December 25, 2009

နှစ်ဟောင်းက မကောင်းတာတွေကို မေ့ပစ်လို့ ၊ နှစ်သစ်ကို ကြိုကြစို့

နှစ်ဟောင်းမေ့ ပွဲ



ဂျပန်လို “ဘိုးနမ်းကိုင်း ”(忘年会)လို့ခေါ်တဲ့ ပါတီပွဲပါ။ အင်္ဂလိပ်လိုကတော့ Year End Party、Forget Year Party တဲ့။ ဂျပန်ဘာသာကနေ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှစ်ဟောင်းက မကောင်းတာတွေကို မေ့ပစ်တဲ့ပွဲပေါ့။ ခင်ရာမင်ရာသူငယ်ချင်းတွေ၊ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ၊ အလုပ်ဌာနရုံးတွေ၊ ကိုယ့်မိသားစုဝင်တွေ၊ နီးစပ်ရာစုပြီး လုပ်ကြတဲ့ ပါတီပွဲတစ်ခုဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ရိုးရာဓလေ့ အရကျင်းပတဲ့ ပွဲတစ်ပွဲ ပါ။ အားလုံးစုဝေးပြီး ဒီနှစ်မှာ ဘယ်လိုဒုက္ခတွေ၊ အန္တရာယ်တွေကိုတွေ့ကြုံခဲ့ရပေမယ့် အားလုံးရဲ့ မေတ္တာစေတနာနဲ့ နောက်ဆုံးဒီတစ်နှစ်ကို အောင်မြင်စွာဖြတ်သန်းလာနိုင်ခဲ့ပါတယ် ဆိုပြီး စုပေါင်း ကျေးဇူးတင်စကားပြောနှုတ်ဆက်ကြပါတယ်။ အမြဲတွေ့ နေကြ သူတွေထဲမှာလည်း ဒီလိုပွဲမျိုးလုပ်သလို ၊ ကျောင်းတုန်းကသူငယ်ချင်းတွေ။ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေကလည်း ရောက်ရာအရပ်ကနေ အတတ်နိုင်ဆုံးစုဝေးဖြစ်အောင် ဆက်သွယ်ပြီး ဒီပွဲကို လုပ်ကြပါတယ်။ ပိုက်ဆံဝေပုံကြစုထဲ့ပြီး စားကြ၊ သောက်ကြ (မေ့ဘို့ပျောက်ဘို့ သောက်ရတာပေါ့)၊ ရီကြ၊ ပြောကြ၊ ဆိုကြ (သီချင်းဆိုကြ၊ ကာရာအိုကေဆက်သွားကြ)၊ တစ်ချို့ကလည်း ခရစ်ယန်မဟုတ်ပေမယ့် ခရစ်စမတ်လက်ဆောင်တွေကို တစ်ဦးစီအတွက် ကြိုတင်ဝယ်ပြီးပြင်ဆင်လာကြပါတယ်။

ဒီပွဲမှာ တစ်ယောက်တစ်လှည့်စီ စကားပြောကြတဲ့ အခါမှာ၊ ဒီနှစ်ထဲမှာ ဘာတွေဘယ်လိုဖြစ်ခဲ့တာ ဒါပေမယ့် အားလုံးရဲ့ ကျေးဇူးကြောင့် နောက်ဆုံးအခုလို နှစ်ကုန်တဲ့ အထိ ရုန်းကန်းနေနိုင်ခဲ့ရတာပါလို့ ပြောကြလေ့ရှိပါတယ်။ အခုလို ပြောတဲ့ အချိန်မှာ ပြောတဲ့ သူကော၊ နားထောင်တဲ့ သူတွေပါ ၊ တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ကြည်နူးကြပါတယ်။ အဲလိုပြောရင်း ၀မ်းနည်းဝမ်းသာနဲ့ ငိုသူကငို၊ မငိုချင်တဲ့သူက ဘီယာတွေ အရက်တွေ ဖိသောက်၊ ပြီးတော့မူး ၊ သီချင်းတွေဆို၊ ထက တဲ့ သူလည်းရှိပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်စကားပြော လှလှပပလေးသုံးဆောင်။ လက်ဆောင်ပစ္စည်း ထုပ် ကောင်းကောင်းလေးတွေ ဖလှယ်တဲ့ အုပ်စုလည်းရှိပါတယ်။ ပါဝင်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး ပါတီပွဲပုံစံကတော့ နည်းနည်းကွဲပါတယ်။


