Showing posts with label ဂျပန်အစားအစာ. Show all posts
Showing posts with label ဂျပန်အစားအစာ. Show all posts

April 23, 2011

စနေမနက်စာ

တစ်ပါတ်လုံးစာ အ၀အိပ်ပစ်လိုက်တယ်။ မနက်၁၀နာရီအထိ။ မြန်မာစံတော်ချိန်နဲ့ဆို၇နာရီခွဲပဲရှိသေးတာ။
သားကတော့ ကိုးနာရီကတည်းက ထလို့ သူ့အဖေက ကာတွန်းချယ်နယ်ဖွင့်ပေးထားတာကို ရေနွေးသောက်ပြီးထိုင်ကြည့်နေရှာတယ်။
သားကြိုက်တဲ့ ကာတွန်းကားတွေထဲက တစ်ခုပေါ့။ သောမတ်စ် နဲ့ ပါစီ။

November 6, 2010

အပေါ်ကပျော့၊ အောက်က ကြွပ်၊ အထဲက အချိုရည်အပြည့်


နိုင်ငံတစ်နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်မှာ ဓလေ့ထုံးစံ တစ်ခု သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ၀င်ရောက်အသားကျလာတဲ့ တိုင်းတပါးရဲ့ မူလသဘာဝအလေ့အထ သတ်မှတ်မှုတွေကို အဲဒီနိုင်ငံရဲ့ subculture အထောက်အကူယဉ်ကျေးမှု (ဒီမြန်မာပြန်က ကျွန်မစိတ်ကြိုက်သုံးထားတာပါ ) လို့ပြောဆိုကြပါတယ်။

ဂျပန်မှာ၊ အဲ တိုကျိုမှာလို့ပြောရမလားပဲ။ အချို့သော အိန္ဒိယ အစားအစာဆိုင်တွေ၊ ထိုင်းအစားအစာ။ တူရကီအစားအစာ၊ အီတလီအစားအစာ စသည်ဖြင့်ပေါ့လေ အခြားတိုင်းတပါးကဆိုင်တွေ ဟာရောင်းကောင်းကြပြီး ဂျပန်လူမျိုးတွေကလည်း တိုင်းတပါးအစားအသောက်တွေကို ခုံခုံမင်မင် စားသောက်ကြတာကို တွေ့ရပါတယ်။ 
မိုးရွာထဲမှာလည်း စောင့်ဝယ်ကြတာပဲ

October 12, 2010

လွမ်းတဲ့ မုန့်တွေ

ကလေးဘ၀ မှာစားခဲ့တဲ့ မုန့်တွေကို သတိရတတ်ကြမယ်ထင်ပါရဲ့။
ကျွန်မကတော့ လသာ၂ကျောင်းမှာကျောင်းတက်တုန်းက ကျောင်းထဲကမုန့်ဈေးတန်းတွေက မုန့်တွေအပြင် ကျောင်းပြင်ကျောင်းပေါက်ဝမှာရောင်းတဲ့ မုန့်တွေကို သတိရတတ်ပါတယ်။အခု ဒီဂျပန်မှာအဲဒီမုန့်တွေကို ပိုသတိရစေတဲ့ မုန့်တွေကိုတွေ့တဲ့အခါမှာဆို  အနားမှရှိတဲ့သူကို အဲဒီမုန့်တွေအကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ပြောလေ့ရှိပါတယ်။ အဲလိုပြောရာကနေ စာနဲ့ပါရေးချင်လာတာနဲ့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။
ကပ်စေးနဲ

September 10, 2010

ကျွန်မကြိုက်သော “အမြည်း” များ

“ချဉ်ချဉ်တူးတူး မူးပြီးရော” တဲ့ ။ ယမကာသုံးဆောင်သူများအတွက် အမြည်းရယ်လို့သေချာမရှိရင် သံပုရာသီးစိပ်ကလေးလည်း အမြည်းပဲဆိုပြီးစားကြတာကို ပြောကြတာထင်ပါရဲ့။ တကယ်ကတော့ အမြည်း ဆိုတာ ယမကာသုံးဆောင်ရာမှာ သူပါမှ ပိုပြီး ယမကာသောက်တဲ့ အထမြောက်မယ့် စွမ်းဆောင်ရည်ရှိပါတယ်။ 

ဒီဂျပန်မှာတော့ “ အီဇာ့ကာ့ရာ့ ”လို့ခေါ်တဲ့ (တိုက်ရိုက်ဘာသာပြန်ရင် အရက်ဆိုင် )ဆိုင်တွေဟာ အခုခေတ်မှာ ရိုးရိုးသာမန်သူတွေဝင်ထွက်စားသောက်တဲ့ ဆိုင်တွေဖြစ်လာပါပြီ။ ဒီဆိုင်တွေကို ဘာလို့ အရက်ဆိုင်လို့သီးသန့်ရှိခဲ့ရာကနေ မိသားစုလိုက် ၊ သူငယ်ချင်းမိတ်ဆွေများစုဝေးစားသောက်ရာ သာမန်စားသောက်ဆိုင်တွေအဖြစ်ပြောင်းသွားရတာလဲဆိုတာကို စမ်းစစ်ကြည့်ရင်။ အရက်နဲ့ တွဲသောက်တဲ့ အမြည်းတွေကြောင့်ပါ။ တချို့ အမြည်းတွေဟာ ဟင်းတွေဖြစ်သလို၊ ကလေးနဲ့ အမျိုးသမီးများ ၊ အရက်မသောက်သူများအတွက်လည်း အလွန်ကို ကောင်းတဲ့ စွဲဆောင်မှုရှိလို့ပါပဲ။

June 8, 2010

“ဆန်း”တာတွေကို “စမ်း”ကြည့်ခြင်း

ဒီနေ့ကတော့ အပူချိန်၂၃ဒီဂရီစင်တီဂရိတ်ပါ။ အခုတလော ၂၅လောက်အထိတော့အပူချိန်ရှိပါတယ်။ တိုကျိုမှာကတော့ ပူတယ်လို့ပြောရမှာပေါ့။ ဇွန်လ လလယ်လောက်ရောက်ရင် တော့ မိုးရွာတဲ့ မိုးရာသီ ဖြစ်မှာပါ။ ဒါပေမယ့် ဒီနှစ် တိုကျိုမှာလည်း မိုးရာသီ အ၀င်နောက်ကျမယ်လို့ ရုံးကလူကြီးတွေက ပြောနေကြပါတယ်။ အနီးအနားမှာ သက်ကြီးဝါကြီးဆွေမျိုး၊ မိတ်ဆွေမရှိတဲ့ နိုင်ငံခြားမှာနေရတဲ့ ဘ၀ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က၊ ရုံးက လူကြီးတွေပြောတာကို မှတ်ထားရပါတယ်။

