March 6, 2011

ပညာပေးဘို့လိုတာလား ပညာယူဘို့လိုတာလား


ကျွန်မလွန်ခဲ့တဲ့၁၅နှစ်ဝန်းကျင်လောက်က ဂျပန်ဧည့်သည်တွေနဲ့ ကလောမြို့ကိုရောက်သွားတော့  ငါးရက်တစ်ဈေးနေ့ကြုံတာနဲ့ ဈေးရှိတဲ့ဘက်ကိုမနက်ခင်းလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။





တောင်ပေါ်သားတို့ ရိုးရာဓလေ့ဝတ်စားဆင်ယင်ပုံတွေ ဒေသထွက်ပစ္စည်းတွေ စားသောက်ဖွယ်ရာတွေရဲ့ စားချင်စဖွယ်သင်းရနံ့တွေနဲ့ ပတ်ဝန်းကျင် တောတောင်သဘာဝတွေဟာ လိုက်ဘက်ညီလွန်းလှလို့ ကျွန်မလို မြန်မာလူမျိုးတစ်ယောက် အတွက်တောင် စွဲမက်စရာ ဒေသတစ်ခုပါ။ အတူသွားတဲ့ ဂျပန်တွေကတော့ အခုမှဒီလိုနေရာရောက်ဘူးတဲ့ကြတာဆိုတော့ သူတို့အပြောအရ လွမ်းဆွတ်ဖွယ် ရိုးသားမှုထုံလွှမ်းတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုပါပဲတဲ့။


ဒီလိုနဲ့ ကျွန်မတို့အုပ်စုလည်း တရွေ့ရွေ့နဲ့ ဈေးလေးထဲမှာလျှောက်လိုက်ငေးလိုက်၊စကားပြောလိုက် ဓါတ်ပုံတွေရိုက်လိုက်နဲ့ပေါ့။ဈေးလမ်းဒေါင့်က ကွမ်းယာဆိုင်လေးတစ်ဆိုင်မှာတော့ လူတွေရုံးစုရုံးစုနဲ့ စည်ကားနေတာတွေ့ရပါတယ်။ ရန်ဖြစ်တာရယ်လည်းမဟုတ်ပေမယ့် ဈေးရောင်းသူ(အသက်၂၀ ၀န်းကျင်အမျိုးသား)နဲ့ ဈေးဝယ်သူ(အသက် ၃၀ ၀န်းကျင်လင်မယား)တို့ အခြေအတင်ပြောတာကို ဘေးကရပ်နားထောင်သူတွေ နဲ့မို့ စိတ်ဝင်စားစရာမြင်ကွင်းပါပဲ။ 

အတူပါတဲ့ ဂျပန်တွေလည်း သိချင်လာပုံရပါတယ်။ကျွန်မမျက်နှာကိုကြည့်လိုက် လူစုလူဝေးကိုကြည့်လိုက်နဲ့လုပ်တာနဲ့ ကျွန်မလည်း ဈေးဆိုင်နားကိုသွားရပ်နားထောင်မိပါတယ်။ ခဏရပ်နားထောင်တော့ သူတို့က အကြောင်းအရာတစ်ခုကိုပဲ ထပ်ခါတလည်းပြောဆိုနေတာကို အခုလိုကြားရပါတယ်။ သူတို့ပြောတာကို အတိုချုပ်နဲ့ ပြန်ပြောရရင်တော့…………

ဈေးဝယ်သူအမျိုးသား။   ။ “ခင်ဗျားဆေး လုံးဝမကောင်းဘူး အလကား ညာရောင်းတာပေါ့”
ဈေးရောင်းသူ။ ။“ မြို့ကဆေးဆိုင်က လာသွင်းတာ။ ညာရောင်းတာမဟုတ်ဘူးလေဗျာ”
ဈေးဝယ်သူ အမျိုးသား။ ။ “ဆေးက အတုဖြစ်နေသလားမှ မသိတာ”
ဈေးရောင်းသူ။ ။ “သူများသောက်တဲ့သူတွေ လာမပြောပါဘူးဗျာ”
ဈေးဝယ်သူအမျိုးသား။ ။ “သူတို့က ဆေးမှန်မှန်မသောက်ဘူးလေ။ ငါက ဆေးမှန်မှန်သောက်တယ်”



