March 14, 2011

စိတ်လှုပ်ရှားဘွယ်ရာများ

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဓါတ်အားပေးစက်ရုံ ၁ က အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်ရဲ့ အအေးပေးရေကန် ဟာ ၁၄ရက်နေ့ ၁၁နာရီလောက်မှာပေါက်ကွဲသွားခဲ့ပါတယ်။



ဒီနေ့မနက် တနင်္လာနေ့ဆိုတော့ ပုံမှန်လုပ်နေကျအတိုင်းသားကို မူကြိုကျောင်းပို့ပါတယ်။
မနက် ၇နာရီလောက်ကတည်းက ရုံးကပေးတဲ့ လက်ကိုင်ဖုန်းမှာ ကျွန်မတို့ဌာနကဌာနမှူးအပါအ၀င် ဌာနတွင်းဝန်ထမ်း၅ယေက်စလုံး မီးဖြတ်ခံရတဲ့ အချိန်နဲ့တိုက်ဆိုင်လို့ ရထားတွေမပြေးပါဘူး။ ဒါကြောင့် ကျွန်မကတော့ရုံးသွားဘို့ဘူတာကိုသွားခဲ့ပါတယ်။ ဘူတာရောက်တော့ လူ၃၀၀လောက်တန်းစီနေပါတယ်။ ၁နာရီကျော်ကြာပြီးနောက်မှာရထားစီးနိုင်လို့ ရုံးကိုရောက်သွားခဲ့ပါတယ်။ 

ရုံးရောက်ပြီး ၁၁နာရီကျော်ကျော်လောက်မှာ ပေါက်ကွဲပြီဆိုတဲ့ သတင်းလာပါတယ်။ ကျွန်မအလုပ်လုပ်တဲ့နေရာရဲ့ တစ်ဘက်ခန်းမှာရှိတဲ့ ကုမဏီဥက္ကဌက အိမ်ပြန်တော့လို့လာပြောပါတယ်။ မနက်ဖန်ကိုလည်း ရထားပြေးဆွဲတဲ့ အခြေအနေ၊ ရေဒီယိုသတ္တိကြွပစ္စည်းပျံ့လွင့်မှုအခြေအနေတွေကို ကြည့်ပြီးရုံးက ဆက်သွယ်မယ်လို့ဆိုပါတယ်။
ကျွန်မလည်းရထားစီးအိမ်ပြန် အိမ်နားကသားကျောင်းကိုဝင်ကြိုတော့ ဆရာမက မနက်ဖန်ကျောင်းဖွင့်မဖွင့် ပြန်ဆက်သွယ်ပါ့မယ်တဲ့။ ယောက်ျားကလည်း မရှေးမနှောင်းအိမ်ပြန်ရောက်လာပါတယ်။ 

