နေ့လည်၂နာရီ၄၅မိနစ်လောက်ရုံးခန်းထဲမှာ ထိုင်အလုပ်လုပ်နေတဲ့ အချိန်မှာ ငလျင်တို့ရဲ့ “တကျစ်ကျစ်” မြည်သံလေးနဲ့စလှုပ်တဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဘေးတိုက်ယမ်းခါမှုဟာ အရှိန်မြင့်သည်ထက်မြင့်လာလို့ ရုံးခန်းထဲကလူတွေ တယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြေးမယ်ဆိုပြီး ရုံးခန်းတံခါးတွေက ပတ်စ်ဝတ်ဒ်နဲ့ ဖွင့်တာတွေမို့ အားလုံးကို ပြေးဖွင့်ထားရပါတယ်။ လုံခြုံရေးအတွက်အပ်ထားတဲ့ ကုမဏီကိုလည်း တံခါးတွေကို လော့ခ်ဖြုတ်ပေးဘို့အကြောင်းကြားရပါတယ်။ ရုံးက ကိုယ်ပိုင်အဆောက်အဦဖြစ်ပြီး ပါးလွှာတဲ့ ၃ထပ်တိုက်ဖြစ်တာရယ် ကျွန်မနေရာက မြေညီထပ်ဖြစ်လို့ စားပွဲအောက်မ၀င်ကြပဲ အနီးနားကပန်းခြံကို ပြေးကြပါတယ်။(အခုဒီစာရေးတဲ့ အချိန်လည်း လှုပ်နေပါတယ်)
လှုပ်ခါမှုကြမ်းတမ်းသလို လှုပ်နေချိန်ကလည်း ကြာပါတယ်။ ရုံးရှိတဲ့နေရာက အနားပတ်ဝန်းကျင်မှာလည်း ရုံးအဆောက်အဦတွေပဲမို့လို့ ရုံးအသီးသီးက ဆင်းလာတဲ့ လူတွေက လမ်းပေါ်မှာ ချက်ချင်းဆိုသလိုအပြည့်ပေါ့။ ယိမ်းယိုင်နေတဲ့ ဓါတ်တိုင်နဲ့ ဓါတ်တိုင်ကြိုးတွေ ပြုတ်ကျလာမှာကြောက်သလို၊ မြင့်မားလှတဲ့ အဆောက်အဦကြီးတွေ ကိုယ့်ပတ်ပတ်လည်မှာ အရှိန်အဟုန်နဲ့ ယမ်းနေတာကိုတွေ့ရတာ ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်လောက်အောင်ပါပဲ။
ကျွန်မလက်နှစ်ဘက်မှာ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ ဘေးကလူတွေလည်း ဖုန်းတွေသာကိုင်ထားပါတယ်။
ဘယ်ဖုန်းမှ လိုင်းမ၀င်တော့ပါဘူး။ ဘေးပတ်လည်ကလူတွေပြောနေတဲ့
“ဒါတစ်သက်မှာ ပထမဦးဆုံးကြုံဘူးတာပဲ”
“အားလုံးပြောထားတဲ့ ကြောက်စရာအကောင်းဆုံးတိုးကိုင်းငလျင် ဆိုတာ ဒါပဲဖြစ်မယ်”
“ဒီနေ့ အိမ်ပြန်လို့မရတော့ပါဘူး”
ကျွန်မခေါင်းထဲမှာ ပထဆုံးသတိရတာကတော့“ သားလေးရှိတဲ့နေရာကို ဘယ်လိုမှမရောက်နိုင်တော့ဘူးပဲ”။
ပန်းခြံဘေးက ကားရပ်ထားတဲ့နေရာမှာ ကားတွေအားလုံး ရှေ့တိုးနောက်ငင်ဖြစ်နေတာ သရဲကားကြည့်ရသလိုပဲ။ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ငလျင်အော်သံ လူအော်သံ ထွက်ပြေးသံတွေနဲ့၊ မရမှန်းသိလျက်နဲ့ ယောက်ျားရဲ့ လက်ကိုင်ဖုန်းရယ် သားလေးမူကြိုကျောင်းရယ်ကို ခဏခဏဆက်နေမိပါတယ်။ နည်းနည်းပြန်ငြိမ်သွားလို့ ရုံးကိုပြန်လာပါတယ်။ စားပွဲကပစ္စည်းတွေသိမ်း