Showing posts with label ယဉ်ကျေးမှု. Show all posts
Showing posts with label ယဉ်ကျေးမှု. Show all posts

January 2, 2011

၂၀၁၁ နှစ်သစ်မင်္ဂလာ

နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက်ဘို့ နှစ်သစ်ကူးမင်္ဂလာကို လူမျိုးအသီးအသီးက တလေးတစားနဲ့ တန်ဖိုးထားကျင်းပကြတာကတော့ တစ်ကမ္ဘာလုံး သူ့နိုင်ငံနဲ့သူ့ယဉ်ကျေးမှုအရပေါ့နော်။ ကျွန်မလည်း ဒီဂျပန်နိုင်ငံရဲ့ နှစ်ဟောင်းတစ်နှစ် ကုန်လို့ နှစ်သစ်တစ်နှစ်ကို ကြိုဆိုပုံတွေကို တွေ့မြင်ရတော့ နှစ်သစ်ကူးမင်္ဂလာယူပုံလေးတွေထဲက တချို့ကိုမိတ်ဆက်တင်ပြလိုက်ပါတယ်။




ဒီဇင်ဘာလ၃၁ရက်နေ့ ညမှာ “ဆိုးဘာ့” ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို မိသားစုစုံစုံလင်လင်နဲ့ စားကြပါတယ်။ “တိုရှိခို့ရှိဆိုဘာ့”လို့ခေါ်တဲ့ သူ့နံမည်ရဲ့ အဓိပ္ပါယ်ကတော့ နှစ်ကူးမယ့်ဆိုဘာ့ လို့ ဘာသာပြန်ရရင်ကောင်းမလားပဲ။ 


ဆိုဘာ့ ခေါက်ဆွဲ စားရန်အသင့်ပြင်ဆင်ထားပုံ၊ ခေါက်ဆွဲပေါ်ကို အဆာပလာလေးတွေဖြူးဖြန်းပြီး ဟင်းချိုရည်လေးဆမ်းပြီး ရှလွတ်ရှလွတ်နဲ့ စားလို့ရှိရင် တစ်ပန်းကန်ကတော့ အသာလေးပါပဲ
 ဆိုဘာ့ ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို ပုံမှန်က တစ်နှစ်လုံးလည်းစားပေမယ့် ဒီ  “တိုရှိခို့ရှိဆိုဘာ့”လို့အမည်ပေးစားတဲ့ ခေါက်ဆွဲကိုတော့ ၃၁ရက်နေ့ ည၁၂နာရီမထိုးခင်မှာ စားပြီးရမယ်လို့သတ်မှတ်ထားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒေသအလိုက် “တိုရိခို့ရှိဆိုဘာ့”ကို လုပ်စားပုံစားနည်းက အမျိုးမျိုးရှိပေမယ့် အားလုံးကတော့ နိမိတ်ကောင်းဘို့အတွက် ည၁၂နာရီမထိုးခင် စားကြပါတယ်။ အတိတ်နိမိတ်ယူပုံကလည်း အမျိုးမျိုးရှိကြပါတယ်။ လွယ်လွယ်နဲ့ ပြောရရင်တော့ ခေါက်ဆွဲလေးလို အမျှင်ရှည်ရှည်နဲ့ ခေါက်ပြီးဆွဲသွားမယ်ဆိုသလိုပေါ့။ (ရယ်စရာအဖြစ်ရေးတာပါ)။ “ဆိုဘာ့” ကို ဂျပန်ဘာသာမှာ သံတူကြောင်းကွဲအနေနဲ့ “ဆိုဘာ့လို့အမည်ရတဲ့ ပန်းဂျုံကနေလုပ်တဲ့ ခေါက်ဆွဲ”ဆိုတာအပြင် “အနီး/ဘေး/အနား”လို့ဆိုပြီး အဓိပ္ပါယ်နောက်တစ်မျိုးလည်းရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေက အဆုံးမရှိထာဝရအနားမှာနေသွားကြမယ် ဆိုတဲ့ ပညတ်ယူတဲ့အနေနဲ့ စားကြပါတယ်တဲ့။

ဘုရားကျောင်းတွေမှာ နှစ်ဆန်းတစ်ရက်နေ့ကတော့ ကြိတ်ကြိတ်တိုးပါပဲ။ ဘုရားကျောင်းဝင်ပေါက်ကနေ ပင်မဘုရားကျောင်းဆောင်ရှေ့ရောက်ဘို့ တန်းစီဝင်ရတာနဲ့တင် ၁နာရီလောက်ကြာပါတယ်။

ည၁၂နာရီထိုးပြီးတစ်နှစ်ကူးပြောင်းတာကို တချို့ကတော့ ဂျပန်နတ်ဘုရားကျောင်းတွေကိုသွားပြီး ပူဇော်ဆုတောင်းကြပါသေးတယ်။ အဲဒီလိုနှစ်သစ်ကူး ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းတာကို “ဟတ်ဆုမိုးဒဲ့”လို့ခေါ်ပါတယ်။  ၀တ်ပြုဆုတောင်းတာနဲ့အတူ အန္တရာယ်ကင်း အဆောင်တွေ၊ အိမ်ကဘုရားစင်အတွက် ကပ်လှူပူဇော်စရာတွေလည်းဝယ်ကြပါတယ်။ နှစ်သစ်တစ်နှစ်ရဲ့ အိမ်ကနေပထမဆုံးအပြင်ကိုသွားတာကို ဒီလိုဘုရားကျောင်းကိုသွားလိုက်ရတယ်ဆိုတဲ့ အတိတ်ကောင်းနိမိတ်ကောင်းတစ်ခုပါပဲ။  နှစ်ဆန်း၃ရက်နေ့အထိ သွားဖြစ်အောင်သွားကြသလို ဇန်န၀ါရီလတစ်လလုံးမှာ သွားတာကိုလည်းပြောလို့ရပါတယ်လို့လည်း ဖတ်ရပါတယ်။

ဘုရားဝတ်ပြု၊ ယတြာချေ၊ ဗေဒင်မေး၊ အဆောင်ဝယ် ပျားပန်းခတ်မျှစည်ကားလှပါတယ်

ကျွန်မတို့မြန်မာပြည်မှာ အတာအိုးနဲ့ သိကြားမင်းကို ကြိုသလို ဂျပန်နိုင်ငံမှာလည်း အိမ်တွေ၊ရုံးတွေ၊ ဘူတာတွေ၊ လေယဉ်ကွင်းတွေမှာပါ ပြင်ဆင်ပြီး နှစ်သစ်ကိုကြိုဆိုတာမျိုးလည်းရှိပါသေးတယ်။  “ခါ့ဒိုမာ့ဆု”လို့ခေါ်တဲ့ ဂျပန်အတာအိုး(ကျွန်မစိတ်ကြိုက်သုံးထားတဲ့ ဝေါဟာရပါ)မှာ အဓိကပါဝင်ရတာကတော့ “ထင်းရူး၊ ၀ါး ၊ ဂျပန်မက်မန်း” ဆိုတဲ့ အပင်သုံးမျိုးရဲ့ အကိုင်းအခက်အရွက်အလက်တွေပါ။ အဲဒီ အပင်သုံးမျိုးမှာလည်း သူ့အယူတော်နဲ့သူ သတ်မှတ်ချက်တွေ ရှိနေပါတယ်။


အိပ်ဝင်ပေါက်တွေမှာ ပိုက်ဆံရှိရင်ရှိသလို အလှအပတန်ဆာဆင်မှုနဲ့ အရွယ်အစားကလည်း အမျိုးမျိုးနဲ့ပေါ့။

သူ့ အယူအဆတွေကတော့ တရုတ်ပြည်ကနေ တဆင့် ဆင်းသက်လာတယ်လို့ဆိုကြပါတယ်။  ကျွန်မကိုယ်တိုင်ကတော့ အိမ်ပေါက်စေ့ အတာအိုးတွေကို ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဝေးလာတဲ့နေရာမှာ အဲဒီ ခါ့ဒိုမာ့ဆုတွေ ပြင်ဆင်ထားတာတွေတွေ့ရရင် စိတ်ထဲကနေ “ အော်နှစ်သစ်မင်္ဂလာပဲ”လို့ သူ့အလိုလိုခံစားမိလာရပါတယ်။

မက်ကိုမက် လိုက်ဦး မယ်၊ သုံးခုစလုံးပါအောင်

နှစ်သစ်တစ်နှစ်ပြောင်းလို့ နှစ်ဆန်းတစ်ရက်နေ့ လည်းရောက်ရော နောက်ထပ် အတိတ်နိမိတ်ယူတာတစ်ခုကိုလည်း ဂျပန်ယဉ်ကျေးမှုမှာတွေ့ရပါသေးတယ်။ နှစ်ဆန်းတစ်ရက်နေ့ ည သို့မဟုတ် နှစ်ဆန်းနှစ်ရက်နေ့ညမှာ မက်တဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက်ပါ။

အိပ်မက်ဦး ပန်းချီကား
အဲဒီအိပ်မက်ကလည်း ကျွန်မတို့ မြန်မာလူမျိုးတွေပြောလေ့ပြောထရှိတဲ့ မြွေကိုအိပ်မက်မက်တာတို့၊ သွားကျိုးတာတို့၊ မနက်လင်းခါနီးမက်တာတို့နဲ့တော့ ဆင်မလိုလိုနဲ့ တခြားစီဆိုသလိုပေါ့။  သူတို့အိပ်မက်က အိပ်မက်ထဲမှာ “ဖူဂျီတောင်၊ သိမ်းငှက်၊ ခရမ်းသီး” ပါရင် အလွန်နိမိတ်ကောင်းတာပါပဲ။ သုံးခုထဲကမှ အကောင်းဆုံးပြန်စီရင် ၁၊ဖူဂျီ။ ၂၊သိမ်းငှက်။ ၃၊ခရမ်းသီး” တဲ့။ သူ့အသီးသီးရဲ့ အစွမ်းတွေကိုသိချင်ရင်တော့ အပေါ်မှာလင့်ချိပ်ပေးထားတဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက် ဆိုတဲ့နေရာမှာ ဖတ်ကြည့်ပါနော်။
တစ်ခုစီဆက်ရေးနေရင် ကျွန်မကတော့ ဒီနေ့ည တော့ အိပ်မက်ဖြစ်ပါ့မလားပဲ။ ဒီညမမီလည်း နှစ်ဆန်းနှစ်ရက်နေ့ကျမှပဲ ကြိုးစားပြီး မက်လိုက်ဦးမယ်။








စာကြွင်း။
ပြီးခဲ့တဲ့ပို့စ်ကနေ တစ်လကျော်ဘလော့ဂ်ကို ပစ်ထားခဲ့ပါတယ်။ ရုံးအလုပ်၊ ကြားပေါက်ပိုက်ဆံရတဲ့ အလုပ်၊ သားလေးရဲ့နေမကောင်းဖြစ်လိုက်ပြန်ကောင်းလိုက်ဆိုတဲ့ ပုံမှန်ဖြစ်နေကျကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်လောက်အောင် အချိန်ကုန်ခဲ့ရပါတယ်။ ဒီနေ့တော့ သားနဲ့ သားအဖေအိပ်နေတုန်း ဒီပို့စ်ကလေး ထရေးပြီးတင်လိုက်ပါတယ်။ အမြဲတစေ သတိတရရှိပေးသူတွေကော၊  တကူးတက နှုတ်ဆက်ကြသူတွေကော ၂၀၁၁မှာကျက်သရေမင်္ဂလာအပေါင်းခညောင်းပြီး စိတ်ကိုယ်နှစ်ဝ ဆန္ဒ တွေပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


ဓါတ်ပုံများကိုတော့ ပင်ပင်ပမ်းပမ်းနဲ့ အင်တာနက်မှကူးယူးပါတယ်။



June 28, 2010

ပြောင်းပြန်များ

နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးမှုတွေလုပ်ပုံကိုင်ပုံတွေက တခါတလေမှာ (ကိုယ်နဲ့မတူတာ၊ အများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့) ပြောင်းပြန်ဖြစ်နေတာကို ကျွန်မလိုပဲ သတိထားမိကြမယ်ထင်ပါရဲ့။
ကျွန်မတို့ နိုင်ငံမှာကတော့ တခြားနိုင်ငံတွေနဲ့ မတူတဲ့ ပြောင်းပြန်တွေ နည်းနည်းရှိတာကို သတိရမိပါတယ်။ ဥပမာ၊ မော်တော်ကားလမ်းတွေ လက်ျာကပ်မောင်းတာတို့၊ မဲဆန္ဒပေးတဲ့အခါ မဲပေးချင်တဲ့လူကို အမှားခြစ်ရတာတို့ပေါ့။
ဒီပို့စ်မှာပြောချင်တဲ့ ပြောင်းပြန် ကတော့ ဂျပန်လူမျိုးတွေဟာ  ကျမတို့(အခြားအနောက်တိုင်းသားများနဲ့ကော မတူတာဖြစ်နေတဲ့ ) ချွတ်လိုက်တဲ့ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားတတ်တယ်ဆိုတာကိုပါ။
ဂျပန်လူမျိုးတွေကတော့ ဖိနပ်ချွတ်ပြီးရင် ချွတ်ပြီးသား ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားလေ့ရှိပါတယ်။

June 14, 2010

သွေးခွဲတဲ့ စကားတွေ

နိုင်ငံအလိုက် လူမှုပတ်ဝန်းကျင်မှာ အကြားရအများဆုံးမေးခွန်းအမျိုးအစား တစ်ခုကို သတိထားမိပါတယ်။ မြန်မာဗုဒ္ဓဘာသာ များ ပတ်ဝန်းကျင်မှာတော့ “.......ဒါနဲ့ မိန်းခလေးက ဘာနေ့သမီးလဲ” “သူ က ဘာနေ့မွေးတာလဲဟင်” ဆိုပြီးတော့ပေါ့။ ဘာကြောင့်လဲ ဆိုတော့
“ဥသာစိန်ပန်း ဒန်းလှကိုရှာ ခိုက်ရန်မှာကား ဓမ္မာသောက အင်းဝရာဇာ မယှဉ်ရာတည်း။ ” လို့  မိမိတို့ရဲ့မွေးတဲ့ နေရက် နဲ့ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက် ပေါင်းသင်းဆက်ဆံမှု၊ အိမ်ထောင်ဘက်၊ စီးပွါးဘက်တွေကို ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အယူအဆအတွေးအခေါ်များ ရှိနေလို့ပါပဲ။
အခြေခံအကြောင်းတရား၊ အခြေအနေ နဲ့ ယုံကြည်မှုတွေမတူပေမယ့် ၊ ဂျပန်မှာလည်း မေးတတ်ကြတဲ့မေးခွန်းးရှိပါတယ်။

February 10, 2010

တံခါး ဘယ်နှစ်ခါခေါက်ရပါမလဲ

တံခါးခေါက်တဲ့ အချိန်မှာ ဘယ်နှစ်ခါခေါက်လေ့ရှိပါသလဲ။ 


ဘယ်နှစ်ကြိမ်ခေါက်ခေါက် တံခါးခေါက်တာပဲ နာမငြီးရင်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ရင်ပြီးရောမဟုတ်လားလို့ ထင်ကောင်းထင်ပါမယ်။ ထုံးစံအတိုင်းပါပဲ၊ ဂျပန်လူမျိုးတွေကတော့ သူတို့ရဲ့ အကျင့်စရိုက်အရ ဘာမဆို လေ့လာမှတ်တမ်းပြုလေ့ရှိကြတဲ့ အတိုင်း ၊ ဂျပန်လူမျိုးအများစုဟာ တံခါးခေါက်ရင် နှစ်ကြိမ်ခေါက်လေ့ရှိပါတယ်တဲ့။ 

ကျွန်မတို့ မြန်မာလူမျိုးများ ကကော တံခါးဘယ်နှစ်ခါခေါက်လေ့ရှိပါလိမ့်လို့ တွေးရင်း ငယ်ငယ်တုန်းက ကစားခဲ့ဘူးတဲ့ ကစားနည်းလေးတစ်ခုကို သတိရမိပါတယ်။ ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ၊ အရူးမကြီးမစာဥ ဘယ်သွားမလို့လဲ ။ စာတွေထဲမှာ သီချင်းတွေထဲမှာ အများအားဖြင့် “ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုပြီး သုံးကြိမ်တွေ့ရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာကလူမျိုးပေါင်းစုံနဲ့ ဆက်ဆံတဲ့ အခါမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အများလက်ခံထားတဲ့ သတ်မှတ်ချက်တွေကိုလည်း လိုက်နာလာကြပါတယ်။ တံခါးခေါက်တဲ့ အကြိမ်ကို လိုက်ပြီး သူ့ရဲ့ အဓိပ္ပါယ်တွေရှိပါတယ်တဲ့။ 

ဥပမာ၊ လူတွေ့စာမေးပွဲ အခန်းထဲကိုဝင်တဲ့ အခါမှာ ၊ ကိုယ့်ရဲ့အထက်လူကြီးက အခန်းတံခါးဖွင့်ပြီး တယ်လီဖုန်းပြောနေချိန်မှာ ကိုယ်က အခန်းထဲဝင်ရမယ့် အခြေအနေမျိုးမှာ၊ အခန်းထဲမှာ ရှိတဲ့လူရှိကြောင်းကို ကိုယ်ကသိသလို အခန်းထဲကလူကလည်း ကိုယ်ဝင်လာမယ်ဆိုတာကို သိနေတဲ့အချိန်မှာလည်း တံခါးခေါက်ပြီး အသံပေးဝင်ဘို့လိုပါတယ်။ တစ်ချို့ အများသုံးအိမ်သာတွေမှာတော့ အထဲမှာ လူရှိတာကိုသိပေမယ့် အထဲကလူကအကြာကြီး တော်တော်နဲ့မထွက်လာတဲ့အချိန်မှာ မအောင့်နိုင်ကြောင်း တံခါးခေါက် အသိပေးရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။