ဒါနဲ့ ဘာဆေးလည်းဆိုတာသိချင်လို့ ကျွန်မဘေးကရပ်ကြည့်သူတွေထဲက ဦးလေးကြီးတစ်ယောက်ကိုမေးတော့ ဦးလေးကြီးက ခေါင်းရမ်းတယ်။ ဦးလေးကြီးအနားက အဒေါ်ကြီးက ကျွန်မနားကိုကပ်ပြီး  “ တားဆေး”တဲ့။ ဂျပန်တွေကလည်း ကျွန်မနားကို ခေါင်းလေးတွေကပ်လို့ ဘာပြောနေကြတာလဲ ဆိုပြီး မေးကြပါတယ်။ ကျွန်မက လည်းဘာသာပြန်ပေါ့။ အဲဒီအချိန်မှာ ခုနက သူတို့ရဲ့ ထပ်ခါတလည်းပြောနေတဲ့ အခြေအတင်စကားက နေပြီး အကြောင်းအရာပြောင်းလာပါတယ်။
အနားက ရပ်ကြည့်သူထဲက အမျိုးသားတစ်ယောက်က ၀င်ပြောတာပါ။

ရပ်ကြည့်သူ။ ။ “ ဆေးကိုဘယ်လိုမှန်မှန်သောက်လဲ”
ဈေးဝယ်သူအမျိုးသား။ ။“(ဈေးရောင်းသူကိုကြည့်ပြီး) သူရှင်းပြလိုက်တဲ့အတိုင်းသေချာသောက် တယ်လေ”
ရပ်ကြည့်သူ။ ။“ (ဈေးဝယ်သူအမျိုးသားနဲ့ ပါလာတဲ့ အမျိုးသမီးကို ကြည့်ပြီး) ညီမ သေချာသောက်ခဲ့သလား”
ဈေးဝယ်သူ အမျိုးသမီး။ ။ ကျွန်မမသောက်ပါဘူး။ (ခင်ပွန်းဖြစ်သူကိုကြည့်၍)သူ သေချာသောက်ပါတယ်။ ကျွန်မကိုယ်တိုင် သူ့ကိုတိုက်တာ။ဒါပေမယ့် ကျွန်မအခု ကိုယ်ဝန်ရှိနေပြီရှင့်။

ကျွန်မနဲ့ အတူ ရပ်ကြည့်နားထောင်သူတွေထဲက လူတချို့ကတော့ သဘောပေါက်သွားပြီး ဈေးဆက်ဝယ်ကြဘို့ လူအုပ်ကနေခွါထွက်လာကြပါတယ်။ ကျွန်မက လူအုပ်ကနေခွါထွက်လာတော့ အတူသွားတဲ့ ဂျပန်တွေလည်း ကျွန်မနောက်ကို ချက်ချင်းလိုက်လာကြပါတယ်။ နောက်ဆက်ပြောတာဘာလဲဆိုတာ ကို ၀ိုင်းမေးကြပါတယ်။ ကျွန်မက ဘာသာပြန်ပြတော့ သူတို့အားလုံး အံ့သြတဲ့မျက်နှာနဲ့ “ ဟယ်… အဲဒီလိုဖြစ်တာကိုး” ဆိုပြီး ပြောလိုက် ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက် ကျန်ခဲ့တဲ့ ဈေးဆိုင်လေးနဲ့ လူအုပ်စုကို လှည့်ကြည့်လှည့်ကြည့်နဲ့ပေါ့။အဲဒီနေ့ ညစာထမင်းဝိုင်းမှာ သူတို့တွေက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာပြည်မှာပညာပေးလုပ်ငန်းအကြောင်းတွေ ဘယ်လိုလုပ်သလဲ ဆိုတာ ကို ဆွေးနွေးခဲ့ကြပါတယ်။ 