January 19, 2010

တာ့ကိုယာ့ကိ

“တာ့ကိုယာ့ကိ”

တိုက်ရိုက်ဘာသာပြန် ကတော့ “ရေဘ၀ဲကြော်” မြင်ရတာကတော့ မြန်မာပြည်က “ မုန့်အုပ်ကလေး” ခေါ် “မုန့်လင်မယား” ပုံစံပေါ့။ မုန့် ပုံစံ ဆင်သလို ၊ မုန့်လုပ်တဲ့ အိုးပုံစံလည်း ဆင်ပါတယ်။

ဂျုံမှုန့်ကို ရေနဲ့ဖျော်ထားတဲ့ မုန့်ရည်၊ ရေဘ၀ဲ၊ အနီရောင် ဖြစ်အောင်လုပ်ထားတဲ့ ဂျင်း နုတ်နုတ်စင်း ၊ ရိတ်ရိတ် ပါအောင်လှီးထားတဲ့ ကြက်သွန်မိတ်၊ မြန်မာလို ငါးမုန့်ငါး နဲ့ တူတဲ့“ခါ့ဆုအို ”ငါးအမှုန့်၊ ပုဇွန်ခြောက်၊ အမှုန့်ကြိတ် ထားတဲ့ “နိုရိ” လို့ခေါ်တဲ့ အစိမ်း ရောင် ရေညှိတစ်မျိုး၊ ဆားအနည်းငယ်တို့အဓိကပါဝင်ပြီး ခွက်ဝိုင်းလေးတွေပုံစံဖြစ်နေတဲ့ မုန့်အိုးမှာ ဆီရွှဲရွှဲနဲ့ လှိမ့်ကြော်ထားတဲ့ သားရေစာ တစ်မျိုးဖြစ်ပါတယ်။

သူ့အပေါ်မှာ အရသာအမျိုးမျိုး ထပ်တင်ပါတယ်။ (ချို)အချိုရည်အရသာ၊ (ငံ) ပဲငံပြာရည် အရသာ။ (အီစိမ့်) ကြက်ဥနဲ့ မိုင်ယိုးနစ်ဇ် mayonnaise အရသာ၊ (ချင်) ပွန်းဇူး ポン酢 အရသာ၊ တွေထဲကမိမိနှစ်သက်တဲ့ အရသာကိုရွေးချယ်နိုင်ပါတယ်။

အဲဒီဆိုင်တွေနားသွားရင် သူ့ကို လုပ်နေတဲ့ မုန့်အနံ့က သင်းနေပါတယ်။ ပူပူနွေးနွေး စားရာတာပို အရသာရှိပါတယ်ဆိုပေမယ့် စ၀ယ်ဝယ်ချင်း စားရင် လျှာအပူလောင်မတတ် ပူလို့ သတိထားဘို့လိုပါတယ်။

တာ့ကိုယာ့ကိ ဟာ သားရေစာ ဆိုပေမယ့် ခလေးလူကြီးမရွေးကြိုက်ကြပါတယ်။ ရေနဲ့ပဲသောက်သောက်၊

ရေနွေးကြမ်းနဲ့ ပဲစားစား ၊ အအေးတစ်မျိုးမျိုးနဲ့လည်း လိုက်သလို၊ ဘီယာနဲ့လည်း မြည်းကြပါတယ်။

ဂျပန်နိုင်ငံရဲ့အရပ်ဒေသအလိုက် အရသာနဲ့ မုန့်အကူပစ္စည်း တွေ အနည်းငယ်ကွာခြားပေမယ့် အထဲမှာ ဌာပနာထည့်တဲ့ ရေဘ၀ဲအတုံးကလေးကတော့ အမြဲပါပါတယ်။

တာ့ကိုယာ့ကိ ရဲ့အပြင်ဘက်က ဆီရွှဲရွှဲနဲ့လိမ့်ကြော်ထားလို့ ကြွတ်နေပြီး အထဲက မုန့်အသားကတော့ အထက်က ပြောခဲ့တဲ့ ဂျင်း၊ ပုဇွန်ခြောက်၊ ငါး၊ ရေညှိ၊ ကြက်သွန်မိတ်တို့ရဲ့ သင်းပျံ့တဲ့ ရနံ့တွေပေါင်းပြီး စာရတာနူးညံ့ပါတယ်။ မုန့်အတွင်းပိုင်းကတော့ ရေဘ၀ဲအတုံးကလေးပူပူးနွေးနွေးက ၀ါးလိုက်တိုင်း ထုတ်ထုပ်ထုပ်ထုပ် နဲ့ ရေဘ၀ဲ ရဲ့ အချိုရည်က စိမ့်ထွက်လာတဲ့အတွက် လည်း အမျိုးမျိုးပြောင်းသွားတဲ့အရသာကို စားရတဲ့အတွက်ကြောင့် စားရတာ စွဲမက်စေပါတယ်။ အထူးသဖြင့် တာ့ကိုယာ့ကိ ကို တစ်ခါ စားဘူးပြီးသွားရင် နောက်တစ်ခါ အဲဒီအနံ့လေးရပြီး ဆိုင်ကိုမြင်ရင် ထပ်ဝယ်စားမိတာပါပဲ။
ဂျပန်မုန့်ပဲသားရေစာ လို့ပြောပေမယ့် မြန်မာမုန့် နဲ့ အပြင်ပန်း ဆင်ဆင်တူတာရယ်၊ မြန်မာ့အစားအစာတွေမှာပါလေ့ရှိတဲ့ ဂျင်း၊ ပုဇွန်ခြောက်၊ ငါး၊ ဆီကြော်အရသာတွေကြောင့်မြန်မာလူမျိုးများကို ခံတွင်းတွေ့စေပါတယ်။
( ရေဘ၀ဲကို မစားနိုင်ဘူးဆိုတဲ့ မြန်မာတချို့တောင် ။ တာ့ကိုယာ့ကိ ကိုတော့ စားနိုင်ပါတယ်လို့ ပြောကြပါတယ်)
ဂျပန်လူမျိုးများ ကြိုက်နှစ်သက်သလို မြန်မာလူမျိုး အများစုကလည်း ကြိုက်နှစ်သက်ကြပါတယ် ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဒီပို့စ်ကနေ တဆင့် စာဖတ်သူကို “တာ့ကိုယာ့ကိ ” ပူပူနွေးနွေးလေးနဲ့ ဧည့်ခံလိုက်ပါတယ်။

မြန်မာဆန်ဆန် ရေနွေးကြမ်းနဲ့ မြည်းကြည့်ပါဦးနော်။

ဓါတ်ပုံများကူးယူရာနေရာ
http://ww35.tiki.ne.jp/~tukisan/takoyaki.htm
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%81%9F%E3%81%93%E7%84%BC%E3%81%8D

December 8, 2009

ရွှေတုံးငွေတုံးကိုစားသုံးခြင်း

ဖက်ထုပ် ဆိုတာ ရွှေတုံး ငွေတုံး ကနေလာတာကိုး

မြန်မာလို ဖက်ထုပ် လို့ခေါ်တဲ့ တရုပ်အစားအစာ  ကို သိကြသူ၊ ကြိုက်ကြသူ မနည်းပါဘူး။ မြန်မာပြည်မှာတော့ ဖက်ထုပ်ကြော် ဖက်ထုပ်ဆီချက် ကတော့ ဆီချက်ခေါက်ဆွဲဆိုင်တွေနဲ့ တရုပ်စားသောက်ဆိုင်တွေ၊ တရုပ်တန်းတို့မှာ ၀ယ်ယူစားသောက်နိုင်ပါတယ်။


ဖက်ထုပ်ကို တရုပ်လူမျိုးတွေ နှစ်သစ်ကူးအချိန်မှာ အိမ်တိုင်းလိုလိုမှာလုပ်စားကြတယ်လို့သိရပါတယ်။

ဖက်ထုပ် လုပ်ပုံကတော့ နှဲထားတဲ့ ဂျုံကို လက်တ၀ါးစာ အပြားကလေးလုပ်ပြီး၊ အသား၊ ပုဇွန်၊ ကြက်သွန်မိတ် မိမိကြိုက်နှစ်သက်ရာ ဌာပနာအဖြစ်ထည့်ပြီး  ထုပ်ရတာဖြစ်ပါတယ်။ ဖက်ထုပ်ကို အပြုတ်၊ အကြော်၊ အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါတယ်။


တရုပ်အမျိုးသမီးများ အချက်အပြုတ်ကျွမ်းကျင်မှုကို ဖက်ထုပ်၊ ထုပ်ပုံကိုကြည့်ပြီး သိနိုင်တယ်လို့လည်းဆိုပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဖက်ထုပ်ပုံက အမှတ်တမဲ့ အနေနဲ့ ဒီလိုပဲ ကြည့်ကောင်းအောင် ထွင်ပြီးထုပ်ထားတယ်လို့ထင်ခဲ့ပါတယ်။


 ဒီဖက်ထုပ်ရဲ့ နဂိုမူလပုံစံက  တရုပ်လူမျိုးတွေ ရှေးခေတ်က ငွေကြေးအဖြစ် သုံးခဲ့တဲ့ ၊ရွှေတုံး၊ ငွေတုံး လေးတွေကို ပုံစံယူထားတာလို့သိရပြီး၊ အတိတ်နမိတ်ကောင်းအောင် တရုပ်နှစ်သစ်ကူးမှာ သူ့ကို စားကြတယ်ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို သိရပါတော့တယ်။

ဖက်ထုပ် dumpling ကို နိုင်ငံပေါင်းစုံ ဒေသပေါင်းစုံမှာ ပုံစံမျိုးစုံ အခေါ်အဝေါ် အမျိုးမျိုး နဲ့ စားသောက်ပုံမျိုးစုံတွေ့ရပါတယ်။


အသင့်စားသုံးနိုင်တဲ့ အအေးရိုက်ထားတဲ့ ဖက်ထုပ်မျိုးစုံကိုလည်း ၀ယ်ယူစားသုံးနိုင်သလို၊ ဆိုင်မှာ ပူပူနွေးနွေး စားသောက်တာကလည်း တစ်မျိုး အရသာရှိလှပါတယ်။  အချိန်ရ၊ လမ်းကြုံရင် ဖက်ထုပ်စား လိုက်အုန်းမယ်။
 

ဓါတ်ပုံများကူးယူရာနေရာ
http://ja.wikipedia.org/wiki/%E3%82%AE%E3%83%A7%E3%83%BC%E3%82%B6

November 12, 2009

ဇမ်းဇိုင်း

ကောက်ညှင်း ပဲရည် ပူပူလေး

ကောက်ညှင်းပူပူမီးကင်လေးကို ကောက်ညှင်းကူပဲပြုတ်ရည်နွေးနွေးထဲကိုထည့်ပြီး စားတဲ့ ဂျပန်ရိုးရာ အစားအစာတစ်ခုပါ။ ခံတွင်းလိုက်စရာ သရေစာတစ်မျိုးပါ။ လုပ်ရတာလည်း လွယ်ပြီး။ မြန်လည်းမြန်ပါတယ်။ 
ကောက်ညှင်းခဲအထုတ်ကိုဝယ်ပြီး မီးကင်ပါတယ်။
ကောက်ညှင်းအခဲကတော့ ကောက်ညှင်းမှုန့်ကို ပေါင်းပြီး အခြောက်ခံထားတဲ့ အတုံးပါ။
            
   ကောက်ညှင်းတုံးတွေဖေါင်းပြီး            အနီရောင်သန်းစပြုရင်ရပါပြီ။






ပဲပြုတ်ပြီးသားအထုတ်ကို ၀ယ်ပြီး နွေးပါတယ်။ အဲဒီပဲပြုတ်ရည် က ဘယ်လိုမျိုးလည်းဆိုရင်၊မြန်မာပြည်မှာ ကောက်ညှင်းကူပဲလို့ခေါ်တဲ့ ကောက်ညှင်းပေါင်းပေါင်းရင်ထည့်တဲ့ ပဲကို နူးနေအောင်သကြားနဲ့ ပြစ်ပြစ် ကလေး ပြုတ်ထားတာပါ။ ခပ်ပူပူနွေးနွေး အခြေအနေမှာ သူတို့နှစ်ခုကိုရောပြီး စားရုံပါပဲ။


