June 5, 2011
ဘူလ်တန်
တီဗွီကြည့်ရင်း အတွေးအမျိုးမျိုးနဲ့ စိတ်ထဲမှာ ထင်ကျန်နေတဲ့ အကြောင်းလေးကတော့ ဘူလ်တန် နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်းပါ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုပေမယ့်  နိုင်ငံရေး နဲ့ ဘာသာရေး အတွေးအခေါ်တွေအများကြီးပါနေပါတယ်။
ကမ္ဘာ့နံမည်အကြီးဆုံးဘုန်းကြီးကျောင်းများထဲက ဘူလ်တန်နိုင်ငံရဲ့ Tiger's nest
ဘူလ်တန်နိုင်ငံမှာ နေထိုင်ကြသူ မြန်မာလူမျိုးတွေ ဘယ်လောက်ရှိသလဲတော့ မသိပါဘူး။ အင်တာနက်မှာလည်း ဘူလ်တန်နိုင်ငံအကြောင်း မြန်မာလိုရေးထားတာကတော့  မရှိသလောက်ပါပဲ။ ဒါနဲ့ပဲ ကျွန်မစိတ်ထဲထင်ကျန်ရစ်သမျှ ကို ချရေးဖြစ်တော့ပါတယ်။
လူဦးရည်နည်းနည်း နိုင်ငံသေးသေးလေးရဲ့ ဘယ်လိုအကြောင်းအရာတွေက ဂျပန်လူမျိုးတွေကို ဆွဲဆောင်မှုတွေရှိခဲ့သလဲဆိုရင်။ဘူလ်တန်နိုင်ငံအစိုးရက ပြည်သူတွေကို လိုက်နာရစေတဲ့ စည်းကမ်းဥပဒေတွေပါ။
ရိုးရာဝတ်စုံ ၀တ်ဆင်မှု နဲ့ ပတ်သက်တဲ့ ဥပဒေ
ဘုရားကျောင်းကန် ရုံးကန္နားတွေအပါအ၀င် အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ရိုးရာဝတ်စုံဝတ်ဆင်ရပြီး ၀န်ကြီးချုပ်ရှိနေတဲ့ အဆောက်အဦ နဲ့ အစိုးရအခန်းအနားတွေကိုသွားရင်ရိုးရာဝတ်စုံမ၀တ်ထားရင် ၀င်ခွင့်မရဘူးတဲ့။ အဲဒီမှာ မြို့ထဲက အဓိကလမ်းမကြီးတွေလည်းပါတော့ မြို့ထဲထွက်ရင် ရိုးရာဝတ်စုံမ၀တ်တာဟာ ဥပဒေချိုးဖေါက်တာဖြစ်နေလို့  ရဲကတွေ့သွားရင်ဒဏ်ရိုက်ခံရတာပါ။
အခုခေတ်မှာတော့ လူငယ်တွေက ခေတ်နဲ့အညီဝတ်စားတာများလာလို့ ရဲက လည်းသိပ်တင်းတင်းကြပ်မဟုတ်တော့ဘူးလို့သိရပါတယ်။ အဲ ညဘက်မှာတော့ လူငယ်တွေက စိတ်ကြိုက်ဝတ်စားဆင်ရင်ပြီးထွက်တာကိုလည်းတွေ့ရတော့ ချက်ချင်းဆိုသလို အသွင်ပြောင်းသွားတဲ့ အတိုင်းပါပဲတဲ့။
ပြည်သူတွေရဲ့ ၉၇ရာနှုန်းဟာ စိတ်ချမ်းသာတယ်ဆိုတဲ့  အဖြေ
ဘူလ်တန်နိုင်ငံသားတွေဟာ သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိမ်းနေထိုင်ရတာကို အရေးထားကြတာက အတုယူလောက်စရာပါပဲ။ သူ့လူဦးရည် သူ့နိုင်ငံအကျယ်အ၀န်းကို ကြံဖန်ထောက်ပြပြီး ဒီအချက်ကို လက်မခံချင်ဘူးလို့ပြောရခက်လောက်အောင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ သဘောထားတွေက ထင်ဟပ်နေပါတယ်။
 မြို့တော်မှာတောင် မီးပွိုင့်မထား
နည်းပညာအသစ်တွေကို လက်ခံကျင့်သုံးပေမယ့် အချို့နေရာတွေမှာတော့ စိတ်ဝင်စားစရာ အကြောင်းပြချက်တွေနဲ့ အခြားနိုင်ငံတွေမှာ ပုံမှန်နည်းစနစ်အဖြစ်ကျင့်သုံးမှုမျိုးကိုတောင် လက်မခံပါဘူး။