နှစ်ကုန်ပြီ၊ ဒီဇင်ဘာလ လလယ်ရောက်ပြီဆိုတာနဲ့ အပါတ်တိုင်းလိုလို အဲဒီပွဲ အစီအစဉ်က ရှိနေပါတယ်။ အလုပ်လုပ်တဲ့ အခန်းထဲက၊ ကုမ်မဏီတစ်ခုလုံးက၊ ကျောင်းတက်တဲ့ အခန်းကသူငယ်ချင်းအုပ်စုလိုက်က၊ ဆရာနဲ့ တပည့်များအုပ်စု။ မိသားစုလေးနဲ့ တစ်ဖုံ၊ အသီးသီး သူ့နေ့နဲ့သူ တိုက်ဆိုင်ရင်လည်း ဟိုပွဲနဲ့ ဒီပွဲကို ရှေ့ပိုင်းနောက်ပိုင်းခွပြီး တက်တဲ့သူတွေလည်းရှိပါတယ်။

ဒီဇင်ဘာလမှာ ရတဲ့ ဆုကြေးသာမရှိရင် အဲလိုပွဲတွေ တက်ဘို့ တော်တော်ခက်ပါတယ်။ မတက်လို့ကလည်း မဖြစ်ဘူးလေ၊ ဓလေ့ထုံးစံကိုး။ ဂျပန်လူမျိုးတွေကိုယ်တိုင်ကလည်း ပြောကြပါတယ်။ ပိုက်ဆံကုန်ပေမယ့် ဒီလို နှစ်ဟောင်းမေ့ပွဲ မှာ တဘက်သားရဲ့ကျေးဇူးကိုဖေါ်ထုတ်၊ ကိုယ့်ရဲ့ မကောင်းတဲ့ အတွေ့အကြုံတွေကို မေ့ပစ်ဘို့၊ အားလုံးနဲ့ တွေ့ဆုံရယ်မောနှုတ်ဆက်ပြီး နောင်လာမယ့် နှစ်သစ်အတွက် ခွန်အားစိတ်သစ်လူသစ်ကို ပြင်ဆင်ရမယ်တဲ့။

ရောမကိုရောက်ရင် ရောမလိုကျင့် ဆိုသလို ကျွန်မလည်း နှစ်ဟောင်းမေ့ပွဲပါတီ တွေကိုတက်ရတာ ခလေးတစ်ဘက်နဲ့ ဆိုတော့ ပြင်ရဆင်ရ ၀ယ်ရခြမ်းရ၊ နေ့စဉ်အလုပ်တွေကတဘက်နဲ့ ကသီလှပါတယ်။ ဒါပေမယ့် စိတ်အပြောင်းအလဲ ဖြစ်ရတာရယ်၊ အလုပ်များလှပြီး စီးပွါးပျက်ကပ်နဲ့ စိတ်ရောလူပါ ပင်ပမ်းခဲ့ရတဲ့ ဒီ၂၀၀၉ခုနှစ်ကိုလည်း လူ့ဘ၀ရဲ့ နှစ်တစ်နှစ်စီကို ဒီလို နှစ်ဟောင်းမေ့ပွဲ ပါတီများကို တက်ရောက်ရင်း နှစ်သစ်အတွက်လည်း အားအင်ဖြစ်ရပါတယ် ဆိုတဲ့အကြောင်း ကိုယ်တွေ့ ခံစားမှုကို တင်ပြလိုက်ပါတယ်။

တစ်ကယ်လို့များ နှစ်ဟောင်းမေ့ပွဲကို တက်ရောက်သူတစ်ယေက်ဆိုရင် ကျွန်မလို ပဲ ခံစားမှု ရှိမယ်လို့ထင်ပါတယ်။ အဲလိုမှမဟုတ်ဘူး ဒီလိုပွဲမျိုးမကြုံ ဖူးသေးဘူးဆိုရင် ခင်မင်ရာကို လက်တို့ပြီး တွေ့ဆုံကျင်းပကြည့်လိုက်ကြပါဦးနော်။

ဓါတ်ပုံများကူးယူရာနေရာhttp://image-search.yahoo.co.jp/search?ei=UTF-8&p=%E5%BF%98%E5%B9%B4%E4%BC%9A


4 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာ နှစ်သစ်ပါ..

