December 2, 2009

ဒီတစ်ခါ ဆောင်း

ဆောင်းဦးလှိုင်ရဲ့ ဒီတစ်ခါဆောင်း ဆိုတဲ့ သီချင်းကို ကျွန်မသိပ်ကြိုက်ပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး အရမ်းချမ်းတဲ့ အချိန်တွေမှာ မြန်မာပြည်ရဲ့ အနွေးဓါတ်ကို ပြန်လည်ခံစား စိတ်ကူးယဉ်ပါတယ်။



အခုဒီပို့စ်မှာ ဂျပန်နိုင်ငံရဲ့ဆောင်းရာသီကိုဘယ်လိုခံနိုင်ရည်ရှိအောင်ကြိုးစားနေရတယ် ဆိုတဲ့ အကြောင်းကို ရေးမယ်ဆိုပြီးတော့ ဒီခေါင်းစဉ်လေးကို ယူသုံးမိပါတယ်။

ဒီဇင်ဘာလကိုရောက်လာပါပြီ။ ရာသီဥတုက တဖြည်းဖြည်းနဲ့ အေးလာပြီး နေ့စဉ်အပူချိန်ကတော့ ၁၀ကနေ၁၅ဒီဂရီ စင်တီဂရိတ် (ဖာရင်ဟိုက်နဲ့ဆိုရင် ၄၅ကနေ ၅၉လောက်)အတွင်းရှိပါတယ်။ ဒီလောက်ကိုတော့ အရမ်းချမ်းလှတယ်လို့ ပြောလို့တော့မရသေးပါဘူး။ နှစ်ကုန်ပြီး လို့ ၁လပိုင်းလောက်ဆိုပိုအေးလာမှာပါ။ ၂လပိုင်းကတော့ အအေးဆုံးလပေါ့။ အဲဒီအချိန်လောက်ဆို နှင်းလည်းကျပါတယ်။ ဒီလိုအအေးဒဏ်ကို ကာကွယ်ဘို့အတွက် ပြင်ဆင်မှုတွေလုပ်ရပါတယ်။ မြန်မာပြည်မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ ကျွန်မတို့လိုလူမျိုးတွေ တင်မဟုတ်ပါဘူး ၊ ဂျပန်လူမျိုးတွေလည်း ကြိုတင်ပြင်ဆင်ကြပါတယ်။

အအေးဒဏ်ခံ အ၀တ်အစား

အနွေးထည်ကို အခန်းတွင်းမှာ ၀တ်တာဘို့ အနွေးထည်၊  အပြင်သွားရင်ဝတ်ဘို့ ကုတ်အင်္ကျီအရှည်၊ နှင်းကာ၊ ခေါင်းစွတ်၊ ခြေအိတ်၊ လက်အိတ်၊ မာဖလာ တို့ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒါတွေကို အထပ်ထပ်မ၀တ်ခင် အောက်ခံအနေနဲ့ အအေးဒဏ်ခံ အတွင်းခံကို ယောက်ကျားမိန်းမခလေး အားလုံးခံဝတ်ကြတာရှိပါတယ်။ အခုခေတ်ရဲ့ နည်းပညာနဲ့ ၀တ်လိုက်ရင် အနွေးဓါတ်ရအောင်လုပ်ထားတဲ့ အောက်ခံ အ၀တ်ကို ၀တ်ကြပါတယ်။




ဝတ်နေကြမဟုတ်လို့ မ၀တ်ချင်ဘူးဆိုရင်တော့ အနွေးတည်အထူကြီးတွေဘယ်လောက်ဝတ်ဝတ် မနွေးနိုင်ပါဘူး၊ ကြည့်ရတာလည်း ပွဖေါင်းဖေါင်းနဲ့ စတိုင်မကျပါဘူး၊ အဲလိုအနွေးဓါတ်ပါတယ့် အ၀တ်တွေမှာ Heatဆိုတဲ့ စာလုံးနဲ့ အမှတ်အသားလေး တွေပါပါတယ်။




သွေးလည်ပတ်မှုကောင်းစေတဲ့ ခြေအိတ်
ခြေအိတ်ကတော့ တနေကုန်ဝတ်ထားရတော့ ခြေချောင်းလေးတွေ တစ်ချောင်းစီခွဲထားတဲ့ ခြေအိပ်က ၀တ်ထားရင် နေရထိုင်ရတာ အဆင်ပြေပါတယ်။


အလုပ်တွင်ကျယ်တဲ့ လက်အိတ်
လက်အိတ်ကိုလည်း၊ ကွန်ပြူတာရိုက်တာတို့ လက်နဲ့ အချိန်ပြည့်
ပုံစံနဲ့ အလုပ်လုပ်ရတဲ့သူတွေအတွက် လက်ချောင်းတွေထွက်နေတဲ့  လက်အိတ်က ပိုကောင်းပါတယ်။ 

