March 12, 2011

ရေမလာသေးပါ

မနေ့ညက အိပ်မပျော်ဘူးထင်ပေမယ့် စိတ်လှုပ်ရှားရပြေးရလွှားရလို့ပင်ပမ်းတာနဲ့ ကိုယ့်အိမ်ကအိပ်ရာလေးကို မိသားစု၃ယောက်အတူပြန်အိပ်ရတာရယ်ကြောင့် အိပ်ပျော်သွားတာ တစ်ရေးပါပဲ။ 



မိုးလင်းလို့ တီဗွီဖွင့်တာနဲ့ သတင်းက မနက်ခင်းမှာတင် အင်အားကြီး ငလျင်တွေ ထပ်လှုပ်တာ ၊ ထိခိုက်ဒဏ်ရာရတာတွေပြနေပါတယ်။ 
ဟန်းဖုန်းထဲမှာလည်း မက်ဆေ့တွေ ၀င်လို့။ မြန်မာပြည်ကလည်း ဖုန်းတွေထပ်လာပါသေးတယ်။ ထမင်းဟင်းချက် တီဗွီကြည့် ဖုန်းပြော မက်ဆေ့ဖတ်/ပို့ နဲ့ တစ်နေကုန်ပါတယ်။ နေ့လည်ဘက်မှာ သားက အပြင်ထွက်ချင်လာလို့ အပြင်ကိုထွက်ခဲ့ကြပါတယ်။ ဆိုင်တစ်ချို့ပြန်ဖွင့်သလို၊ အိမ်နားက ဆူပါမားကက်ပြန်ဖွင့်ပါတယ်။ ဒါပေမယ့် စားသောက်ကုန်အထပ်ကိုဝင်မယ်ဆိုရင် တန်းစီပြီး လူဦးရည်အကန့်အသတ်နဲ့တစ်သုတ်စီ ၀င်ခွင့်ပေးထားပါတယ်။ ကျွန်မတို့ဝင်ချိန် ပေါင်မုန့်တန်းမှာ ဘာမှမရှိတော့ပါဘူး။ ရေ/ရေနွေးကြမ်း ၂လီတာဝင်ဗူးတွေ ကို တစ်ယောက်ကိုတစ်ပုလင်းပဲယူကြဖို့ စာတွေကပ်ထားပါတယ်။

ငလျင်နဲ့အတူ အဏုမြူလျပ်စစ်ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် မီးအချိန်မရွေးပျက်နိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်တွေကြောင့် လူအများစုက မီးမသုံးပဲစားလို့ရတာတွေကို ဦးစားပေးဝယ်ကြပါတယ်။ သို့သော်လည်း နောက်ထပ်ပစ္စည်းတွေ မ၀င်လာတာရယ် ရှိသမျှကိုလာဝယ်ကြတာကြောင့် အားလုံးကုန်သလောက်နီးပါပါပဲ။ ကျွန်မတို့လည်းလိုလမယ်ထင်တာတွေဝယ်ပြီး အိမ်ပြန်ပို့ပြီး ဓါတ်ခဲဝယ်ဘို့ လျှပ်စစ်ပစ္စည်းဆိုင်ကို သွားတော့ ကိုယ့်လိုပဲ ဓါတ်ခဲဝယ်ကြတာအများကြီးပါ။ လျှပ်စစ်ပစ္စည်းကုန်တိုက်ထဲမှာ အရောင်းတာဝန်ခံအချင်ချင်းသတင်းပို့တာကို ကြားရပါတယ်။ “လက်နှိပ်ဓါတ်မီးအားလုံး ကုန်ပြီ ”တဲ့။

