနက်ပေါ်မှာ နေ့ချင်းညချင်းဆိုသလို တိုးပွါးလာနေပါတော့တယ်။ ကိုယ့်ကိုယ်ကို စတေးပြီး အန္တရာယ်ကိုရင်ဆိုင်ကာ အလုပ်လုပ်နေတဲ့ အလုပ်သမား တွေကို ဖြစ်ပါတယ်။ ဒီလို အဆင့်မြင့်တဲ့ “ ပရော်ဖက်ရှင်နယ် စိတ်ဓါတ်” ဟာ အင်တာနက်ယူဇာများရဲ့ နှလုံးအိမ်ကို ထိခိုက်လှုပ်ခေတ်စေပြီး စာကြောင်းများအဖြစ်ပြောင်းလည်းသွားပုံရပါတယ်လို့ သတင်းများက ဆိုကြပါတယ်။
“ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို အတတ်နိုင်ဆုံးနည်းနိုင်သ၍နည်းအောင် မိမိခန္ဒာကိုယ်ကို အသုံးပြုပြီး အလုပ်လုပ်ပေးကြသူတွေ”
“ အကောင်တွေကတော့ အရေးပေါ်သတင်းတွေပေးပြီးနေကြရုံပဲလား လုပ်ငန်းခွင်နေရာကို ကိုယ်တိုင်ဆင်းပြီး  မလုပ်ကြတော့ဘူးလား”
စာကြောင်းတိုများနဲ့ အွန်လိုင်းဆက်သွယ်မှုဖြစ်တဲ့ တွစ်တာ လိုနေရာတွေကနေ အဲဒီအလုပ်သမားတွေကို ချီးကျူးအားပေးဂုဏ်ပြုကြတာဟာ တရစပ်ပါပဲ။

ဘုရင်နှင့် ပြည်သူများ
မနေ့က (၁၇ရက်နေ့) တော့ ဂျပန်ဘုရင်မင်းမြတ်က ဗွီဒီယို မက်ဆေ့ဂ်ျနဲ့ ပြည်သူလူထုကို အားပေးစကားမိန့်ကြားခဲ့ ပါတယ်။ဒီတစ်ကြိမ် ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ အင်အားကြီးငလျင်လှုပ်ခတ်မှုဟာ အတိတ်မှာ နမူနာယူစရာမရှိလောက်အောင် ထူးခြားကြီးမားလှပါတယ်။ ဒီဘေးဒုက္ခကို ရင်ဆိုင်ရလို့ စိတ်နှလုံးကြွေကွဲရပါတယ်။ ….. တစ်ဦးတစ်လေပဲဖြစ်ဖြစ် လူတွေရဲ့ ဘေးကင်းကြောင်း တွေ့ မြင်ကြားသိရဘို့ ဆုတောင်းနေပါတယ်။လို့ ဘေးဒုက္ခရင်ဆိုင်သူများကို နှစ်သိမ့်အားပေးသွားပါတယ်။
ဓါတ်အားစက်ရုံ ၁နဲ့ပတ်သက်ပြီးလောလောဆယ် လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ အတိမ်းအစောင်းမခံတဲ့ အခြေအနေရောက်နေတာ ကို လေးလေးနက်နက် သဘောပေါက်ပါတယ်။ သက်ဆိုင်သူများက အစွမ်းကုန်ကြိုးစားမှုနဲ့ ဆိုးဝါးမှုများက ပြန်လည်လွတ်မြောက်လာနိုင်ဘို့ ဆုတောင်းပါတယ်
ကယ်ဆယ်ရေးလှုပ်ရှားမှုဆောင်ရွက်သူများရဲ့ အပင်ပမ်းခံမှု ကို အသိအမှတ်ပြုပြီး ဘေးဒုက္ခရောက်နေတဲ့ ဒေသအပြင် တစ်နိုင်ငံလုံးက ပြည်သူလူထုကိုဒုက္ခဘေးကြုံတွေ့သူတွေရဲ့ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရတဲ့ နေ့တွေကို ကျွန်တောအပါအ၀င်အားလုံးက ဒုက္ခများစွာထဲက တစ်စုံတခုပင်ဖြစ်ပါစေ ပုံစံမျိုးစုံနဲ့ နားလည်ပေးနိုင်ဘို့ အလွန်ပင်အရေးကြီးလှပါတယ်
ဘုရင်မင်းမြတ်ကို တိုကျိုမြို့ကနေ ကျိုတိုမြို့ဘက် တိန်းရှောင်နေဘို့ ကမ်းလှမ်းလျှောက်ထားတာကို ပယ်ချပြီး ပြည်သူလုထုနဲ့အတူ ရှိနေပေးတဲ့ ဘုရင်မင်းမြတ်ကို ဂျပန်လူမျိုးများစွာက ကျေနပ်ကြပါတယ်။

