January 27, 2010

အပြာကား လား၊ အ၀ါကား လား

လောကကြီးမှာ အရောင်တွေဟာ ရည်တွက်လို့မရနိုင်အောင်များပြားလှသလို အရောင်တွေကိုခေါ်ဝေါ်တဲ့ အမည်တွေကလည်း နိုင်ငံနဲ့ ဒေသအလိုက် အမျိုးမျိုးပါပဲ။

ဂျပန်နိုင်ငံမှာတော့ အမည်သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့ အရောင်ပေါင်း ၇၀၀၀ကျော်ရှိတယ်လို့ဆိုပါတယ်။ အရောင်ဆိုတာ အရာဝတ္တုပစ္စည်းတွေရဲ့ အရောင်ကို ဖေါ်ပြရုံအတွက်သာမက၊ အခြား အင်အားနဲ့ အဓိပ္ပါယ်တွေပေးတဲ့ အလုပ်တွေလည်း လုပ်ဆောင်နိုင်ပါတယ်။ အရောင်နဲ့ တင်စားပြီး ပြောဆိုကြပါတယ်။ ဥပမာ-နီတာရဲလေး။ ရွှေဝါရောင် တော်လှန်ရေး။ ဖြူစင်မေတ္တာ ။ မျက်ထောင့်နီနဲ့ ကြည့်တယ်။ ဒါ့အပြင် အရောင်ကို ယောက်ျား၊မိန်းမ တွေကို ကိုယ်စားပြုအနေနဲ့ လည်းသုံးပါတယ်။ အများသုံးအိမ်သာတွေမှာ အမျိုးသား ဘက်ကို အပြာရောင်၊ အမျိုးသမီးဘက်ကို အနီရောင် (သို့) ပန်းရောင်တို့နဲ့ ရေးခြယ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေနဲ့ လိုက်ပြီး လည်း အရောင် ရဲ့ အင်အားနဲ့ အဓိပ္ပါယ်ကို တွေ့ရပါတယ်။ ဘာလွှမ်းမိုးမှု မှ မခံတဲ့ အင်အားကိုပြတဲ့ တရားသူကြီးများရဲ့ “အနက်ရောင်ဝတ်ရုံ”။ ဖြူစင်သန့်ရှင်းမှုကို ပြတဲ့ “အဖြူရောင် သတို့သမီးဝတ်စုံ” ။ ရဲစွမ်းသတ္တိကိုပြတဲ့ “အနီရောင်အလံ” ။ အားကစား ဘက်ကိုကြည့်မယ်ဆိုရင်လည်း အာရုံစူးစိုက်မှု အထူးလိုအပ်တဲ့ စားပွဲတင် တင်းနစ် နဲ့ တင်းနစ်ကုတ် တို့ကို အပြာနုရောင်သုံးကြကိုတွေ့ရပါတယ်။ အခြားတိုင်းပြည်နိုင်ငံတွေ မှာ သုံးတဲ့ အရောင်တွေ နဲ့ အဲဒီအရောင်တွေရဲ့ အဓိပ္ပါယ်ကို သိရရင် သူ့ရဲ့ယဉ်ကျေးမှုကိုလည်း သိမြင်နိုင်ပါတယ်တဲ့။ အပြာရောင်ကို အင်္ဂလန်နိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ အဲဒါအပြင် တော်ဝင် အပြာ Royal Blue ဆိုတဲ့ အခေါ်အဝေါ်တောင် ရှိပါသေးတယ်။  အင်္ဂလိပ်တို့ ဟာ ပင်လယ်နဲ့ ဆက်စပ်တဲ့ ဘုရင်စံနစ်နိုင်ငံဖြစ်သလို ကမ္ဘာ့ပင်လယ်၇ခု(မြောက်ပိစိဖိတ် ပင်လယ်၊ တောင်ပိစိဖိတ်ပင်လယ်၊ မြောက်အတ္တလန်တိတ်ပင်လယ်၊ တောင်အတ္တလန်တိတ်ပင်လယ်၊ အိန္ဒိယပင်လယ်၊ အန္တာတိတ် ပင်လယ်၊ အာတိတ်ပင်လယ်) ကို အုပ်စိုးခဲ့ဘူးရတဲ့ အတွက်ကြောင့် ပင်လယ်ကို  ကိုယ်စားပြုတဲ့ အရောင် ဖြစ်တဲ့ အပြာရောင်ကို ဘုရင့်အခန်းအနား အပြင်အဆင်အရောင်အဖြစ်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ ရုရှားနိုင်ငံမှာတော့ အနီရောင် ဟာ မြင့်မြတ်တဲ့အရောင်ဖြစ်ပါတယ်။ အနီရောင်ကို ခေါ်တဲ့ ရုရှားဘာသာက “ခုရားစနီး” ရဲ့ အဓိပ္ပါယ်က “လှပခြင်း” ဖြစ်ပြီး “အနီရောင် =လှပခြင်း” လို့ မှတ်ယူကြပါတယ်လို့ သိရပါတယ်။  ရုရှားနိုင်ငံရဲ့ နံမည်ကြော် “ရင်ပြင်နီ” ဆိုတာလည်း ရုရှားဘာသာနဲ့ ဆိုရင် “လှပသော ရင်ပြင်”လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ တရုပ်လူမျိုးတွေမှာတော့ အ၀ါရောင်ကို မင်းစိုးရာဇာရောင်အဖြစ်သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တရုပ်လူမျိုးတွေအတွက် “အ၀ါရောင်” ဟာ နောက်ထပ် လုံးဝဆန့်ကျင်တဲ့ အဓိပ္ပါယ်အဖြစ်လည်း သုံးပါသေးတယ်။ ရမက်ဆန်ပြီး ချစ်ဗျူဟာခင်းတဲ့ ရုပ်ရှင်တွေကိုဖေါ်ပြလိုတဲ့အခါမှာလည်း အ၀ါရောင် ကိုသုံးပါတယ်တဲ့။