ဘူးလ်တန်နိုင်ငံ က သူ့ရဲ့ မြို့တော် “သင်ဖူ ” မှာတောင်  မီးပွိုင့် လုံးဝမထားရှိတာပါပဲ။ တချို့ကလည်း ကမ္ဘာ့မှတ်တမ်းမှာတောင် ပါတယ်ဆိုကြတယ် မီးပွိုင့်မရှိတဲ့ နိုင်ငံရယ်လို့။ ရဲက လမ်းလယ်ကောင်မှာ လက်ဟန်နဲ့ပဲ လမ်းပြပါတယ်။ သို့သော်လည်း တချိန်က အစိုးရ၀န်ထမ်းလူကြီးပိုင်းက မီးပွိုင့် တွေတတ်ဆင်တာလုပ်ခဲ့ပါတယ်။ ဒါကို ကြားတဲ့ ဘူလ်တန်ဘုရင်က ချက်ချင်းရုတ်သိမ်းခိုင်းတယ်တဲ့။ (ကမ္ဘာ့မှတ်တမ်းက အဖျက်ခံရမှာစိုးလို့တော့ မဟုတ်တန်ရာဘူးလို့ထင်ပါတယ်) ဘုရင် အမိန့်ရှိတာက တောင်သူလယ်သမားတွေ နဲ့ မော်တော်ယဉ်မောင်းသူတွေ အတွက် မီးပွိုင့်ကဘာတွေလုပ်နေလဲ ဆိုတာမသိရင် အရောင်ရဲ့ အဓိပါယ်တွေကိုနားမလည်ကြရင် ယဉ်တိုက်မှုတွေ ဖြစ်နိုင်တဲ့ အန္တရယ်ရှိနိုင်သတဲ့။ (တကယ်လည်း မှန်နိုင်ပါတယ်။ ဘာလို့လည်းဆို မီးပွိုင့် ကြောင့် ယဉ်တိုက်မှုဖြစ်တာလည်း ရှိတာကိုး) ။ အဲလိုပဲ လမ်းထောင့်မှာ ထောင့်ကွယ်တွေကိုမြင်နိုင်တဲ့ မှန်ခုံးဝိုင်းဝိုင်းကြီးတွေလည်းမထားပါဘူးတဲ့ ၊ ခလေးတွေမှန်ကို ဆော့ပြီး ခွဲပစ်လို့ဖြစ်နိုင်တဲ့ အန္တရယ်ကိုကာကွယ်ဘို့လိုပါတယ်။ (မြန်မာနိုင်ငံမှာ အဲလိုမှန်ဝိုင်းကြီးတွေ အခုသုံးနေပြီလားမသိပါဘူး၊ ဂျပန်မှာတော့ လမ်းဒေါင့်တွေမှာ ရှိကြပါတယ်။ ကျွန်မကတော့ မြန်မာပြည်မှာ မုန်ခုံးဝိုင်းကြီးတွေတတ်ဆင်စေချင်တယ်၊ ကျွန်မ ကန်ထရိုက်လုပ်ချင်လို့ မဟုတ်ပါဘူး) 
ဘာသာရေးကို ယုံကြည်ကိုးစား
ဘူလ်တန်လူမျိုးတွေက သူတို့ရဲ့ တစ်ခုတည်းသောလေကြောင်းလိုင်းဟာ အခုအချိန်အထိပျက်မကျဘူးဆိုတာကို ဂုဏ်ယူပြောဆိုပြီး ဘာကြောင့်လို့ထင်လည်းဆိုပြီး အကြောင်းရင်းကို ရှင်းပြဘို့ပိုပြီး အားသန်ကြတယ်တဲ့။ ဘာကြောင့်လည်းဆိုရင် ပထမဆုံးလေယဉ်ဝယ်ယူတဲ့ အချိန်က နိုင်ငံရဲ့သံဃာတော်ကြီးတွေဟာ အင်္ဂလန်အထိကုန်းလမ်းနဲ့ အရောက်သွားပြီး အန္တရယ်ကင်းပရိတ်ရွတ်ပြီးမှ လေယဉ်ဝယ်ယူခြင်းလုပ်ခဲ့တာကြောင့်လို့ဆိုတယ်။ တကယ်က ဒီနေ့အထိ နေ့စဉ်မိမိတာဝန်ကို သေချာဆောင်ရွက်တဲ့ လေယဉ်ဝန်ထမ်းတွေ့ရဲ့ ကြိုးစားမှုကြောင့်ဆိုတာ သေချသလောက်ရှိပေမယ့် ဘူလ်တန်နိုင်ငံသားတွေရဲ့ ဘုရားတရားသံဃာကို ယုံကြည်မှု နဲ့ လောကီအရေးကိစ္စတွေမှာ ဘာသာတရားဟာ မရှိမဖြစ်ပါဝင်နေတာက ဂျပန်လူမျိုးတွေအတွက် ဆွဲဆောင်မှုတစ်ခုပါ။ (ကျွန်မတို့မြန်မာပြည်မှာလည်း လောကီအရေးတွေမှာ ဘာသာတရားဟာ မရှိမဖြစ်ပါဝင်တာကို သတိရမိပေမယ့်  နည်းနည်း/များများ ကွာနေတာသတိပြုမိပါတယ်)
