March 24, 2011

ဂျပန်မှာ ငလျင်ထူတယ်


သတင်းတွေကနေ ဟင်းသီးဟင်းရွက်နဲ့ ရေထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်တွေ့ရှိရကြောင်းသိရပါတယ်။ သို့သော်လည်း ကျမ္မာရေးထိခိုက်နိုင်တဲ့ အဆင့် မဟုတ်ဘူးလို့ဆိုပါတယ်။ 
မစိုးရိမ်ရဘူးဆိုသော်လည်း ခလေးတွေကို ရေသန့်ပုလင်းသာပေးသောက်နေကြတယ်


အခုလက်ရှိ တိုကျိုနဲ့အနီးတ၀ိုက်မှာနေတဲ့ ကျွန်မအပါအ၀င် ပတ်ဝန်းကျင်က မြန်မာနဲ့ နိုင်ငံခြားသားအများစုကတော့ ရေဒီယိုသတ္တိကြွှဓါတ်ရောင်ခြည်၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေထက် ငလျင်ကိုပိုကြောက်ကြပါတယ်။

ဘာကြောင့်လည်းဆိုတော့ တိုးကိုင်း ဂျိရှင်း
 လို့ခေါ်တဲ့ ငလျင်ကြီးဟာ လှုပ်တော့မယ်လို့ ကြိုတင်တွက်ဆမှုများ၊ ကာကွယ်မှုများလုပ်ကြတဲ့ အပြင် အဲဒီငလျင်ကြီးလှုပ်ရင် ဘယ်လိုပြဿနာတွေပေါ်ပေါက်နိုင်တယ်ဆိုတဲ့ နမူနာဖြစ်ရပ်ရုပ်ရှင်တွေကိုလည်း ခဏခဏပြထားလို့ပါ။

ဂျပန်နိုင်ငံရဲ့ ဒေသအလိုက်ငလျင်လှုပ်ခတ်မှု မှတ်တမ်းများအရ နှစ်၁၀၀သို့ ၁၅၀ တစ်ကြိမ်ဖြစ်ပေါ်နေကျ တိုးကိုင်းငလျင်ဟာ ၁၈၅၄ခုနှစ်လှုပ်ခတ်ပြိးကတည်းက အခုဆိုရင် နှစ်ပေါင်း ၁၅၇နှစ်အတွင်း ရောက်လာတဲ့ အထိ နောက်ထပ်မလှုပ်သေးတာကြောင့် လူတော်တော်များများက ကြောက်နေကြတာဖြစ်ပါတယ်။

တကယ်ကတော့ ကြောက်စရာကောင်းတာ “တိုးကိုင်း ဂျိရှင်း” တစ်ခုတည်းရှိတာမဟုတ်ပါဘူး။  ဂျပန်နိုင်ငံဟာ အများသိတဲ့အတိုင်း ငလျင်နိုင်ငံဖြစ်ပါတယ်။ ဒါကလည်း ဂျပန်နိုင်ငံတည်ရှိရာနေရာမှာ ပထ၀ီဘာသာရပ်ရဲ့  ပလိတ် သီအိုရီ အရ ယူရေးရှားပလိတ် 
မြောက်အမေရိက ပလိတ် ပိစိဖိတ် ပလိတ် ၊  ဖိလစ်ပိုင်ပင်လယ် ပလိတ် လို့ခေါ်တဲ့ ကျောက်ချပ် ၄ခု နဲ့ ထိစပ်နေတဲ့ အတွက်ကြောင့် သူတို့တစ်ခုစီရဲ့ လှု့ပ်ရှားမှု အချင်းချင်းတွန်းတိုက်မှုတို့ဟာ ရံခါမလပ် ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ အထူးသဖြင့် ဆွဲအားအလေးချိန်များတဲ့ ပိစိဖိတ်ပလိတ်နဲ့ ဆွဲအားအလေးချိန်နည်းတဲ့ မြောက်အမေရိက ပလိတ်နှစ်ခုကြားမှာ ထိခိုက်တွန်းတိုက်မှုက တချိန်လုံးနည်းပါးရှိတယ်လို့သိရပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံဟာနေ့တိုင်းနည်းပါး ငလျင် M1/M2တို့လှုတ်နေပြီး ငလျင်သိပ်မလှုပ်တဲ့နေရာဆိုလို့ အိုကီနာဝါ မှာရှိတဲ့  အိုဂါ့စာ့ဝါ့ရာ့ ကျွန်း ရယ်၊ တိုတျိုမြို့ ရယ်လို့ကြားဖူးပါတယ်။
ဂျပန်နိုင်ငံနဲ့ ပလိတ်များဆက်စပ်ပုံ