ကျွန်မကနေ့လည်စာအတွက်ပြင်ဆင်၊ သူကရေသွားခတ်ပါတယ်။ မီးပျက်သွားရင်ငလျင်ကြီးထပ်လှုပ်ရင် ဓါတ်လှေခါးသုံးလို့မရလို့ ချက်ချင်းရေသယ်ရတာပါ။ လူကတော့ မနေ့ကရေချိုးပေမယ့်၊ ပင်မင်းဆိုင်တွေက ရွေးတာကိုပြန်ပေးပေမယ့် အလုပ်လက်မခံလို့ အ၀တ်ဟောင်းတွေလည်း လျှော်လို့မရပါဘူး။ စားသောက်စရာတွေလည်း ၀ယ်လို့မရဘူးဆိုပေမယ့် လောလောဆယ် စားဘို့ရှိနေပါသေးတယ်။ တိုက်အောက်မှာတော့ ၁၈ရက်နေ့မှာ ရေပြန်ရနိုင်ခြေရှိတယ်လို့ စာရေးကပ်ထားပါတယ်။ ဒီနေ့ကျွန်မတို့အိမ်မီးပျက်မယ့် အချိန်ကိုကျော်လာပေမယ့် မီးမပျက်သွားခဲ့ပါဘူး။ မီးပျက်မည်လို့ကြေငြာပြီး မပျက်တဲ့နေရာတွေအများကြီးရှိခဲ့ပါတယ်။ ကံကောင်းတာပါပဲ။ တယ်လီဖုန်းဆက်သွယ်မှု မကောင်းတဲ့ကြား မီးပျက်လို့ တီဗွီပါမကြည့်ရရင် ဘာဖြစ်လို့ဖြစ်မယ်မှန်းတောင် သိမှာမဟုတ်ပါဘူး။ 
ငလျင်နဲ့ ဆူနာမီကို တိုက်ရိုက်ခံကြရတာ ဂျပန်အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းပါ
စိုးရိမ်ရတာတွေကတော့
နောက်ဆက်တွဲငလျင်
ဒီနေ့တီဗွီမှာ M7ခန့်ရှိပြီး ၁၆ရက်နေ့ကနေ ၃ရက်အတွင်း နောက်ဆက်တွဲငလျင်ကြီးဖြစ်ပွါးနိုင်ခြေ ၇၀% နဲ့ ဆူနာမီရေလှိုင်းလည်း ဆက်လက်ဖြစ်ပေါ်နိုင်တာကို အကြိမ်များစွာ ကြေငြာနေတာပါ။

ရေဒီယိုသတ္တိကြွရောင်ခြည်
ဓါတ်အားပေးစက်ရုံ ၁ က အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်ရဲ့ အအေးပေးကန်ပေါက်ကွဲခြင်းကနေ ရေဒီယိုသတ္တိကြွရောင်ခြည် အများအပြားပျံ့လွင့်ခြင်းမရှိပါလို့ကြေငြာသော်လည်း အနည်းငယ် ရောင်ခြည်သင့်လာသူတွေကို တွေ့ရကြောင်းလည်း ကြေငြာထားပါတယ်။
(အခုလည်း အရေးပေါ် ငလျင်လှုပ်မည့်သတင်းကို ခရိုင်အလိုက်အတိအကျကြေငြာနေပါတယ်။ တချိန်တည်းမှာပဲ ငလျင်အသေးစားများကလည်း အကြိမ်များစွားလှုပ်နေပါတယ်။ )

ဝမ်းသာဝမ်းနည်း
ဓါတ်အားပေးစက်ရုံ ၁ က အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်ရဲ့ အအေးပေးကန်ပေါက်ကွဲခြင်းမှာ တိုကျိုလျှပ်စစ်ဓါတ်အားမှ ၄ဦး၊ ဂျပန်ကာကွယ်ရေးတပ်သား၎ဦး၊ ပူးပေါင်းဆောင်ရွက်သော ကုမဏီဝန်ထမ်း၃ဦး၊ပေါင်း ၀န်ထမ်း၁၁ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ဂျပန်လူမျိုးအများစုဟာ သေမယ်မှန်းသိလည်း ဒီအလုပ်ကို သူမှမလုပ်ရင်မဖြစ်ဘူ်းအရေးကြီးတယ်လို့ထင်ရင် အသေခံပြီးအလုပ်လုပ်တာတွေကို မကြာခဏတွေ့ရပါတယ်။

ပေါက်ကွဲရာ နေရာအနီးကတိန်းရှောင်လာသူများကို အနီးဆုံးဆေးရုံများက လက်ခံကုသပေးနေပါတယ်။ အဲဒီဆေးရုံတွေက ၀န်ထမ်းများ၊ သူနာပြု၊ ဆရာဝန်များဟာလည်း မိမိတို့ဌာနေဖြစ်ပြီး မိသားစုများနဲ့ အဆက်အသွယ်မရသူတွေပါပါတယ်။ သူတို့အားလုံးက သူတို့မှ မလုပ်ရင်ဒီလူနာတွေကို ကယ်တင်မယ့်သူမရှိလို့ ဆေးရုံးမှာအချိန်ပြည့် တာဝန်ထမ်းဆောင်တာကို တွေ့ရပါတယ်။