စားလိုက်တဲ့ အချိန်မှာ ပဲများများနဲ့နပ်နေအောင်ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းအနံ့ နဲ့ အတူ၊ ၀ါးလိုက်ရင် အိကနဲ၊ စေးကနဲဖြစ်ပြီး  ချိုတိုတိုနဲ့ မျိုချလိုက်တဲ့ အခါမှာတော့ ပူပူနွေးနွေးနဲ့ စားလို့ကောင်းပါတယ်။ မြန်မာလူမျိုးတွေအတွက် ခံတွင်းတွေ့နိုင်တဲ့ ဂျပန်သရေစာ တစ်မျိုးမို့လို့ စားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဇမ်းဇိုင်း ぜんざいလို့ခေါ်ပါတယ်။
သူနဲ့တူတဲ့ သရေစာမျိုး တခြားနိုင်ငံ တွေမှာလည်းရှိမှာပဲနော်။

ဓါတ်ပုံတစ်ချို့ကို ယူတဲ့နေရာကတော့
Cpicon ぜんざい by メアリーローズ

October 7, 2009

ဘနားနားချောကို

သူ.နံမည်က ဘနားနားချောကို တဲ.။ ဒီမှာ ပွဲဈေးတစ်ခုရှိပြီဆိုလို.ကတော့ သူ.ကိုတွေ.ရမှာပါပဲ။

သူ.ကို ဘယ်လိုလုပ်ထားတာလဲဆိုတော့၊ ငှက်ပျောသီး ကို တူနဲ.ထိုးချောကလက်ရည်ဆွတ်ပြီး (ကိတ်မုန်.နဲ. ရေခဲမုန်.တွေမှာသုံးတဲ.) အချိုမှုန် လှလှကလေးတွေကပ်ထားထာပါ။ အေးတယ်။ ချိုတယ်။ ချွဲတယ်။ စိမ့်တယ်။ မာသလိုနဲ. ပျော့တယ်။
စားလို.ကောင်းပါတယ်။ မစားဘူးရင်စားကြည့်ပါအုန်း။ ကိုယ့်တိုင်းပြည်မှာ ဒီလိုလုပ်မှမစားတော့ ခပ်ဆန်းဆန်းပဲ။





ဂျပန်လူမျိုးတွေက အတိုကောက်ခေါ်တတ်တဲ. ဓလေ့ရှိတဲ. အတွက် ချောကလက်သုတ်ထားသော ငှက်ပျောသီးကို “ဘနားနားချောကို” ဒါမှမဟုတ်
“ ချောကို ဘနားနား”လို.ခေါ်ကြတယ်လေ။

September 18, 2009

စားပုံသောက်ပုံ ထူးထွေစုံ

အရပ်ဒေသ၊ နိုင်ငံအလိုက်စားသောက်ပုံဓလေ့တွေ အမျိုးမျိုးရှိကြတာကတော့ အထူးပြောစရာမလို ပါဘူးနော်။ သို.သော်လည်း ကျွန်မတို.မြန်မာပြည်မှာ စားနေတဲ. အစားအစားတွေကိုပဲ တခြားနိုင်ငံတွေမှာ စားသောက်ပုံမတူတာ၊ တွဲဘက်စားသုံးပုံ ကွဲပြားတာကို တွေ.ရတဲ. အခါ ကိုယ့်မြန်မာလူမျိုး အချင်းချင်း ဖေါက်သည်ချ ပြောပြချင်လာပါတယ်။
ကျွန်မကျောင်းသူဘ၀တုန်းကပေါ.။ အများအားဖြင့် ကျောင်းကို ထမင်းဘူးယူတာများပါတယ်။ အချိန်ပိုင်းအလုပ်ရှိတဲ. နေ.ဆို အဲဒီ အလုပ်လုပ်တဲ.နေရာက ထမင်းကျွေးပါတယ်။ ထမင်းဘူးလို.ပြောပေမယ့် ဒီလိုပါ။ ထမင်းကို ပေါင်းအိုးတစ်လုံးအပြည့်ချက်ပြီးရင် တစ်ခါစားလောက် အရွယ်တွေခွဲပြီး ပလပ်စတစ် (Plastic wrap) နဲ.ပတ်၊ အထုပ်ပေါ်မှာ နံမည်နဲ. ရက်စွဲတပ်ပြီး၊ အဲဒီအထုပ်တွေကို ကျောင်းက နားနေခန်းထဲမှာရှိတဲ. ရေခဲသေတ္တာရဲ. ရေခဲတဲ. အထပ်ထဲမှာ ထဲ.ပြီးထား တာပေါ့။ အဲဒါကို စားခါနီးရင် မိုက်ကရိုဝေ့ဗ်နဲ. အပူပေးပြီး စားတာပါ။ ဟင်းကတော့ ၃နပ်စာလောက် ချက်ပြီး၊ ရေခဲသေတ္တာထဲထဲ.သလို၊ အကြော်လေးဘာလေးဝယ်ပြီး စားတာလည်းရှိပါတယ်။ အဲဒီလိုနားနေခန်းပြန်ပြီး နွေးစားချိန်တောင်မရှိတဲ. အခါမျိုးမှာတော့ ကျောင်းက သက်သာဆိုင်တို. အနီးအနား မှာရှိတဲ. ကွန်ဗီနီယန်စတိုးတို.ကိုသွားပြီးဝယ်စားပါတယ်။ ၀ယ်စားတယ်ဆိုပေမယ့် ကျွန်မရဲ. ဘတ်ဂျက်က လွန်ရောကျွံရော ယန်း၂၀၀ပါ။ (အစားတစ်မျိုးကို ယန်း၁၂၀နဲ. သောက်ရန်အရည်ကိုတော့ ယန်း၈၀ပေါ့) တကယ့်ကို အဆင်းရဲဆုံး အနေအထားလို.ပြောရင် မမှားပါဘူး။ ဘာလို.လို.လည်းဆိုတော့ အဲဒါဈေးတွေက အနိမ့်ဆုံးဈေး ဖြစ်ပြီး အဲဒီပိုက်ဆံနဲ. ၀ယ်စားလို.ရတာလည်း အလွန်နည်းပါတယ်။ ဆိုင်ထဲဝင်သွားရင်တော့ ဈေးဝယ်ရတာ အရမ်းမြန်ပါတယ်။ အဲဒီဈေးနဲ. ပစ္စည်းက သိပ်မရှိဘူးလေ။ ဆိုင်ထဲရောက်သွားတိုင်း ပထမဦးဆုံးလက်က တန်းရောက်သွားတာက ကိုယ်ဝယ်မယ့် စားစရာရှိတဲ.နေရာ၊ တစ်ချိန်ထဲမှာပဲ မျက်စိထဲတန်းဝင်တာကသူ.အပေါ်က စင်မှာရှိနေတဲ. ခေါက်ဆွဲကြော်ပေါင်မုန်.။