ကမ္ဘာမှာတော့  ငလျင်အမျးဆုံးဒေသတွေက အင်ဒိုနီးရှားက ဆူမတ်တြားနဲ့ ဂျာဗားကျွန်း၊ ကူရီလ် ကျွန်း (Kurile Islands) ဆော်လမွန်ကျွန်း တ၀ိုက် နဲ့ ဂျပန်နိုင်ငံပါပဲတဲ့။ ငလျင်လှုပ်နိုင်ခြေအနည်းဆုံးနေရာတွေက Scandinavian Peninsula / Australia / the eastern United States /Brazil လို့ဖတ်ဖူးပါတယ်။ သို့သော်လည်း အရပ်ပြောနဲ့ပြောရရင်တော့ ငလျင်အများဆုံးသောနိုင်ငံဆိုရင် ဂျပန်နိုင်ငံကို ပဲ မြင်ယောင်မိကြမှာပါ။ လူဦးရည်ထူထပ်မှု စီးပွးရေးလှုပ်ရှားမှုများအရကြည့်မယ်ဆိုရင် ယေဘူယျအားဖြင့် ဒီလိုပဲပြောရမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံထဲမှာပဲ ငလျင်ပိုလှုပ်နိုင်ခြေများတဲ့ ဒေသတွေကတော့  ဟို့ကိုင်းဒိုးအရပ် ပိစိဖိတ်သမုဒ္ဒရာဘက်ခြမ်း၊ အီဝါ့တဲ့ ခရိုင်၊ မီယာ့ဂိ ခရိုင်၊ အီဇုကျွန်းစု၊ နီအီဂါတာ ခရိုင်၊ နာဂါ့နို ခရိုင်အနောက်ဘက်ခြမ်း နဲ့ ဂိဖု ခရိုင်တွေလို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း ကျန်အပိုင်းများမှာ ငလျင်အလှုပ်နည်းတယ်လို့လည်း ယတိပြတ်ပြောလို့မရလောက်အောင် ဂျပန်နိုင်ငံရဲ့ ငလျင်များမှတ်တမ်း ကိုကြည့်ရင် သိနိုင်ပါတယ်။

အခုလောလောဆယ် တီဗွီမှာ  ကျွန်မအိမ်ရှိတဲ့မြို့ရဲ့ မြေလွှာအရည်ပျော်ခြင်း သတင်းတွေ လာနေလေတော့ အသိမိတ်ဆွေတွေဆီက သတင်းမေးစကားတွေရသလို တိုကျိုမြို့ထဲကို ပြောင်းဘို့လည်း အကြံပေးကြပါတယ်။  သို့သော်လည်း မြစ်ချောင်းများအလွန်များပြားပြီး တိုကျိုပင်လယ်နဲ့ အနီးတ၀ိုက်မှာက ရုံးစိုက်ရာစည်ကားတဲ့ အရပ်တွေဖြစ်တော့ တိုကျိုမြို့ရဲ့ အနောက်မြောက်ဘက်လောက်ကို အိမ်ပြောင်းရမလိုဖြစ်နေပါတယ်။ ကျွန်မရုံးတက်ရတာလည်း ၁နာ၇ီလောက်ရထားစီးရမှာဖြစ်သလို သားလေးကျောင်းကောင်းကောင်းမရမှာလည်း စိတ်ပူမိပါတယ်။
တာကာဒါနော့ ဘာဘာ