ဆူနာမီရေလှိုင်းဒဏ်ခံထားရတဲ့ ရေဖုံးလွှမ်းပြီးအပျက်အစီးများနဲ့ မွမွကြေနေတဲ့ မြေပြင်မှာ အသက်ကယ်အဖွဲ့များဟာ နောက်ထပ်လာမည့် ဆူနာမီ နဲ့ ငလျင်ကို ကြောက်ကြောက်နဲ့လုပ်နေရလို့ ထင်သလောက်တော့ အလုပ်မတွင်ဘူးလို့ ပြောဆိုရင်းနဲ့ လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေကြပါတယ်။ 
အဏုမြူလျှပ်စစ်ဓါတ်အားစက်ရုံများရှိရာ ဖူကူရှီးမား နဲ့ လှုပ်ခတ်ရာအ၀န်းအ၀ိုင်း ပုံ၊ကျွန်မအိမ်က တိုကျိုနဲ့ ချီဘာ့အကြားမှာဖြစ်ပါတယ်


ဝန်ကြီးချုပ်က“ကျွန်တော်တို့ ဂျပန်နိုင်ငံဟာ အတိတ်မှာ ဆိုးဝါးတဲ့ ကံကြမ္မာ အဖြစ်ဆိုးတွေ အများကြီးကြုံတွေ့လာတဲ့ကြားက အားလုံးရဲ့ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်ကို ကြိုးစားတည်ထောင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလည်း  လူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းမှုနဲ့ ကြိုးစားကျော်လွှားကြပါစို့။ အားတင်းထားကြပါ။ အသက်အိုးအိမ်စည်းစိမ်တွေကယ်တင်ဘို့ အစွမ်းကုန်ကြိုးစားပါ့မယ်”

အခုလို အံ့သြဘနန်းတိုးတက်တဲ့နည်းပညာတွေ ပြည့်စုံလှတဲ့ ဂျပန်နိင်ငံမှာတောင် ရင်ဆိုင်ရတဲ့ အခက်အခဲများစွာရှိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာလည်း တစ်နေ့မှာတိုးတက်မှုများစွာနဲ့လိုက်ပြီး အဏုမြူဆိုတာကို ကိုင်တွယ်သုံးစွဲလာတော့မယ်ဆိုရင် ဒါတွေကို သူတို့ဘယ်လိုဖြေရှင်းကြတယ်ပြင်ဆင်ကြတယ်ဆိုတာကို ရှုထောင့်ပေါင်းစုံက နေ  ဦးစွာပထမစဉ်းစားသင့်ကြောင်း ကျွန်မကိုယ်တိုင် တွေ့မြင်ခံစားရသလို ဝေမျှပါတယ်။

အသက်တစ်ချောင်းဆိုတာကို တန်ဘိုးအမြင့်ဆုံးထားကြတဲ့ တစ်ဦးချင်းစီရဲ့ မွန်မြတ်တဲ့စိတ်ထားတွေကိုလည်း လေးစားအတုယူမိပါတယ်။

ကိုးကား

14 comments:

crystal said...

စိတ်ပင်ပန်းနေတဲ့ကြားက အများသိအောင် ပိုစ့်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်မရေ။ ဂျပန်နိုင်ငံလုံးအတွက် ဘုရားစာရွတ်ပေးနေပါတယ်။ ဘေးကင်းပါစေနော်။

PhyoPhyo said...

သတင်းတွေဖတ်ရင်း ဖတ်ရင်းနဲ့ ပိုပြီးစိတ်ပူလာတယ်၊
ပုံတွေ သတင်းတွေကြည့်ပြီး၊ စိတ်ထဲမှာ မကောင်းဘူး၊
ဆုတောင်းပေးပါတယ်၊ ဂျပန်ဝန်ကြီးချုပ်ပြောသလို အမြန်ဆုံးကျော်လွှားနိုင်ဖို့ ဆုတောင်းပါတယ်။
အမြန်ဆုံး ဘေးရန်ရှင်းကြပါစေ
ခင်မင်တဲ့

pan taing said...