၂ခါ အိမ်သာကို အသုံးပြုနေသူ ရှိမရှိ တံခါးခေါက်ကြည့်တဲ့အချိန်မှာ ၂ခါခေါက်ပါတယ်။ 

၃ခါ သိကျွမ်းပြီးသားသူတွေက အခန်းထဲမှာရှိတဲ့ အချိန်မှာ ၃ခါခေါက်ပါတယ်။ 

၎ခါ ပထမဦးဆုံးအကြိမ် ရောက်ဘူးတဲ့နေရာနဲ့ အရိုအသေပေးမှုကိုပြတဲ့ အချိန်တွေမှာ ၄ခါခေါက်ပါတယ်။
ဒါပေမယ့် ဒေါက်၊ ဒေါက်။ --- ဒေါက်၊ဒေါက်။ လို့ သံစဉ်လေးနဲ့ခေါက်ရင် နားဝင်ချိုစေပါတယ်တဲ့။ 

လွယ်လွယ်ပြောရရင်တော့ အိမ်သာမှာ ၂ခါ။ အရိုအသေပေးမှုကို ၄ခါ။ အများအားဖြင့် ၃ခါ လို့ မှတ်ထားရင် မမှားနိုင်ပါဘူးတဲ့။ အိမ်သာ၂ခါခေါက်ကတော့ တဘက်မှာလူရှိတာကို မသိလို့ဖြစ်စေ။ သိပြီး အမြန်ထွက်ပေးဘို့ တောင်းဆိုလိုတဲ့ အခါတွေမှာ စိတ်အနှောက်အယှက်မဖြစ်အောင် အကြိမ်ရည်အနည်းဆုံးအနေနဲ့ ဒေါက်၊ ဒေါက်လို့ သတ်မှတ်ကြတယ်တဲ့။ 

တံခါးခေါက်တာဟာ တခါတလေမှာ ဖွင့်ပေးဘို့ တောင်းဆိုတာဖြစ်သလို၊ ၀င်ခဲ့တော့မယ်လို့ အသိပေးတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်သားချင်း။ ခင်မင်သိကျွမ်းသူအချင်းချင်း ဖွင့်ပေးပါလို့တောင်းဆိုတဲ့ အခါမှာကော ၊ တံခါးဖွင့်ထားပေမယ့် ၀င်ခဲ့တော့မယ်နော်လို့ တဘက်လူကို အသိပေးတဲ့ အခါတွေမှာ ဒေါက် ဒေါက် ဒေါက် လို့ ခေါက်တာများတယ်လို့ သိရပါတယ်။ 

လူတွေ့စစ်မေးမယ့် အင်တာဗျူး၊ အထက်လူကြီး အခန်း၊ ပထဦးဆုံးအကြိမ်ရောက်ဘူးတဲ့ အခါတွေမှာတော့ ဒေါက် ဒေါက်၊ ဒေါက် ဒေါက် လို့ ၄ခါလောက် ခပ်ကြာကြာလေး ခေါက်ရပါတယ်၊ ဒါပေမယ့်လို့ တဘက် အစတည်းက ဖွင့်ထားတဲ့တံခါးပဲဖြစ်ပါစေ၊ ပိတ်ထားတဲ့ တံခါးပဲဖြစ်ပါစေ၊ ဒီနေရာမှာတော့ အထဲက ၀င်ခဲ့ဘို့ တုန့်ပြန်မှု ပဲနဲ့ ဒေါက်၊ ဒေါက် ဒေါက်၊ ဒေါက် ၄ခါခေါက်ပြီး ၀င်မသွားမိဘို့ အရေးကြီးပါတယ်တဲ့။ 

တကယ်ကတော့ တဘက်လူက ကိုယ်တံခါးခေါက်တဲ့ အကြိမ်ကိုရည်တွက်မနေကြပါဘူး။ သို့သော်လည်း လူ့ဘောင်လောကထဲက မူဟန်ယဉ်ကျေးခြင်းပညာတစ်ခု manner အနေနဲ့ လူတွေကပဲသတ်မှတ်ထားကြတာမို့လို့ သိထားရင်တော့ လူမှုဆက်ဆံရေးကို အကျိုးမယုတ်စေပါဘူးလို့ပဲပြောရမှာပေါ့ရှင်။ 

 ဓါတ်ပုံများကူးယူရာနေရာ 
http://image-search.yahoo.co.jp/search?p=%E3%83%89%E3%82%A2%E3%83%8E%E3%83%83%E3%82%AF%E3%83%9E%E3%83%8A%E3%83%BC&ei=

February 3, 2010

ဂျပန်ထိုင် မြန်မာထိုင် ဗိုလ်ထိုင်

ဒီလိုထိုင်ပါ၊ ဒီလိုမထိုင်ပါနဲ့
မြန်မာနိုင်ငံမှာနေတုန်းက ဂျပန်ဧည့်သည်တွေခဏခဏမေးကြတဲ့မေးခွန်းရှိပါတယ်။ မြန်မာလို အိမ်သာ
ဝင်တဲ့အခါ တံခါးဘက်ကိုလှည့်ထိုင်တာလား တံခါးကိုနောက်ခိုင်းထိုင်တာလား။ သဘောက ရေဆင်းတဲ့ အပေါက်ပေါ်ကို ဖင်ထိုင်တဲ့ဘက်ထားတာလားဆိုတာကိုပါ။ အဲဒီတုန်းက ကျွန်မအနေနဲ့ မြန်မာလိုအိမ်သာတက်ပုံ ကို ခဏခဏ ရှင်းပြခဲ့ရပါတယ်။


နောက် ဂျပန်ကို ရောက်တဲ့အခါကျတော့ မြန်မာပြည်က ခဏလာလည်တဲ့ မြန်မာများနဲ့ ၊ သင်တန်းလာတက်တဲ့ မြန်မာများကို ဂျပန်(ပုံစံ)အိမ်သာတွေ တက်နည်းကို ရှင်းပြရပါတယ်။ တကယ်တော့ ဒီအိမ်သာတက်ပုံတက်နည်းဟာ ဂျပန်နဲ့ မြန်မာတွေ ကြားမှာပဲ ရှိတဲ့ ကွာဟချက်မဟုတ်ပါဘူး။ နိုင်ငံခြားသား အများစုအတွက် ပထမဦးဆုံးအကြိမ် အိမ်သာစတက်ခါစမှာ အနည်းငယ် အထင်လွဲစေတဲ့ ကိစ္စတစ်ရပ်ဖြစ်နေလို့ပါပဲ။

ဂျပန်အိမ်သာတွေကို ရုပ်ရှင်၊ စာအုပ်၊ ဓါတ်ပုံတွေမှာတွေ့ဖူး မြင်ဖူးပေမယ့် အမှတ်တမဲ့ ဖြစ်ခဲ့ကြမှာပေါ့။ တကယ်တမ်း ဂျပန်ရောက်ပြီး အိမ်သာလည်း တက်ကော ၊ ပြောင်းပြန်ထိုင်မိပြီး ကသိကအောက်ဖြစ်ရတော့တာပါပဲ။ ဒါကြောင့် ဂျပန်အိမ်သာတက်ရတာ အခက်အခဲရှိတဲ့အတွက် အချို့သော နိုင်ငံခြားသားအ၀င်အထွက်များတဲ့ နေရာမှာ ရှိတဲ့အိမ်သာတွေမှာ ပုံလေးတွေနဲ့ ကပ်ပြီး သရုပ်ပြထားပါတယ်။ ဂျပန်အိမ်သာတက်ပုံက နိုင်ငံခြားသားများနဲ့ ကျွန်မတို့ မြန်မာများအတွက်တော့ “ဂျပန်အိမ်သာက ပြောင်းပြန်ထိုင်ရတာ”လို့ ပြောစမှတ်ရှိကြပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ ခလေးတွေ အသုံးများတဲ့ နေရာနဲ့ ကျောင်းတချို့က အိမ်သာများမှာ တွေ့ရတဲ့ သရုပ်ပြပုံပါ။

ကိုယ့်ဘာသာကိုယ် အိမ်သာစတက်စအရွယ်ခလေးတွေဟာ အိမ်သာထဲရောက်ရင် ခါးအောက်ပိုင်း အ၀တ်အစားအားလုံးကို ချွတ်ပစ်တတ် လေ့ ရှိ လို့ဒီလိုပုံတွေ ကပ်ထားတာပါပဲ။ ဒီလိုအိမ်သာတက်ရင် အ၀တ်ချွတ်ပစ်တာ ခလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေလည်း လုပ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့ဖူးတာကို ဖေါက်သည်ချလိုက်ပါရစေ။ သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဟိုးအရင် ၁၂ရာစုကုန်ပိုင်း ဂျပန်နိုင်ငံ အဲဒို (江戸)ခေတ် မှာ မြေပိုင်ရှင်လူတန်းစား သူဌေးသူကြွယ်များဟာ အိမ်သာဝင်ပြီးရင် အ၀တ်အစားအသစ်ကျက်ချွတ်တွေပြန်လဲဝတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုပ်ပြည်မှာ စိုး(宋) မင်းဆက် ၄၂၀-၄၇၉ခုနှစ်များလောက်မှာ တရုပ်လူမျိုးတွေဟာ အလေးသွားမယ်ဆိုရင် အ၀တ်အစားအကုန်ချွတ်ပြီး မှ အိမ်သာဝင် လေ့ရှိကြတယ်လို့သိရပါတယ်။ ဂုဏ်သရေရှိလူကြီးများအတွက်ဆိုရင် အိမ်သာ နဲ့ အ၀တ်လဲခန်းတို့ကို စီမံထားရှိခဲ့ကြတယ်တဲ့။
အဲဒီဆက်စပ်မှု လို့ပြောလို့ရမယ့် ဝေါဟာရကို ဂျပန်ခန်းဂျိ အဘိဓါန်မှာတွေ့နိုင်တာကတော့ ခန်းဂျိနဲ့