 သူက တစ်ခုကို ၁၉၈ယန်း။ ဂျပန်လိုကတော့ ယာကီဆိုးဘ ပမ်း ya ki so ba pann (ခေါက်ဆွဲကြော်ပေါင်မုန်.) လို.ခေါ်ပါတယ်။ ဂျပန်ကိုရောက်ခါစ အချိန်မှာ ကျွန်မအတွက်ကတော့ အဲဒီ ခေါက်ဆွဲကြော်ပေါင်မုန်.ဟာဘယ်လိုမှ မျက်စိကကော၊ ဦးနှောက်ကကော၊ပါးစပ်ကကော၊ဘတ်ဂျက်အရကော၊ တကယ်ကိုလက်မခံနိုင်စရာပါပဲ။ ပေါင်မုန်.ထဲကိုများ ခေါက်ဆွဲကြော်ထဲ့စားရတယ်လို.။ ကြည့်ပါအုန်းလေ၊ ဓါတ်ပုံကို။


ကြိုက်တဲ.သူကတော့ စားချင်မှာပါပဲ။ အဆိုးဆုံးကတော့ အဲဒီအပေါ်ဆုံးက နီနီတွေက “ဂျင်း”ပါ။ မြန်မာအစားအစာ ဂျင်းသုပ်ရဲ. ဂျင်းအတိုင်းပါပဲ။ ဂျင်းကို ပါးပါးလှီးပြီး အချဉ်နှပ်ထားတာလေ။ ပြောရင်းနဲ. နောက်တစ်ခုကို သတိရလာပြီ။ ဂျပန်မှာ ခေါက်ဆွဲကြော်ကို အဲဒီ ဂျင်းနဲ.စားတာလေ။ မြန်မာပြည်မှာတော့ ကြက်သွန်နီ သို.မဟုတ် သခွါးသီး၊အချဉ်။ငရုတ်ဆီအချဉ်ရည်တို.နဲ.စားသလိုမျိုးပေါ.။
ဒီဂျပန်မှာတော့ ခေါက်ဆွဲကြော် ကို ခုနကပြောတဲ. ဂျင်း၊ ပဲငံပြာရည် (အကြဲ)၊ ဆော့စ် လို.ခေါ်တဲ.ပဲငံပြာရည်(အပြစ်) ဆန်ဆန် အရည်တို.နဲ. တွဲဘက်စားကြပါတယ်။ ကဲ၊ ဓါတ်ပုံတွေနဲ. အရသာကို စိတ်မှန်းကြည့်လိုက် ကြပါဦးနော်။


နောက်ထပ်ထူးထူးဆန်းဆန်းလေးတွေကတော့။
ကိုကာကိုလာ ထဲကို သံပုရာသီးထဲ.သောက်တာ။






ဒီဓလေ့ကလည်း ကျွန်မကို တော်တော်လေးကသိကအောက်ဖြစ်စေပါတယ်။ ကျွန်မကိုယ်တိုင် ၀ယ်သောက်လို. မဟုတ်ပါဘူး၊ အဲဒါလည်း ကျောင်းသူဘ၀က ဖြစ်ခဲ.တာပါ။ အချိန်ပိုင်းအလုပ်လုပ်တော့ ဧည့်သည်ကို ကိုကာကိုလာ ထုပ်ပေးတိုင်း အဲဒီကိုကာကိုလာနဲ. အတူ သံပုရာသီး အစိတ်ကလေးကို ထဲ.ပေးရပါတယ်။
မြန်မာပြည်မှာအဲလိုသောက်တဲ. အကျင့်မရှိတာကောနမော်နမဲ.အကျင့်ကြောင့်ကော၊ နှစ်ခုပေါင်းပြီး ခဏခဏမေ.လို. ဧည့်သည်ဆီ ဗန်းလေးကိုင်ပြီးအသွား လမ်းတစ်ဝက်ကနေ ပြန်ပြန်ပြီး သံပုရာသီးယူရပါတယ်။ဓါတ်ပုံထဲမှာ သံပုရာသီးနဲနဲများသွားတယ်၊ တကယ်က တစ်ခုလောက်ပဲထဲ.တာပါ။

အိုက်စ်ကရင်မ်ပန်းကန်မှာ ပူတီနံအရွက်လို Mint အမျိုးအစား ဟင်းခေတ်အမွှေးအကြိုင်သုံး အရွက်နဲ. တန်ဆာဆင်တာ။