ပိုက်ဆံအိတ်ထဲ့၊ အနွေးထည်တွေဝတ်ပြီး နောက်တစ်ခါထပ်လှုပ်ရင် ထပ်ပြေးဘို့ပြင်ကြပါတယ်။ (ဒီမှာက ငလျင်က တစ်ခါပဲလှုပ်တယ်ဆိုတာ မရှိသလောက်ပဲလေ)။ ရုံးရဲ့လိုင်းဖုန်းကို နယ်ရုံးဘက်ကဆက်သွယ်လာပါတယ်။ ဘာမှထိခိုက်မှုမရှိပါဘူး ဒါပေမယ့် မီးတွေပျက်သွားပြီတဲ့၊ တိုကျိုမှာ ပိုဆိုးမယ်ထင်တယ်....” ။ ခဏကြာမှာ လိုင်းဖုန်းတွေလည်းပျက်သွားပါတယ်။ အင်တာနက်ပဲသုံးလို့ရတော့တယ်။ ပျက်တဲ့ဖုန်းနဲ့ ညစ်တဲ့စိတ်ကဘာမှလုပ်လို့မရလို့ ဘလော့ဖွင့်ပြီးရေးလိုက်မိပါတယ်။
ရထားလိုင်းတွေအားလုံးရပ်သွားပြီး၊ လေယဉ်ကွင်းထိခိုက်မှုတွေနဲ့ လေယဉ်တွေ၊ ကျည်ဆံရထားတွေအကုန်ရပ်သွားပြီတဲ့။ အခုနေ တက္ကဆီသွားစီးမယ်ဆိုလည်း ကိုယ့်ရှေ့မှာ လူ၅၀လောက်ဖြစ်နေမှာပါ။ ယောက်ျားကို သူ့အလုပ်ကနေ တက္ကဆီလေးနဲ့ရောက်လာစေချင်တာအရမ်းပါပဲ။
ငလျင်ငြိမ်သွားလို့ ရုံးထဲပြန်ဝင်တော့ အနွေးထည်မပါပဲ ထွက်ပြေးခဲ့လို့ ချမ်းလာပါတယ်။ ခုနကမြင်ရတဲ့ လှုပ်နေတဲ့ အဆောက်အဦးမြင့်တွေက မျက်စိထဲကမထွက်ပါဘူး။ အိမ်သာဝင်ချင်ပေမယ့် အိမ်သာထဲဝင်နေတုန်း ထပ်လှုပ်တာနဲ့ တစ်ချိန်တည်းဖြစ်မှာစိုးလို့ မသွားရဲပါဘူး။ ထင်တဲ့အတိုင်းနောက်တစ်ခါထပ်လှုပ်ပါတယ်။ ထပ်ပြေးပါတယ်။
ပြန်ငြိမ်သွားလို့ရုံးထဲရောက်တဲ့ အချိန်မှာ ဒူးတွေတောင်ချောင်လာသလိုပါပဲ။ အိမ်သာပြေးဝင်၊ ရေပုလင်းတစ်လုံးစက်ကပြေးဝယ် ပိုက်ဆံအိတ်ထဲထည့်။ အသင့်အနေအထားနဲ့ အလုပ်ဆက်လုပ်ပါတယ်။
ရုံးကဆက်သွယ်စရာတွေ၊ တီဗွီဖွင့်တာတွေ ၊ ၀န်ထမ်းတွေ ကြောက်ကြောက်နဲ့ပြောတာတွေနဲ့ အလုပ်တွေရှုပ်နေတုန်း လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က “အမျိုးသားရုံးရှေ့မှာရောက်နေတယ်” လို့လာပြောတယ်။ ချက်ချင်းလူကြီးဆီကို အခုပြန်ပါရစေလို့ ပြောပြီး ရုံးရှေ့ကိုပြေးထွက်ခဲ့တာပေါ့။
ရုံးရှေ့မှာ စက်ဘီးနဲ့စောင့်နေတဲ့ ယောက်ျားကိုတွေ့တော့ အရမ်းအံ့သြသွားရတယ်။
ကျွန်မ။“သားကျောင်းကို ဖုန်းဆက်လို့မရဘူး၊ ဖုန်းတွေလုံးဝမရတော့ဘူး၊ သားကိုမြန်မြန်သွားကြိုမှဖြစ်မယ် ဒါနဲ့ ဒီစက်ဘီးဘယ်ကဘယ်လိုပါလာတာလဲ”
ယောက်ျား။ “တက်တက် စက်ဘီးပေါ်တက၊် ဟိုနေ့က အလုပ်ထဲကတစ်ယောက်နဲ့ အလုပ်ကို စက်ဘီးစီးသွားကြမယ်ဆိုပြီး ယူသွားပြီး အိမ်ပြန်မယူဖြစ်တာ ”
ကျွန်မ။ “ကြံကြံဖန်ဖန် ကြုံတတ်တယ်၊ ဒီလိုအချိန်မှာ ကဲ မြန်မြန်နင်းနော်”
ကျွန်မရုံးကနေကျွန်မတို့အိမ်ရှိတဲ့ဘူတာအထိ ၇ကီလိုမီတာရှိပါတယ်။ ယောက်ျားကလည်း အားစိုက်ခွန်စိုက်နင်းပေါ့။ အပြန်လမ်းတစ်လျှောက်လုံး လူများစွာဟာလမ်းပေါ်မှာ ရောက်နေပြီး။ ကားလမ်းတွေကလည်း ကြပ်နေပါတယ်။ ရဲကား၊ အရေးပေါ်ကား၊ မီးသတ်ကားတွေကလည်း ဆူညံစွာနဲ့ပေါ့။ မြို့ထဲက ရဲစခန်းတွေကသတိပေးကြေငြာသံတွေနဲ့၊ ရုပ်ရှင်ထဲက ငလျင်ဘေးသင့်တဲ့ မြို့ထဲကိုကိုယ်တိုင်ရောက်သွားသလိုပါပဲ။ ကောင်းကင်မှာ ဟယ်လီကော်ပတာတွေက တ၀ီဝီနဲ့။
လမ်းတ၀က်လောက်ရောက်မှာတော့ တချို့ဆိုင်တွေ MACဟမ်ဘာဂါဆိုင်အပါအ၀င် ဆိုင်တွေအတော်များများ ပိတ်ကုန်ကြတာတွေ့ရပါတယ်။
အိမ်နားရောက်တော့ သားကျောင်းကို တန်းသွားပါတယ်။ ဆရာမက ခလေးအားလုံးရပ်ကွက်ထဲက ကျောင်းပေါင်းစုံကနေ စုပြီခိုလှုံတဲ့နေရာအဖြစ်သတ်မှတ်ထားတဲ့ ကျောင်းအားကစားရုံမှာ ရှိပါတယ်ဆိုလို့ အဲဒီကို ဆက်သွားရပါတယ်။ အားကစားရုံးကြီးထဲမှာ သူ့ကျောင်းနဲ့သူ ခလေးပေါင်းများစွာထဲက ကျွန်မသားလေးရဲ့ကျောင်းအုပ်စုကိုရှာပြီး ခေါ်ခဲ့ပါတယ်။ သားကတော့ သိပ်နားလည်ပုံမရပါဘူး။ သားတို့ကျောင်းမှာ အမြဲလိုလို ဒီလိုပဲ ငလျင်မီးဘေးကနေထွက်ပြေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ရတော့ ဒီနေ့လည်း သူအဲဒီလေ့ကျင့်မှုလုပ်ထားသလိုထင်ပြီးပြောနေပါတယ်။ ဒါပေမယ့် သူ့စကားနောက်ဆုံးမှာ
“ အခုထိသားကို ရေနွေးမတိုက်ကြသေးဘူး” လို့ပြောပါတယ်။
အိမ်ရောက်တာနဲ့ ညဘက်ထွက်ပြေးဘို့အတွက် အရေးပေါ်အိပ်ပြင်ပါတယ်။ တီဗွီလည်းပြေးဖွင့်ပေါ့။
ချက်ချင်း ရေဘုံဘိုင်တွေဖွင့်ကြည့်ပါတယ်။ ရေမလာတော့ပါဘူး။ မီးတော့လာပါသေးတယ်။
ရေ၀ယ်ဘို့အပြင်ပြန်ထွက်ပေမယ့် ဆိုင်တွေလည်းပိတ်ကုန်၊ ကွန်ဗီနီယမ်စတိုးမှာလည်း အချိုရည်မျိုးစုံရှိပေမယ့် ရေတော့ ကုန်နေပြီ။ အိမ်နားက လူသိပ်မဖြတ်တဲ့ လမ်းကြားတွေမှာရှိတဲ့ စက်နဲ့ရောင်းတဲ့နေရာတွေမှာ ဟိုစက်ပိုက်ဆံထည့် နှိပ်။ ဒီစက်ပိုက်ဆံထည့်နှိပ်လုပ်တော့ ရေပုလင်းလေး ၃ပုလင်းရလာပါတယ်။
အိမ်ပြန်ရောက်တာနဲ့ ညစာပြင်စားရင်း ရန်ကုန်က လာတဲ့ဖုန်းတွေနဲ့ ၊ ရန်ကုန်ကို ပြန်ဆက် ၊ တီဗွီကြည့်နဲ့ လူကောစိတ်ကော ဂဏာမငြိမ်ရပါဘူး။ မီးနဲ့ အင်တာနက်ကရနေသေးတော့ တော်ပါသေးတယ်။ အိမ်သာလည်း ရေဆွဲလို့မရတော့ပါဘူး။