ခိုင်းရို
တကယ်လို့အပြင်မှာတနေကုန်နေရမယ့်အခါတို့ ၊ သိပ်အထူကြီးတွေ မ၀တ်ချင်တဲ့ အခါတို့။ အရမ်းကိုချမ်းတဲ့အချိန်တို့မှာတော့  ဂျပန်လို “ခိုင်းရို” လို့ ခေါ်တဲ့ အပူဓါတ်ပေး အမှုန့်ထုပ်ကလေးတွေကို ၀တ်ထားတဲ့ အင်္ကျီမှာ ကပ်၊ ဒါမှမဟုတ် လက်နဲ့ဆုပ်ကိုင်ထားရင်လည်း နွေးပါတယ်။





သူ့ကို ထဲ့ပြီးကိုင်ထားဘို့ အလှအိတ်ကလေးတွေလည်းရှိပါတယ်။ အမှုန့်လေးတွေက လူကိုယ်နဲ့ထိထားမှ အပူဓါတ်ထွက်တာပါ။ အမှုန့်လေးတွေကို လက်နဲ့ ဆုတ်ချေပြီးပေးရင်လည်း ပြန်ပူနွေးလာနိုင်ပါတယ်။
အိပ်ပျော်နေတဲ့ အချိန်မှာတော့ မသုံးရပါဘူး။







ရေနွေးအိတ်
ညအိပ်တဲ့ အချိန်မှာလည်း ရေနွေးအိပ်ကိုသုံးရပါတယ်။ကျွန်မတို့ မြန်မာနိုင်ငံမှာသုံးတဲ့ ရေနွေးအိတ်ပုံစံလည်းရှိပါတယ်။ ဒါပေမယ့် ဂျပန်က ရေနွေးအိတ်အများစုပုံစံက လိပ်ကြီးတွေနဲ့ တူပါတယ်။



သူ့ချည်းပဲဆိုင်မှာတင်ထားတာကိုတွေ့တုန်းက ဘာကြီးမှန်းမသိခဲ့ပါဘူး။
ကိုယ်နဲ့ အသားကျနေတဲ့ ပုံစံက ပိုကောင်းသလိုထင်မိပါတယ်။



ရေနွေးစိမ်ခြင်း
 အ၀တ်အစားအပြင် တစ်ကိုယ်ရည်ကျန်းမာရေးအတွက် ပူနွေးတဲ့ အစားအစာများနဲ့ ညအိပ်ရာမ၀င်ခင် ရေနွေးစိမ်မယ်ပေးမယ်ဆိုရင်တော့ ခန္ဒာကိုယ်ကို အပြင်ကော အတွင်းကပါ ပူနွေးလာစေမှာဖြစ်ပါတယ်။
နေပုံထိုင်ပုံ ဗဟုသုတ
ချမ်းတဲ့အခါမှာ ချမ်းလို့ဆိုပြီး မသိစိတ်က ကိုယ်ကိုတင်းထားရင်းနဲ့ ကျောနဲ့ လက်ပြင်တွေကို အကြောတက်စေပါတယ်၊ သတိထားပြီး စိတ်ကိုလျှော့ပြီး နွေးထွေးအောင်နေဘို့လိုပါတယ်။ အအေးဒဏ်က အာရုံစူးစိုက်မှုကိုလည်း ကျဆင်းနိုင်ပါတယ်။ ဦးနှောက်ကို အသုံးပြုနေတဲ့ အချိန်မှာ သင့်တင့် တဲ့ အခန်းအပူချိန်နဲ့ (အပြင်မှာချမ်းတယ်ဆိုပြီး အပူပေးစက်ကို အရမ်းမြှင့်ခြင်းမလုပ်သင့်ပါ။) ခန္ဒာကိုယ်ကို နွေးထွေးအောင်နေဘို့လိုပါတယ်။ အပူချိန်အရမ်းလွှတ်ထားရင် အသားအရည်တွေကို ခြောက်သွေ့စေသလို၊ အခန်းအတွင်းအောက်စီဂျင်နည်းလာလို့ လူကို အိပ်ချင်စေပါတယ်။ အသားအရည်အတွက် လိုးရှင်း၊ ကရမ် တို့ကိုမလိမ်းဘူးဆိုရင် အသားတွေ ခြောက်ခန်းပြီး အရေပြားလေးများလန်ကာ ယားယံတတ်ပါတယ်။အဖြစ်များတာက ဆောင်းတွင်းမှာ ခေါင်းက ဘောက်ထ တာတို့ အရေပြားတွေခြောက်လို့ ဟိုကုတ်ဒီကုတ် ဖြစ်ရတတ်တာတွေပါ။ လူအများနဲ့ ပြောဆိုဆက်ဆံတဲ့ အလုပ်လုပ်တဲ့သူတွေကတော့ပိုပြီးသတိထားဘို့လိုပါတယ်။ လက်ကိုလိမ်းတဲ့ အဆီ တို့၊ နှုတ်ခမ်းအတွက် လိမ်းတာတို့ကို သုံးမယ်ဆိုရင် အလွန်အဆင်ပြေပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် အပူပိုင်းဒေသကလာတဲ့ ကျွန်မတို့တွေက ချမ်အေးလှတဲ့ နိုင်ငံမှာ မွေး ကြီးပြင်းတဲ့သူတို့တွေဘယ်လိုနေလဲဆိုတာကို သတိထားပြီး နည်းယူရင် အချမ်းဒဏ်ကို ခံနိုင်ဘို့ကြိုးစားနိုင်ရင်အကောင်းဆုံးပါပဲ။ 
တစ်ခါတစ်လေမှာတော့ လျှပ်စစ်ကော်ဇောနဲ့ လျှပ်စစ်ဆောင်တို့ကိုလည်း သုံးရပါတယ်။
အခြားအေးတဲ့ နိုင်ငံတွေမှာလည်း အခုလိုပဲနေကြမယ်လို့ထင်ပါတယ်။ ဒါမှမဟုတ် သူ့ထက်ပိုကောင်းတဲ့ နည်းတွေလည်း ရှိနိုင်ပါတယ်။ (ဥပမာ-ကိုရီးယားလူမျိုးသူငယ်ချင်းအပြောအရ သူတို့ ကိုရီးယားမှာတော့ အခန်းကြမ်းပြင်အောက်မှာ ရေနွေးပိုက်တွေ ကရေနွေးတွေ စီးဆင်းနေအောင်လုပ်ထားတယ်လို့သိရပါတယ်။)
ပြင်ဆင်မှုတွေ မျိုးစုံနဲ့ ဒီတစ်ခါဆောင်းကိုလည်းကြိုးစားပြီး ဖြတ်သန်းလိုက်ပါအုန်းမယ်။