ဒါလည်းဒီလိုပါပဲ၊ အချိန်ပိုင်းအလုပ်တစ်ခုလုပ်တုန်းကပါ။ ကျောင်းတွေပိတ်တဲ့အချိန် ဈေးကြီးကြီးနဲ. ရောင်းတဲ. ကော်ဖီဆိုင်ဆန်ဆန်စားသောက်ဆိုင်လေးမှာ၊ စားဖိုပိုင်းလုပ်ရတဲ့ အလုပ်သွားလုပ်ပါတယ်။ အဲဒီမှာလုပ်ရတဲ.အကြောင်းကတော့ အချိုပွဲမျိုးစုံကို လုပ်တတ်ချင် လို.ပါ။ အဲဒီဆိုင်ရဲ. အချိုပွဲတွေထဲမှာ ဆိုင်ရဲ. ကိုယ်တိုင်လုပ်ရေခဲမုန်. နှစ်မျိုးလည်းပါပါတယ်။ ရေခဲမုန်.တွေက သိပ်ပြီးစားချင်စရာကောင်း ပါတယ်။ သူ.ကို ပန်းကန်လှလှလေးထဲမှာ အနုပညာလက်ရာမြောက်မြောက်ထဲ.လိုက်ပါတယ်။တော်တော်လှပါတယ်။ နောက်ဆုံးမှာတော့ ပူတီနံအရွက်လို Mint အမျိုးအစား အရွက်ကိုအသာလေး တင်လိုက် တာပေါ.။အဲဒီအရွက်ကကျွန်မတို.မြန်မာနိုင်ငံမှာတော့ဟင်းခေတ်အမွှေးအကြိုင်သုံး အရွက်၊ တို.စရာတစ်မျိုး အနေနဲ.စားတာလေ။ အခု လို ဗိုလ်အစားအစာ၊ ဂျပန်အပြင်အဆင်နဲ. ဒီပူတီနံအရွက်ကြီးက ကျွန်မအတွက်တော့ အို၊ တကယကို ကြည့်ရတာ အဆင်မပြေပါဘူး။ အမြဲတမ်း အဲဒီအရွက်ကလေးကို နောက်ဆုံးတင်လိုက်တိုင်း သက်ပြင်းတစ်ချက်ချမိပါတယ်။ ဒါပေမယ့် စောင့်ကြည့်နေတဲ. စားဖိုမှူးက ကျွန်မကို ပန်းကန်အပြင်အဆင် လုပ်တာ မလှမှာစိုးရိမ်နေတယ်ထင်ပြီး“မွန်စံ။ ကောင်းတယ်လေ၊ လှတယ် ၊ စိတ်မပူနဲ.၊ သိပ်ကောင်းတဲ. အပြင်အဆင်ပဲ”လို.ပြောပြီး အားပေးရှာတယ်။
အထက်က အစားအသောက်တွေရဲ. တွဲဘက်ပုံကို မကြိုက်ပေမယ့်၊ ကျွန်မအကြိုက် ဂျပန်ရိုးရာအစားအသောက်တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ အိုနီးဂိရိ O ni gi ri လို.ခေါ်တဲ. ထမင်းဆုပ်ပါ။ သူကတော့ လက်နှစ်ဘက်မှာ ဆားနဲနဲ သုတ်ပြီး ထမင်းပူပူနွေးနွေးကို ဆုပ်ဆုပ်ပြီး အလယ်ကောင်မှာ ဆာငံသီး အစို၊ ဂျပန်လိုကတော့ အုမဲဘိုရှိ (pickled plum ) ကို ထဲ.ပြီး တြိဂံပုံစံလေး ဆုပ်လုံးပြီး၊ ရေညှိအခြောက် (ဂျပန်လိုကတော့ နိုရိ )နဲ.ပတ်ပြီးစားတာပါ။ ထမင်းထဲကို ဆားငံသီး အစိုထဲ.ဆုပ်ပြီး အများအားဖြင့်မနက်စာအဖြစ်သော်လည်းကောင်း၊ အဆာပြေအဖြစ် တစ်နေကုန် ဘယ်အချိန်မှာစားစားရပါတယ်။ ဒါပေမယ့် မကြိုက်တဲ.သူအတွက်တော့ တမျိုးကြီးပဲလို. ထင်မှာပေါ.နော်။ ကျွန်မကတော့ အိုနီးဂိရိကို သိပ်ကြိုက်ပါတယ်။ အထဲက ဆားငံသီးအစား၊ အခြားဌာပနာ အမျိုးမျိုး။ ဥပမာ- ကြံမဆိုင်ရွက်(Brassica juncea var. integlifoli ကိုချဉ်ပတ်လုပ်ထားတာ) ၊ တူနာငါး (tuna)နဲ. မာယောနစ်စ် (mayonnaise)၊ ကြက်သားနဲ.မာယောနစ်စ်၊ ငါးဥဆားနယ်( salted cod roe )ကို ထဲ့ထားတဲ. အိုနီးဂိရိတွေလည်းအမျိုးစုံအောင်ရှိပါတယ်။


နောက်ကြုံရင် အဲလို ဆန်းဆန်းပြားပြားတွဲဘက်စားတာလေးတွေတွေ.စားကြည့်တော့မယ်။ အရသာပါသိရအောင်လို.ပေါ.နော်။

ဓါတ်ပုံများကိုအောက်ပါနေရာများမှကူးယူပါသည်။
http://cookpad.com/recipe/670577
http://mika2009to2011.blog34.fc2.com/blog-entry-155.html
http://www.choco-recipe.jp/milk/rcp/061.html
http://www.ucc.co.jp/coffee/sweet/recipe/detail/68.html
 http://ja.wikipedia.org/wiki/%E3%81%8A%E3%81%AB%E3%81%8E%E3%82%8A

August 26, 2009

ဂျပန်ဗူးသီး နဲ. ကျွန်မ

ဂျပန်ဗူးသီး နဲ. ကျွန်မ

ကျွန်မဗူးသီးကို အရမ်းကြိုက်ပါတယ်။ ဗူးသီးတင်မကပါဘူး၊ ဗူးရွက် (ဗူးရွက်ကြော်ချက်)။ ဗူးညွန်.( ဗူးညွန်.ဟင်းချို) ဗူးရိုး(ဗူးရိုးပြုတ်ကို ငါးပိရည်နဲ. တို.စားရတာ)၊ ပြောရရင် ဗူးပင်တစ်ပင်လုံး နီးပါးပါပဲ။ ဂျပန်ရောက်ပြီး ဗူးသီးမစားရတော့ဘူးလို.ထင်ခဲ့ပေမယ့် ၊ ကံကောင်းထောက်မစွာနဲ. ဗူးသီး ကိုဝယ် လို.ရပါတယ်။ဂျပန်နိုင်ငံရဲ. ဆောင်းရာသီမှာတော့မရနိုင်ပါဘူး ။ သို.သော်လည်း ဒီကိစ္စ (ဂျပန်ဗူးသီး) ကို ပြောရတဲ့အကြောင်းရင်းကတော့ဂျပန်မှာဗူးသီးနှစ်မျိုးရှိနေတာ နဲ. ဂျပန်လူမျိုး တွေကဗူးသီးကို အစိုစားတာထက် အခြောက်လှန်းပြီးစားတာက ပုံမှန်စားရိုးစားစဉ်ဖြစ်နေတာကိုပါ။ ပြောချင်တဲ. အကြောင်းအရာက ဂျပန်ဗူးသီးအကြောင်းဆိုပေမယ့်၊ အခက်တွေ.တာက ဗူးသီးနှစ်မျိုးရှိနေလို. ဗူးသီးကို ဗူးသီးလို. မြန်မာလို လွယ်လွယ်ကူကူ ပြောလို.မရပြန်ဘူး။ ဒါကြောင့် ကျွန်မဘာသာ အဓိ ပ္ပါယ်သတ်မှတ်ပြီး အမည်ပေးထားတာ ကတော့ (၁)စင်နဲ. စိုက်တဲ့ဗူးသီး (၂) အခင်းနဲ.စိုက်တဲ့ဗူးသီး ပါ။
အခင်းနဲ.စိုက်တဲ.ဗူးသီး (အပေါ်ပုံ)
စင်နဲ.စိုက်တဲ. ဗူးသီး(အပေါ်ပုံ)