ကျွန်မကသာအိမ်ပြန်ရောက်လာပေမယ့် ဘူတာတွေမှာ သောင်းနဲ့ ချီတဲ့လူတွေ၊ အများသုံးတယ်လီဖုန်းရုံရှေ့မှာရှိတဲ့ လူတန်းနဲ့ ၊ တက္ကဆီငှားတဲ့နေ၇ာမှာ ရာချီတဲ့လူတွေက အများကြီးရှိပါသေးတယ်။
သားတို့မူကြိုကျောင်း တချို့ကလေးတွေကို သူတို့မိဘတွေလာမကြိုနိုင်သေးပါဘူး။ ကျွန်မလည်း စိတ်ကကိုယ့်ခလေး ကိုယ်ပြန်ခေါ်လာပြီး အိမ်မှာနေရတာဘယ်လိုမှစိတ်မဖြောင့်ပါဘူး။ ဆိုင်တွေအားလုံးလည်းပိတ်နေပြီဆိုတော့ ရှိတာလေးနဲ့တော့သူတို့စားလို့ရမှာပါ။ ဒါပေမယ့် ကျွန်မကို လက်ဆောင်ပို့ပေးထားတဲ့ မုန့်၂ဗူးကရှိနေတော့ အဲဒါတွေကို ယူပြီး၊ ယောက်ျားကို လိုက်ပို့ခိုင်းရပါတယ်။
အပြင်မှာအေးလိုက်တာလည်းအရမ်းပါ။ လမ်းပေါ်မှာ တိုကျိုမြို့ထဲဘက်လူတွေလမ်းလျှောက်ပြန်လာကြတာ အများကြီးပါပဲ။ သားရယ်၊ ယောက်ျားရယ်၊ ကျွန်မရယ် စုဝေးခိုလှုံတဲ့ နေရာကိုသွားပြီး မုန့်ဘူးသွားပေးခဲ့ကြပါတယ်။
အိမ်ပြန်ရောက်တော့ သတင်းမှာ ဒီနေ့ငလျင်ရဲ့ ပြင်းထန်မှု၊ ထိခိုက်မှုတွေကို ကိန်းဂဏန်းတွေနဲ့ သိရကြားရတော့ ပိုတောင်ကြောက်လာပါတယ်။သတင်းကြေငြာသူတွေက ခေါင်းမှာ ဟဲလ်မက်ဆောင်းထားကြပါတယ်။
ဒီပြင်းထန်တဲ့ငလျင်နဲ့ ဒီလောက်ပဲ ထိခိုက်တာ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးအရည်အချင်းကို သိရတာပါပဲ။ ကျွန်မအပါအ၀င် အားလုံးပဲ အန္တရယ်ကင်းဘေးရှင်းကြပါစေလို့ ဆုတောင်းပါတယ်။
ခက်တာက ဟန်းဖုန်းတွေလုံးဝဆက်သွယ်လို့မရဘူး။ ကျွန်မဆက်သွယ်လို့မရတဲ့ မိတ်ဆွေသူုငယ်ချင်းတွေအများကြီးကျန်သေးတယ်။
အခုထက်ထိလည်း မကြာခဏဆိုသလို တောက်လျှောက်ငလျင်လှုပ်နေတုန်းပါပဲ။ ဒီညတော့ အိပ်တောင်ပျော်မယ်မထင်ပါဘူး။ ဟင်းးးးးးးးးး
ဓါတ်ပုံများကိုအင်တာနက်ကယူပါတယ်။ (လှုပ်နေပြန်ပါပြီ)
ငလျင်သတင်းများ
10 comments:
ကောင်းကောင်းရေ
ဖတ်ပြီးမောနေတာဘဲ အန္တရယ်ကင်း ဘေးရှင်းပါစေ ဆုတောင်းပေးနေမယ်နော်
ခင်မင်တဲ့
seesein
ညီမရေ
ဘေးကင်းတဲ့အတွက် စိတ်ချမ်းသာသွားပါတယ် ညီမ လသာည ကိုလည်း စိတ်ပူမိတယ် ကျော်နှင်းဆီလွင် ကော အားလုံးချမ်းသာကြပါစေ မြတ်နိုးကတော့ ပြန်လာပြီထင်တယ်
ချစ်တဲ့
ရွှေစင်ဦး
ဘေးရန်ကင်းရှင်းတဲ့အတွက် ၀မ်းသာမိပါတယ်၊
အားလုံးဘေးရန်ကင်းရှင်းစေဖို့ ဆုတောင်းမိပါတယ်၊
အားလုံးအစစအရာရာဘေးကင်းပါစေ
စိတ်လှုတ်ရှားစွာနဲ့ ဖတ်သွားပါတယ်။
ဂျပန်မှ သူငယ်ချင်းအားလုံး အစစအဆင်ပြေပြီးအန္တရာယ် ကင်းပါစေ...