GDP ထက် GNH  ကို အဓိကထား
နိုင်ငံအတော်များများက ရည်မှန်းကြိုးစားကြတဲ့ GDP(Gross Domestic Product ) ထက် GNP (Gross National happiness) ကို အဓိကထားတဲ့ အစိုးရရဲ့ ပေါ်လစီ။ နိုင်ငံသားတွေရဲ့ စိတ်ချမ်းသာမှု ပမာဏ ကို အဓိကထားတယ် ဆိုတာကို အတိအကျ ကြေငြာအကောင်အထည်ဖေါ်တဲ့ ဘူလ်တန်အစိုးရ ကို အားကျစရာတွေ့ရပါတယ်။ ဒီပေါ်လစီကို အစိုးရကကော နိုင်ငံသားတစ်ဦးချင်းစီကပါ တကယ်ကြိုးစားလုပ်ကိုင်နေတာကို ဂျပန်လူမျိုးတွေက အသိအမှတ်ပြုပြောဆိုကြပါတယ်။ ရုပ်ဝတ္တုတိုးတက်ပြည့်စုံမှု ကအရေးကြီးပါတယ်။ ဒါပေမယ့် စိတ်ချမ်းသာမှုကို ရုပ်ဝတ္တုပြည့်စုံမှုအတွက်ပေးဆပ်ရမယ်ဆိုတာ အဓိပါယ်မရှိဘူး ဆိုတဲ့ အတွေးအခေါ်ကို သာမန်ပြည်သူတစ်ဦးချင်းကကော အစိုးရကကော တစ်သဘောတည်း လက်ခံထားတာ နိုင်တာဟာ 
တိဗက်ဆုံးဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကြောင့်ပဲလားလို့ ဂျပန်လူမျိုးတွေ အတွက်  တွေးစရာဖြစ်နေတာပေါ့ ။ 
(နိုင်ငံရဲ့ ၇၀%ကျော်ကို သစ်တောကဖုန်းလွှမ်းပြီး အဓိက နိုင်ငံခြားဝင်ငွေကို လယ်ယာထွက်ကုန် နဲ့ ခရီးသွားလုပ်ငန်းကပဲ ရှာဖွေတယ်ဆိုတာကို သိရတဲ့ ကျွန်မကတော့  နိုင်ငံရဲ့သယံဇာတတွေနဲ့ နိုင်ငံခြားဝင်ငွေရှာတဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ ဘယ်နှစ်နိုင်ငံရှိမလဲလို့ တွေးစရာဖြစ်နေခဲ့ပါတယ်)
ကျွတ်ကျွတ်အိတ် သုံးစွဲမှုကိုတား
ကျွတ်ကျွတ်အိတ် သုံးတာကို တားမြစ်ထားတဲ့အတွက် ရောင်းတဲ့သူတွေက ဖက် သို့မဟုတ် သတင်းစာစက္ကူကိုသုံးကြတယ်။ ဈေးဝယ်တဲ့သူတွေကလည်း ကိုယ်ပိုင် အိတ်/ခြင်းတောင်းတွေယူသွားပြီး ၀ယ်ကြတယ်။
ဂျပန်မှာကတော့ ကျွတ်ကျွတ်အိပ်မသုံးအောင် “အက်ကို ဘက်” eco bag တွေဆောင်ဘို့ တိုက်တွန်းနေကြရတော့ ဥပဒေထုတ်ထားတဲ့နိုင်ငံကို တွေ့ရတဲ့ အခါ၊ ကျွတ်ကျွတ်အိတ်လုပ်ကိုင်ရောင်းဝယ်သူ အဲဒီအိတ်ပေါ်ကကြော်ငြာ စတဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးတွေကို ပါ တွက်ကြည့်ကြတယ်။
(ကျွန်မသိသလောက်ကတော့ မြန်မာပြည်မှာလည်း ကျွတ်ကျွတ်အိတ်မသုံးရ အမိန့်ရှိခဲ့တယ်၊ စီးပွါးရေးအတွက် လား၊ ပတ်ဝန်းကျင်အတွက်လား စဉ်းစားစရာမလိုအောင် အဖြေကရှင်းပါတယ်။ ကောင်းတဲ့အချက်ပဲလို့ထင်မိတယ်)
အင်္ဂလိပ်ဘာသာနဲ့သင်ကြား