တရုပ်နိုင်ငံ 黄色電影 
အမေရိကန် Blue Film 
စပိန်နိုင်ငံ Cine Verde 
ဂျပန်နိုင်ငံ ピンク映画

အဓိပ္ပါယ် တူ ကိစ္စတစ်ခုကိုပဲ တိုင်းပြည်နိုင်ငံအလိုက် တင်စားမှတ်ယူတဲ့ အရောင်တွေကွဲပြားကြသလို ၊ အရောင်တွေကရယူတဲ့ အင်အားနဲ့ အဓိပါယ်ကလည်း အမျိုးမျိုးပါပဲ။ အခြားနိုင်ငံတစ်ခုမှာ အခြား အရောင်နဲ့ ခေါ်ဝေါ်တာများ လည်း နောက်ထပ်ရှိပါလိမ့်ဦးမယ်။



အပြာကား လားအ၀ါကား လား

ကိုးကား
http://www.tbs.co.jp/newsbird/lineup/tsukio/dr_tsukio20080523.html
http://image-search.yahoo.co.jp/search?p=blue+flim&ei=&b=2&d=24

January 23, 2010

အထိုင်ကြာလေ အသက်တိုလေ

Couch potatoes and Mouse Potatoes live shorter lives


တီဗွီရှေ့ကြာကြာထိုင်သူများကို Couch potatoes ကွန်ပြူတာရှေ့ကြာကြာထိုင်သူများကို Mouse Potatoes လို့ခေါ်ပါတယ် တဲ့။ (ဂျပန်လိုကတော့ ခိုတာ့ဆု ဘူတာ့ こたつブタ လို့ ပြောကြပါတယ်)

အမေရိကန်နိုင်ငံ နှလုံးအဖွဲ့အစည်း ကနေတွေ့ရှိချက်ထုတ်ပြန်ချက်တစ်ခုအရ တစ်နေ့တစ်နေ့ အထိုင်များတဲ့ အချိန်များလေလေ အသက်ပိုတိုစေတဲ့ နှုန်းပိုများလာစေတာကို သြစတေးလျနိုင်ငံ သုတေသနအဖွဲ့ကနေ ယူဆကြောင်း အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်စ် မှာ ဖေါ်ပြထားပါတယ်။ အသက်၂၅နှစ်အရွယ် လူပေါင်း ၈၈၀၀ယောက်ကို ၆နှစ်ခွဲကြာ လေ့လာခဲ့တဲ့ သုတေသနဖြစ်ပါတယ်။ တောက်လျှောက်ထိုင်ပြီး တီဗွီကြည့်ချိန် တစ်နာရီပိုကြာတာနဲ့လိုက်ပြီး နှလုံးရောဂါဖြင့် အသက်တိုစေတဲ့နှုန်း ၁၈% ပိုများပြီး၊ အခြား အကြောင်းရင်းများအရ အားလုံးကိုခြုံ ၍ကြည့်လျှင်လည်း အသက်တိုစေနှုန်း ၁၁%ခန့်ပိုများနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၄နာရီ သို့ မဟုတ် ၎င်းထက်ပိုပြီး အချိန်ကြာမြင့်စွာ တီဗွီကြည့်သူများ ဟာ၊ အချိန်၂နာရီနှင့် ၎င်းအောက်အချိန်နည်း၍ တီဗွီကြည့်သူများထက် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်မှု ၈၀%ပိုများပြီး၊ အသက်တိုစေသည့် အခြားသောအကြောင်းကြောင့်များထက်လည်း ၁၁%ပိုမိုများတာကိုတွေ့ရှိရတယ် လို့ ဆိုပါတယ်။ မူလကတည်းက ရောဂါဝေဒနာတခုခုကိုခံစားနေရပြီး အချိန်ကြာတီဗွီထိုင်ကြည့်တတ်လေ့ရှိသူများ၊ diet ( အစားအသောက် အနေအထိုင်ကို ထိန်းချုပ်ဆင်ခြင်ခြင်း) လုပ်နေသူများ၊ ဆေးလိပ်ဖြတ်နေသူများနှင့် ၊ နဂို နှလုံးရောဂါဝေဒနာရှိသူများ ကဲ့သို့သော သာမန်ထက်အခက်အခဲရှိသောအခြေအနေတွင် ရှိသူများအား မထဲ့သွင်းပဲ သုတေသနပြုထားခြင်းဖြစ် ပါတယ်တဲ့။ အဲဒါအပြင် ဒီသုတေသနမှာတော့ အ၀လွန်ခြင်းကြောင့် အသက်တိုနှုန်းများစေသည် မများစေသည် ကို လေ့လာသုတေသနပြုထားခြင်း မဟုတ်ကြောင်းလည်း ရေသားထားပါတယ်။ အဆိုပါ သုတေသနကို ပြုလုပ်နေစဉ်အတွင်းမှာပဲ “ကိုယ်လက်လှုပ်ရှားမှု ၏ အကျိုးအာနိသင်” အတွက် လေ့လာမှုနှင့် “အထိုင်များခြင်း ၏ ဆိုးကျိုး” တွေဟာ၊ လေ့လာသုတေသနပြုသူများကို ပိုမို စိတ်ဝင်စားလာစေခဲ့ပါတယ်တဲ့။ သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်က “ နေ့တိုင်း လိုလို၊ လူတော်တော်များများဟာ ကားပေါ်ကကုလားထိုင်ပေါ်ကနေ ရုံးပေါ်က ကုလားထိုင် ၊အဲဒီကနေ တဆင့် တီဗွီရှေ့က ဆိုဖာ ကို ရွှေ့ပြောင်းပြီး ၊ အချိန်ရှိသမျှ ထိုင်နေတာပဲ၊ ဘယ်လောက်ပဲ ကျမ္မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါစေ၊ အချိန်ကြာမြင့်စွာ ထိုင်တတ်တဲ့အတွက်ကြောင့် သွေးထဲမှာရှိတဲ့ အဆီဓါတ်နဲ့ သကြားဓါတ်တို့အတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်” လို့ပြောပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး တတ်နိုင်သ၍ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဘို့သတိရပြီး ဘ၀တူ အထိုင်များတဲ့ အလုပ်လုပ်သူများကို လည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်။ 