ဖတ်ရတာနဲ့တင် မောလိုက်တာ မ,ကောင်းမွန်ဝင်းရာ..၊ တီဗီမှာလည်း ဒီသတင်းပဲ တနေ့လုံး ကြည့်နေဖြစ်တယ်၊ မိသားစုအားလုံး ဘေးမသီ ရန်မခရှိတာ သိရလို့ ဝမ်းတော့သာရပါတယ်၊ အားလုံး ဘေးကင်းရန်ကွာရှိ ကြပါစေ...။
I'm so sorry and freaking me out to hear that terrible sorrowful news. I'm still waiting for incoming up to date new post. Take care sister and your family too. Please to hear that your family and also the monastery are safe.
မိသားစုအန္တရယ်ကင်းဘေးရှင်းပြီး
ကိုယ်စိတ်နှစ်ပါးစလုံးအေးချမ်းသာယာပါစေ။
ညီမလေးေ၇
မိသားစုအားလုံးနဲ. မြန်မာနိုင်ငံသားအပေါင်း ဘေး၇န် ကင်းကွာတယ်လို.ကြား၇တဲ.အတွက် စိတ်ချမ်းသာ၇ပါ တယ်။ အားလူံးသော ၇ ၇က်သားသမီးများလည်း ဘေး ၇န်ကင်းကြပါစေလို.ဆုတောင်းပေးနေပါတယ်
ညီမရေ..
ညီမပြောမှပဲ အမ မြင်တွေ့နေတဲ့ ဘလော့ဂါများလည်း အဲဒီနိုင်ငံမှာ နေထိုင်တာ အခုမှပဲ သိပါတယ်.. အကုန်လုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပါတယ်..။
ညီမလည်း အခု အိမ်မှာပဲလား..။ အစစ ပြင်ဆင်ထားနော်..တခုခု ဖြစ်လာရင် အဆင်သင့်ဖြစ်အောင်ပေါ့.. ။ ကြိုတင်ပြင်ဆင်ထားတဲ့ စနစ်တွေကလည်း ညီမတို့ဘက်မှာ ရှိနေမှာပါ..။
ကြောက်စရာကြီးနော်.. သတင်းတွေမှာလည်း ဆက်တိုက်လာနေလေရဲ့..အမေရိကန်လည်း လာကူနေပြီလို့ ပြောတယ်.. ဝန်ချုပ်လည်း သတ္တိရှိတယ်နော်.. ကိုယ်တိုင်ဦးဆောင်တယ်..။ အားကျ စရာ ဂုဏ်ယူစရာ ကြည်နှူးစရာပဲ..။
လုပ်ပေးနိုင်တာတွေလည်း စလုပ်နေတာတွေ့တော့ ဝမ်းသာတယ်..ဖြစ်သွားတာဖြစ်ပေမဲ့ အစိုးရက ဂရုစိုက်တော့ ဝမ်းသာရတယ်..။
ဘေးကင်းကြပါစေ..
မဗေဒါ (၈၈)
မကောင်းမွန်ဝင်းတို့ မိသားစုလေး ဘေးရန် ကင်းကြပါစေရှင်။ ဂျပန်မှ လူတွေ အားလုံး ဘေးကင်း ကြပါစေ။
Post a Comment