အထက်တန်းကျောင်းအောင်ပြီး ကျောင်းဆက်တက်သူ ဦးရည်အလွန်နည်းပေမယ့် အခြားနိုင်ငံကိုပညာသွားသင်ဘို့လွယ်ကူပါတယ်။ အိန္ဒိယ နဲ့ ဥရောပနိုင်ငံတွေကို သွားကြပြီး အများစု က အစိုးရစရိတ် သို့မဟုတ် အခြားနိုင်ငံရဲ့ အထောက်အပံ့ ကိုရကြပါတယ်။ နိုင်ငံတွင်းကျောင်းတွေက ကျောင်းလခမရှိတာများပါတယ်၊ နိုင်ငံခြားကို ပညာသင်သွားဘို့ လွယ်ကူရတဲ့ အကြောင်းတစ်ချက်က ကျောင်းတွေမှာ နိုင်ငံတော် ရုံးသုံး မိခင်ဘာသာကလွဲလို့ အားလုံးကို အင်္ဂလိပ်လို ပြောဆိုသင်ကြားခြင်းပါ။ ဒါကြောင့်ဘူလ်တန်လူမျိုးတွေ ကျောင်းတက်ဘူးသူမှန်သမျှ ကလေး၊လူကြီး အင်္ဂလိပ် လို ရည်လည်စွာပြောဆိုနိုင်ကြတာကို ဂျပန်တီဗွီအစီအစဉ်က အားကျဘွယ် တင်ပြသွားသေးတယ်။ ကျွန်မ ဖတ်ဘူးတာတွေထဲမှာတော့ ဘူလ်တန်နိုင်ငံရဲ့ ဒေသနဲ့ လူမျိုးစုကွဲပြားမှုတွေများလို့ ရုံးသုံးဘာသာစကား ကလွဲရင် အင်္ဂလိပ်ဘာသာနဲ့ ကျောင်းပညာရေးကို သင်ကြားဘို့ သတ်မှတ်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးခိုလှုံသူများပြား
နိုင်ငံလူဦးရည်ရဲ့ ခန့်မှန်းခြေ ငါးပုံတစ်ပုံလောက်က အိန္ဒိယ၊ နီပေါ တို့မှာ နိုင်ငံရေးခိုလှုံသူတွေဖြစ်ကြတာကို  လေ့လာဖတ်ရှုရပါတယ်။ ဒါဟာ လက်ရှိအစိုးရက သတ်မှတ်ပြဌန်းတဲ့ ဥပဒေတွေကြောင့်ဖြစ်ပါတယ်။ ဥပမာ- ရိုးရာဝတ်စုံဝတ်ဆင်မှု ဥပဒေ နဲ့ ပတ်သက်ရင် နိုင်ငံရဲ့ ပူအိုက်တဲ့အရပ်ကလူတွေအတွက် လိုက်နာဘို့ခက်ခဲတယ် ဆိုတာမျိုး။ (ကျွန်မကတော့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုပေါင်းစုံနေထိုင်ကြတာဖြစ်လို့ ဒီအချက်ကို သိပ်မအံ့သြပေမယ့် လူဦးရေအချိုးအစားကိုတော့ အနာဂါတ်မှာ သတိထားစရာပါလားလို့ထင်မိတယ်)
ဖန်သားပြင်မှာမြင်ရတဲ့ ဘူလ်တန်နိုင်ငံသားတွေရဲ့ နေထိုင်စားသောက်ပုံတွေ၊ စာတွေမှာဖတ်ရတဲ့ သူတို့ရဲ့ ဘာသာရေးအတွေးအခေါ်နဲ့ ယဉ်ကျေးမှု အုတ်မြစ်တွေကို နားလည်ရသလို လက်ရှိနေထိုင်တဲ့ ဂျပန်နိုင်ငံနဲ့ ၊ ပြီးတော့ ကျွန်မရဲ့ မွေးရပ်မြေ မြန်မာနိုင်ငံနဲ့ တူတာတွေ မတူတာတွေကို စဉ်းစားမိတယ်။
တခါတလေ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားပြောတဲ့အခါမှာ၊ ဘလော့ဂ်တွေပေါ်မှာ အချို့သောအကြောင်းအရာတွေကို ရေးကြဖတ်ကြတဲ့အခါ ကျွန်မတို့အများစုထဲမှာ တူညီတာတစ်ခုကိုတွေ့ရတယ်။ “မြန်မာပြည်အတွက် သမိုင်းပေးတာဝန်ကို ကိုယ်ကပဲ ကျောပိုးထမ်းထားရသလို ” ။ တိုက်ဆိုင်မှုတွေရှိလာရင်လည်း တကယ့်ကို အရေးတယူ ဖြစ်မိကြတယ်။
ရုပ်ဝတ္တုပြည့်စုံတာထက် စိတ်ချမ်းသာတာကို ရွေးတဲ့ဘူလ်တန်နိုင်ငံအကြောင်း သိရတော့ ကျွန်မကို ဒီလိုမေးခွန်းမေးခဲ့ရင် ဘယ်လိုဖြေမိပါလိမ့်မလဲ………..
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုကို နိုင်ငံသားတစ်ဦးချင်းစီ နဲ့ အစိုးရက အတိအကျ လိုက်နာတာကို တီဗွီဖန်သားပြင်ပေါ်နဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး  “eco” နဲ့  “ ego ” ကို ဟန်ချက်ယူနိုင်ပါ့မလား လို့မေးလာခဲ့ရင်ကော ……….
အင်္ဂလိပ်စကားပြောနဲ့ နမူနာကြည့်လို့ရတဲ့ဗီဒီယိုအပိုင်းတစ်ခုပါ
ဓါတ်ပုံတွေ google ကနေရှာကူးပါတယ်။
ဖြည့်စွက် “ကိုညီလင်းသစ် ရဲ့ ကော်မန့် နဲ့ ပတ်သက်ပြီး ဖြည့်စွက်ရေးသားလိုက်ပါတယ်”
တိုတိုပြောရရင်တော့ အခုဘူလ်တန်နိုင်ငံထဲက ဘူလ်တန်လူမျိုးတွေရဲ့ အများစုက တိဗက်နွယ်ဝင်တွေဖြစ်ပြီး နိုင်ငံရေးခိုလှုံကြသူတွေက နီပေါလ်နွယ်ဝင်တွေဖြစ်နေတာပါပဲ။
ပိုပြောရရင်တော့ ကျွန်မနားလည်သလောက်က၊ နီပေါလ်နွယ်ဝင်အများစုက ဘာလို့ နိုင်ငံရေးခိုလှုံသူတွေဖြစ်ရလည်းဆိုရင်တော့၁၉၅၈ခုနှစ် နိုင်ငံသားဥပဒေ (Bhutan's Citizenship Act of 1958)ကိုအခြေခံတဲ့ နိုင်ငံသားဥပဒေကို  ၁၉၈၅ခုနှစ်မှာ(Bhutan's Citizenship Act of 1985)  အတည်ပြု လိုက်တော့ ဘူလ်တန်နိုင်ငံထဲကို ၀င်ရောက်အခြေချနေထိုင်ချိန် တိုတောင်းတဲ့သူတွေ အတွက် နိုင်ငံသားဖြစ်နိုင်ခွင့် တင်းကြပ်တာကြောင့် ဒီအခွင့်အရေးဆုံးရှုံးသွားရတဲ့ တောင်ဘက်ပိုင်းနေထိုင်သူ နီပေါလ်နွယ်တွေမှာ  ပြဿနာဖြစ်ခဲ့ရတယ်တဲ့။ တကယ်က အရင်ကတည်းက ဘူလ်တန်အစိုးရက သူတို့ကို တရားမ၀င်နေထိုင်သူတွေလို့ သဘောထားခဲ့တဲ့အတွက်ဆစ်ခ်လူမျိုးတွေလိုအဖြစ်မျိုးကနေ ရှောင်ရှားချင်လို့ ဒီလိုလုပ်ခဲ့တာလို့ ဝေဖန်ကြတယ်။
တစ်ဘက်မှာလည်းဘူလ်တန်နိုင်ငံသားစစ်စစ်ဖြစ်နိုင်တဲ့ အိုင်ဒန်တစ်တီ Identity စမ်းသပ်မှုလို့ ပြောရမယ့် ဘူလ်တန်အစိုးရဲ့ ၁၉၈၈ခုနှစ် မှာချမှတ်တဲ့တင်းကြပ်တဲ့ဥပဒေတွေ ( မြောက်ပိုင်းဒေသရိုးရာယဉ်ကျေးမှုကိုအခြေခံတဲ့ ပြည်ထောင်စုအုပ်ချုပ်ရေး၊ တိဗက် ဆန်တဲ့ ရိုးရာဝတ်စုံကို နိုင်ငံတော်ရိုးရာဝတ်စုံသတ်မှတ်ခြင်း၊ တိဗက်ဘာသာစကားတစ်မျိုးဖြစ်တဲ့ ဂျွန်ခါဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ခြင်း၊ အရိုအသေပေးပုံ စံနစ်ကိုလည်း တိဗက်ဆန်တဲ့ ပုံစံသတ်မှတ်ခြင်း)ကြောင့် နီပေါနွယ်ဝင်တွေက ဘူလ်တန်နိုင်ငံကနေ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