更衣ဆိုတဲ့ စာလုံးကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ စာလုံး ရဲ့ တိုက်ရိုက်အဓိပ္ပါယ်“ အ၀တ်လဲခြင်း” ဆိုတာအပြင်“ အိမ်သာသွား ခြင်း”လို့လည်းဖေါ်ပြထားပါတယ်။ အင်္ဂလိပ်လို toilet ကိုလည်း grooming or dressing one's person လို့တွေ့ရပါတယ်။
ရှေးယခင်က လူတွေရဲ့ အ၀တ်အစားပုံစံအရ၎င်း၊ အနံ့ကူးစက်မှာစိုးတဲ့အတွက်ကြောင့်၎င်း အဲဒီလို အိမ်သာတက်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ အခုခေတ်မှာတော့ အ၀တ်အစားပုံစံတွေပြောင်းသွားတဲ့ အပြင် ၊ ခန္ဒာကိုယ်ကထုတ်ပြီး၊ထွက်သွားတာနဲ့ ချက်ချင်းရေဆွဲချပစ်လိုက်ရင် အနံ့ကူးစက်မှာလည်း မစိုးရိမ်ရတော့ပါဘူး။ ဒါ့အပြင် အခန်းတွင်းနဲ့ အ၀တ်အစား အနံ့ပျောက်ဆေး ၊ အမွှေးနံ့သာအမျိုးမျိုးသုံးစွဲလို့လည်း အဆင်ပြေပါတယ်။

နည်းပညာတိုးတက်မှု ကြောင့် လူနေမှု အဆင့်အတန်း နဲ့ (အိမ်သာ)ယဉ်ကျေးမှု များလည်း ပြောင်းလည်း လာခဲ့ပါတော့တယ်။ ယနေ့ နောက်ဆုံးပေါ် ဂျပန်နိုင်ငံရဲ့ ဗိုလ်ထိုင်အိမ်သာများကတော့ အံ့မခန်းတီထွင်မှုတွေနဲ့ပါပဲ။



စာကြွင်း ။ ။ ကျွန်မငယ်ငယ်က မေမေ့ကို ဘာလို့ အိမ်သာကို “အိမ်သာ”လို့ခေါ်တာလဲလို့မေးကြည့်ဘူးပါတယ်။
မေမေက “ဟိုအရင်က အိမ်သာကို အိမ်တွေရဲ့ အပြင်ခပ်လှမ်းလှမ်းမှာ အိမ်လေးတစ်လုံးလို သပ်သပ်ဆောက်ထားပြီး။ အဲဒီထဲကနေ ကိစ္စပြီးလို့ပြန်ထွက်လာတဲ့ အချိန်မှာ နေရထိုင်ရတာ သက်တောင့်သက်သာရှိပြီး လောကကြီးက သာသာယာယာဖြစ်သွားလို့” ဆိုပဲ။ ငယ်ငယ်တည်းက ဒီစကားကို သေချာအမှတ်ရနေခဲ့ပါတယ်။ မေမေ့ အဆို ဟုတ်မဟုတ်ကို တော့ တစ်ခါမှာ မစူးစမ်းခဲ့ဖူးပါဘူး။

ဓါတ်ပုံများကူးယူရာနေရာ
http://www.geocities.jp/a_kuma_illustration/wa_toilet.html
http://chotto-ippuku.blog.so-net.ne.jp/2009-04-14
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E5%92%8C%E5%BC%8F%E4%BE%BF%E5%99%A8

January 7, 2010

“အလှသဘောထားအမြင်”

beauty sense


ဒီလိုပါ။ ဂျပန်မှာ လှချင်သူ အမျိုးသမီးများ က တစ်ကိုယ်လုံး အမွှေးသန့်စင်ခြင်း ကို လုပ်ကြပါတယ်။

တခြားနိုင်ငံခြား တိုင်းပြည်များမှာလည်း အဲလိုပဲရှိတယ်လို့ သိရပါတယ်။ ဂျပန်က မိန်းခလေး အများစု ကတော့ မျက်နှာ၊ လက်၊ ခြေထောာက်တို့က အမွှေးများကို အမြဲလိုလိုရိတ်ကြပါတယ် ။


မြန်မာပြည်မှာ အများစုအနေနဲ့က နဖူးက ဆံနွယ်လေးတွေ၊ လက်မွှေးရှည်ရှည်လေး၊ ပါးမွှေးစိမ်းစိမ်းလေး၊ ခြေထောက်က အမွှေးလေးတွေကလည်း နုနုထပ်ထပ်လေးဆိုပြီး အလှဘွဲ့ ဖွဲ့ကြပါတယ်။


ကျွန်မရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက် ဂျပန်ကိုလာလည်တော့ သူ့ကို ဘူတာမှာ သွားကြိုပြီး၊ မြို့ထဲကိုလျှောက်လည်ကြပါတယ်။ အဲဒီအချိန်က ဂျပန်မှာ အပူဆုံး အချိန်ပေါ့ ၊ မြန်မာလူမျိုးတွေတောင် ပူတယ်လို့ ပြောရလောက်အောင်ပူပါတယ်။ အဲဒီအမျိုးသမီးကလည်း အရမ်းပူတော့ မြန်မာ ပြည်တွင်းဖြစ် ရိုးရာဆင် ဘလောက်စ်လက်ပြတ်၊ အဲဒီိပိတ်နဲ့ ဆင်တူ စကပ် အတို၊ ရောင်စုံ ပုတီးစေ့သီထားတဲ့မြန်မာ သားရေညှပ်ဖိနပ်နဲ့ပေါ့။ မျက်နှာလည်း တော်တော်ချောမောပါတယ်။ ရထားထဲမှာကော၊ လမ်းသွားရင်းကော လူတွေက သူ့မျက်နှာ အပြင် ၊ သူ့ ခြေထောက်ကိုကြည့်ပါတယ်။ ကျွန်မလည်း အစကတော့ မျက်နှာချောချောနဲ့ ၊သူ့ဖိနပ်လှလို့ ကြည့်တယ်ပဲထင်ပါတယ်။ ဒါနဲ့ ဈေးတန်းထဲလျှောက်နေတုန်း တစ်နေရာအရောက်မှာ ဂျပန်မအလယ်တန်း၊ အထက်တန်းကျောင်းသူလေးအုပ်စု ဟာ ဆူညံဆူညံစကားပြောရင်း သူ့ခြေထောက်ကိုကြည့်ပြီး
“ဟိုအရင် ရှေးခေတ်က အမျိုးသမီးတွေက  ခြေထောက်တွေလက်တွေက အမွှေးတွေ အဲဒီအတိုင်း မဲမဲကြီးနဲ့ ထားတယ်တဲ့ ၊အခုခေတ်မှာလည်း  တစ်ကယ်အဲဒီလိုမျိုးရှိသေးတယ်နော်” တဲ့။


ကျွန်မတို့ရုံးကို မြန်မာပြည်ကနေပြီး  မိန်းခလေးတစ်ယောက် တစ်နှစ်ခွဲလောက် ခဏအလုပ်လာလုပ်ပါတယ်။ သူလည်း ခြေသလုံးမွှေးရှည်ရှည်လေးနဲ့ပေါ့။ သူက ရုံးကို စကပ်ဝတ်လာတဲ့ အချိန်မှာ အသားရောင် အသားကပ်ခြေအိပ် ခြေသလုံးအလယ်လောက်ကို ၀တ်လာပါတယ်။  ခြေသလုံးအထက်ပိုင်းက အမွှေးတွေက မဲပြီး အသားကပ်ခြေအိပ်က အောက်ဘက်ပိုင်းမှာ ၀တ်ထားလို့ ခြေသလုံးအောက်ပိုင်းက ဖြူနေပါတယ်။“ အဲဒါဘာဖြစ်လည်း ၊ သူ့အမွှေးသူရှိတာ၊ ခြေအိပ်လည်း ၀တ်ထားတာပဲ” လို့ စဉ်းစားမယ်ဆိုရင်လည်းရပါတယ်။  ရုံးက ဂျပန်တွေကတော့ တစ်ရုံးတည်းသားအချင်းချင်းဆိုတော့  သူတို့မျက်စိနဲ့ အမြင်မတော်တော့ ခြေသလုံးမွှေး ရိတ်ရင်ပိုလှတယ်လို့အကြံပေးကြတယ် ။ မိန်းခလေးက “ကျွန်မ က ဒီဂျပန်မှာ အပြီးနေမှာ မဟုတ်ဘူးလေ။ ရိတ်လိုက်ရင် နှမြောစရာကြီးတဲ့၊ ပြန်ပေါက်လာရင် ကြမ်းကြမ်းကြီးလည်းဖြစ်ဦးမယ်။ အခုအနေက နူးနူးညံ့ညံ့လေးနဲ့ ရှည်ရှည်လေးတွေ” တဲ့။


ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ကို သတိရမိပါတယ်။


ကျွန်မ ဂျပန်ကို ရောက်ကာစ ကျောင်းတက်တုန်းကပေါ့ သူငယ်ချင်း ကိုရီးယားကျောင်းသူတွေက မျက်နှာ ကအမွှေးတွေကိုရိတ်ဘို့ပြောပါတယ်။ ကျွန်မရဲ့မျက်နှာ အမွှေးဒီလောက်မရှည်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ မျက်နှာအမွှေးရိတ်ထားတဲ့သူတွေထက်စာရင်တော့ သိသာပါတယ်။

ဂျပန်နဲ့ အိမ်ထောင်ကျစ မြန်မာသူငယ်ချင်းမိန်းခလေး တစ်ယောက်ကိုလည်း သူ့ ရဲ့ ဂျပန်ယောက္ခမကြီးက နှုတ်ခမ်းမွှေးတွေ အရှည်ကြီးပဲနော်လို့ပြောတယ်တဲ့။


တလက်စတည်းနဲ့ ပြောချင်တာကတော့ ကျွန်မတို့မြန်မာများအနေနဲ့လည်း သတိထားမိတဲ့ အရာတစ်ခုရှိပါတယ်။ ဂျပန်ယောက်ကျားလေးများ ရဲ့ မျက်ခုံးမွှေးပါ။ ဂျပန်လူငယ်ယောက်ျားလေး အတော်များများကတော့ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ရင်း မျက်ခုံးပုံသွင်း ထားကြပါတယ်။

 ဂျပန်လူမျိုးအချင်းချင်း မြင်နေကျမို့မသိသာပါဘူးလို့ ထင်စရာပေမယ့်၊ ကျွန်မတို့  မြန်မာလူမျိုးတွေအတွက်တော့ နဲနဲဆန်းပြီး ၊ချက်ချင်း ဆိုသလို မြင်တာနဲ့ သိသာနေပါတယ်။
တချို့ ရိုးသားတဲ့ မြန်မာများကတော့ အဲဒီလို ဂျပန်လူငယ် ယောက်ျားလေးများကို ရိတ်ထားတဲ့ မျက်ခုံးမွှေးပုံစံ ၊ အလွန်ခေတ်မီတဲ့ ဆံပင်ပုံ၊ သွယ်လျတဲ့ ခန္ဒာနဲ့ ၊ လက်ချောင်းလေးတွေကို အရောင်တင်ထား တာတွေကို အမှတ်တမဲ့ ကြည့်ပြီး မိန်းခလေးလို့ထင်တတ်ကြပါသေးတယ်။

ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်အရ၊ အလှအပ ကို သတ်မှတ်ပုံ  နဲ့ အလှဆိုတာအပေါ်ထားရှိတဲ့ သဘောထားအမြင် ( beauty sense)တွေ အမျိုးမျိုးဖြစ်နေတာ လည်း၊ စိတ်ဝင်စားစရာပါပဲနော်။
စာဖတ်သူမှာလည်း beauty sense နဲ့ ပါတ်သက်ပြီး တစ်ခုခုတော့ ရှိမှာပေါ့။

ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E7%9C%89%E6%AF%9B%E5%89%83%E3%82%8A
http://image-search.yahoo.co.jp/search?p=%E3%83%9E%E3%83%8B%E3%82%AD%E3%83%A5%E3%82%A2%E7%94%B7%E5%AD%90&ei=

January 4, 2010

ဂျပန်တို့ရဲ့ “ပစ်တိုင်းထောင်”


အခုလို ခရစ်နှစ်သက္ကရာဇ် အသစ်မှာ“ ပစ် လိုက်တိုင်း ထောင် တဲ့ နိမိတ်” ကိုယူထားတဲ့ ကစားစရာဆိုလည်း ဟုတ်၊ နိမိတ်ကောင်း အဆောင်ပစ္စည်းလည်းဖြစ်တဲ့ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့
ဂျပန်နိုင်ငံရဲ့ ဓလေ့တစ်ခုကို မိတ်ဆက်ပေးပါရစေ။


၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလတစ်ရက်နေ့က ဂျပန်ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့  (ဂျပန်လို 初詣 ဟတ်ဆုမိုးဒဲ့လို့ ခေါ်တဲ့)“နှစ်ဆန်းတစ်ရက်မှာနေ့ ဘုရားကျောင်းကို သွားပြီး ဘုရားဝတ်ပြု ”တာကို လုပ်ခဲ့ပါတယ်။ ဘုရားကျောင်းအ၀င်က ပစ်တိုင်းထောင်ရောင်းတဲ့ ဆိုင်ကို တွေ့ပြီး ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။
မြန်မာလို ပစ်တိုင်းထောင် (ဂျပန်လိုတော့ ဒါရုမာ့) ကို ဂျပန်လူမျိုးတွေက နှစ်သစ်ကူး ဘုရားကျောင်းသွားတဲ့ အချိန်မှာဝယ်ပြီး၊ အဲဒီနှစ်အတွက် ဆုတောင်းတစ်ခုကို ပစ်တိုင်းထောင်နဲ့ တိုင်တည် လေ့ရှိကြပါတယ်။ စီးပွါးရေးသမားများနဲ့ စာမေးပွဲဖြေမယ့်သူတွေ အ၀ယ်များတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အရင်ကလို သိပ်မလုပ်ကြတော့ဘူးလို့သိရပါတယ်။


ဘုရားကျောင်းတွေက ဈေးဆိုင်တန်းမှာရောင်းတဲ့ ပစ်တိုင်းထောင်မှာ မျက်စိနှစ်ဘက်စလုံး ဆေးမခြယ်ထားပါဘူး။ 

ဝယ်တဲ့သူက ပစ်တိုင်းထောင်ကိုဝယ်ပြီး မိမိဆန္ဒကိုဆုတောင်းပြီး ပစ်တိုင်းထောင်ရဲ့ ဘယ်ဘက်မျက်စိကိုဆေးခြယ်ပါတယ်။ ညာဘက်မျက်စိကိုတော့ သူ့ဆုတောင်းပြည့်တဲ့အချိန်ကျမှ ရေးချယ်ပါတယ်။ 

မျက်စိနှစ်ဘက်လုံးဆေးခြယ်ပြီးသွားတဲ့ ပစ်တိုင်းထောင်ကိုတော့ နောက်တစ်ခါနှစ်သစ်ကူးတဲ့ အချိန်မှာ ဘုရားကျောင်းက မီးရှို့တဲ့ပစ္စည်းတွေထဲကို သွားပစ်ပါတယ်တဲ့။

နိုင်ငံရေးပါတီတွေကတော့ စ၀ယ်ကတည်းက ပစ်တိုင်းထောင်ကို ညာဘက်မျက်စိကစဆေးခြယ်ပြီး အောင်နိမိတ်ယူကြတာကိုတွေ့ရပါတယ်။
ပစ်တိုင်းထောင်ကို ဂျပန်လူမျိုးတို့နိမိတ်ကောင်းတဲ့ ပစ္စည်းအဖြစ်အသုံးပြုပုံတူတာကတော့ ပစ်လိုက်တိုင်းထောင် (ပစ်တိုင်းထောင် ကို ဘယ်လိုပစ်ပေါက်ပေါက် သူက ခေါင်းလေး ပြန်ထောင်ပြီးထနိုင်လို့ပါ) နေလို့ပါပဲ။ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့ ဂျပန်စကားပုံ က “七転八起 နာနာ့ ခိုရိုးဘိ ယာ့အိုးကိ” ပါ။ ဘယ်လောက်ပဲ လဲချော်ရှုံးနိမ့်ပါစေ၊ နောက်ဆုံးမှာ ပြန်လည်ထမြောက်အောင်မြင်နိုင်တယ် ဆိုတာပါပဲ။


အမည်နာမ အနေနဲ့က မြန်မာလိုကပိုပြီး အတိတ်နိမိတ်ကောင်းတယ်လို့ထင်ပါတယ်။ ပစ်လိုက်တိုင်းထောင် နေလို့ “ပစ်တိုင်းထောင်” တဲ့။ ဂျပန်လို ဒါရုမာ့ အမည်ကတော့ ဘာသာရေးနဲ့ ဆက်နွယ်ပါတယ်။ မူလပုံစံယူထားတဲ့ “ဇင်” ဗုဓ္ဒဘာသာ ဘုန်းကြီး တရားထိုင်နေတဲ့ပုံကို ကိုယ်စားပြုတဲ့ အပြင် ဗောဓိဓမ္မ Bodhidharma ဆိုတဲ့ အသံထွက်ကနေ “ဒါရုမာ့ ”လို့ အသံထွက်ပြောင်းလည်း ဆင်းသက်လာတယ်လို့သိရပါတယ်။