ဓါတ်ပုံများကို http://search.yahoo.co.jpမှရယူပါတယ်။


2 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဆောင်းဝင်လာပြီဆိုတော့ နွေးထွေးစေတဲ့ပစ္စည်းတွေ နဲ့ အသုံးအဆောင်လေးတွေ ဖော်ပြပေးထားတာ ကျေးဇူးပါ။ ဘာဝတ်ထားထား၊ ဘာလုပ်ထားထား အရမ်းအေးလာပြီဆိုရင်တော့..ဟိုလေ..ကျနော် အကြံဥာဏ်ပေးမယ်.. အိမ်ကလူကြီးကို တအား ဖက်ပြီးအိပ်။ အဲဒါ ပိုနွေးမယ် :) :). စတာနော် ဟဲဟဲ.. တော်နေ အသက်ရှူကြပ်ပါတယ်ဆိုပြီး ကျနော့်ကို အပြစ်တင်နေပါအုံးမယ်နော်... ဂျပန်ဆောင်းတွင်းတော့ အလည်လာချင်သားဗျ။ အရမ်းအေးတဲ့ အရသာမျိုး တခါမှ မခံစားဘူးလို့လေ။ စင်ကာပူကတော့ အခုတလော မိုးရွာလိုက်၊ နေပူလိုက်နဲ့.. အရူးမ လင်လုပ် နေရသလိုပဲ။ ... :)

ခင်မင်စွာဖြင့်
ကိုမျိုး

ရွှေပြည်သူ (ShwePyiThu) said...

အစ်မကောင်းမွန်ဝင်းရေ ထုံးစံအတိုင်း ဗဟုသုတလည်းရ စိတ်ဝင်စားစရာလည်း ကောင်းတဲ့ပို့စ်ပါပဲ။ Heat စာလုံးအမှတ်အသားနဲ့ အနွေးဓာတ်ရအောင် လုပ်ထားတဲ့ အဝတ်အစားတွေကို စိတ်ဝင်စားမိပါတယ်။ ခြေချောင်းလေးတွေ သပ်သပ်စီလုပ်ထားတဲ့ ခြေအိတ်တွေကိုလည်း အရင်ကအလှလို့ပဲ ထင်ခဲ့တာ အစ်မပြောပြမှ သွေးလည်ပတ်တာကောင်းဖို့ ဆိုတာ သိရပါတယ်။ လက်အိတ်လေးကလည်း computer သုံးတဲ့ လူတွေအတွက်လည်း အဆင်ပြေသလို Style လေးကလည်း လှတယ်နော်။ စင်္ကာပူမှာတော့ အဲဒီလောက် အေးတဲ့အချိန်မရှိပေမယ့် ရုံးက Air-con က အဆောင်အအုံတစ်ခုလုံး Centralized ပေးတာဆိုတော့ သိပ်အေးတာပဲ အစ်မရဲ့။ အဲတော့ အစ်မပြောသလို ကိုယ်ကို တောင့်တောင့်ကြီး တင်းမထားမိအောင် သတိထားရမှာပါပဲ။ ပို့စ်တစ်ပုဒ်လုံးကို သဘောတကျ ဖတ်သွားပါတယ် အစ်မ...း)