December 15, 2009

အန္တရာယ်ကင်း လိမ္မော်သီး တုတ်ထိုး မီးဖုတ်

လိမ္မော်သီးကို  တုတ်နဲ့ထိုးပြီး မီးဖုတ်စားရတဲ့အကြောင်းက “ အန္တရာယ်ကင်း” အတွက် ပါတဲ့။
ဂျပန်နိုင်ငံ ခါဂါ့ဝါခရိုင် မှာရှိတဲ့ “ရှိရိုတိုရိ ဂျင်းဂျ ”လို့ ခေါ်တဲ့ ဘုရားကျောင်းမှာ ဆိုရင် ဒီဇင်ဘာလ ရောက်ရင် လိမ္မော်သီး မီးဖုတ်ပွဲ ကို ကျင်းပလေ့ရှိကြပါတယ်။ တစ်နှစ်ကုန်လို့ ဘုရားစင်ရှင်းလင်းတဲ့ အခါမှာ ထွက်လာတဲ့ ပိုက်ဆံစက္ကူအဟောင်းတို့ အပ်ချည်တို့လိုပစ္စည်းတွေကို အချင်း၂မီတာလောက်ရှိတဲ့ ကျင်းကိုတူးပြီး အဲဒီထဲ ထဲ့ပြီးမီးရှို့ပါတယ်။ ဘုရားစင်ကရတဲ့ အမှိုက်တွေကို ရှင်းလင်းမီးရှို့တဲ့ မီးနဲ့ ဖုတ်တဲ့ လမ္မော်သီး တွေကိုစားရင် နောက်လာမယ့်နှစ်သစ်မှာ ကျန်းမာပြီး ရောဂါကင်းရှင်းတယ် ဆိုတဲ့ အယူအဆနဲက ရိုးရာထုံးတမ်းစဉ်လာ အရ ကျင်းပကြပါတယ်တဲ့။ ဒီနှစ်မှာလည်း လူ ၃၀၀၀လောက်  ဒီပွဲကို လာရောက်သွားကြတယ်လို့ သိရပါတယ်။ အနီးဒေသက ဘုရားဖူးလာသူတွေက ဘုရားကျောင်းအ၀င်က ဆိုင်တွေမှာ ၈လုံးတစ်ချောင်းသီထားတဲ့ လိမ္မော်သီး တုတ်ထိုးတွေကို ၀ယ်၊ ဘုရားဝတ်ပြု၊ ကျင်းထဲမှာ မတူးအောင်ကင် ၊ အရောင်ကောင်းကောင်းတက်လာပြီဆိုတာနဲ့ အိမ်ကိုအမြန်ပြန်ပြီး မိသားစုနဲ့အတူ ဆုတောင်းရင်း လိမ္မော်သီးမီးဖုတ်ကို အတူစားကြပါတယ်တဲ့။
ကျွန်မတို့ မြန်မာပြည်မှာ လိမ္မော်သီးဆိုရင် အအေးအနေနဲ့ပဲ စားတယ်လို့ သဘောပေါက်ထားပါတယ်။ မသကာ မီးနဲ့အပူပေးတယ်ပဲထားအုန်းတော့  လိမ္မော်ယို၊ ကျောက်ကျော၊ ကိတ်မုန့်တို့ ထဲမှာ ထဲ့ပြီးစားတာလောက်ပဲလို့ထင်ပါတယ်။ ဒါကြောင့် လိမ္မော်သီးကို အပူအနေနဲ့ စားရသောက်ရတာ ကျွန်မအတွက်ကတော့ ထူးဆန်းနေပါတယ်။ အဲဒီလို ရိုးရာပွဲမှ မဟုတ်ပဲနဲ့  ပုံမှန် အစားအသောက်အနေနဲ လိမ္မော်သီးကို အပူအနေနဲ့စားသုံးကြပါသေးတယ်။ ကျွန်မစားဘူးသောက်ဘူးတဲ့ လိမ္မော်သီးကို အပူပေးစားနည်းကတော့ (သောက်နည်းလို့ပဲပြောရမယ်ထင်ပါရဲ့)  လိမ္မော်သီးပျားရည်ပါ။

အေးတဲ့ ရာသီမှာ ခံတွင်းပျက်၊ ရင်ပြည့်ရင်ကယ်၊ အအေးမိချင်သလိုဖြစ်တဲ့ အခါတွေမှာ သောက်ကြပါတယ်။
လိမ္မော်သီး ညှစ်ထားတာကို အိုးထဲထဲ့ ရေနွေးအနည်းငယ်ထဲ့ ပျားရည် သင့်ရုံ (လိမ္မော်သီး ရဲ့ အချဉ်ဓါတ်ကို လိုက်ပြီး) ထဲ့ပြီး မီးဖိုပေါ်တင်၊ ပွက်စပြုရင် မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါတယ်။