အဲဒီကအထွက် သားလေးကိုပန်းခြံပို့ပေးပါတယ်။ ပန်းခြံမှာရှိတဲ့ အများသုံးရေဘုံဘိုင်မှာလူတွေ ရေသန့်ဘူးတွေ၊ ဘာလီပုံးတွေနဲ့ ရေလာခံတာကိုတွေ့ပါတယ်။ မနေ့တည်းက ကျွန်မတို့ရပ်ကွက် ရေပြတ်နေတာပါ။ ကျွန်မတို့လည်း အိမ်ပြန်ရောက်ပြီးတာနဲ့ ယောက်ျားက ရေသယ်ဘို့ အပြင်ပြန်ထွက်သွားပါတယ်။ အိမ်နဲ့မလှမ်းမကမ်းက ပန်းခြံကရေသွားသယ်ပါတယ်။  သုံးစရာရေနည်းနည်း ရရင်တော်ပါပြီ။ ဒီဂျပန်နိုင်ငံ အရှေ့ပိုင်းတချို့နေရာတွေမှာ မီးကောရေကောမလာပါဘူး။ တချို့နေရာက နှစ်ခုစလုံးရနေပါတယ်။ ရေမလာတော့ အိမ်သာသုံးရတာ အဆင်မပြေသလို၊ ဆေးကြောရတာလည်း ခပ်လာတဲ့ရေကို ရေနွေးမရောရင် လက်တွေကျင်လောက်အောင် အေးပါတယ်။ အ၀တ်လျှော်လို့ကလည်း မရ၊ အဓိက ကတော့ မီးလာနေသေးတာကို ကျေးဇူးတင်လှပါပြီ။ မီးမလာရင်ဘာဆိုဘာမှ လုပ်လို့မရပါဘူး (ကျွန်မဒီလိုရေးတော့ မြန်မာပြည်ကလူတွေကတော့ ကြီးကျယ်တယ်ထင်မှာပဲ နော်)။ မီးသွေးမရှိ၊ ဖယောင်းတို်င်မရှိ၊ တစ်အိမ်နဲ့တစ်အိမ် မသိ၊ ဆိုတော့ ဘယ်လိုမှ ဘာမှလုပ်လို့ရမယ်မထင်ပါဘူး။ အခုရေမရတဲ့ တစ်ရက်ခွဲတောင်မှ ဒုက္ခတစ်ခုပါ။ 


မနေ့ညက တိုကျိုမြို့ထဲဘက်ကနေ လမ်းလျှောက်ပြန်သူ မြန်မာသူငယ်ချင်းတွေကပြောပြတာက မနက် ၂နာရီ/၃နာရီမှရောက်ကြတယ်တဲ့။ လမ်းလျှောက်နေကြတာလူတွေများလိုက်တာ မြန်မာပြည်မှာ ချီတက်သလိုပဲတဲ့။ ရုံးမှာလုပ်တဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ စက်ဘီးဆိုင်တွေက စက်ဘီးတွေပြေးဝယ်ကြတာ စက်ဘီးဆိုင်တွေအကုန်ကုန်တယ်ဆိုပဲ။

တီဗွီသတင်းတွေကတော့ အခြေအနေတွေမငြိမ်သက်သေးပါဘူး။နောက်ဆက်တွဲငလျင်တွေနဲ့ ဆူနာမိရေလှိုင်း၊ အဏုမြူလျှပ်စစ်ဓါတ်အားစက်ရုံပေါက်ကွဲမှု အားလုံးဟာ စိတ်ချရတဲ့ အနေအထားမရောက်သေးတာက စိုးရိမ်စရာပါ။ 


ဂျ့ပန်နိုင်ငံရဲ့ အတုယူအားကျစရာတွေကိုလည်း တွေ့ရပါတယ်။

-မူလအစကတည်းက ငလျင်နဲ့မီးဘေးတို့အတွက် လေ့ကျင့်မှုတွေကို ကျောင်းတွေအလုပ်တွေမှာ လေ့ကျင့်ပေးထားကြပါတယ်

-တယ်လီဖုန်းအဆက်အသွယ်တွေပြတ်တောက်ချိန်မှာ မြို့ထဲမှာ ရဲကား၊ မီးသတ်ကား၊ လူနာတင်ကားတွေ လှည့်လည်ပေးပါတယ်
-အရေးပေါ်အခြေအနေမှာလူတွေကဈေးဝယ်တဲ့နေရာမှာ လုယက်မ၀ယ်ပဲစံနစ်တကျတန်းစီသလို၊ သတ်မှတ်ထားတဲ့ ကိုယ်တာအရည်အတွက်အတိုင်း လိုက်နာကြပါတယ်
-အရေးပေါ်သတင်းတွေကို သတင်းဌာနမျိုးစုံက အချိန်ပြည့်ထုတ်လွှင့်ပေးကြပါတယ်။
-၀န်ကြီးချုပ်နဲ့ အစိုးရအကြီးအကဲများက ဖြစ်ပျက်မှုတွေကိုဘယ်လို စီမံတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တိုက်ရိုက်လွှင့်ပေးသလို သတင်းထောက်တွေရဲ့ လွတ်လပ်တဲ့မေးခွန်း တွေကိုအားလုံးပြန်ဖြေကြတယ်။
- ၀န်ကြီးချုပ်နဲ့ အစိုးရအကြီးအကဲတွေ ဒီအရေးပေါ်အချိန်တွေမှာအလုပ်လုပ်တာကို ကုတ်
အင်္ကျီအ၀တ်အစား တွေမဟုတ်ပဲ လုပ်ငန်းခွင်အလုပ်ဝတ်စုံအပေါ်အင်္ကျီတွေကို ၀တ်ဆင်ကြပါတယ်

