မှောင်သွားလိုက်တာ မဲ ဆိုသလိုပေါ့။
ကိုယ်ကတော့ မီးပျက်တဲ့နိုင်ငံကလာတာပဲလေ။
အိမ်ထဲမှာလည်းဖြစ်တော့ ဘာမှမထိခိုက်ပါဘူး။
မီးပျက်တဲ့ည |
မီးပျက်လို့ မီးပွိုင့်တွေပျက်တဲ့ အချိန် ယဉ်တိုက်မှုတွေဖြစ်ပြီးလူတောင်သေတယ်ဆိုတဲ့ သတင်းကိုဖတ်ရတယ်။သတင်းတစ်ပုဒ်အဖြစ်ပဲ ဖတ်လိုက်ရုံပါ။
နေ့ခင်းကျတော့ အိုဆားကားမှာရောက်နေတဲ့ တူရကီလူမျိုးသူငယ်ချင်းကဆီက အဆက်အသွယ်ရတယ်။
သူ့မိတ်ဆွေ တိုကျိုမှာ စက်ဘီးနင်းနေတုန်း ကားနဲ့ ၀င်တိုက်မိလို့ ဆုံးသွားပြီ၊ညနေပိုင်းကျ အသုဘအတွက် တိုကျိုကိုတက်ခဲ့မယ်တဲ့၊ မနက်ကဖတ်တဲ့ သတင်းကို ကိုယ်နဲ့ မပါတ်သက်သလို ပါတ်သက်သလို နဲ့ စိတ်ထဲမှာ တမျိုးဖြစ်ပြီးကျန်ခဲ့တယ်။
မီးပွိုင့်တွေလည်းပျက် |
ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ဘူတာ၊ စူပါမားကက်၊ ရုံးတွေမှာ မီးအသုံးပြုမှုကိုသိသိသာသာ ချွေတာသုံးစွဲကြတယ်။စက်လှေခါးတွေရပ်ထားတယ်။ လက်မှတ်ရောင်းစက်တွေကို ထက်ဝက်လောက်ပဲလည်ပတ်စေတယ်။
အလင်းရောင်ရတယ်ဆိုရုံပဲ။ ရုံးမှာဆို အဲယားကွန်းစစ်စတမ်အနွေးပေးစက်တွေကိုလည်း မသုံးတော့ဘူး။ ကျွန်မအိမ်မှာလည်း မသုံးပါဘူး။ တော်တော်လေးချမ်းတယ်။ စတိုးဗု (stove )လို့ခေါ်တဲ့ အပူပေး စက်ကလေးနဲ့ လျှပ်စစ်ကော်ဇောကို ခဏနွေးတယ်ဆိုရုံလေးဖွင့်ပြီး ပြန်ပိတ်တယ်။
စတိုးဗု လို့ခေါ်တဲ့အနွေးပေးစက် |
နေရာတိုင်းဟာ ခပ်မှိန်မှိန်ဖြစ်နေတယ်။ သတိထားမိတာက မြန်မာပြည်မှာ မီးတွေအရမ်းထွန်းတဲ့ အလင်းရောင်လောက်ပဲ ရှိနေတယ်ဆိုတာပါ။ ဒါကြောင့် ဘယ်ကိုကြည့်ကြည့် မှုန်ကုပ်ကုပ်ဖြစ်တယ်။ မြန်မာပြည်ကိုပြန်တုန်းက လေဆိပ်ထဲဝင်လိုက်တဲ့ အချိန်မှာ ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ရဲ့ အလင်းနဲ့ မြင်ရတဲ့ အရောင်တွေကို ချက်ချက်ခံစားမိရသလိုမျိုးဖြစ်နေတယ်။
ဂျပန်မှာက မီးချောင်းတွေကနှစ်ချောင်းတွဲတွေများတယ်။ ၁၂ပေx၂၅ပေပတ်လည် ရုံခန်းတစ်ခန်းဆိုရင် အနည်းဆုံးမီးချောင်း ၄ချောင်းသုံးတယ်။ ဒီတော့ အရာရာဟာလင်းပြီးတောက်ပနေတယ်ပေါ့။ မြန်မာပြည်ထက် ဂျပန်ဟာအလင်းရောင်အား ကို ၄ဆထက်အထက်သုံးနေတယ်လို့ထင်ပါတယ်။