၁၉၈၈ခုနှစ်မှာ ဘူလ်တန်နိုင်ငံမှာလည်း နိုင်ငံရေး အရေးအခင်းတွေဖြစ်ပြီး နိုင်ငံရေးခိုလှုံတဲ့ဦးရည်လည်း အဲဒီအချိန်ကအများဆုံးမြင့်တက်ခဲ့တယ်လို့တွေ့ရပါတယ်။
တိုင်းပြည်ရဲ့ လူဦးရည် ၆၉၇,၀၀၀ ဦးလာက်ရှိတဲ့ ဘူလ်တန်နိုင်ငံရဲ့ ပြည်ပမှာ နိုင်ငံရေးခိုလှုံသူဦးရည်က ၁၁၃,၅၆၉ ဦးလောက်ရှိတဲ့ အတွက် ၅ပုံ၁ပုံလောက်ဖြစ်နေရတာပါ။ ဒီလောက်များတဲ့ အချိုးအစားနဲ့ နိုင်ငံရေးခိုလှုံသွားကြမှတော့  တကယ်ကို စိတ်ချမ်းသာလို့ ကျန်ခဲ့တဲ့  ပြည်တွင်းမှာရှိတဲ့  ၆၉၇,၀၀၀ ဦးရဲ့ ၉၀ရာနှုန်းကျော် ဆီက စိတ်ချမ်းသာကြတဲ့ အဖြေရတာလားလို့ (ကျွန်မ အနေနဲ့)ထင်မိပါတယ်။ 
(စကားချပ်။ ။စိတ်ချမ်းသာကြတဲ့လူတွေမို့လို့  ပြည်တွင်းမှာကျန်နေခဲ့ဆိုတာ နိုင်ငံတိုင်းတော့လည်း မဟုတ်နိုင်ဘူး)
စာကြွင်း။ ။မြန်မာဘာသာနဲ့ဝီကီမှာတော့ အမည်တွေကိုလည်း မြန်မာဘာသာအသံထွက် မပြင်ရသေးသလို ရေးလို့မပြီးသေးတာတွေ့ရပါတယ်။
15 comments:
Shinlay said...
ကျေးဇူးပါပဲ။ ကျမလည်း ဘူလ်တန်ကိုစိတ်ဝင်စားပါတယ်။
သတင်းကားတွေထဲမှာ တော့ရင်းနှီးနေပေမဲ့ ကိုယ်တိုင်
ရောက်ဖူးချင်တဲ့နိုင်ငံတစ်ခုပါ။
Nyi Linn Thit said...
ဘူတန်အကြောင်းကို သိပ်များများစားစား မသိလို့ စိတ်ဝင်တစားနဲ့ ဖတ်ဖြစ်ပါတယ် မ,ကောင်းမွန်ဝင်းရေ၊ ပြည်သူတွေရဲ့ ၉၇% က စိတ်ချမ်းသာတယ်လို့ ဖတ်ရပြီးတော့ လူဦးရေရဲ့ ၅ ပုံ တစ်ပုံက နိုင်ငံရေး ခိုလှုံ ကြသူတွေလို့ ဆိုပြန်တော့ ဒီ နိုင်ငံရေး ခိုလှုံတဲ့ သူတွေက စိတ်မချမ်းသာ သူတွေလား၊ ဒါမှမဟုတ် စိတ်ချမ်းသာတဲ့ ၉၇% က နိုင်ငံရေး မခိုလှုံတဲ့ ၅ ပုံ ၄ ပုံ အပေါ်မှာ တွက်ထားတာလား လို့ တွေးနေမိတယ်၊ ကျနော် သတိထားမိ သလောက် လူဦးရေ နည်းတဲ့ နိုင်ငံလေးတွေက မိသားစု သေးသေးလေး တခုလိုပဲ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စသဖြင့်မှာ နိုင်နိုင်နင်းနင်းနဲ့ အေးချမ်းကြတာ များတယ်၊ ဒီပို့စ်လေးအတွက်လည်း ကျေးဇူးပါဗျာ...။
ချော(အစိမ်းရောင်လွင်ပြင်) said...
ကျွန်မလည်း ဘူလ်တန်နိုင်ငံအကြောင်း ဂဃနဏမသိခဲ့ဖူးဘူး
စိတ်မ၀င်စားမိတာလည်းပါတယ်
ခု မကောင်းမွန်ဝင်းရေးပြတော့မှ စိတ်ဝင်စားဖို့အတော်ကောင်းတာ သိလိုက်ရတယ်
တကယ်ကျေးဇူးပါ။
အစိုးရရဲ့ နိုင်ငံသားတွေအပေါ်ထားတဲ့ သဘောထားအကြောင်းဖတ်ရတော့ လူတစ်စုကို သတိရလိုက်မိသေးး)
SHWE ZIN U said...
ညီမ ကောင်းမွန်ဝင်း ရေ
ဘူလ်တန်နိုင်ငံ အကြောင်း ညီမ ရေးပေးတာနဲ့ အမလည်း စိတ်ဝင်စားသွားပြီ
အမတို့စီမှာ လည်း ဘူလ်တန် နဲ့ တူတဲ့ တချက်တော့ ရှိတယ် မီးပွိုင့် မှာ မော်တော်ပီကယ် လက်ပြ နေတာဘဲလေ ( မီးပျက်နေလို့ )
Anonymous said...
ဘူလ်တန်အကြောင်းလာဖတ်ပါတယ်
တခါတလေတော့သတင်းကားပြတာကြုံပေမယ့်သေချာမ ကြည့်ဖြစ်သေးဘူး
စူးနွယ်လေး
Anonymous said...
ဒီဘလော့မှာဓါတ်ပုံတစ်ပုံက လာကွယ်နေတယ်။
စာဖတ်လို့မရဘူး ဘာဖြစ်လို့လဲ ဟင်
ကောင်းမွန်ဝင်း said...
ဟုတ်လား
အရင်ကလဲ အဲလိုပဲ ဖလစ်ကာ ဘောက်စ်လိုမျိုးကွယ်နေတယ်လို့ပြောလာတဲ့သူ ရှိခဲ့ဘူးတယ်။
အဆင်မပြေဖြစ်ရတာ တောင်းပန်ပါတယ်။
ကျွန်မလည်း အဲဒီအတွက် ဘယ်လိုလုပ်ပေးရမလဲ မသိလို့ပါ။
ဆက်သွယ်ပြောပြပေးတာကျေးဇူးတင်ပါတယ်။
လေးစားလျှက်
Kyaw Hnin Se Lwin said...
မမွန်ရေ
ညီမလဲကြည့်လိုက်ရတယ်
ဒါပေမဲ့မမွန်ရေးထားတာက တီဗွီအစီစဉ်ထက်ပိုစုံတယ်
:))
ခွန် said...
ကြည့်နေရင်း တ၀က်တင်အိပ်ပျော်သွားလို့ သေချာ မကြည့်လိုက်ရဘူး။ ခုတလော ပင်ပန်းတယ် ယောက္ခရယ်....
စကားမစပ် ဘူတန်ဘုရင် မင်္ဂလာဆောင်တော့မှာ ဆိုတာတော့ ဟိုတလောက သတင်းထဲမှာ ဖတ်လိုက်ရတယ်။ နှစ်ယောက်လုံး အတော်ချောဘဲ....
ps : ချွေးမလည်း flickr ကြီးကွယ်နေလို့ ကောင်းကောင်းဖတ်လို့ မရဘူး ယောက္ခမရေ...
Monmon Yoko said...
မကောင်းမွန်ဝင်း
ဒီပို.စ်ဖတ်ပီးဘူတန်နိုင်ငံအကြောင်းသိထားတာထက်ကိုပိုပီးပြည်.ပြည်.စုံစုံသိလိုက်ရတယ်။
ခုတလောပို.စ်တွေက အရမ်းကောင်းလွန်းလို. အစ်မကိုချီးကျူးပါတယ်။နောက်လဲပိုစ်.ကောင်းကောင်းလေးတွေစောင်.ဖတ်နေမယ်နော်။
Nyi Linn Thit said...
နောက်တိုး ဖြည့်စွက်ချက်နဲ့ဆိုတော့ ပိုပြီး ပြည့်စုံသွားတယ်၊ ကျေးဇူးပါပဲ မ,ကောင်းမွန်ဝင်းရေ..၊
စကားမစပ်.. Flickr နဲ့ ပတ်သက်လို့ ..မ,ကောင်းမွန်ဝင်း လင့်ခ်ကို ဖွင့်လိုက်ရင် ကျနော်လည်း မြင်ရတယ်၊ ဒါပေမယ့် စာမျက်နှာကို အကျယ်ချဲ့လိုက်ရင်တော့ ပျောက်သွားတယ်၊ Flickr နဲ့ပတ်သက်ပြီး ပုံတစ်ခုခု တင်ထားမိလို့ များလား? Layout ထဲက Design အောက်မှာ နဲနဲ စစ်ဆေး ကြည့်သေးလား? ဥပမာ- sidebar မှာ Flickr လင့်ခ်တခုခုများ ရှိသလား-လို့...။
...အလင်းစက်များ said...
သိပ်ကိုဖတ်လို့ ကောင်းပါတယ်ဗျာ.... ဘူတန်အကြောင်း သိတာ မကြာသေးပါဘူး.. ဒါပေမယ့် ဒီမိုကရေစီကို အားပေးတဲ့၊ ပြည်သူကို အလေးထားတဲ့ ဘုရင်ရဲ့ အကြောင်း ဖတ်မိရင်းက ဘူတန်ကို စိတ်ဝင်စားမိပါတယ်။
ဘူတန်းနိစ့်တွေရဲ့ အင်္ဂလိပ်အသံထွက်က မြန်မာတွေနဲ့  အတော်လေး ဆင်ပါတယ်လို့  သိရပါတယ်။ ဆေးပညာပိုင်းမှာ ဘူတန်းနိစ့်တွေဟာ မြန်မာဆရာဝန် ကြီးတွေကို အတော်လေး လေးစားကြတယ်တဲ့ဗျာ။
အဲ့သည်မှာ အလုပ်လာလုပ်သွားကြတဲ့ မြန်မာပြည်က ဆရာဝန်ကြီးတွေရဲ့ နည်းစနစ်တွေဟာ ဘူတန်ကျန်းမာရေးဝန်ကြီးဌာနမှာပါ ခြေရာကျန်နေပါတယ်တဲ့ဗျာ။ ဂုဏ်ယူမိပါတယ်။
သင်ဖူက ပြည်သူ့ ဆေးရုံဟာ ပြည်သူကို အလကား တာဝန်ယူကုပေးနေတဲ့ ဆေးရုံတစ်ခုပါ။ ပုဂ္ဂလိက ဆေးရုံမရှိတဲ့ နိုင်ငံတစ်ခုပါပဲ။ သိပ်ကို အားကျမိပါတယ်။
ဘူတန်မှာ ၀က်တွေကောင်းကင်ပေါ်ပျံကြတယ်လို့  ဆိုကြပါတယ်လို့  ဖတ်ဖူးပါတယ်။ ဘာလို့ လဲဆိုတော့ ဆေးခြောက်ရွက်ကို ၀က်စာထဲမှာ ထည့်ထည့်ကျွေးကြလို့ ပါတဲ့ဗျာ။
ရာသီဥတုအေးပြီး အသားငါးတော့ ရှားတယ်လို့ ဆိုပါသေးတယ်။ တစ်နှစ်မှာ တစ်လလောက် အသားငါး လုံးဝ ရောင်းချခွင့်မရှိပါဘူးတဲ့။ နောက်ပြီး အသားငါးဆိုင်တွေဟာ အတုံးလိုက် အတစ်လိုက်ရောင်းချကြတာမို့  ဘူတန်ရောက် မြန်မာတွေ ၀ယ်စားဖို့  မဆိုထား ဆိုင်ထဲတောင် မ၀င်ရဲကြဘူးလို့ ဆိုပါတယ်။
မကြာခင်လက်ထပ်တော့မယ် ဘူတန်ဘုရင်ဟာ သူ့ အတွက် ဘာမှ ထူးထူးထွေထွေ မလုပ်ပေးရဘူး လို့  အမိန့် တော် ထုတ်ပါတယ်တဲ့။ နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်မှာ မလိုလားဘူးထင်ပါတယ်။ သိပ်လေးစားမိပါတယ်။
ကိုယ်တိုင်မရောက်ဖူးပေမယ့် မိတ်ဆွေတွေဆီက ဗဟုသုတကို လိုက်ဆည်းပူးရင်း ဒီက စာတွေကိုလည်း သေချာဖတ်သွားပါတယ်ဗျာ။
ကျန်းမာပါစေခင်ဗျာ။
seesein said...
ကောင်းကောင်းရေ စစတို့စီမှာ အခုချိန်ထိ အသံမြည်တဲ့အိတ်ကလေးတွေ ရှိနေသေးတယ်ဟ အခုမှ အဲဒီ စကားလုံးလေးတွေကို သတိထားမိတယ် “eco” နဲ့ “ ego ”
သုတတွေအတွက် ကျေးဇူး
ခင်မင်တဲ့
seesein
ရွှေပြည်သူ said...
အစ်မကောင်းမွန်ဝင်းရေ... အမြဲတမ်း ဗဟုသုတ အနှစ်သာရ ရှိတဲ့စာတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ဘူလ်တန်နိုင်ငံက အားကျအတုယူစရာတွေကို သေချာမှတ်သားသွားပါတယ်။အကြိုက်ဆုံးသော အချက်တွေကတော့ ရိုးရာဝတ်စုံနဲ့ ပတ်သက်တဲ့ ဥပဒေ (နောက် အဲဒါကို လိုက်နာကြတဲ့ လူငယ်တွေရဲ့ စိတ်) နဲ့ ဘာသာရေးကို ယုံကြည်ကိုးစားတဲ့ စိတ်ဓာတ်တွေပါပဲ...
မအိမ်သူ said...
ဘူတန်နိုင်ငံလေးက သိပ်အေးချမ်းတယ်လို့ကြားဖူးတယ်။ သေချာတော့ မသိခဲ့ဖူးဘူး။ အခုလို ပြည့်ပြည့်စုံစုံလေးသိလိုက်ရတာ ကျေးဇူးပါရှင်။