တိုင်းတပါးရောက် ဗမာခြင်း ကိုယ်ခြင်းစာစိတ်နဲ့အားပေးပါတယ်၊နောင်ကိုလဲဆက်ကြိုးစားပါခင်ဗျား၊
စိုးအောင်ဝင်း(တိုကျို)

ပန်ဒိုရာ said...

လာကြည့်သွားပါတယ်။ စိတ်ပူစရာကောင်းလှတယ်။
အားလုံးဘေးရန်ကင်းဖို့ ဆုတောင်းရုံပဲ တတ်နိုင်တော့တယ်။

http://pandora-and-pandora.blogspot.com/

ညီလင်းသစ် said...

နောက်ဆုံး အခြေအနေတွေကို စဉ်ဆက်မပြတ် ဘလော့ဂ်ပေါ် တင်ပေးနေတာ ကျေးဇူးတင်ပါတယ်၊ အသေခံပြီး အလုပ်လုပ်တဲ့ ဂျပန်တွေ အကြောင်း ကြားရတော့ အင်္ဂလိပ်စစ်သင်္ဘော ခေါင်းတိုင်တွေထဲ လေယာဉ်နဲ့ ထိုးဆင်းခဲ့တဲ့ ဂျပန်လေသူရဲတွေကိုတောင် သတိရလိုက်မိသေးတယ်၊ တည်ငြိမ်မှု မရှိသေးတာကို တွေ့ရတယ်၊ အားလုံး အမြန်ဆုံး အဆင်ပြေကြပါစေ...။

seesein said...

ကောင်းကောင်း
သတင်းတွေဖတ်ရလို့ ကျေးဇူးတင်ပါတယ် စိတ်ပူနေတယ် ဆုတောင်းပေးနေပါတယ်
ဘေးကင်းပါစေ။

ခင်မင်တဲ့
seesein

rose of sharon said...

မိသားစုတွေဘေးကင်းကြပါစေလို့ဆုတောင်းပေးပါတယ်.... ဒီပို့စ်လေးဖတ်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းရေ
စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်ပါ
ဂျပန်ဝန်ကြီးချုပ်ကိုလည်း ချီးကျူးမိပါတယ်..
ကွာလွန်းလို့ပါ ကိုယ်တွေရဲ့ လူကြီးဆိုသူတွေနဲ့..
တာဝန်ယူတတ်ပုံများ တကယ်လေးစားမိပါတယ်..
အားလုံးလည်း အမြန်ဆုံး အဆင်ပြေပါစေ
အခက်အခဲနဲ့ အန္တရာယ်တွေကို ကျော်လွှားနိုင်ပါစေ..

Anonymous said...

ညီမ ရေ

ဒီလိုသတင်းလေး တွေ ဖတ်ရလို့ ညီမ ဘေးကင်းနေတာသိလို့ ``၀မ်းသာရတယ်
ညီမ တို့ မိသားစုနဲ့ အားလုံးသော ဂျပန်မှာ နေထိုင်ကြသော မိသားစုများ ဘေးရန်းကင်းဝေးကြပါစေ အခက်အခဲများကို အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ လို့ မေတ္တာပို့ပါတယ် လသာည သတင်းလေး ရရင်ပြောပါအုန်း ဘေးကင်းတာသိပေမဲ့ ဘာမှ တခြားမသိရဘူး

ခင်မင်သတိရနေတဲ့
ရွှေစင်ဦး

Shinlay said...

ဘေးကင်းကြပါစေ သူငယ်ချေင်း
ဘာတွေဖြစ်နေတယ်ဆိုတာ ရေးပေးနေတာကျေးဇူးပါ။

nn said...