အဲဒီဘူးသီးနှစ်မျိုးမှာစိတ်ဝင်စားစရာတွေရှိနေတာက ကျမအတွက်ဘူးသီးကို ပိုကြိုက်လာစေတော့တာပါပဲ။ ပထမတစ်မျိုးကနေစပြောပြပါရစေ။


(၁)စင်နဲ.စိုက်တဲ.ဗူးသီး (Bottle Gourd) L. siceraria var. hispida

သူကတကယ့်ကို ကျွန်မတို.မြန်မာပြည်ကဗူးသီးပါပဲ။ သူ.ရဲ.ပုံစံကလည်းဗူးးသီးပုံ ပေါ်ပေါ်ထင်ထင်ရှိပါတယ်။သူ.ကို ဂျပန်လို ဟျေားတမ်း (ヒョウタン)Hyou Tan လို.ခေါ်ပါတယ်။ မူလဇာတိက အာဖရိကတိုက်ကလာပါတယ်။ သူကအိန္ဒိယဘက်ကနေ တဆင့် တစ်ကမ္ဘာလုံးကို ပျံ.နှံ.ခဲ့
တယ်လို.ဆိုပါတယ်။
အသီးကို အခြောက်ခံပြီး ရေဘူးနဲ. အရက်ထဲ့တဲ့ဘူးအဖြစ်ရှေးခေတ် ဂျပန်လူမျိုးတွေသုံးခဲ့ကြတယ်တဲ.။ ဗူးသီးကို အသုံးဝင်မှု ၊ နမိတ်ကောင်းမှု တွေရှိတယ်ဆိုပြီး ဆာမူရိုင်းတွေအုပ်စိုးတဲ. ခေတ်မှာ အစိုးရအဖွဲ.တွေရဲ. တံဆိပ်၊ အလံအမှတ်အသား၊ တွေမှာ သင်္ကေတတံဆိပ်အဖြစ်အသုံးပြုခဲ့ကြတယ်တဲ.။ အခုလက်ရှိ အိုးအိုးဆားကား (大阪府)OSAKAအုပ်ချုပ်ရေးရုံးအဖွဲ.အစည်းတံဆိပ်ကလည်း ဗူးသီးခြောက်ပုံသင်္ကေတဖြစ်ပါတယ်။ ဂိဖုခရိုင် (岐阜県)GIFU-Ken ၊ ယေားရိုးချောမြို.(養老町)Yorou-Chou ဟာ ဗူးသီးအများဆုံးထွက်ရှိရာဒေသဖြစ်ပါတယ်။
ဒီဗူးသီးကိုတော့ စားတဲ.သူနည်းပါတယ်။
စင်နဲ.စိုက်တဲ.ဗူးသီး(အပေါ်ပုံ)
(၂) အခင်းနဲ.စိုက်တဲ့ဗူးသီး (Gourd) L. siceraria var. gourda


ဒီဗူးသီးကတော့ ပုံမှာမြင်တွေ.ရတဲ.အတိုင်းလုံးလုံးဝိုင်းဝိုင်းနဲ.ပေါ့။ ပြီးတော့ မြေကြီးပေါ်မှာ ဖရဲသီးလိုပဲ အခင်းနဲ.စိုက်ပြီး အသီးသီးပါတယ်။ ဂျပန်လို ယူးဂါ့အို (夕顔)Yuu Ga O လို.ခေါ်ပါတယ်။ စင်နဲ.စိုက်တဲ.ဗူးသီးနဲ. ရုက္ခဗေဒအမျိုးအစားကော မူလဇာတိကောအတူတူပါပဲ။ ဒါပေမယ့်သူက ဂျပန်ပြည်ထဲကို တရုပ်ပြည်ကနေတဆင့် သက္ကရာဇ်(၇၉၄-၁၁၈၅)လောက်မှာရောက်ရှိလာတာဖြစ်ပါတယ်။
အဓိကထွက်ရှိရာဒေသကတော့ တိုချိဂိခရိုင် (栃木県)Tochigi-Ken ဖြစ်ပါတယ်။
ဒီဗူးသီးကိုတော့ အခြောက်လှန်းပြီးစားသုံးခြင်းဖြင့် လူကြိုက်များပါတယ်။ အဲဒါကိုတော့ ဂျပန်လို ခမ်းပျေား(かんぴょう)Kan Pyou လို. ခေါ်ပါတယ်။
ဂျပန်တွေ ဗူးသီးကို ဘယ်လိုအခြောက်လှန်းတယ်ဆိုတာ ဓါတ်ပုံများနဲ. ကြည့်ရှုတွေ.ရှိနိုင်ပါတယ်။
အသီးတစ်လုံးကိုကြိုးတစ်ချောင်းပုံစံဖြစ်အောင်အသားကို အလွှာလိုက်ကြီး နွှာပါတယ်။
စက်နဲ.နွှာတာဖြစ်တဲ့ အတွက်အူတိုင်ကို ချန်ပြီးလွယ်လွယ်ကူကူ နွှာယူနိုင်ပါတယ်။ အူတိုင်ကို တော့ လွှင့်ပစ်ပါတယ်။

ဒါပေမယ့်အဲဒီအူတိုင်ကို အနီးပတ်ဝန်းကျင်က အိမ်ရှင်မတွေက လာတောင်းယူပြီး အလိုရှိသလို ဥာဏ်ကွန်.မြူးပြီး ဟင်းနဲ. မုန်.အမျိုးမျိုးလုပ်စားကြတယ်လို. ဆိုပါတယ်။