မြန်မာလူမျိုးအများစုနေထိုင်တဲ့ တိုကိုမြို့ တကာဒါနော့ ဘာဘာ အရပ်ကတော့ မြေပြင်အမြင့်မှာ တည်ရှိပါတယ်။ ဒါပေမယ့် နံမည်ကျော် ၀ါဆဲဒါ့ တက္ကသိုလ်ရှိပြီး  ရထားလိုင်း၃လိုင်း ဆုံတဲ့ အတွက်ကြောင့် လူနေအိမ်တိုက်တာ တွေနဲ့ ကြပ်ပြည့်နေပါတယ်။
ပြီးခဲ့တဲ့အပါတ်က ပိတ်ရက်မှာ တကယ်လည်း အိမ်ရှာထွက်ခဲ့ပါတယ်။  အခုနေတဲ့ အိမ်လခ ထက်ကြီးတာတောင် အိမ်တွေက မကောင်းပါဘူး ။ အခန်းများများနဲ့ လူတင်မယ်ဆိုပြီးငှားမယ်ဆိုလည်း ဒီ၇က်ပိုင်းမှာ မြန်မာပြည်အပြီးပြန်ကြတဲ့ သူတွေရှိသလို နောင်ကို ဂျပန်လာမယ့်သူတွေကလည်း နည်းသွားမလားဆိုပြီး အဲဒီစီးပွါးရေးကိုလည်း မလုပ်ရဲပါဘူး။
အူရာ့ယာ့စုမြို့

ကျွန်မသဘောကတော့ ကြောက်ပေမယ့် ဒီရပ်ကွက်ကမပြောင်းချင်ပါဘူး။ မြို့အကွက်အကွင်းလှပြီး၊ မြို့ရဲ့ အုပ်ချုပ်ရေးစံနစ်၊ အထောက်အပံ့၊ သားရဲ့သူပျော်နေပြီဖြစ်တဲ့ ကျောင်း ၊ ဆေးရုံကောင်း တွေရှိနေလို့ပါပဲ။  နေရတဲ့ အိမ်ကလည်း ကျွန်မစိတ်ကြိုက်ဖြစ်နေတာလည်းပါပါတယ်။

အထက်မှာအထောက်အထား အကိုးအကားများစွာသုံးခဲ့သလို ဂျပန်ကလည်း ငလျင်လွတ်တဲ့နေရာကမရှိ။
ဒါတောင် မီးတောင်တွေ အကြောင်းမပါသေးဘူး။

ရန်ကုန်မှာမွေးရန်ကုန်မှာကြီးတဲ့ ကျွန်မက အိမ်ဆိုရင် ၃ထပ်ထက် မြင့်တဲ့အခန်းမှာမနေချင်ပါ။ ဘိုကလေးမှာမွေးပြီး ပုသိမ်မှာကြီးတဲ့ ကျွန်မယောက်ျားက အထပ်မြင့်တဲ့တိုက်ခန်းတွေကို ကြိုက်တယ်။ 
ဒီပို့စ်လေးကို ငလျင်ထူတဲ့ ဂျပန်ကရေးနေတာဖြစ်ပါတယ်။

 ဓါတ်ပုံတွေကိုအင်တာနက်က ကူးယူပါတယ်။

11 comments:

ညီလင်းသစ် said...

မကောင်းမွန်ဝင်းရေ.. ဒီပို့စ်လေးအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ငလျင်နဲ့ ပလိတ်တွေအကြောင်း သိချင်နေတာ အခုတော့ တစွန်းတစ သိခွင့်ရလိုက်လို့၊ ပြီးခဲ့တဲ့ မတ် ၁၁ ရက်ငလျင်ကို တိုးကိုင်းငလျင်လို့ မသတ်မှတ်ကြဘူးလား? ငလျင်ထူတဲ့ ဂျပန်ကနေ ရေးတဲ့ ငလျင်အကြောင်း ပို့စ်လေးဖတ်ရတာ စိတ်ထဲမှာ တကယ်ပဲ လှုပ်ခတ်ရတယ်၊ ဘေးရန်ကင်းပြီး အစစ အဆင်ပြေပါစေဗျာ....။

SHWE ZIN U said...

ညီမ ရေ

သိခွင့်ရတာတွေ အတွက် ကျေးဇူးပါ

အဆင်ပြေပါစေ

ရွှေစင်ဦး

PhyoPhyo said...

ငလျင်အကြောင်းတွေ စိတ်ဝင်စားလို့ ဗဟုသုတမျှဝေလို့ ကျေးဇူးတင်ပါတယ်၊ တိုကိုင်းငလျင်တောင် သွားဖတ်လိုက်ဦးမယ်၊
အဲဒါကို မသိသေးဘူး၊ ပလိတ်တွေအကြောင်း ပုံလေးတွေ့လိုက်လို့ စိတ်ဝင်စားသွားတယ်
မိသားစုအားလုံး ဘေးရန်ကင်းရှင်းကြပါစေ
ဆုတောင်းပေးလျှက်ပါ။

seesein said...