စူပါမားကက်မှာမီးရောင်တွေသိသိသာသာလျှော့သုံးကြပါတယ် |
ဒီနိုင်ငံမှာနေတဲ့ ကျွန်မအပါအ၀င်နိုင်ငံခြားသားအချို့ကအသိအမှတ်ပြုဖြစ်တာကတော့ အများစုက လူထုနဲ့ဆိုင်တဲ့ မူဟန်ယဉ်ကျေးစောင့်ထိန်းမှု (manner)တွေကို လိုက်နာတာဖြစ်ပါတယ်။
ရုတ်တရက်ကုန်ဈေးနှုန်းကြီးတဲ့ မြန်မာပြည်နဲ့ကွာခြားမှုကလည်း နိုင်ငံရဲ့အသားကျနေတဲ့ ဖွဲ့စည်းပုံနဲ့ တစ်ခုနဲ့တစ်ခုဆက်စပ်နေတဲ့ စနစ်တွေကြောင့်လည်းဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ၀ယ်မရတဲ့ပစ္စည်းတွေ၊
ခွဲတမ်း(quota)နဲ့ဝယ်ရတာတွေ၊ ကုန်စည်ပြတ်လပ်တာတွေရှိပေမယ့် ဘယ်ပစ္စည်းမှ ရုတ်တရက် ဈေးတက်မသွားပါဘူး။
ရုတ်တရက် ကုန်ဈေးနှုန်းတက်လို့မရတဲ့ ကုန်သွယ်စီးပွါးအခွန်စနစ်များကြောင့်လည်းဖြစ်ပါတယ်။
စက်လှေခါးတွေကိုလည်းမသုံးကြဘို့ မေတ္တာရပ်ခံတယ် |
ဆိုရှယ်လစ်စနစ်တို့သမ၀ါယမတို့လိုစနစ်တွေကနေကြည့်ရင်တော့ ဒီနိုင်ငံဟာအရင်းရှင်ပေါ့။ဒါပေမယ့် အမြတ်ကြီးစားလုပ်လို့မရပါဘူး။ လွန်ခဲ့တဲ့ နှစ်များက ကမ္ဘာ့ လောင်စာဈေးတွေတက်တဲ့အချိန်မှာ ပစ္စည်းအချို့ဈေးတက်ပါတယ်။ ဈေးမတက်ခင် တစ်လလောက်မှာ ကြိုတင်ပြီးဘယ်လောက် တက်မယ်ဆိုတာကို မိမိတို့ရဲ့ကုန်ပစ္စည်းဝယ်ယူသူတွေကို အရင်အသိပေးထားပါတယ်။၁၀ယန်း လောက်တက်တာက အစကြိုတင်အသိပေးပါတယ်။
ကျွန်မတို့ကတော့ မွေးရာပါအသိမှာစွဲကျန်နေတဲ့ သင်္ကြန်ဆိုဈေးတက်တာ အခါကြီးရက်ကြီးမို့ ဈေးတက်တာတွေရှိနေတော့ တစ်ခုခုဆိုရင် မသိစိတ်က ဈေးတက်တော့မလားဆိုတာကို ယောင်ယောင်ပြီးတွေးမိတတ်ပါတယ်။
ဘူတာတွေလည်းမှောင်မှောင်ပဲ |
ဂျပန်မှာ စနစ်အားလုံကောင်းပြီး လူအားလုံးက မူဟန်ယဉ်ကျေးစောင့်ထိန်းမှု (manner)တွေကို လိုက်နာတယ်လို့မဆိုလိုပါဘူး။ သူတို့မှာလည်း တဖြည်းဖြည်းနဲ့ ကျင့်ယူရတာတွေရှိနေတာကိုလည်း တွေ့နေရပါတယ်။ ဒါပေမယ့် သတိပြုမိစရာတွေ အတုယူစရာတွေကို တွေ့လာကြုံလာတဲ့အခါမှာ သူတို့ဒီလိုဖြစ်လာအောင် လုပ်ခဲ့ကြတာကိုလေးစားမိပါတယ်။
အဲဒါထက်ပိုအရေးကြီးတာကတော့ ကျွန်မရဲ့နိုင်ငံမှာလည်း ကျွန်မလေးစားအထင်ကြီးတာတွေကို ကျွန်မကိုယ်တိုင်ကကော ဘယ်လိုပြန်လည်လုပ်ဆောင်ပေးနိုင်သလဲဆိုတာပါ။
ဓါတ်ပုံများကို အင်တာနက်ကကူးယူပါတယ်။
စာကြွင်း။ အလှည့်ကျမီးဖြတ်တဲ့စနစ် ကတော့ ဆက်နေဦးမှာပါ။မီးပျက်လို့ ဖယောင်းတိုင်လေးထွန်းတဲ့ အချိန်မှာသားကမေးတယ်။ “ မားမား ကိတ်မုန့်ကော” တဲ့။
7 comments:
ဂရုစိုက်ပါနော်။
သားရဲ့မေးခွန်းလေး ကြိုက်တယ်၊ ဘေးဒုက္ခဆိုးကြီး ကြားထဲမှာ အပြစ်ကင်းလွန်းတဲ့ မေးခွန်းကလေး....၊ အဆင်ပြေပါစေဗျာ.....။
ကောင်းကောင်း
မီးပြန်လာတာမြန်တာ သားသားလေးလဲ မီးမှိန်မှိန်လေးနဲ့ နေဖူးသွားတာပေါ့ ဖယောင်းတိုင်နဲ့ ကိတ်မုန့်ကိုသာတွဲမြင်ဖူးတဲ့သားသားလေးအတွက် ကိတ်မုန့်ကြိုဝယ်ထားသင့်ပါကြောင်း
အစစအရာရာ အဆင်ပြေပါစေ။
ခင်မင်တဲ့
seesein
အော်လိုက်သေးလားအစ်မ။
ဟေးးးးးးး မီးလာပြီကွ!!! ဆိုပြီးတော့လေ :D
စိတ်တွေညစ်လို့ ရယ်စရာပြောတာ။
三連休どこにも行けない:(
ကိုယ်ကိုယ်တိုင်လဲ ပြီးခဲ.တဲ.သောကြာနေ.က ခံစားမှုကြီးကို ကိုယ်တွေ.ကြုံခံစားထားရတော. အခုလောလောဆယ် ဂျပန်က ဘလောဂါတွေရေးသမျှကို သေသေချာချာ နားလည်ခံစားပေးနေနိုင်တယ်။
အခုလဲ မကောင်းမွန်ဝင်းရေးထားတာတွေကို ကွန်ပြူတာရှေ.မှာ ငူငူကြီးထိုင်ဖတ်လာတာ ၊ အောက်ဆုံးစာကြောင်းလေးရောက်တော.မှဘဲ “ခွိ” ခနဲအသံထွက်အောင်ရီမိသွားတယ်။
ကျေးဇူးတင်ပါတယ်သားလေးရေ
မရေ
မြန်မာပြည်ပြန်တုံးက အိမ်မှာထိုင်ရင်း
မီးအားမြှင့်စက်သုံးထားရက်
မီးကမှုန်လိုက်တာ မီးအားမြှင့်စက်မသုံးဘူးလား လို့ မေးခဲ့ဖူးတာ သတိရမိတယ်။
သားသားပဲအေးတယ်မရယ်။ မီးပျက်တော့ကြောက်မလားမသိ။ သနားပါတယ်။
အခက်အခဲတွေက များလိုက်တာ အစ်မရယ်... သားမေးခွန်းလေးကို မြင်တော့ ပြုံးချင်စရာပေမယ့် ရင်ထဲမှာ မကောင်းဘူး...
Post a Comment