ကျွန်မအနေနဲ.ကတော့ ဒီလောက်ချိုပြီးအရသာရှိတဲ့ဗူးသီးကို ဘာလို.များ အခြောက်လှန်းပြီးမှ စားရတာလည်းလို. စဉ်းစားမိပါတယ်။ ဒါနဲ. ဂျပန်လူမျိုးတွေကိုမေးကြည့်တော့ တကယ်က အခြောက်လှန်းပြီးမှစားရတား အစိမ်းစားတာနည်းတယ်လို. ဆိုပါတယ်။ အခြောက်လှန်းတော့ အချိန်ကုန်၊လူပမ်း၊ အလုပ်ပျက်၊ စားရိတ်တက် မဟုတ်ဘူးလား။ ကျွန်မ သူတို. အဖြေကို သိပ်သဘောမကျတာနဲ. ရှာဖွေလေ့လာကြည့်တော့ အခြောက်ခံပြီးစားတဲ.အတွက် တစ်နှစ်ပါတ်လုံးစားသုံးနိုင်တယ်၊ အစိုစားနည်းအပြင်အခြောက်ခံထားတဲ. အတွက် အခြားအမယ်မျိုးစုံကို တီထွင်ချက်ပြုတ်နိုင်တယ်၊ ဗူးသီးရဲ. အထဲမှာပါဝင်တဲ. ကယ်လစီယမ်(အရိုးနဲ. သွားတွေကို သန်မာစေတဲ.)ဓါတ်ဟာ အခြားအသီးအနှံများထက်မြင့်မားတဲ.အတွက် တစ်နှစ်ပါတ်လုံးစားသုံးနိုင်ရန် အခြောက်ခံပြီးသိမ်းဆည်းခြင်းကို ပြုလုပ်ရခြင်းဖြစ်တယ် ဆိုတဲ့ အချက်တွေကို သွားတွေ.ပါတယ်။

ဗူးသီးအစိုမှာပါဝင်တဲ. ကယ်လစီယမ်နဲ. ဗူးသီးခြောက်မှာပါဝင်တဲ. ကယ်လ်စီယမ်ပါဝင်မှုကိုလည်း တွေ.ရပါတယ်။
ဗူးသီးအခြောက်(၁၀၀)ဂရမ်တွင်ပါဝင်သော ကယ်လ်စီယမ် -၂၅၀မီလီဂရမ်
ဗူးသီးအစို (၁၀၀) ဂရမ်တွင်ပါဝင်သော ကယ်လ်စီယမ် -၂၈မီလီဂရမ်

ဥပမာ၊ နွားနို.နဲ. ယှဉ်ကြည့်မယ်ဆိုရင် တော့။ နွားနို. (၁၀၀)ဂရမ်တွင်ပါဝင်သော ကယ်လ်စီယမ် -၁၁၀မီလီဂရမ် ဖြစ်ပါတယ်။

ကယ်လ်စီယမ်ကို စားသုံးခြင်းဖြင့် အရိုးဆတ်ခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ဇက်ကြောတက်ခြင်း၊ စိတ်တိုခြင်း စသည်တို.ကို ကာကွယ်နိုင်ပါတယ်။

ဒါ့အပြင် ဗူးသီးနဲ. ဗူးသီးခြောက်ကိုစားသုံးခြင်းဖြင့် ခန္ဒာကိုယ်တွင်းက မလိုအပ်တဲ. အရာများကို ဆီး၊ ၀မ်းတို.မှတဆင့် ဖယ်ထုတ်သွားနိုင်တဲ. အတွက် အဆီပိုများကို လျော့စေပြီး မ၀အောင် ကာကွယ်မှု ကိုလည်း ရစေပါတယ်တဲ.။

ကျွန်မ၀ယ်စားတဲ.ဗူးသီးကတော့ နံပါတ်(၂)အမျိုးအစားဖြစ်တဲ. အခင်းနဲ. စိုက်တဲ. ဗူးသီးပါ၊ သူ.ကို တစ်ခါတစ်လေ ရပ်ကွက်ထဲက ကုန်စိမ်းဆိုင် (八百屋) Ya Ou Ya တွေနဲ. ၊ စိုက်ပျိုးရေးသမားတွေ ကိုယ်တိုင်တိုက်ရိုက်ရောင်းချတဲ့ လမ်းဘေးဆိုင်တွေမှာ တွေ.ရှိနိုင်ပါတယ်။

တိုကျိုက၊ တကာဒါနော့ ဘာဘာဘူတာ နားက Golden Eagle(ကိုမျိုးခိုင်)ဆိုင် မှာလည်းပေါ်တဲ.အချိန်တွေမှာဝယ်စားနိုင်ပါတယ်။

ကျွန်မကတော့ ဗူးသီးပေါ်ချိန်ဆို လမ်းသွားရင်းကုန်စိမ်းဆိုင်တွေ.ရင် ဗူးသီးကို ရှာရင်းလမ်းလျှောက်ပါတယ်။ ဗူးသီးခြောက်ကတော့ စူပါမားကတ်က စားသောက်ကုန်ရောင်းတဲ. နေရာမှာ အချိန်မရွေးရနိုင်ပေမယ့် ဈေးကြီးပြီး နဲနဲပဲရလို. ၀ယ်မစားပါဘူး။

စာဖတ်သူလည်း ဒီတစ်ခါဗူးသီးတွေ.ရင် ၀ယ်စားကြည့်ပါဦးနော်။

ငယ်ငယ်တုံးက ကျိုက်ထီးရိုးသွားရင် တောင်တက်လမ်းက ဗူးသီးကြော်ဆိုင်တွေမှာ ရေးထားတာ အခုထက်ထိ မျက်စိထဲမှာမြင်ယောင်မိတယ်။ “ဗူးသီးဖီလင်၊ အချဉ်အရသာ” တဲ. ။

ရန်ကုန်က ဒဂုံမြောက်ပိုင်းကအိမ်မှာ ဗူးစင်ထိုးပြီး ဗူးသီးစိုက်ပေးတဲ. ဖေဖေ.ကို သတိရလျှက်.........

အောက်ပါurlများအပြင်အခြားသောအင်တာနက်မီဒီယာများကို ကိုးကားပါသည်။
http://www.yamashiroya.co.jp/about/info/kanpyo.html
http://www.sokensha.co.jp/products/product_detail.html?id=150160