ကိုးကားစာမျက်နှာများ http://www.nytimes.com/2010/01/26/health/26beha.html http://news.searchina.ne.jp/disp.cgi?y=2010&d=0122&f=national_0122_005.shtml http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%83%9E%E3%82%A6%E3%82%B9%E3%83%9D%E3%83%86%E3%83%88 http://homepage3.nifty.com/tak-shonai/intelvt/intelvt_022.htm

January 19, 2010

တာ့ကိုယာ့ကိ

“တာ့ကိုယာ့ကိ”

တိုက်ရိုက်ဘာသာပြန် ကတော့ “ရေဘ၀ဲကြော်” မြင်ရတာကတော့ မြန်မာပြည်က “ မုန့်အုပ်ကလေး” ခေါ် “မုန့်လင်မယား” ပုံစံပေါ့။ မုန့် ပုံစံ ဆင်သလို ၊ မုန့်လုပ်တဲ့ အိုးပုံစံလည်း ဆင်ပါတယ်။

ဂျုံမှုန့်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ရည်၊ ရေဘ၀ဲ၊ အနီရောင် ဖြစ်အောင်လုပ်ထားတဲ့ ဂျင်း နုတ်နုတ်စင်း ၊ ရိတ်ရိတ် ပါအောင်လှီးထားတဲ့ ကြက်သွန်မိတ်၊ မြန်မာလို ငါးမုန့်ငါး နဲ့ တူတဲ့“ခါ့ဆုအို ”ငါးအမှုန့်၊ ပုဇွန်ခြောက်၊ အမှုန့်ကြိတ် ထားတဲ့ “နိုရိ” လို့ခေါ်တဲ့ အစိမ်း ရောင် ရေညှိတစ်မျိုး၊ ဆားအနည်းငယ်တို့အဓိကပါဝင်ပြီး ခွက်ဝိုင်းလေးတွေပုံစံဖြစ်နေတဲ့ မုန့်အိုးမှာ ဆီရွှဲရွှဲနဲ့ လှိမ့်ကြော်ထားတဲ့ သားရေစာ တစ်မျိုးဖြစ်ပါတယ်။

သူ့အပေါ်မှာ အရသာအမျိုးမျိုး ထပ်တင်ပါတယ်။ (ချို)အချိုရည်အရသာ၊ (ငံ) ပဲငံပြာရည် အရသာ။ (အီစိမ့်) ကြက်ဥနဲ့ မိုင်ယိုးနစ်ဇ် mayonnaise အရသာ၊ (ချင်) ပွန်းဇူး ポン酢 အရသာ၊ တွေထဲကမိမိနှစ်သက်တဲ့ အရသာကိုရွေးချယ်နိုင်ပါတယ်။

အဲဒီဆိုင်တွေနားသွားရင် သူ့ကို လုပ်နေတဲ့ မုန့်အနံ့က သင်းနေပါတယ်။ ပူပူနွေးနွေး စားရာတာပို အရသာရှိပါတယ်ဆိုပေမယ့် စ၀ယ်ဝယ်ချင်း စားရင် လျှာအပူလောင်မတတ် ပူလို့ သတိထားဘို့လိုပါတယ်။

တာ့ကိုယာ့ကိ ဟာ သားရေစာ ဆိုပေမယ့် ခလေးလူကြီးမရွေးကြိုက်ကြပါတယ်။ ရေနဲ့ပဲသောက်သောက်၊

ရေနွေးကြမ်းနဲ့ ပဲစားစား ၊ အအေးတစ်မျိုးမျိုးနဲ့လည်း လိုက်သလို၊ ဘီယာနဲ့လည်း မြည်းကြပါတယ်။

ဂျပန်နိုင်ငံရဲ့အရပ်ဒေသအလိုက် အရသာနဲ့ မုန့်အကူပစ္စည်း တွေ အနည်းငယ်ကွာခြားပေမယ့် အထဲမှာ ဌာပနာထည့်တဲ့ ရေဘ၀ဲအတုံးကလေးကတော့ အမြဲပါပါတယ်။