မမွန်ရေ......နာဂစ်တုန်းက ရေပြတ်မီးပြတ် ဒဏ်ခံခဲ့ရလို့..(အဓိက ရေ မရတာကို) ကိုယ်ချင်းစာမိပါတယ်...အခုလို ငလျင်ကြီးဖြစ်မှာကို တိရစ္ဆန်တွေနဲ့ အင်းဆက်တွေက ကြိုပြီးsign ပြတာမျိုးကော ရှိလားအစ်မ....ရန်ကုန်မှာတော့ နာဂစ်မဖြစ်မီက ပုရွက်ဆိတ်တွေ အုံနဲ့ကျင်းနဲ့ပြောင်းကြတာ တွေ့လိုက်ရတယ်...သားလေး၊မမွန် နဲ့ မမွန်ရဲ့အမျိုးသားတို့ ဘေးရန်ရှင်းကြပါစေလို့ နန်းဆုတောင်းနေပါတယ်....

ဆောင်း said...

ဂျပန်ရောက် မြန်မာတွေအားလုံး အန်တရယ်ကင်းစေဖို့ ဆုတောင်း ပေးနေပါတယ်။
ဂျပန်တွေသနားပါတယ် ငလျှင်ရော ရေဘေးရော မီးဘေး အပြင် နယူးကလီယားဘေးပါ ထပ်ဖြစ်တာ မြန်မြန် အသက်ကယ်သူ တွေ ရောက်ပါစေ။ နာရီ၂၀အတွင်းမှာ စားစရာ တောင်မရှိဘူး ပြောလို့  စိတ်မကောင်းဘူး

Anonymous said...

အားလုံးဘေးကင်းကြပါစေ။ နောက်ထပ်ငလျင်လည်းမလာပါစေနဲ့ တော့ လို့ ဆုတောင်းပါတယ်။
ဂျပန်နိုင်ငံကလူတွေအားလုံးအတွက်ဆုတောင်းပါတယ်။
၈ျပန်လူမျိုးတွေရဲ့ စိတ်ဓါတ်ကိုလေးစားပါတယ်။
ဗဟုသုတသာရှိခဲ့ရင် နယူးကလီးယားပလန့် ပြသနာကို
ဖြေရှင်းပေးနိုင်တဲ့သူဖြစ်ချင်လိုက်တာ။
ငလျင်ပြီးတော့ ဆူနာမီ ပြီးတော့ တခါ နယူးကလီးယားပလန့် ပြသနာ။
တော်လောက်ပါပီ။ အားလုံးကိုရပ်တန့် ပေးတော်မူပါလို့  ရှိသမျှဘုရားတွေမှာဆုတောင်းပေးပါတယ်။
ဂျပန်ဟာတခြားတိုင်းပြည်တွေနဲ့ မတူပါဘူး။
အမြန်ဆုံးဘေးရှင်းပီး အရင်အခြေအနေပြန်ရောက်ပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မရေ... ဘယ်လောက် နေရေးထိုင်ရေး အဆင်မပြေဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့တင် အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ အစ်မတို့ မိသားစုနဲ့အတူ တခြားသောသူတွေလည်း ဘေးကင်းရန်ကင်းနဲ့ အမြန်ဆုံး ပြန်အဆင်ပြေပါစေလို့ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်။

သေနိုင်တယ်မှန်းသိရက်နဲ့ အလုပ်တာဝန်ကို ဆက်ထမ်းကြတဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးလို့ မဆုံးပါဘူး။

ညီမလည်း ဒီအဖြစ်တွေကို ဖတ်ရပြီး မြန်မာနိုင်ငံမှာ အဏုမြူနဲ့ ပတ်သက်တာတွေ လုပ်မှာကို ပိုစိုးရိမ်နေမိပါတယ်...

အစ်မတို့ မိသားစု ကျန်းမာအဆင်ပြေကြပါစေ...

မေတ္တာပို့လျက်
ညီမ ရွှေပြည်သူ