ဂျပန်ဧည့်သည်တွေနဲ့ ပုဂံမိတ္တီလာဒေသဘက်တွေကို ခရီးထွက်ခဲ့တဲ့ ကျန်ခဲ့တဲ့၁၀နှစ်လောက်မှာတော့ အညာဒေသရွာလေးတစ်ရွာဘက်ကို ရောက်သွားခဲ့ရဘူးပါတယ်။ ရွာထဲလမ်းလျှောက်သွားတဲ့အချိန်မှာ ရွာရဲ့မြေနီလမ်းလေးတွေ ခြံစည်းရိုးရှင်းရှင်းလေးတွေ သစ်အိမ်ဝါးအိမ်ကျူထရံအိမ်လေးတွေနဲ့ ခလေးလေးတွေ ခွေးလေးတွေကလည်း လမ်းပေါ်မှာ ခြံဝင်းမှာ ဆော့ကစားနေကြပါတယ်။ 

ကြည်လင်ဝင်းပတဲ့ နေရောင်ခြည်နဲ့ ရှင်းလင်းနေတဲ့ မြေလမ်း၊ စည်းရိုး၊ အိမ်ခြေလေးတွေဟာ တကယ့်ကို စွဲမက်စရာ မြင်ကွင်းပါ။ ဂျပန်ဧည့်သည်တွေကလည်း ဓါတ်ပုံတဖြတ်ဖြတ်နဲ့ ပေါ့ ။ တစ်နေရာအရောက်မှာတော့ ပါလာတဲ့ ဂျပန် ဧည့်သည်ယောက်ျားတစ်ယောက်က ကျွန်မနားကို လာပြီး “ ဟိုခြံစည်းရိုးကို ကြည့်စမ်းပါဦး မထူးဆန်းဘူးလား” တဲ့ ။ ကျွန်မက ကြည့်ပြီး “ ဘာမှလည်း မထူးပါဘူး” ပေါ့။ သူက ခြံဘေးက တိုင်လေးတွေကိုလက်နဲ့ ညွှန်ပြပြီး “အဲဒါတဲ့” ကျွန်မကလည်း ခြံနားကပ်သွားပြီး ကြည့်တာပေါ့။ ခြံတိုင်ဝါးတိုင်လေးတွေမှာ အစွပ်ကလေးတွေနဲ့လေးငါးဆယ်ခုတန်းစီလို့။ 

ဒီအချိန်မှာ အိမ်ရှေ့ကပြင်လေးမှာထိုင်ပြီး ခလေးနို့တိုက်နေတဲ့ အမျိုးသမီးကကျွန်မကို လှမ်းပြောလိုက်တာက
“ ဆရာမရေ အဲဒါ၊ သားဆက်ခြားလုပ်ထားတာ”
ကျွန်မ။ ။  “ ဘယ်လို လုပ်တာလဲ အစ်မ”
ခလေးမိခင်။ ။ “သင်တန်းပေးတယ် ဆရာမရဲ့၊ သင်တန်းမှာ အဲဒီဘောလုံးလေးတွေကို (ကန်တော့ပါရဲ့) မအိပ်ခင် အဲဒီလို စွပ်ရမယ်ဆိုပြီး သင်ပေးလိုက်တယ်လေ”
ကျွန်မ။ ။ “ ခြံစည်းရိုးမှာ အဲလိုစွပ်ရတယ်တဲ့လား”
ခလေးမိခင်။ ။ “ ဟုတ်တယ် ဆရာမ။ သင်တန်းပေးတဲ့ သူကြီးအိမ်ခြံတိုင်မှာ ဆရာက ဟောဒီလိုစွပ်ရတယ် လို့လုပ်ပြတယ်လေ”
ကျွန်မ။ ။ “ အော်….”
ခလေးမိခင်။  ။ “ ခုထိတော့ နောက်ထပ်မရသေးဘူး၊ ကျွန်မတို့လည်း ပြောတဲ့အတိုင်းလိုက်နာပါတယ်”


ဘေးမှာ ငြိမ်ရပ်နေတဲ့ ဂျပန်ဧည့်သည်ရဲ့မျက်နှာကို မကြည့်ပဲ ကျွန်မလည်း ဘယ်လိုကနေစပြီး ဘယ်လိုပြောရမလဲဆိုတာရယ်၊ ဒီကိစ္စက ဘာသာပြန်စရာလိုမလို၊ ကျွန်မအနေနဲ့ ဒါကို ဒီအတိုင်းပဲဒီနေရာလေးမှာပဲ ပြီးခဲ့ရမှာလား၊ ခလေးအမေကို တစ်ခုခုပြောသင့်သလား ဆိုတဲ့  ခေါင်းထဲမှာတပြိုင်တည်းပေါ်လာတဲ့ အတွေးတွေနဲ့ ယောက်ယက်ခတ်ခဲ့ရဘူးပါတယ်။