တာ့ကိုယာ့ကိ ရဲ့အပြင်ဘက်က ဆီရွှဲရွှဲနဲ့လိမ့်ကြော်ထားလို့ ကြွတ်နေပြီး အထဲက မုန့်အသားကတော့ အထက်က ပြောခဲ့တဲ့ ဂျင်း၊ ပုဇွန်ခြောက်၊ ငါး၊ ရေညှိ၊ ကြက်သွန်မိတ်တို့ရဲ့ သင်းပျံ့တဲ့ ရနံ့တွေပေါင်းပြီး စာရတာနူးညံ့ပါတယ်။ မုန့်အတွင်းပိုင်းကတော့ ရေဘ၀ဲအတုံးကလေးပူပူးနွေးနွေးက ၀ါးလိုက်တိုင်း ထုတ်ထုပ်ထုပ်ထုပ် နဲ့ ရေဘ၀ဲ ရဲ့ အချိုရည်က စိမ့်ထွက်လာတဲ့အတွက် လည်း အမျိုးမျိုးပြောင်းသွားတဲ့အရသာကို စားရတဲ့အတွက်ကြောင့် စားရတာ စွဲမက်စေပါတယ်။ အထူးသဖြင့် တာ့ကိုယာ့ကိ ကို တစ်ခါ စားဘူးပြီးသွားရင် နောက်တစ်ခါ အဲဒီအနံ့လေးရပြီး ဆိုင်ကိုမြင်ရင် ထပ်ဝယ်စားမိတာပါပဲ။
ဂျပန်မုန့်ပဲသားရေစာ လို့ပြောပေမယ့် မြန်မာမုန့် နဲ့ အပြင်ပန်း ဆင်ဆင်တူတာရယ်၊ မြန်မာ့အစားအစာတွေမှာပါလေ့ရှိတဲ့ ဂျင်း၊ ပုဇွန်ခြောက်၊ ငါး၊ ဆီကြော်အရသာတွေကြောင့်မြန်မာလူမျိုးများကို ခံတွင်းတွေ့စေပါတယ်။
( ရေဘ၀ဲကို မစားနိုင်ဘူးဆိုတဲ့ မြန်မာတချို့တောင် ။ တာ့ကိုယာ့ကိ ကိုတော့ စားနိုင်ပါတယ်လို့ ပြောကြပါတယ်)
ဂျပန်လူမျိုးများ ကြိုက်နှစ်သက်သလို မြန်မာလူမျိုး အများစုကလည်း ကြိုက်နှစ်သက်ကြပါတယ် ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒီပို့စ်ကနေ တဆင့် စာဖတ်သူကို “တာ့ကိုယာ့ကိ ” ပူပူနွေးနွေးလေးနဲ့ ဧည့်ခံလိုက်ပါတယ်။

မြန်မာဆန်ဆန် ရေနွေးကြမ်းနဲ့ မြည်းကြည့်ပါဦးနော်။

ဓါတ်ပုံများကူးယူရာနေရာ
http://ww35.tiki.ne.jp/~tukisan/takoyaki.htm
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%81%9F%E3%81%93%E7%84%BC%E3%81%8D

January 12, 2010

ရွှေပန်းပျောက် ရွှေရင်မောက် ရွှေမျက်နှာပေါက်ပြင်

ရွှေပန်းပျောက် ရွှေရင်မောက် ရွှေမျက်နှာပေါက်ပြင်

ဂျပန်မှာ new half လို့သတ်မှတ်ခံရတဲ့ သူတွေထဲက နံမည်ကြီး အနုပညာရှင် အသက်၂၅နှစ်အရွယ် 
ဆူဘာ့ကိ အာယာ့နာ့



စကားလုံးတွေအရင်ဖတ်လိုက်တဲ့ အချိန်မှာ တစ်မျိုးးဖြစ်နေမှာပါ၊ ဒီလိုရှိပါတယ်။ အကြောင်းအရာကလည်း တစ်မျိုးပါ။ ခပ်လွယ်လွယ်ပြောကြတဲ့ “အခြောက်” ဆိုတာကို ဂျပန်မှာအခုနောက်ပိုင်း “နယူးဟပ်ဖ် ” New half လို့ခေါ်ပါတယ်။ အရင်ကတော့ မြန်မာဘာသာ မှာလိုပဲ၊ ဂန်ဒူး၊ မိန်းမလျာ ဆိုတဲ့ အသုံးအနှုန်းတွေလိုမျိုး ဂျပန်ဘာသာမှာလည်း ရှိပါတယ်၊ အဲလို အခေါ်အဝေါ်တွေကို နှိမ်ချခွဲခြားဆက်ဆံတဲ့ အခေါ်အဝေါ်ဆိုပြီး စကားလုံးပြောင်းခေါ်ကြပါတယ်။


ဒီလို မွေးရာပါ လိင်အင်္ဂါနဲ့ ဆန့်ကျင်တဲ့ စိတ်ဖြစ်ပေါ်ပြီး ဖြစ်ပေါ်တဲ့ လိင်စိတ်အတိုင်းနေသွားချင်သူတွေကို မြန်မာတို့ကတော့ ၀ဋ်ကျွေးရယ်လို့ဆိုကြပါတယ်။ ယခုခေတ်ဂျပန်မှာကတော့ ဒီလိုဖြစ်ရတာဟာ လိင်ပိုင်းဆိုင်ရာစိတ်ပညာအရချို့ယွင်းချက်ရှိတဲ့ ရောဂါဝေဒနာ Gender Identity Disorder,GID ခံစားရသူတွေအဖြစ် သဘောထားကြပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမ ဆိုတဲ့ မွေးရာပါ လိင်အင်္ဂါအတိုင်း အားလုံးမဖြစ်နိုင်ဘူး၊ ယောက်ျားအဖြစ်မွေးပေမယ့် မိန်းမလိုဖြစ်ချင်တာ၊ မိန်းမအဖြစ်မွေးဖွားလာပေမယ့် ယောက်ျားအဖြစ် နေထိုင်ချင်တာ၊ ကို နားလည်ပေးကြမယ်ဆိုသူတွေ ရှိလာပါပြီ။ ရောဂါဝေဒနာခံစားနေသူအဖြစ်၎င်း၊ လူသားထဲက လူတစ်ဦးမို့လို့ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အသိအမှတ်ပြုကြမယ်ဆိုတဲ့ သူတွေများလာပါပြီ၊ ဂျပန်မှာ နယူးဟပ်ဖ်တွေဟာ သာမန်ယောက်ျားစစ်စစ် မိန်းမစစ်စစ် တွေထက်အောင်မြင်ကျော်ကြားသူများလည်း ရှိပါတယ်။ သူတို့ရဲ့ မိမိရဲ့စိတ်ကို ထိန်းသိန်းပြီး ပတ်ဝန်းကျင်မှာ ပုံမှန်နေထိုင်ဘို့တောင် တော်တော်ခက်မယ်ဆိုတာ တွေးမကြည့်လည်း သိနိုင်ပါတယ်။ အဲဒီထဲကမှ ယနေ့ဂျပန်နိုင်ငံရဲ့ နယူးဟပ်ဖ်များထဲက ၊ ၂၀၀၉ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပတဲ့ နယူးဟပ်ဖ် ပြိုင်ပွဲမှာ သရဖူဆောင်းခဲ့တဲ့         “ဟာ့ရုနာ့ အားအိ ”အကြောင်းကို ဖေါက်သည်ချရင်း ဂျပန် နယူးဟပ်ဖ် တို့ ဘ၀အကြောင်း တစေ့တစောင်း ဖေါ်ပြလိုက်ပါတယ်။

ဟာ့ရုနာ့ အားအိ


ဂျပန် နယူးဟပ်ဖ်များ အားလုံးလိုလိုမှာ အောက်ပါအရည်အချင်း သုံးခုနဲ့ ပြည့်စုံပါတယ်။ သူတို့ဟာ


၁။ ရွှေပန်းပျောက် (ဖြတ်ထားပါတယ်။ ယောက်ျားတစ်ယောက် ဆိုတာ မသိရတော့ဘူးပေါ့)


၂။ရွှေရင်မောက် (တတ်ထားပါတယ်။ သူတို့ရဲ့ အလှကိုမြင်တတ်တဲ့ မွေးရာပါဗီဇကြောင့်  ပုံသဏ္ဌန်များက“ ရင်သတ်ရှုမောဘွယ်ရာ”ပါပဲ)


၃။ ရွှေမျက်နှာပေါက်ပြင် (သာမန်မိန်းခလေးထက် လှပတဲ့ မျက်နှာဖြစ်အောင်ခွဲစိတ်ထားပါတယ်)


(တစ်ချို့ကဆိုရင် သူတို့ရဲ့ကုသိုလ်ကောင်းတယ်လို့ပဲပြောရမလား ၊ လက်၊ ခြေ၊ လည်ပင်း ၊ ကျောကုန်းများ ကအစ  မိန်းမလို အရိုးအဆစ်အချိုးအစားတွေဖြစ်ပြန်ပါတယ်။   )


ဟာ့ရုနာ့ အားအိ လည်း အဲဒါအားလုံးလုပ်ပြီးပါပြီ။ သူဟာ သိတတ်စအရွယ်ကစပြီး မိန်းခလေးဖြစ်ချင်တာကို ကိုယ့်ဘာသာ သတိပြုမိခဲ့ပါတယ်တဲ့၊ နောက် အလယ်တန်းကျောင်းသားဘ၀မှာ အစ်ကိုက သူ့အိပ်ထဲက မိန်းခလေးပစ္စည်းတွေကို တွေ့သွားပြီး မိန်းခလေးဖြစ်ချင်နေတာကို သိသွားပေမယ့် မိဘတွေကို တိုင်မပြောခဲ့ပါဘူးတဲ့။ နောက်ဆုံး တော့ ၊ ဟာ့ရုနာ့ကိုယ်တိုင် သူ့အဖေကိုဖွင့်ပြောတော့ ထုံးစံအတိုင်း အဖေကလည်း အဖေ၊ မွေးဖွားပြုစုခဲ့တဲ့သား က ယောက်ျားတစ်ယောက်ကနေ  မိန်းခလေးတစ်ယေက်အဖြစ် နေထိုင်ခွင့်တောင်းလို့ အရမ်းကို ယူကြုံးမရစိတ်ထိခိုက်ခဲ့ရတယ်။ ဟာ့ရုနာ့ ကို ပြောခဲ့တာက “ ကောင်းပြီ၊ရောက်တဲ့ ဘ၀မှာတော့ နံပါတ်၁ဖြစ်အောင် လုပ်ပြရမယ်“ တဲ့။ မိဘမေတ္တာဆိုတာ ကြီးမားလှပါတယ်။ ဟာ့ရုနာ့ ရဲ့ အဖေ ဟာ သူ့ရဲ့ သား ၊ အဲ အခုတော့ သမီး ကို နောက်ဆုံးသူဖြစ်စေချင်သလို မဖြစ်တာတောင်၊ မိဘမေတ္တာနဲ့ ရောက်တဲ့ နေရာမှာ အောင်မြင်အောင် ၊ သွန်သင် လမ်းညွှန်ခဲ့ပါတယ်။
 ဟာ့ရုနာ့ ကလည်း၊ ဘားမှာ ဧည့်ခံတဲ့အလုပ်က နေ ၊ အဆိုအကနဲ့ ဖျော်ဖြေတာအဆုံး အလုပ်မျိုးစုံကို ကြိုးစား လုပ်ခဲ့ပြီး ပိုက်ဆံလည်းစုခဲ့ပါတယ်။ သူ့ကိုယ်သူလည်း ဖြတ်တာ၊ တတ်တာ၊ ရိတ်တာ၊ မျက်နှာခွဲစိတ်တာတွေကို လုပ်ခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ အနုပညာလောကမှာ အောင်မြင်လာသလို၊ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နယူးဟပ်ဖ်များ ပြိုင်ပွဲကိုလည်း ဇွဲနဲ့ မကြာခဏ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာတော့ ၂၀၀၉ခုနှစ်အတွက် နံပါတ်၁ဖြစ်ခဲ့ပါတော့တယ်။


ဆုရတဲ့ အချိန်မှာ သူ့အိမ်ကို ၀မ်းသာတဲ့ အငိုနဲ့ ဖုန်းဆက်သတင်းပို့ခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းသူများကိုလည်း သူဟာ အဖေ့အတွက် အခုလို နယူးဟပ်ဖ်ဖြစ်ရတာ စိတ်မကောင်းသော်လည်း၊ အဖေပြောတဲ့အတိုင်း ဒီလောကရဲ့ သရဖူကို သူ ဆောင်းပြနိုင်ခဲ့ပါပြီ။ သူကျေနပ်ပါတယ်လို့ ပြောရင်း ငိုခဲ့ပါတယ်။
အခုလောလောဆယ် ဟာ့ရုနာ့ ဟာ စားသောက်ဆိုင်လုပ်ငန်းကြီး နှစ်ခုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လည်း အုပ်ချုပ်နေပါတယ်။ အနုပညာလောကမှာလည်း နေ့တိုင်းနီးပါး တီဗွီ အစီအစဉ်မျိုးစုံမှာ ပါဝင် ဖျော်ဖြေနေရပါတယ်။


လူတချို့ရဲ့ “အခြောက်၊ ဂန်ဒူး ၊ ဂျီဘုန်း၊ မိန်းမလျာရယ်”လို့ ၊ နှိမ်ချခွဲခြားပြီး ခါးသီးစွာ တုန့်ပြန်ခံကြရပါတယ် ဆိုတဲ့ နယူး ဟပ်ဖ်ထဲက တချို့တွေဟာ  မိမိပိုင်ဆိုင်ရတဲ့ ဘ၀တစ်ခုကို  သူတို့ရဲ့ ကြိုးစားမှုများနဲ့ လူသားထဲက လူတစ်ယောက် ဖြစ်ပါကြောင်းပြနိုင်ကြတာကိုတော့ ချီးကျူးမိပါတယ်။

ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?p=%E3%81%AF%E3%82%8B%E3%81%AA%E6%84%9B+%E7%94%BB%E5%83%8F&ei=&b=4&xargs=12KPjg1k5SqYe9mvinN-mZDrDaoAtP0cHwsd5sCpN8HKQco2dvVOMLbevwqcM6HLI89wbgz3-krUojMfG7qBqzFBKOdNu4G2_PPLX3y517b_rmRpl1J5AexZ7gi4TeH-c3fEKATNHPz73ZI6LwHk57&hData=12KPjg1o1g5bP6z7mucsi7TJaCtC0I5ZDHhs5uCJV_a6ZehXIbIuQOT5Px&d=20

January 7, 2010

“အလှသဘောထားအမြင်”

beauty sense


ဒီလိုပါ။ ဂျပန်မှာ လှချင်သူ အမျိုးသမီးများ က တစ်ကိုယ်လုံး အမွှေးသန့်စင်ခြင်း ကို လုပ်ကြပါတယ်။

တခြားနိုင်ငံခြား တိုင်းပြည်များမှာလည်း အဲလိုပဲရှိတယ်လို့ သိရပါတယ်။ ဂျပန်က မိန်းခလေး အများစု ကတော့ မျက်နှာ၊ လက်၊ ခြေထောာက်တို့က အမွှေးများကို အမြဲလိုလိုရိတ်ကြပါတယ် ။


မြန်မာပြည်မှာ အများစုအနေနဲ့က နဖူးက ဆံနွယ်လေးတွေ၊ လက်မွှေးရှည်ရှည်လေး၊ ပါးမွှေးစိမ်းစိမ်းလေး၊ ခြေထောက်က အမွှေးလေးတွေကလည်း နုနုထပ်ထပ်လေးဆိုပြီး အလှဘွဲ့ ဖွဲ့ကြပါတယ်။


ကျွန်မရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက် ဂျပန်ကိုလာလည်တော့ သူ့ကို ဘူတာမှာ သွားကြိုပြီး၊ မြို့ထဲကိုလျှောက်လည်ကြပါတယ်။ အဲဒီအချိန်က ဂျပန်မှာ အပူဆုံး အချိန်ပေါ့ ၊ မြန်မာလူမျိုးတွေတောင် ပူတယ်လို့ ပြောရလောက်အောင်ပူပါတယ်။ အဲဒီအမျိုးသမီးကလည်း အရမ်းပူတော့ မြန်မာ ပြည်တွင်းဖြစ် ရိုးရာဆင် ဘလောက်စ်လက်ပြတ်၊ အဲဒီိပိတ်နဲ့ ဆင်တူ စကပ် အတို၊ ရောင်စုံ ပုတီးစေ့သီထားတဲ့မြန်မာ သားရေညှပ်ဖိနပ်နဲ့ပေါ့။ မျက်နှာလည်း တော်တော်ချောမောပါတယ်။ ရထားထဲမှာကော၊ လမ်းသွားရင်းကော လူတွေက သူ့မျက်နှာ အပြင် ၊ သူ့ ခြေထောက်ကိုကြည့်ပါတယ်။ ကျွန်မလည်း အစကတော့ မျက်နှာချောချောနဲ့ ၊သူ့ဖိနပ်လှလို့ ကြည့်တယ်ပဲထင်ပါတယ်။ ဒါနဲ့ ဈေးတန်းထဲလျှောက်နေတုန်း တစ်နေရာအရောက်မှာ ဂျပန်မအလယ်တန်း၊ အထက်တန်းကျောင်းသူလေးအုပ်စု ဟာ ဆူညံဆူညံစကားပြောရင်း သူ့ခြေထောက်ကိုကြည့်ပြီး
“ဟိုအရင် ရှေးခေတ်က အမျိုးသမီးတွေက  ခြေထောက်တွေလက်တွေက အမွှေးတွေ အဲဒီအတိုင်း မဲမဲကြီးနဲ့ ထားတယ်တဲ့ ၊အခုခေတ်မှာလည်း  တစ်ကယ်အဲဒီလိုမျိုးရှိသေးတယ်နော်” တဲ့။


ကျွန်မတို့ရုံးကို မြန်မာပြည်ကနေပြီး  မိန်းခလေးတစ်ယောက် တစ်နှစ်ခွဲလောက် ခဏအလုပ်လာလုပ်ပါတယ်။ သူလည်း ခြေသလုံးမွှေးရှည်ရှည်လေးနဲ့ပေါ့။ သူက ရုံးကို စကပ်ဝတ်လာတဲ့ အချိန်မှာ အသားရောင် အသားကပ်ခြေအိပ် ခြေသလုံးအလယ်လောက်ကို ၀တ်လာပါတယ်။  ခြေသလုံးအထက်ပိုင်းက အမွှေးတွေက မဲပြီး အသားကပ်ခြေအိပ်က အောက်ဘက်ပိုင်းမှာ ၀တ်ထားလို့ ခြေသလုံးအောက်ပိုင်းက ဖြူနေပါတယ်။“ အဲဒါဘာဖြစ်လည်း ၊ သူ့အမွှေးသူရှိတာ၊ ခြေအိပ်လည်း ၀တ်ထားတာပဲ” လို့ စဉ်းစားမယ်ဆိုရင်လည်းရပါတယ်။  ရုံးက ဂျပန်တွေကတော့ တစ်ရုံးတည်းသားအချင်းချင်းဆိုတော့  သူတို့မျက်စိနဲ့ အမြင်မတော်တော့ ခြေသလုံးမွှေး ရိတ်ရင်ပိုလှတယ်လို့အကြံပေးကြတယ် ။ မိန်းခလေးက “ကျွန်မ က ဒီဂျပန်မှာ အပြီးနေမှာ မဟုတ်ဘူးလေ။ ရိတ်လိုက်ရင် နှမြောစရာကြီးတဲ့၊ ပြန်ပေါက်လာရင် ကြမ်းကြမ်းကြီးလည်းဖြစ်ဦးမယ်။ အခုအနေက နူးနူးညံ့ညံ့လေးနဲ့ ရှည်ရှည်လေးတွေ” တဲ့။


ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ကို သတိရမိပါတယ်။


ကျွန်မ ဂျပန်ကို ရောက်ကာစ ကျောင်းတက်တုန်းကပေါ့ သူငယ်ချင်း ကိုရီးယားကျောင်းသူတွေက မျက်နှာ ကအမွှေးတွေကိုရိတ်ဘို့ပြောပါတယ်။ ကျွန်မရဲ့မျက်နှာ အမွှေးဒီလောက်မရှည်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ မျက်နှာအမွှေးရိတ်ထားတဲ့သူတွေထက်စာရင်တော့ သိသာပါတယ်။

ဂျပန်နဲ့ အိမ်ထောင်ကျစ မြန်မာသူငယ်ချင်းမိန်းခလေး တစ်ယောက်ကိုလည်း သူ့ ရဲ့ ဂျပန်ယောက္ခမကြီးက နှုတ်ခမ်းမွှေးတွေ အရှည်ကြီးပဲနော်လို့ပြောတယ်တဲ့။


တလက်စတည်းနဲ့ ပြောချင်တာကတော့ ကျွန်မတို့မြန်မာများအနေနဲ့လည်း သတိထားမိတဲ့ အရာတစ်ခုရှိပါတယ်။ ဂျပန်ယောက်ကျားလေးများ ရဲ့ မျက်ခုံးမွှေးပါ။ ဂျပန်လူငယ်ယောက်ျားလေး အတော်များများကတော့ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ရင်း မျက်ခုံးပုံသွင်း ထားကြပါတယ်။

 ဂျပန်လူမျိုးအချင်းချင်း မြင်နေကျမို့မသိသာပါဘူးလို့ ထင်စရာပေမယ့်၊ ကျွန်မတို့  မြန်မာလူမျိုးတွေအတွက်တော့ နဲနဲဆန်းပြီး ၊ချက်ချင်း ဆိုသလို မြင်တာနဲ့ သိသာနေပါတယ်။
တချို့ ရိုးသားတဲ့ မြန်မာများကတော့ အဲဒီလို ဂျပန်လူငယ် ယောက်ျားလေးများကို ရိတ်ထားတဲ့ မျက်ခုံးမွှေးပုံစံ ၊ အလွန်ခေတ်မီတဲ့ ဆံပင်ပုံ၊ သွယ်လျတဲ့ ခန္ဒာနဲ့ ၊ လက်ချောင်းလေးတွေကို အရောင်တင်ထား တာတွေကို အမှတ်တမဲ့ ကြည့်ပြီး မိန်းခလေးလို့ထင်တတ်ကြပါသေးတယ်။

ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်အရ၊ အလှအပ ကို သတ်မှတ်ပုံ  နဲ့ အလှဆိုတာအပေါ်ထားရှိတဲ့ သဘောထားအမြင် ( beauty sense)တွေ အမျိုးမျိုးဖြစ်နေတာ လည်း၊ စိတ်ဝင်စားစရာပါပဲနော်။
စာဖတ်သူမှာလည်း beauty sense နဲ့ ပါတ်သက်ပြီး တစ်ခုခုတော့ ရှိမှာပေါ့။

ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E7%9C%89%E6%AF%9B%E5%89%83%E3%82%8A
http://image-search.yahoo.co.jp/search?p=%E3%83%9E%E3%83%8B%E3%82%AD%E3%83%A5%E3%82%A2%E7%94%B7%E5%AD%90&ei=

January 4, 2010

ဂျပန်တို့ရဲ့ “ပစ်တိုင်းထောင်”


အခုလို ခရစ်နှစ်သက္ကရာဇ် အသစ်မှာ“ ပစ် လိုက်တိုင်း ထောင် တဲ့ နိမိတ်” ကိုယူထားတဲ့ ကစားစရာဆိုလည်း ဟုတ်၊ နိမိတ်ကောင်း အဆောင်ပစ္စည်းလည်းဖြစ်တဲ့ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့
ဂျပန်နိုင်ငံရဲ့ ဓလေ့တစ်ခုကို မိတ်ဆက်ပေးပါရစေ။


၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလတစ်ရက်နေ့က ဂျပန်ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့  (ဂျပန်လို 初詣 ဟတ်ဆုမိုးဒဲ့လို့ ခေါ်တဲ့)“နှစ်ဆန်းတစ်ရက်မှာနေ့ ဘုရားကျောင်းကို သွားပြီး ဘုရားဝတ်ပြု ”တာကို လုပ်ခဲ့ပါတယ်။ ဘုရားကျောင်းအ၀င်က ပစ်တိုင်းထောင်ရောင်းတဲ့ ဆိုင်ကို တွေ့ပြီး ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။
မြန်မာလို ပစ်တိုင်းထောင် (ဂျပန်လိုတော့ ဒါရုမာ့) ကို ဂျပန်လူမျိုးတွေက နှစ်သစ်ကူး ဘုရားကျောင်းသွားတဲ့ အချိန်မှာဝယ်ပြီး၊ အဲဒီနှစ်အတွက် ဆုတောင်းတစ်ခုကို ပစ်တိုင်းထောင်နဲ့ တိုင်တည် လေ့ရှိကြပါတယ်။ စီးပွါးရေးသမားများနဲ့ စာမေးပွဲဖြေမယ့်သူတွေ အ၀ယ်များတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အရင်ကလို သိပ်မလုပ်ကြတော့ဘူးလို့သိရပါတယ်။


ဘုရားကျောင်းတွေက ဈေးဆိုင်တန်းမှာရောင်းတဲ့ ပစ်တိုင်းထောင်မှာ မျက်စိနှစ်ဘက်စလုံး ဆေးမခြယ်ထားပါဘူး။ 

ဝယ်တဲ့သူက ပစ်တိုင်းထောင်ကိုဝယ်ပြီး မိမိဆန္ဒကိုဆုတောင်းပြီး ပစ်တိုင်းထောင်ရဲ့ ဘယ်ဘက်မျက်စိကိုဆေးခြယ်ပါတယ်။ ညာဘက်မျက်စိကိုတော့ သူ့ဆုတောင်းပြည့်တဲ့အချိန်ကျမှ ရေးချယ်ပါတယ်။ 

မျက်စိနှစ်ဘက်လုံးဆေးခြယ်ပြီးသွားတဲ့ ပစ်တိုင်းထောင်ကိုတော့ နောက်တစ်ခါနှစ်သစ်ကူးတဲ့ အချိန်မှာ ဘုရားကျောင်းက မီးရှို့တဲ့ပစ္စည်းတွေထဲကို သွားပစ်ပါတယ်တဲ့။

နိုင်ငံရေးပါတီတွေကတော့ စ၀ယ်ကတည်းက ပစ်တိုင်းထောင်ကို ညာဘက်မျက်စိကစဆေးခြယ်ပြီး အောင်နိမိတ်ယူကြတာကိုတွေ့ရပါတယ်။
ပစ်တိုင်းထောင်ကို ဂျပန်လူမျိုးတို့နိမိတ်ကောင်းတဲ့ ပစ္စည်းအဖြစ်အသုံးပြုပုံတူတာကတော့ ပစ်လိုက်တိုင်းထောင် (ပစ်တိုင်းထောင် ကို ဘယ်လိုပစ်ပေါက်ပေါက် သူက ခေါင်းလေး ပြန်ထောင်ပြီးထနိုင်လို့ပါ) နေလို့ပါပဲ။ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့ ဂျပန်စကားပုံ က “七転八起 နာနာ့ ခိုရိုးဘိ ယာ့အိုးကိ” ပါ။ ဘယ်လောက်ပဲ လဲချော်ရှုံးနိမ့်ပါစေ၊ နောက်ဆုံးမှာ ပြန်လည်ထမြောက်အောင်မြင်နိုင်တယ် ဆိုတာပါပဲ။


အမည်နာမ အနေနဲ့က မြန်မာလိုကပိုပြီး အတိတ်နိမိတ်ကောင်းတယ်လို့ထင်ပါတယ်။ ပစ်လိုက်တိုင်းထောင် နေလို့ “ပစ်တိုင်းထောင်” တဲ့။ ဂျပန်လို ဒါရုမာ့ အမည်ကတော့ ဘာသာရေးနဲ့ ဆက်နွယ်ပါတယ်။ မူလပုံစံယူထားတဲ့ “ဇင်” ဗုဓ္ဒဘာသာ ဘုန်းကြီး တရားထိုင်နေတဲ့ပုံကို ကိုယ်စားပြုတဲ့ အပြင် ဗောဓိဓမ္မ Bodhidharma ဆိုတဲ့ အသံထွက်ကနေ “ဒါရုမာ့ ”လို့ အသံထွက်ပြောင်းလည်း ဆင်းသက်လာတယ်လို့သိရပါတယ်။


မြန်မာ့ ပစ်တိုင်းထောင် လိုပဲ၊ နိုင်ငံခြားတိုင်းပြည်များမှာ မိမိတိုင်းပြည်နဲ့ အသွင်အဆင် တူတဲ့ ကစားစရာ၊ နိမိတ်ကောင်းအဆောင်လေးတွေ အများကြီးရှိဦးမယ်ထင်ပါတယ်။

ကိုးကား
http://ja.wikipedia.org/wiki/%E3%81%A0%E3%82%8B%E3%81%BE
http://pic.daletto.com/image_server/ArticleImage/2/woyaxmplugjhnwmxjwaggnorxbjqpwdh.jpghttp://image-search.yahoo.co.jp/search?p=%E3%81%A0%E3%82%8B%E3%81%BE&ei=&b=1&xargs=12KPjg1klStoe9mvinN-mZDrDaoAtP0cHwsd5sCpN8HKQco2dvVOMLbKONqvd-D705taPhzlql_lYmfWHNm-aIUj5rfFeUHNL50oj1_o0rcPb0Hs73tRsP9emdmIdbPuclUW3FcMe8mPAYEeP6Ti8Y64x3xDypzQ..&hData=12KPjg1o1gksH-zc-vB7vAOuLzwS0E4pCw9MpsfpQKGN0o8QNuIugJT5Px&d=20