ပျားရည်နဲ့ လိမ္မော်သီးတို့ရဲ့ သင်းပျံ့တဲ့ ရနံ့၊ မချိုမချဉ်နဲ့ အရသာယဉ်ယဉ်ကလေးက ခပ်နွေးနွေးအပူချိန်နဲ့ လည်ချောင်းကိုဖြတ်ပြီး ဗိုက်ထဲကိုဝင်သွားတာ တကယ်ကို ရင်ချောင်ပြီး လန်းဆန်းစေပါတယ်။
ကိုးကား
http://www.shikoku-np.co.jp/kagawa_news/locality/photo.aspx?id=20081209000102&no=1
http://www.shikoku-np.co.jp/kagawa_news/locality/photo.aspx?id=20071208000359&no=1
http://cookpad.com/recipe/315811

4 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..
လိမ္မော်သီး ကို တုတ်နဲ့ထိုးပြီး မီးနဲ့ဖုတ်တာ.. လိမ္မော်သီး မီးဖုတ်မစားရခင် လူပါ မီးဖုတ်ပြီးသား ဖြစ်တော့မယ်။ (ဒုတိယ ဓာတ်ပုံကို သေချာကြည့်ပါလား... ဟို..တစ်ယောက်... ဖုတ်ပြီးသား ဖြစ်တော့မယ် :) ...

အော်.. ကိုယ့်အရပ်..ကိုယ့်ဓလေ့.. ကိုယ့်ယုံကြည်မှုနဲ့ ဆိုတော့ လိမ္မော်သီး မီးဖုတ်ပြီး စားတာ အရသာ တစ်မျိုးတော့ ရှိမယ်ဗျ။ တခါမှတော့ မစားဘူးဘူး။ ဖုတ်စားကြည့်အုံးမယ် (လိမ္မော်သီး :)......

ဒီမှာတော့ တရုပ်တွေ စာရွက်တွေကိုဘဲ မီးရှို့တာ အခန်းတံခါးတွေကို ပိတ်ထားရတယ်။ မီးခိုးတွေ ၀င်လို့လေ။ လိမ္မော်သီးကိုတော့ မဖုတ်ကြပါဘူး။ မီးဖိုနားမှာ ဒီအတိုင်း ထားခဲ့ကြတယ်။
...............
စကားမစပ်... ကျောက္ကာရွာက ယွန်းထည်ပစ္စည်းလေးတွေ ရဲ့ ပုံတွေကတော့ အင်တာနက်မှာ အများသားတွေ့ရတယ်။ copy လုပ်ခွင့် မပေးတဲ့ ဆိုဒ်ကများနေလို့ မတင်ဘဲ ထားခဲ့တာ။..
............

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

win latt said...

တစ်နိုင်ငံတစ်မျိုးစီ တွေ့ရတယ်နော်။ဒီနိုင်ငံမှာလဲ အသက်ကြီးအဖိုးအဖွား အရွယ်တွေ ကျန်းမာရေး ကောင်းအောင်။အသက်ရှည်အောင်ဆိုပြီး အသုဘ အခေါင်းထဲတစ်ယောက်တလဲစီ ဝင်အိပ်ကြတာ တွေ့ ဖူးတယ်ဗျ။ ညဖက်မီးအမှောင်ချ ဖယောင်းတိုင်တွေထွန်း ခေါင်းတလားပတ်ချာလည်မှာ ဝိုင်းထိုင်ကြပြီး တစ်ယောက်တလဲစီဆုတောင်းကြ။ ပြီးတော့ ခေါင်းတလားထဲဝင်အိပပ်ကြနဲ့ တွေ့ဘူးတယ်။
အခုလို ဂျပန်ဗဟုသုတတွေ တစ်လှေကြီးရှိတဲ့ဘလော့ကို လင့်ယူထားလိုက်မယ်နော်။
သုခီအတ္တာနံ ပရိဟရန္တု...

SHWE ZIN U said...

ဟဲ..ဟဲ လိမော်သီး မီးဖုတ်တဲ့ စားကြည့်အုန်းမယ်
လိမော်ရည် နဲ့ ပျားရည် နဲ့ ရောပြီး မီးနဲ့ ကျိုတာတော့ အအေးမိရင် သေချာကို လုပ်စားမယ်
ဗဟုသုတ အတွက်ကျေးဇူး
ဒါပေမဲ့ ကျနော်တို့ ငယ်ငယ်က အညာမှာ မီးလှုံရင် မေမေ က အခြောက်လှန်းထားတဲ့ လိမော်ခွံတွေ မီးထဲကို ထည့်တယ် အနံက မွှေးတယ်
ကောင်းမှာပါ

ရွှေပြည်သူ (ShwePyiThu) said...

အစ်မရေ... ထူးထူးဆန်းဆန်း ဗဟုသုတရစရာတွေ ဖတ်ရပြန်လို့ ကျေးဇူးတင်ပါတယ်း) ညီမက လိမ္မော်သီးသိပ်မကြိုက်ပေမယ့် အစ်မပြောတဲ့ အပူစားနည်း(သောက်နည်း)လေးနဲ့တော့ စားကြည့်ချင်တယ်။ ပျားရည်ပါတယ်ဆိုလို့ (အစ်မကတော့ အချိုကြိုက်ပြန်ပြီလို့ ရယ်မလားမသိဘူးး))