ဒီလိုအတွေ့အကြုံတွေ၊ ဒေသစုံလူမျိုးစုံတွေနဲ့ ပတ်သက်ခဲ့ရဘူးတော့ ကျွန်မမှာ ထိုက်သင့်တဲ့ ဗဟုသုတတွေရှိတယ်လို့တော့ ကိုယ့်ကိုကိုယ် ထင်နေမိခဲ့ပါတယ်။

ဂျပန်ရောက်လာပြီး ကျောင်းသူဘ၀။ လွန်ခဲ့တဲ့ ၇နှစ်ကျော်လောာက်ကပေါ့။ အဆောင်မှာ ကျွန်မတို့နိုင်ငံခြားကျောင်းသားကျောင်းသူတွေ ခင်ရာမင်ရာစုပြီး ပါတီလေးလုပ်ဘို့ စီစဉ်ကြပါတယ်။ ကျွန်မရယ် တရုတ်လူမျိုးသူငယ်ချင်းမရယ် ထိုင်ဝမ်သားသူငယ်ချင်းယောက်ျားလေးရယ် အမေရိကန်သားသူငယ်ချင်းယောက်ျားလေးရယ် လေးယောက်က ပါတီမှာအားလုံးအပျော်မဲနှိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်ဘို့တာဝန်ကျပါတယ်။ ပိုက်ဆံသက်သက်သာသာရှိပြီး ပစ္စည်းစုံတဲ့ ယန်း၁၀၀ဆိုင်ကို ၀င်မွှေကြတာပေါ့။ ဆိုင်ထဲဝင်ပြီး မိန်းခလေးနှစ်ယောက်က တစ်တွဲ ၊ယောက်ျားလေးနှစ်ယောက်က တစ်တွဲ သပ်သပ်စီဖြစ်သွားကြပါတယ်။ပစ္စည်းတွေကိုပဲ အာရုံစိုက်ရွေးလိုက်ကြတာ ဘယ်ကောင်တာဝင်နေပြီလဲဆိုတာခေါင်းမော့ မကြည့်ဖြစ်ကြတဲ့ အထိပါ။ ကျွန်မက မျက်စိရှေ့မှာရေးထားတဲ့ စာတန်းလေးတွေဖတ်ပြီး စိတ်ဝင်စားသွားပါတယ်။ စာလုံးကြီးတွေနဲ့ ရေးထားတဲ့ စာတန်းလေးတွေက

“ပန်းသီးရနံ့”
“ စတောဗယ်ရီရနံ့သင်းပျံ့စေမယ်”
“မှောင်မဲနေလည်း တလက်လက်နဲ့ လင်းစေမယ်”
ကျွန်မ။ “စိတ်ဝင်စားစရာပဲနော်”
သူငယ်ချင်းတရုတ်မ။ ။ “ယူပြီးသေချာ ဖတ်ကြည့်ကြမယ်လေ”
ကျွန်မတို့ အဲလိုပြောဆိုနေကြတာကို ကြားတဲ့ ဘေးက ယော်ကျားလေး ဈေးဝယ်သူတွေရှဲသွားကြသလိုမျိုးကိုတော့ မသိစိတ်ထဲက ရိပ်မိလိုက်ပါတယ်။
အချိန်ကိုက်အနားကိုရောက်လာသူနှစ်ယောက်ကတော့ သူငယ်ချင်းယောက်ျားလေးနှစ်ယောက်ပါ။ သူတို့က ကျွန်မတို့နှစ်ယောက်ကို မျက်လုံးပြူးကြည့်ပြီး အသံတိုးတိုးနဲ့
“ ဘာလုပ်နေတာလဲ ဒီနေရာမှာ” “ ဘာလို့သေချာကြည့်နေတာလဲ”
ကျွန်မတို့ သူတို့ကိုမော့ကြည့်ရင်းရောက်နေတဲ့ ကောင်တာနဲ့ ပစ္စည်းတွေကို သဘောပေါက်ပြီး
“ အယ် ဘာရယ်လို့မဟုတ်ပါဘူး”