ကောင်းကောင်းရေ
တလှုတ်လှုတ်နဲ့ ကွန်ရှေ့ ငုတ်တုတ် လှုတ်တုတ် နဲ့ ရိုက်ပြီးတင်ပေးနေတာကို တလှုတ်လှုတ်နဲ့ ဖတ်သွားပါတယ် အစစအရာရာ အဆင်ပြေပါစေ သားသားလေးလဲ ကျောင်းကောင်းကောင်းနေရပါစေ

ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းရေ
ငလျှင်အကြောင်းဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ်နော်... ငလျှင်ပြင်းပြင်းဆိုလို့ ထိုင်းနဲ့ အင်ဒိုနီးရှားကို ဆူနာမီဖြစ်သွားတုန်းက လှုပ်လိုက်တဲ့ ငလျှင်ကိုဘဲ ကြုံဖူးသေးတယ်.. အဲချိန် ရန်ကုန်မှာ ရောက်နေတုန်းပေါ့။ ကုတင်တွေ လှုပ်ရမ်းနေတာ ပြန်တွေးတိုင်းလန့်နေတယ်.. ခုလိုမျိုး မကောင်းမွန်ဝင်းကြုံသလိုသာဆို ဘယ်လိုနေမယ်မသိနော်။
ပလိပ်ချပ်တွေအကြောင်း ဗဟုသုတ သိရလို့ ကျေးဇူးတင်ပါတယ်.. အစ်မတို့မိသားစုလည်း အစစအရာရာ အဆင်ပြေ ဘေးကင်းပါစေနော်

Shinlay said...

ငလျှင်တွေအကြောင်းဖတ်သွားပါတယ်။
အစစအဆင်ပြေပါစေ။

Anonymous said...

ပုံလေးနဲ့ ရှင်းပြထားလို့အလွယ်တကူ သိလိုက်ရတယ်
ကျေးဇူး။
သတိထားနေပါနော်

စူးနွယ်လေး

PAUK said...

ချစ်သော..
မကောင်းမွန်ဝင်းရေ..
ပတ်ဝန်းကျင်သစ်တခုကိုပြောင်းဖို့ရာတော့ မလွယ်ပါဘူး။
ဒါပေမဲ့..
အရာရာအဆင်ပြေပါစေ..။


ချစ်သော..
ပေါက်

makhaing said...

ညီမရေ..

အပြေးအလွားရောက်လာသည်..။

မပြီးနိုင်သေးတဲ့ ဒုက္ခတွေ တခုပြီးတခုကြုံရသူတို့.. ငြိမ်သက်တဲ့ အခြေအနေတခုကို အမြန်ဆုံးရောက်ကြပါစေလို့ ဆုတောင်းနေတယ်..။

မဗေဒါ (၈၈)

rose of sharon said...

ဘေးအန္တရယ်များမှ ကင်းဝေးပါစေ... အစစအရာရာအဆင်ပြေပါစေလို့ ဆုတောင်းပေးသွားပါတယ်...

သူကြီးမင်း (တုံးဖလား) said...

အမ

အော်... အဲဒီလို ပလိတ်တွေကြောင့်ကိုး။
ဂျပန်က ပလိတ်၊ ဟို နိုင်ငံက ပလိပ်။
ပလိတ်တွေရှိရင် လှုပ်မှာပါဘဲလေ။

မအားတဲ့ကြားထဲ (ငလျင်ကြားထဲ)အခုလို ဗဟုသုတလေးတွေ မျှဝေပေးတာ ကျေးဇူးနော် အမ။
ဒါပေမဲ့ အစစအရာရာ သတိနှင့်ယှဉ်ပြီး နေထိုင်ဦး။ အမ ပြောသလိုဘဲ ငလျင်အများဆုံးနိုင်ငံဆို ကျနော်လဲ ဂျပန်ဘဲ မြင်ယောင်နေမိတယ်။

ဘေးကင်းရန်ကွာ အေးချမ်းပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)