မြန်မာ့ ပစ်တိုင်းထောင် လိုပဲ၊ နိုင်ငံခြားတိုင်းပြည်များမှာ မိမိတိုင်းပြည်နဲ့ အသွင်အဆင် တူတဲ့ ကစားစရာ၊ နိမိတ်ကောင်းအဆောင်လေးတွေ အများကြီးရှိဦးမယ်ထင်ပါတယ်။

ကိုးကား
http://ja.wikipedia.org/wiki/%E3%81%A0%E3%82%8B%E3%81%BE
http://pic.daletto.com/image_server/ArticleImage/2/woyaxmplugjhnwmxjwaggnorxbjqpwdh.jpghttp://image-search.yahoo.co.jp/search?p=%E3%81%A0%E3%82%8B%E3%81%BE&ei=&b=1&xargs=12KPjg1klStoe9mvinN-mZDrDaoAtP0cHwsd5sCpN8HKQco2dvVOMLbKONqvd-D705taPhzlql_lYmfWHNm-aIUj5rfFeUHNL50oj1_o0rcPb0Hs73tRsP9emdmIdbPuclUW3FcMe8mPAYEeP6Ti8Y64x3xDypzQ..&hData=12KPjg1o1gksH-zc-vB7vAOuLzwS0E4pCw9MpsfpQKGN0o8QNuIugJT5Px&d=20

December 25, 2009

နှစ်ဟောင်းက မကောင်းတာတွေကို မေ့ပစ်လို့ ၊ နှစ်သစ်ကို ကြိုကြစို့

နှစ်ဟောင်းမေ့ ပွဲ



ဂျပန်လို “ဘိုးနမ်းကိုင်း ”(忘年会)လို့ခေါ်တဲ့ ပါတီပွဲပါ။ အင်္ဂလိပ်လိုကတော့ Year End Party、Forget Year Party တဲ့။ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှစ်ဟောင်းက မကောင်းတာတွေကို မေ့ပစ်တဲ့ပွဲပေါ့။ ခင်ရာမင်ရာသူငယ်ချင်းတွေ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ၊ အလုပ်ဌာနရုံးတွေ၊ ကိုယ့်မိသားစုဝင်တွေ၊ နီးစပ်ရာစုပြီး လုပ်ကြတဲ့ ပါတီပွဲတစ်ခုဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဓလေ့ အရကျင်းပတဲ့ ပွဲတစ်ပွဲ ပါ။ အားလုံးစုဝေးပြီး ဒီနှစ်မှာ ဘယ်လိုဒုက္ခတွေ၊ အန္တရာယ်တွေကိုတွေ့ကြုံခဲ့ရပေမယ့် အားလုံးရဲ့ မေတ္တာစေတနာနဲ့ နောက်ဆုံးဒီတစ်နှစ်ကို အောင်မြင်စွာဖြတ်သန်းလာနိုင်ခဲ့ပါတယ် ဆိုပြီး စုပေါင်း ကျေးဇူးတင်စကားပြောနှုတ်ဆက်ကြပါတယ်။ အမြဲတွေ့ နေကြ သူတွေထဲမှာလည်း ဒီလိုပွဲမျိုးလုပ်သလို ၊ ကျောင်းတုန်းကသူငယ်ချင်းတွေ။ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေကလည်း ရောက်ရာအရပ်ကနေ အတတ်နိုင်ဆုံးစုဝေးဖြစ်အောင် ဆက်သွယ်ပြီး ဒီပွဲကို လုပ်ကြပါတယ်။ ပိုက်ဆံဝေပုံကြစုထဲ့ပြီး စားကြ၊ သောက်ကြ (မေ့ဘို့ပျောက်ဘို့ သောက်ရတာပေါ့)၊ ရီကြ၊ ပြောကြ၊ ဆိုကြ (သီချင်းဆိုကြ၊ ကာရာအိုကေဆက်သွားကြ)၊ တစ်ချို့ကလည်း ခရစ်ယန်မဟုတ်ပေမယ့် ခရစ်စမတ်လက်ဆောင်တွေကို တစ်ဦးစီအတွက် ကြိုတင်ဝယ်ပြီးပြင်ဆင်လာကြပါတယ်။

ဒီပွဲမှာ တစ်ယောက်တစ်လှည့်စီ စကားပြောကြတဲ့ အခါမှာ၊ ဒီနှစ်ထဲမှာ ဘာတွေဘယ်လိုဖြစ်ခဲ့တာ ဒါပေမယ့် အားလုံးရဲ့ ကျေးဇူးကြောင့် နောက်ဆုံးအခုလို နှစ်ကုန်တဲ့ အထိ ရုန်းကန်းနေနိုင်ခဲ့ရတာပါလို့ ပြောကြလေ့ရှိပါတယ်။ အခုလို ပြောတဲ့ အချိန်မှာ ပြောတဲ့ သူကော၊ နားထောင်တဲ့ သူတွေပါ ၊ တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ကြည်နူးကြပါတယ်။ အဲလိုပြောရင်း ၀မ်းနည်းဝမ်းသာနဲ့ ငိုသူကငို၊ မငိုချင်တဲ့သူက ဘီယာတွေ အရက်တွေ ဖိသောက်၊ ပြီးတော့မူး ၊ သီချင်းတွေဆို၊ ထက တဲ့ သူလည်းရှိပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်စကားပြော လှလှပပလေးသုံးဆောင်။ လက်ဆောင်ပစ္စည်း ထုပ် ကောင်းကောင်းလေးတွေ ဖလှယ်တဲ့ အုပ်စုလည်းရှိပါတယ်။ ပါဝင်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး ပါတီပွဲပုံစံကတော့ နည်းနည်းကွဲပါတယ်။


နှစ်ကုန်ပြီ၊ ဒီဇင်ဘာလ လလယ်ရောက်ပြီဆိုတာနဲ့ အပါတ်တိုင်းလိုလို အဲဒီပွဲ အစီအစဉ်က ရှိနေပါတယ်။ အလုပ်လုပ်တဲ့ အခန်းထဲက၊ ကုမ်မဏီတစ်ခုလုံးက၊ ကျောင်းတက်တဲ့ အခန်းကသူငယ်ချင်းအုပ်စုလိုက်က၊ ဆရာနဲ့ တပည့်များအုပ်စု။ မိသားစုလေးနဲ့ တစ်ဖုံ၊ အသီးသီး သူ့နေ့နဲ့သူ တိုက်ဆိုင်ရင်လည်း ဟိုပွဲနဲ့ ဒီပွဲကို ရှေ့ပိုင်းနောက်ပိုင်းခွပြီး တက်တဲ့သူတွေလည်းရှိပါတယ်။

ဒီဇင်ဘာလမှာ ရတဲ့ ဆုကြေးသာမရှိရင် အဲလိုပွဲတွေ တက်ဘို့ တော်တော်ခက်ပါတယ်။ မတက်လို့ကလည်း မဖြစ်ဘူးလေ၊ ဓလေ့ထုံးစံကိုး။ ဂျပန်လူမျိုးတွေကိုယ်တိုင်ကလည်း ပြောကြပါတယ်။ ပိုက်ဆံကုန်ပေမယ့် ဒီလို နှစ်ဟောင်းမေ့ပွဲ မှာ တဘက်သားရဲ့ကျေးဇူးကိုဖေါ်ထုတ်၊ ကိုယ့်ရဲ့ မကောင်းတဲ့ အတွေ့အကြုံတွေကို မေ့ပစ်ဘို့၊ အားလုံးနဲ့ တွေ့ဆုံရယ်မောနှုတ်ဆက်ပြီး နောင်လာမယ့် နှစ်သစ်အတွက် ခွန်အားစိတ်သစ်လူသစ်ကို ပြင်ဆင်ရမယ်တဲ့။

ရောမကိုရောက်ရင် ရောမလိုကျင့် ဆိုသလို ကျွန်မလည်း နှစ်ဟောင်းမေ့ပွဲပါတီ တွေကိုတက်ရတာ ခလေးတစ်ဘက်နဲ့ ဆိုတော့ ပြင်ရဆင်ရ ၀ယ်ရခြမ်းရ၊ နေ့စဉ်အလုပ်တွေကတဘက်နဲ့ ကသီလှပါတယ်။ ဒါပေမယ့် စိတ်အပြောင်းအလဲ ဖြစ်ရတာရယ်၊ အလုပ်များလှပြီး စီးပွါးပျက်ကပ်နဲ့ စိတ်ရောလူပါ ပင်ပမ်းခဲ့ရတဲ့ ဒီ၂၀၀၉ခုနှစ်ကိုလည်း လူ့ဘ၀ရဲ့ နှစ်တစ်နှစ်စီကို ဒီလို နှစ်ဟောင်းမေ့ပွဲ ပါတီများကို တက်ရောက်ရင်း နှစ်သစ်အတွက်လည်း အားအင်ဖြစ်ရပါတယ် ဆိုတဲ့အကြောင်း ကိုယ်တွေ့ ခံစားမှုကို တင်ပြလိုက်ပါတယ်။

တစ်ကယ်လို့များ နှစ်ဟောင်းမေ့ပွဲကို တက်ရောက်သူတစ်ယေက်ဆိုရင် ကျွန်မလို ပဲ ခံစားမှု ရှိမယ်လို့ထင်ပါတယ်။ အဲလိုမှမဟုတ်ဘူး ဒီလိုပွဲမျိုးမကြုံ ဖူးသေးဘူးဆိုရင် ခင်မင်ရာကို လက်တို့ပြီး တွေ့ဆုံကျင်းပကြည့်လိုက်ကြပါဦးနော်။

ဓါတ်ပုံများကူးယူရာနေရာhttp://image-search.yahoo.co.jp/search?ei=UTF-8&p=%E5%BF%98%E5%B9%B4%E4%BC%9A


December 15, 2009

အန္တရာယ်ကင်း လိမ္မော်သီး တုတ်ထိုး မီးဖုတ်

လိမ္မော်သီးကို  တုတ်နဲ့ထိုးပြီး မီးဖုတ်စားရတဲ့အကြောင်းက “ အန္တရာယ်ကင်း” အတွက် ပါတဲ့။
ဂျပန်နိုင်ငံ ခါဂါ့ဝါခရိုင် မှာရှိတဲ့ “ရှိရိုတိုရိ ဂျင်းဂျ ”လို့ ခေါ်တဲ့ ဘုရားကျောင်းမှာ ဆိုရင် ဒီဇင်ဘာလ ရောက်ရင် လိမ္မော်သီး မီးဖုတ်ပွဲ ကို ကျင်းပလေ့ရှိကြပါတယ်။ တစ်နှစ်ကုန်လို့ ဘုရားစင်ရှင်းလင်းတဲ့ အခါမှာ ထွက်လာတဲ့ ပိုက်ဆံစက္ကူအဟောင်းတို့ အပ်ချည်တို့လိုပစ္စည်းတွေကို အချင်း၂မီတာလောက်ရှိတဲ့ ကျင်းကိုတူးပြီး အဲဒီထဲ ထဲ့ပြီးမီးရှို့ပါတယ်။ ဘုရားစင်ကရတဲ့ အမှိုက်တွေကို ရှင်းလင်းမီးရှို့တဲ့ မီးနဲ့ ဖုတ်တဲ့ လမ္မော်သီး တွေကိုစားရင် နောက်လာမယ့်နှစ်သစ်မှာ ကျန်းမာပြီး ရောဂါကင်းရှင်းတယ် ဆိုတဲ့ အယူအဆနဲက ရိုးရာထုံးတမ်းစဉ်လာ အရ ကျင်းပကြပါတယ်တဲ့။ ဒီနှစ်မှာလည်း လူ ၃၀၀၀လောက်  ဒီပွဲကို လာရောက်သွားကြတယ်လို့ သိရပါတယ်။ အနီးဒေသက ဘုရားဖူးလာသူတွေက ဘုရားကျောင်းအ၀င်က ဆိုင်တွေမှာ ၈လုံးတစ်ချောင်းသီထားတဲ့ လိမ္မော်သီး တုတ်ထိုးတွေကို ၀ယ်၊ ဘုရားဝတ်ပြု၊ ကျင်းထဲမှာ မတူးအောင်ကင် ၊ အရောင်ကောင်းကောင်းတက်လာပြီဆိုတာနဲ့ အိမ်ကိုအမြန်ပြန်ပြီး မိသားစုနဲ့အတူ ဆုတောင်းရင်း လိမ္မော်သီးမီးဖုတ်ကို အတူစားကြပါတယ်တဲ့။
ကျွန်မတို့ မြန်မာပြည်မှာ လိမ္မော်သီးဆိုရင် အအေးအနေနဲ့ပဲ စားတယ်လို့ သဘောပေါက်ထားပါတယ်။ မသကာ မီးနဲ့အပူပေးတယ်ပဲထားအုန်းတော့  လိမ္မော်ယို၊ ကျောက်ကျော၊ ကိတ်မုန့်တို့ ထဲမှာ ထဲ့ပြီးစားတာလောက်ပဲလို့ထင်ပါတယ်။ ဒါကြောင့် လိမ္မော်သီးကို အပူအနေနဲ့ စားရသောက်ရတာ ကျွန်မအတွက်ကတော့ ထူးဆန်းနေပါတယ်။ အဲဒီလို ရိုးရာပွဲမှ မဟုတ်ပဲနဲ့  ပုံမှန် အစားအသောက်အနေနဲ လိမ္မော်သီးကို အပူအနေနဲ့စားသုံးကြပါသေးတယ်။ ကျွန်မစားဘူးသောက်ဘူးတဲ့ လိမ္မော်သီးကို အပူပေးစားနည်းကတော့ (သောက်နည်းလို့ပဲပြောရမယ်ထင်ပါရဲ့)  လိမ္မော်သီးပျားရည်ပါ။

အေးတဲ့ ရာသီမှာ ခံတွင်းပျက်၊ ရင်ပြည့်ရင်ကယ်၊ အအေးမိချင်သလိုဖြစ်တဲ့ အခါတွေမှာ သောက်ကြပါတယ်။
လိမ္မော်သီး ညှစ်ထားတာကို အိုးထဲထဲ့ ရေနွေးအနည်းငယ်ထဲ့ ပျားရည် သင့်ရုံ (လိမ္မော်သီး ရဲ့ အချဉ်ဓါတ်ကို လိုက်ပြီး) ထဲ့ပြီး မီးဖိုပေါ်တင်၊ ပွက်စပြုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါတယ်။

ပျားရည်နဲ့ လိမ္မော်သီးတို့ရဲ့ သင်းပျံ့တဲ့ ရနံ့၊ မချိုမချဉ်နဲ့ အရသာယဉ်ယဉ်ကလေးက ခပ်နွေးနွေးအပူချိန်နဲ့ လည်ချောင်းကိုဖြတ်ပြီး ဗိုက်ထဲကိုဝင်သွားတာ တကယ်ကို ရင်ချောင်ပြီး လန်းဆန်းစေပါတယ်။
ကိုးကား
http://www.shikoku-np.co.jp/kagawa_news/locality/photo.aspx?id=20081209000102&no=1
http://www.shikoku-np.co.jp/kagawa_news/locality/photo.aspx?id=20071208000359&no=1
http://cookpad.com/recipe/315811

October 27, 2009

ဟာဂျိမဲ့မာရှိတက်

“ဟာဂျိမဲ့မာရှိတက် ” ဆိုတဲ့ ဂျပန်စကားဟာ  ပထမဦးဆုံးအကြိမ်တွေ့တဲ့အချိန်မှာ တစ်ဘက်လူကို နှုတ်ဆက်တဲ့စကားပါ။ အခုကစပြီး ကျွန်တော်ကျွန်မတို့ရဲ့မိတ်ဆွေဖြစ်မှုကိုစတင်ပါတယ်ဆိုတာကို ပြောတာလို့ သိရပါတယ်။စီးပွါးရေးလောကမှာတော့ ဒီစကားနဲ့အတူ၊ မိမိကိုယ်ကိုမိတ်ဆက်ပြီး နံမည်ကဒ်ကိုလည်း အချင်းချင်းဖလှယ်ကြပါတယ်။

ဂျပန်လူမျိုးတွေရဲ့ နံမည်ကဒ် ပုံစံနဲ့ နံမည်ကဒ် ဖလှယ်ပုံကို ဘယ်လိုများလည်းဆိုတာ သိပြီးသူတွေရှိသလို မသိသေးတဲ့လူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ကျွန်မအနေနဲ့ကတော့ တခြားနိုင်ငံတွေက နံမည်ကဒ် ပုံစံတွေနဲ့ သူ့ကို ဖလှယ်တဲ့အခါမှာ သတိထားရမယ့်အချက်တွေဘယ်လို ဆိုတာ ကိုတော့ မသိပါဘူး။ ။ တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ပြီး နံမည်ကဒ် ဖလှယ်တဲ့ အခါတွေမှာ သတိထားစရာတွေက နိုင်ငံအလိုက် လူမျိုးအလိုက်  ဓလေ့ထုံးစံတွေနဲ့ ကွာခြားတာတွေရှိလိမ့်မယ်လို့လည်းထင်ပါတယ်။ ကျွန်မသဘောပေါက်သိနားလည်ရတဲ့ ဂျပန်လူမျိုးတို့ရဲ့ နံမည်ကဒ် ပုံစံနဲ့သူ့ကိုဖလှယ်ပုံ များကို အနည်း ငယ် မိတ်ဆက်တင်ပြချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဂျပန်လူမျိုးတို့ရဲ့ နံမည်ကဒ် အရွယ်အစားက ပုံမှန်နံမည်ကဒ် အရွယ်အစားထက် အနည်းငယ်ကြီးပါတယ်။ တခြားနိုင်ငံခြားသားတွေရဲ့ နံမည်ကဒ် တွေကိုရတဲ့အခါမှာ ကျွန်မသတိထားမိတာပါ။ နောက်တစ်ခုကတော့ ပုံနှိပ်ထားတဲ့ အစီအစဉ်ကို လည်း တမျိုးထူးခြားနေတာတွေ့ရပါမယ်။ကုမ္ပဏီအမည်၊ လိပ်စာ၊ ဌာန၊ ရာထူး၊ အစဉ်လိုက်လာပြီး မှ လူနံမည်ကို နောက်ဆုံးမှာ ဖေါ်ပြထားပါတယ်။ တစ်ချို့ကတော့ လိပ်စာကို သတ်သတ် အောက်ဘက်မှာ အကွက်တစ်ခုပုံစံနဲ့ပုံနှိပ်ထားပါတယ်။ ကိုယ့်ကိုကိုယ်မိတ်ဆက်စကားပြောရာမှာပဲဖြစ်ဖြစ်၊ အီးမေးလ် အောက်ဆုံးမှာ လိပ်စာနဲ့နံမည်ကို ဖေါ်ပြတဲ့အခါမှာပဲဖြစ်ဖြစ်၊ တယ်လီဖုန်းစကားပြောရာမှာပဲဖြစ်ဖြစ်။ ကိုယ့်ကုမ္ပဏီ အမည်ကို အရင်ဆုံးဖေါ်ပြလေ့ရှိပါတယ်။သဘောကတော့ မိမိရဲ့ ကိုယ်စားပြုရာနေရာကို ဦးစားပေးတယ်ဆိုတာပါ။

ဂျပန်လူမျိုးတွေရဲ့ (တစ်ဘက်လူနဲ့ အချင်းချင်း) နံမည်ကဒ် ဖလှယ်တဲ့အခါတွေမှာ သတိပြုရတာတွေကတော့၊
၁။ နံမည်ကဒ်ကို အိတ်ထဲကနေ ကြိုထုတ်ပြီးလက်ထဲမှာ ကိုင်မထားရပါဘူး၊ လက်ပူနဲ့ ကဒ်ပြားက နွေးနွေးကြီးဖြစ်မနေရပါဘူး။

၂။ တစ်ဘက်လူကလည်း တစ်ပြိုင်တည်း သူ့ရဲ့နံမည်ကဒ်ကို ထုတ်ပြီး ဖလှယ်တဲ့အချိန်မှာ မိမိဘက်က အနည်းငယ်နောက်ကျတဲ့ အချိန်လေးအတွင်းမှာ တစ်ဘက်လူရဲ့ ကဒ်ကို ကိုင်ထားတဲ့လက်ကို သတိထားပြီး သူ့ရဲ့ အောက်ဘက်ကျကျကနေ ကိုယ့်ရဲ့ ကဒ်ကို ကိုင်ထားပြီး ဖလှယ်ရပါတယ်။ တစ်ပြိုင်တည်းပေးမိတယ်ဆိုရင်တော့မိမိရဲ့ကဒ်ကို ဘယ်ဘက်က ၊ တစ်ဘက်လူရဲ့ကဒ်ကို ညာဘက်ကနေ အလဲအလှယ်လုပ်ရပါတယ်။
၃။ တစ်ဘက်လူရဲ့ နံမည်ကဒ်ကို လက်ခံယူတဲ့အခါမှာ နံမည်ကဒ်ပေါ်က လူနံမည်တွေ စာလုံးတွေကို လက်ချောင်းတွေနဲ့ မဖိမအုပ်သွားစေဘို့ ကဒ်ရဲ့ဒေါင့် တွေကနေ ကဒ်ကို ကိုင်ယူရပါတယ်။တစ်ဘက်လူ ဖတ်ရလွယ်အောင် သူ့ဘက်ကဖတ်လို့ရတဲ့ဘက်ဦးတည်ပြီး ပေးရပါမယ်။

၎။ ကဒ်ကို ကိုင်တွယ်ရာမှာ လက်နှစ်ဘက်ကိုသုံးရပါတယ်။ လက်မောင်းကို ကိုယ်နဲ့ကပ်ထားရပါမယ်။

၅။ ကဒ်ဖလှယ်တဲ့အချိန်မှာ တစ်ပြိုင်တည်းဆိုသလို ဦးခေါင်းကို အနည်းငယ်ညွှတ်ပြီး အရိုအသေပေးခြင်း ကိုလည်း မေ့လို့မဖြစ်ပါဘူး။

၆။ တစ်ဘက်လူရဲ့ နံမည်ကဒ်ကို ချက်ချင်းအိတ်ထဲထည့်သိမ်းခြင်း၊ ကဒ်ပေါ်တွင် တစ်စုံတစ်ရာရေးမှတ်ခြင်းမျိုးမလုပ်သင့်ပါဘူး။

၇။ နံမည်ကိုဘယ်လိုဖတ်ရမှန်းမသေချာရင်၊ ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်တာမျိုးမလုပ်ရပါဘူး၊ ဘယ်လိုဖတ်ရမလဲ ၊ ဘယ်လိုအသံထွက်ရမလဲဆိုတာကိုအရင်မေးသင့်ပါတယ်။

၈။ နံမည်ကဒ်ထည့်တဲ့ သီးသန့်အိတ်ကို မဖြစ်မနေသုံးစွဲရပါမယ်။

၉။ရာထူးငယ်သူက နံမည်ကဒ်ကိုအရင်ပေးရပါမယ်။ အကယ်၍ ကိုယ့်ထက်ရာထူးကြီးသူက အရင်ထုတ်ပေးလိုက်ရတဲ့အခြေအနေမျိုးရောက်ခဲ့ရင် “နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ” လို့တောင်းပန်စကားနဲ့ ပေးကမ်းရပါတယ်။

၁၀။ တစ်ဘက်လူရဲ့နံမည်ကဒ်ကို ချက်ချင်းမသိမ်းရပါဘူး။ ကိုယ့်ရဲ့ကဒ်ထည့်တဲ့အိတ်အပေါ်မှာတင်ပြီးစားပွဲပေါ်မှာထားရပါမယ်။ ဒါပေမယ့်ပြန်တဲ့အချိန် မေ့ပြီးမထားခဲ့မိဘို့လည်းအရေးကြီးပါတယ်။

အထက်ပါအချက်တွေကိုဖတ်ပြီး တော်တော် အသေးစိတ်နိုင် သလို တကယ်လုပ်ဘို့လည်းခက်တယ်လို့
တွေးကြမှာပါပဲနော်။  ဟုတ်ပါတယ်။ဂျပန်လူမျိုးတိုင်းလိုလို ဒီအချက်အားလုံးကိုသိတယ်လို့လည်း
 မပြောနိုင်ပါဘူး။ ဒီလို နံမည်ကဒ်လဲလှယ်တဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်သူမဟုတ်ရင် ၊ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားလူငယ်လူရွယ်များ ဆိုရင်လည်း ဒါတွေအားလုံးကိုမသိနိုင်ပါဘူး။ သိပေမယ့်လည်း အချိန်တိုအတွင်းမှာ ဒီအချက်အားလုံးနဲ့ကိုက်ညီအောင် လှုပ်ရှားဘို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အလုပ်စ၀င်မယ့် သူတွေကို ဒီလို business manner လို့ခေါ်တဲ့ “စီးပွါးရေး နဲ့ အလုပ်အကိုင် အတွက် ပြုမူပြောဆိုပုံ ”တွေကို ကုမ္ပဏီကြီးများ လုပ်ငန်းကြီးများက အလုပ်ဝင်ကာစမှာ ၀န်ထမ်းတွေကို အချိန်ယူပြီးသင်ပေးပါတယ်။ တစ်ချို့ကျတော့လည်း မိမိကိုယ်တိုင်၊ လေ့လာလေ့ကျင့်ကြပါတယ်။
တကယ်လို့ ဂျပန်လူမျိုးတွေနဲ့ အလုပ်လုပ်တဲ့နိုင်ငံခြားသားတစ်ယောက်က ဒါတွေကိုသိနားလည်ပြီး ပုံစံကျနေတယ်ဆိုရင် စီးပွါးရေးလုပ်ရတာ၊ အလုပ်လုပ်ရတာ ပိုမိုပြီး အဆင်ပြေနိုင်ပါတယ်။ အလုပ်တစ်ခုအတွက် ပထမဦးဆုံးစတွေ့ချိန်မှာ လုပ်ရတဲ့ သမရိုးကျ အပြုအမူလေးတစ်ခုက ရှေ့ဆက်ပြီး အလုပ်လုပ်သွားဘို့အတွက် အများကြီး အထောက်အကူပြုမယ်လို့ထင်ပါတယ်။ “First Impression is Last Impression” ဆိုသလိုပေါ့။

အောက်ပါနေရာများမှ ဓါတ်ပုံများကို ကူးယူထားပါတယ်။ 
http://www.greensun.jp/manner-meisi.html
http://allabout.co.jp/gs/businessmanner/closeup/CU20070228A/