ပန်ကြားချက်။ အချိန်မလောက်ငှတဲ့အတွက် စကားလုံးသုံးစွဲမှုများကို ပြန်လည်မစစ်ဆေးနိုင်ခဲ့ပါသဖြင့် အဆင်မပြေမှုများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးဘို့ လေးစားစွာ ပန်ကြားအပ်ပါတယ်။

စာကြွင်း။ ရေလာပါပြီ။ (ကျွန်မတောင်  ရေပြန်လာတာလေးကို ဒီလောက်ဝမ်းသာရင် ဒုက္ခဘေးက လွတ်မြောက်သူတွေဆို ဘယ်လောက်ဝမ်းသာလိုက်မလဲနော် )

ဓါတ်ပုံများကို အင်တာနက်ကကူးယူပါတယ်။

8 comments:

လပြည့်ရိပ် said...

သတင်းတွေကို အခက်အခဲကြားက တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူသားအားလုံး ဘေးကင်းပါစေ။

crystal said...

နားလည်ပါတယ်အစ်မရေ အဆင်ပြေပါစေနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြည်သူနဲ့အတူ ရှိနေပေးနဲ့ ဘုရင်မင်းမြတ်တဲ့လား
ဒီလိုခေါင်းဆောင်မျိုး ရရှိတာ ဂျပန်ပြည်သူတွေအတွက် တန်လိုက်တာနော်။
ကျွန်မတို့တိုင်းပြည်မှာလည်း ဒီလိုခေါင်းဆောင်မျိုး လိုချင်လိုက်တာ။။
မကြာခင် အစစ အဆင်ပြေပါစေလို့ မကောင်းမွန်ဝင်းရေ။

Anonymous said...

အစ်မရေ...
သတင်းတွေအတွက်ကျေးဇူးပါ..။
အရာရာ အဆင်ပြေပါစေ။


ပေါက်

Shinlay said...

အသက်စွန့် လုပ်နေကြတဲ့အကြောင်းတွေ ကြားရတော့
တကယ်လေးစားမိပါတယ်။
အဆင်ပြေပါစေ။

Maung Myo said...

အဆင်ပြေပါစေ အစ်မရေ အားလုံးဘေးကင်းဖို့ ဆုတောင်းပါတယ်ဗျာ ။

ညီလင်းသစ် said...

ဟုတ်တယ်၊ အဲဒီ အသက်စွန့် လုပ်သားတွေ အကြောင်း တချိန်လုံး ဖတ်နေ၊ ကြည့်နေရတယ်၊ တကယ့်ကိုပဲ ချီးကျူးမိပါတယ်၊ ဖိလစ်ပိုင် သံအမတ်ကြီးရဲ့ သူ့နိုင်ငံ သားတွေအပေါ် စောင့်ရှောက်တဲ့ စိတ်ဓါတ်ကိုလည်း လေးစားမိတယ်၊ ပို့စ်တွေ မပြတ်တင်ပေးနေလို့လည်း ကျေးဇူးတင်ပါတယ်၊ ရေပြန်ရပြီဆိုတော့ ဝမ်းသာစရာပဲ။

ရွှေပြည်သူ (ShwePyiThu) said...

သူရဲကောင်း ၅၀ ကိုရော တိမ်းရှောင်မှုမလုပ်ဘဲ ပြည်သူတွေနဲ့အတူ တသားထဲရှိနေတဲ့ ဂျပန်ဘုရင်မင်းမြတ်ကိုပါ ရင်ထဲက လှိုက်လှိုက်လှဲလှဲ လေးစားမိပါတယ် အစ်မရယ်...

အစ်မရေ... အလုပ်ကို အလေးထားသူရဲ့ စိတ်ကို နားလည်ပေမယ့် ခဏလောက် မီအဲခရိုင် / ကျူရှူးကျွန်းဘက်ကို ခဏသွားနေဖို့ အကြံပေးချင်ပါတယ်...

အစ်မနဲ့မိသားစု ဘေးကင်းအဆင်ပြေကြပါစေ...