ပြောင်းလဲနေတဲ့ ခေတ်တွေနဲ့ တခါတလေ ကိုယ်သိထားတယ်ထင်တဲ့ အကြောင်းအရာတွေတောင် မသိဘူးဖြစ်နေပြန်ပါရောလားဆိုတဲ့ အတွေးနဲ့ အတူ ကလောမြို့နဲ့ ပုဂံဒေသက ရိုးသားသူလူထုကို ချက်ချင်းမြင်ယောင်မိပါတယ်။

အခုခေတ်မှာတော့ တချို့တချို့တွေက ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ ရေးကြပြောကြတာတွေ အင်တာနက်ပေါ်မှာ တွေ့လာရပါတယ်။   အပြင်လောက လက်တွေ့ဖြစ်နေတာနဲ့ အတူ ပညာပေးလုပ်ငန်းတွေ အရေးကြီးလိုက်တာလို့ ကျွန်မကိုယ်တိုင်ကလည်း အဲဒီအတိုင်းပဲထင်နေမိခဲ့တယ်။ သို့သော်လည်း ပစ္စည်းဆန်းလေးတွေကို စိတ်ဝင်စားပြီး ကိုယ်တိုင်ကြုံခဲူ့းတဲ့ ဈေးဝယ်ရာက ရခဲ့တဲ့ ပညာလေးနဲ့ သတိတရရှိခဲ့မိတာကတော့ တခါတရံမှာ ရိုးသားပြီး မသိသေးတာလေးတွေက ချစ်စရာကောင်းသလို အန္တရယ်လည်းများလှပါကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်ရှင်။ 

ဓါတ်ပုံများကို google မှကူးယူပါတယ်။


7 comments:

ညီလင်းသစ် said...

အဲဒီ 'ပူဖောင်း' လေးတွေ တိုင်မှာစွပ်တဲ့ အကြောင်း တခါက ကြားဖူးတယ်၊ ဟုတ်ပါ့မလားလို့ စဉ်းစားနေတာ၊ အခု မ,ကောင်းမွန်ဝင်းလည်း ပြောတယ် ဆိုတော့...၊ :)

ပြောင်းလဲ တိုးတက်တာ မြန်ဆန်လွန်းတဲ့ ဒီခေတ်ကြီး ထဲမှာတော့ တချိန်လုံး လေ့လာ သင်ယူနေရမှာပဲ ထင်ပါရဲ့ဗျာ....။

ကိုကိုမောင်(ပန်းရနံ့) said...

အမ ကောင်းမွန်ဝင်း...
လောကကြီးမှာ သူကြီးမင်း မသိသေးတာ အများကြီး ရှိသေးပါလား။ စာများများဖတ်ဦးမှဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ရိုးသားတာ ကောင်းပေမဲ့ ရိုးအလွန်းတာကျတော့ မကောင်းပြန်ဘူးနော်
ဒီလိုလူတွေ တကယ်ရှိတာ ထူးဆန်းအံ့သြရတယ်
ဘာလို့များ ဒီလောက် ရိုးနေကြပါလိမ့်... ရယ်လဲရယ်ဖို့ကောင်း သနားဖို့လည်း ကောင်းသေးတော့တယ်

ခွန် said...

ဒုတိယအကြောင်းအရာကိုတော့ ခွန်လည်း ဖတ်ဖူးတယ်။
ရယ်လည်းရယ်ရတယ် အားလုံးက ရိုးသားလွန်းကြတယ်နော်...

Anonymous said...

သင်တန်းပေးတယ်ဆိုပြီး ထိရောက်အောင်မှ မပေးတာကိုးနော်

စူးနွယ်လေး

seesein said...

ကောင်းကောင်း
ပညာပေးဖို့ ပညာယူဖို့ အကုန်လိုတယ်ဗျို့

ခင်မင်တဲ့
seesein

ကျော်နှင်းဆီလွင် said...

မရေ
လာဖတ်သွားပါတယ်
ဒီလိုပညာပေးဆောင်းပါးတွေအများကြီးရှိသင့်တယ်နော်