-၀န်ကြီးချုပ်က ပြည်သူလူထုကို ပန်ကြားချက်ကြေငြာချိန်မှာ အားပေးသလို အသက်တွေကို ကယ်တင်ဖို့ သူကိုယ်တိုင်ဘယ်လိုလုပ်မယ် အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်းတောင်းခံပါကြောင်းကို ယဉ်ကျေးတဲ့ စကားလုံး ရို့ကျိုးတဲ့ အမူအရာတွေနဲ့ပြောကြားသွားပါတယ်

-အသက်ကယ်နဲ့ လူမှုရေးဝန်ဆောင်မှုပေးတဲ့ အစိုးရ၀န်ထမ်းတွေဟာ တာဝန်ယူတဲ့ အပိုင်းမှာ နည်းပညာအရကျွမ်းကျင်ကြတဲ့အပြင် အားသွန်ခွန်စိုက် အလုပ်လုပ်ကြပါတယ်
-တယ်လီဖုန်းဝန်ဆောင်မှုတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးနည်းတွေနဲ့ ပြောင်းလဲပေးပါတယ်။
(ဥပမာ။ ၊ သတ်မှတ်ထားတဲ့ ခရိုင်များအတွင်းက အမျာုးံးဖုန်းတွေကို ပြည်တွင်းအခမဲ့ ပြောလို့ရအောင်လုပ်ပေးပါတယ်)
-ငလျင်ဘေးသင့်နိုင်ငံခြားသားများအတွက် အခမဲ့ဘာသာပြန်ခြင်းကို တယ်လီဖုန်းကနေ တဆင့်ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်
- သက်ဆိုင်ရာမြို့နယ်ရပ်ကွက်အသီးသီးမှာ စုဝေးခိုလှုံနိုင်တဲ့ နေရာဌာနနဲ့ အထောက်အပံ့တွေကို အဆင်သင့် လုပ်ထားပေးနိုင်ပါတယ်

-(ပို့စ်ရေးချိန်အထိ) ဘေးဒုက္ခအတွက် ကူညီဘို့ကမ်းလှမ်းလာတဲ့ ၂၅နိုင်ငံက ဘာတွေဘယ်လိုကမ်းလှမ်းဆက်သွယ်တာကို ပြည်သူကိုချက်ချင်းတင်ပြပေးပါတယ်။

အထူးသဖြင့် မနေ့က ငလျင်ကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတဲ့ မြန်မာအများစုကတော့ ဒီမိုးမျော်တိုက်ကြီးတွေ ယိမ်းထိုးအောင် အချိန်ကြာကြာ နဲ့ အကြိမ်များစွာလှုပ်ခါပြီး လူတိုင်းက ဒီငလျင်ထဲကိုယ်ပါ မြုပ်ပါဝင်တော့မယ်လို့်ထင်ခဲ့ကြပေမယ့် ဒီအတိုင်းကျန်နေတဲ့ မိုးမျော်တိုက်ကြီးတွေရဲ့ ခိုင်ခံ့မှုကိုပါပဲ။

 စာကြွင်း။ ။ မြစ်ပြင်ထဲက လှေငယ်လေးကို စီးနေရသလို တလှုပ်လှုပ်နဲ့ မပြီးနိုင်သေးပါဘူး။
ဓါတ်ပုံများကို အင်တာနက်က ကူးယူပါတယ်

12 comments:

Shinlay said...

အခြေအနေလေးတွေတင်ပေးနေတာကျေးဇူးပါပဲ။
ဒီမှာလည်း တချိန်လုံး ဂျပန်သတင်းတွေပဲပြနေတယ်။
ဂရုစိုက်ပါနော်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မတို့ မိသားစု ဘေးကင်းရန်ကင်းရှိတယ်ဆိုလို့ တကယ်ကို ဝမ်းသာရပါတယ်။ ရေမြန်မြန်ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။ သူတို့ဆီမှာ ဘေးအန္တရာယ်တွေအတွက် စနစ်တကျ စီမံပြင်ဆင်ထားခဲ့သလို တကယ်ဖြစ်လာတော့လည်း တကယ်ကို သေချာဆောင်ရွက်ပေးနေတာကို လေးစားအားကျမိပါတယ်။

အစ်မတို့မိသားစု အစစ အဆင်ပြေပါစေ...

ခွန် said...

ခွန့်ဆီတော့ ဂတ်စ်ကို ကိုယ့်ဘာကိုပြန်ဖွင့်လို့ရလို့ ရေမီးဂတ်စ်အားလုံး အိုကေသွားပြီ အစ်မေ၇...

ိလူကရိုးရိုးထိုင်နေတာတောင် စိတ်ထဲမှာ လှုပ်နေသလို တချိန်လုံးခံစားနေရတယ်။ တီဗွီက မဖွင့်ထားပြန်ရင်လည်း ဘာမှ မသိဖြစ်မှာဆိုး ဖွင့်ပြန်တော့လည်း ကြားရမြင်ရတာ စိတ်မချမ်းသာစရာ ချည်းဘဲအစ်မရယ်။ စိတ်ညစ်တယ်။ သနားပါတယ်။

ပြီးတော့ ခွန်လည်းအိမ်ကို ဖုန်းဆက်လို့ရပြီ အစ်မ။ ကျေးဇူးနော်...
သားလေးသိပ်ပြီးကြောက်ရမှန်းမသိသေးတာ တော်သေးတယ်နော်...

ခွန်

PAUK said...

အွန်လိုင်းမှာ တွေ့နေရသေးတော့ စိတ်အေးမိတယ်။
အစစ အရာရာ ဂရုစိုက်ပါနော့..။

မေဓာဝီ said...

မကောင်းမွန်ဝင်းတို့ မိသားစုနှင့်တကွ အားလုံးပဲ ... အစစ ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဂျပန် ၀န်ကြီးချုပ်ရဲ့ ခေါင်းဆောင်ပီသတဲ့
လုပ်ရပ်တွေက လေးစားစရာ၊ ကျောင်းမှာ
မိဘ လာအကြိုကို စောင့်နေတဲ့ ကလေးငယ်တွေ
အားလုံး သူတို့ မိဘတွေနဲ့ ပျော်ရွှင်စွာ ဆုံစည်
ကြပါစေလို့ ဆုတောင်းပါတယ် ဗျာ ...

PhyoPhyo said...

ရေမြန်မြန်ရပါစေ ဆုတောင်းပေးပါတယ်၊
အစစအရာရာ အဆင်ပြေပါစေ
ဆုတောင်းပေးပါတယ်၊
အားလုံးအတွက်လည်း ဆုတောင်းပါတယ်

ညီလင်းသစ် said...

ဖြစ်စဉ်တွေကို အချိန်နဲ့ တပြေးညီ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ..၊ တီဗီက ကြည့်ရတယ်ဆိုပေ မယ့် အခုလို ရပ်ကွက်ထဲ၊ စတိုးဆိုင်တွေထဲက အသေးစိတ်တွေကိုတော့ ဘယ်သိနိုင်ပါ့မလဲ၊ ကယ်ဆယ်ရေး စီမံပုံနဲ့ ပွင်းလင်းမြင်သာမှု ရှိတာတွေက တော့ တကယ့်ကို အားကျစရာပါပဲ...။

ကျော်နှင်းဆီလွင် said...

မရေ
ဂရုစိုက်နော်
ညီမတို့ဆီလည်းရေမီးဘယ်တော့ပြတ်မလည်းပူနေရတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းရေ
အားကျဖို့ကောင်းတဲ့ ခေါင်ေးဆာင်မှုတွေကို စိတ်မကောင်းစရာသတင်းတွေကြားက လေးစားမိပါတယ်..
ပြည်သူတွေအတွက် စဉ်းစားတဲ့ အစိုးရဟာ ပြည်သူတွေအတွက်တော့ အားကိုးအားထားရာပါဘဲနော်
အစစ အမြန်ဆုံး အဆင်ပြေပါစေနော်..

seesein said...

ကောင်းကောင်း
ဘေးမသီ ရန်မခ မိသားစုနဲ့အတူရှိနေတယ်ဆိုလို့ဝမ်းသာပါတယ်
ရေမြန်မြန်ရပါစေ မီးမြန်မြန်လာပါစေ
အစစအရာရာ အဆင်ပြေပါစေ
ခင်မင်တဲ့
seesein

သူကြီးမင်း (တုံးဖလား) said...

အမကောင်းမွန်..
မိသားစုအားလုံး၊ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်။ ဂျပန်ပြည်သူပြည်သားတွေလဲ ဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)