မင်္ဂလာ နှစ်သစ်ပါ လို့ ကြိုတင် နှုတ်ခွန်းဆက်သပါတယ် ဗျာ။

နှစ်ဟောင်းက အဖြစ်တွေ ( အဆိုးတွေရော၊ အကောင်းတွေရော ) အကုန် မေ့ပစ်လိုက်ကြရအောင်။ ရောချတာ။ အဆိုးတွေက များနေလို့။ ပြန်လည်ပြုပြင်လို့ မရတော့မယ့် အတူတူ အားလုံးကို မေ့ပစ်လိုက်တာ ကောင်းပါတယ်။

ဒီနှစ်တော့ လာတော့မယ့် နှစ်သစ်မှာ သူငယ်ချင်းတွေ စုပြီး ကမ်းခြေတစ်ခုမှာ BBQ ပွဲလေး လုပ်ပြီး ပျော်ကြဘို့ စီစဉ်ထားတယ်။ ဒါလဲ ရောချတာ။ အမှန်ဆို ဘုန်းကြီးကျောင်းသွား ပုတီးစိတ်ပြီး စိတ်တည်ငြိမ်အောင်... လာမယ့်နှစ်အတွက် မကောင်းတာတွေ မလုပ်ဖြစ်အောင်.. ကုသိုလ်တွေ တိုးပွားအောင် လုပ်ရမှာ။

အခုတော့ ၂၀၀၉ အတွက် မကောင်းတာတွေ များနေအတူတူ ပိုများအောင် လုပ်ပြီးမှ အကုန်ခံမယ်။ :) :)...

မြန်မာနှစ်သစ်ကူး သာလျှင် အကောင်းဆုံးလို့ ဆိုရမှာပါ။ အ၀တ်အစားအသစ်တွေ ၀တ်၊ ဘုရားသွား ကျောင်းတက်၊ ဥပုဒ်သီလယူ၊ စသည်ဖြင့် ကောင်းမှုကုသိုလ်တွေ အတွက် အားပြုပြီး ဆင်နွှဲကြတာဆိုတော့ ဘီယာခွက်အစား ရေစက်ခွက်ဘဲ ကိုင်ရတာပေါ့။

ဘာပဲဖြစ်ဖြစ် ဂျပန်ရိုးရာဓလေ့လေးကို တင်ပြဖော်ပြပေးတာ ဖတ်ရလို့ ကျေးဇူးပါ။ ရောမရောက်တုန်း ရောမလိုတော့ နေတတ်အုံးမှ။

မင်္ဂလာနှစ်သက်ပါလို့ ထပ်မံနှုတ်ဆက်ရင်း
ခင်မင်စွာဖြင့်
ကိုမျိုး

ကိုမျိုး (အညာမြေ) said...

c box မှာ စာပို့မရလို့ ဒီမှာ ၀င်ရေးခဲ့ပါတယ်။

Christmas ကတည်းက ပျောက်သွားလိုက်တာ New Year အထိ ပေါ်မလာ အတော်ကြာ။ နေကောင်းပါစ..

မင်္ဂလာ နှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သပါတယ်။ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော နှစ်သစ်နှင့်အတူ အစစအရာရာ အဆင်ပြေအောင်မြင်ချောမွေ့ပါစေလို့ ဆုမွန်ကောင်းပြုလိုက်ပါတယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

win latt said...

တစ်နိုင်ငံတစ်မျိုးစီပဲ။ဂျပန်ရဲ့ နှစ်ဟောင်းမေ့ပွဲလေးကိုဖတ်ရတာ သဘောကျပါတယ်။ဂျပန်မလေးတွေကလဲ ကိုရီးယားမလေးတွေလိုပဲ လှတယ်နော်..ဟဲဟဲ...။ ဘီယာသောက်တော့ ချိုမှာပေါ့နော်...။အိမ်ကျရင် အရိုက်မခံရဘူးလား။အဖေကြီးကလေ...။

ရွှေပြည်သူ (ShwePyiThu) said...

မင်္ဂလာနှစ်သစ်ပါ အစ်မ ကောင်းမွန်ဝင်းရေ...၂၀၁၀ နှစ်သစ်ကစလို့ နောင်နှစ်ပေါင်းများစွာမှာ အစ်မချစ်သော မိသားစုနဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ...