October 28, 2009

မိန်းမတစ်ယောက်ရဲ့ “မနက်ခင်းပုံပြင်”

မနက်ခင်း ပုံပြင်


ညအိပ်ရာဝင် ပုံပြင်မဟုတ်ပါဘူး။ တစ်ကယ်ကို မနက်မိုးလင်း ပုံပြင်ပါ။ ဒီပုံပြင်လေးကို မပြောခင်၊ ကျွန်မရဲ့ အတွေ့အကြုံလေးတစ်ခုကို အရင်ပြောပြပါရစေ။

ကျွန်မ ဂျပန်မှာကျောင်းတက်ဘို့ အတွက် နာဂိုယာမြို.ကို စရောက်ပါတယ်။ ကိုယ်စားရိတ်နဲ့ကိုယ် ကျောင်းတက်ရတဲ့ဘ၀ဆိုတော့ အချိန်ပိုင်းအလုပ်ကို မလုပ်လို့မရပါဘူး။ အချိန်ပိုင်းအလုပ်ကို လုပ်ရင်းနဲ့ကျောင်းတက်ရတာပေါ့နော်။ ကျောင်းပိတ်ချိန်တွေမှာ ဆိုရင် အချိန်ပိုင်းအလုပ်ကို နှစ်မျိုးလောက်လုပ်ရပါတယ်။ဒီလိုအချိန်ပိုင်းအလုပ်၊ လုပ်ရတာကိုတော့ နိုင်ငံခြားမှာ ကိုယ့်စားရိတ်နဲ့ကိုယ် ကျောင်းတက်တဲ့သူတွေ အသိဆုံးပါပဲ။ အဲလိုအချိန်ပိုင်းအလုပ်ကို လုပ်တဲ့အခါ ကျောင်းဖွင့်ရက်တွေမှာ လည်း ကျောင်းစာတစ်ဘက်နဲ့ အလုပ်လည်းဆင်းနိုင်၊ ကျောင်းပြီးတဲ့အထိ လည်း ရေရှည်လုပ်နိုင်မယ့်အလုပ်တစ်ခုကိုတော့ ရွေးလုပ်မှ ဖြစ်မယ် ဆိုပြီး အချိန်ပိုင်းအလုပ် တစ်ခုကိုရွေးခဲ့ပါတယ်။ အဲဒီအတွက်ကျွန်မရွေးခဲ့တဲ့အလုပ်ကတော့ ကော်ဖီဆိုင်ပါ။ နာဂိုယာမြို.မှာနေပြီး ကော်ဖီဆိုင်မှာလုပ်ချင်ရတဲ. အကြောင်းရင်း နောက်တစ်မျိုးရှိပါသေးတယ်။ ခုနကကျွန်မပြောခဲ့တာ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ အကြောင်းရင်းပါ။ နောက်အကြာင်းရင်းတစ်ခုကတော့ ဂျပန်တစ်နိုင်ငံလုံးနဲ့ကော၊ နာဂိုယာမြို့နဲ့ကော၊ နာဂိုယာမြို့တည်ရှိရာ အာအိချိ ခရိုင် နဲ့ကော၊ ဂျပန်နိုင်ငံရဲ. ကော်ဖီဆိုင်လောက တစ်ခုလုံးနဲ့ကော၊ သက်ဆိုင်ပါတယ်။ အဲဒါကတော့ “မနက်ခင်း ပုံပြင်” ကြောင့်ပါပဲ။

ဂျပန်လူမျိုးတွေအားလုံးနီးပါး ကော်ဖီဆိုင်ရဲ့ “မောနင်းဂု ဆားဗစ်စု” morning service ဆို သိကြပါတယ်။အဓိပ္ပါယ်ကတော့ သူ့ စကားလုံးအတိုင်းပါပဲ။ သိတဲ့အတိုင်းပဲလေ ဂျပန်တွေက တစ်ချို့အင်္ဂလိပ်စာလုံးတွေကို ဂျပန်အသံထွက်နဲ့ပဲပြောပါတယ်။ အတိုကောက် အနေနဲ့ “မောနင်းဂု” လို့ အပြောများပါတယ်။ မနက်စာ ကို ဆားဗစ်စ်ပေးတဲ့ အရောင်းပုံစံတစ်မျိုးပါ။ မနက်စာ ဆားဗစ်စ်ပေးတဲ့ အရောင်းပုံစံဆိုတာကို ရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။

ပုံမှန်ဆိုင်မှာ ထိုင်သောက်တဲ့ ကော်ဖီတစ်ခွက်ရဲ့ဈေးဟာ ယန်း၃၀၀ပတ်ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ မောနင်းဂု ဆားဗစ်စု အရောင်းပုံစံနဲ့ရောင်းပြီဆိုရင်တော့ ကော်ဖီတစ်ခွက်စာ ယန်း၃၀၀ နဲ့ ၊ ကော်ဖီတစ်ခွက်တင်မကတော့ ပါဘူး။ ပေါင်မုန့်မီးကင် တစ်ခြမ်း၊ ကြက်ဥပြုတ်တစ်လုံး၊ ဆလပ်ဒ် (ဂေါ်ဖီထုပ် ပါးပါးလှီးကို ဒရက်ဇင်းတမျိုး ဆမ်းထားတဲ့ အသုပ်) ပါတွဲပြီး ပါလာပါတယ်။ ဆိုင်နဲ့လိုက်ပြီး တစ်ချို့ကတော့ ပေါင်မုန့်မီးကင် (သို့) ကြက်ဥပြုတ်ကို ပဲ ဆားဗစ်စ်ပေးတာလည်းရှိပါတယ်။ “မောနင်းဂု” ကိုရောင်းတာ မနက် ၇နာရီလောက်ကနေ ၉နာရီလောက်အထိပါပဲ။ ဒီလိုရောင်းတော့ လူတွေကြိတ်ကြိတ်တိုးနေမှာ လို့ထင်မှာပဲ။ အရမ်းကြိတ်ကြိတ်တိုးတော့ မဟုတ်ပေမယ့်။ တော်တော်ရောင်းရပါတယ်။ အဲဒီတော့ ကျွန်မလည်းအလုပ်များတာပေါ့ ကိစ္စမရှိပါဘူး နှစ်နာရီလောက်ပဲဟာ။ နောက်ပြီးတော့ အဲဒီနှစ်နာရီရဲ. လုပ်ခက သာမာန်အချိန်ထက် ပိုရတယ်လေ။ ပြီးတော့ စားချင်တာလည်းစားခွင့်ရတယ်။ ကော်ဖီဆိုင်တိုင်းလိုလို “မောနင်းဂု” ကို ရောင်းကြတော့ ဆိုင်တွေကလည်း “မောနင်းဂု” ကို ပုံစံမျိုးစုံနဲ့ ရောင်းကြပါတယ်။

နမူနာပုံစံလေးတွေကို အောက်ပါအတိုင်းမိတ်ဆက်တင်ပြလိုက်ပါတယ်။ နေရာဒေသ၊ အချိန်ကာလ၊ ရောင်းချသောဆိုင် ကို မူတည်ပြီး ၊ ပါဝင်သော အစားအသောက် နဲ့ ဈေးနှုန်း ကွာခြားမှု ရှိနိုင်ပါတယ်။

၁။ ယန်း၃၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ပေါင်မုန့်မီးကင် ထောပတ်သုတ်-ကြက်ဥပြုတ်

၂။ ယန်း၃၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ပေါင်မုန့်မီးကင် ထောပတ်သုတ်-ကြက်ဥပြုတ်- ဆလပ်ဒ်



၃။ ယန်း၄၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဟော့ဒေါ့ပေါင်မုန်.တစ်လုံး- ဆော့ဆေ့ဂ်ျ -ကြက်ဥပြုတ်- ဆလပ်ဒ်

၎။ ယန်း၅၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဂျပန်ထမင်းဆုပ်- ဂျပန်မီဆော ဟင်းချို- ကြက်ဥပြုတ်

၅။ ယန်း၄၅၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဆန်ပြုတ် (ငါးမွှေ)-ရေညှိ- မက်မန်းသီး ဆားရည်စိမ်- ကြက်ဥပြုတ်

၆။ ယန်း၅၀၀ ပတ်ဝန်းကျင် နဲ့ ကြိုက်ရာအ၀စား ဆိုပြီး။ ပေါင်မုန့် မျိုးစုံ၊ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆန်ပြုတ်၊ မီဆောဟင်းချို၊ ဆော့ဆေ့ဂ်ျ ၊ ဘေကွန်၊ စတာတွေကို အမျိုးစုံခင်းကျင်းထားပြီး ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့။ သစ်သီးဖျော်ရည်များ

ဂျပန်ယန်းငွေရဲ့တန်ဘိုးကို ခဏထားပြီး ရောင်းပုံရောင်းနည်းကိုကြည့်မယ်ဆိုရင် ကဲ ဒီလောက်တန်နေမှတော့ သွားစားချင်လာရောမို့လား။ ဒီလိုဆိုင်မျိုး အများဆုံးရှိတဲ့ နေရာကတော့ အာအိချိ ခရိုင်၊ နဂိုယာမြို.ပါ။ ဒါကြောင့် နဂိုယာမြို့မှာ ကျောင်းတက်တုန်း အချိန်ပိုင်းအလုပ်အတွက် ကော်ဖီဆိုင်ကို ရွေးလိုက်ရတာပါပဲရှင်။

အခုလောက်ဆိုကျွန်မပြောချင်တဲ့ “မနက်ခင်း ပုံပြင်” အကြောင်းကို သိသွားပြီလို့ထင်ပါတယ်။ တကယ်ပြောမယ့် “ပုံပြင်”က အခုမှ စမှာပါ။ ကျွန်မလည်း ဒီလို နံမည်ကြီးပြီး ကျွန်မအတွက်လည်း အဆင်ပြေတဲ့ ဒီအလုပ်ကို ရွေးလုပ်ပြီးခါမှ အရမ်းကို အလုပ်ရှုတ်တဲ့တစ်နေ့မှာ ဒီ “မောနင်းဂု ဆားဗစ်စု” ကိုဘယ်သူတီထွင်လိုက်တာလည်းဆိုတာ သိချင်သွားပါတယ်။ အားတဲ့ အချိန်မှာ ဆိုင်ခေါင်းကို မေးကြည့်တော့မှပဲ “မနက်ခင်း ပုံပြင်” ကို သိခဲ့ရပါတော့တယ်။

၁၉၅၀နှစ်များလောက်က ဂျပန်နိုင်ငံ အာအိချိ ခရိုင်၊ မာ့ဆုယာမာ့ မြို့၊ အိချိနိုမိယာ့မြို့တို့ ဘက်မှာ ရှိတဲ့ ကော်ဖ်ီဆိုင်တွေမှာ ကော်ဖီမှာသောက်ရင် မြေပဲ တို.လို ကြက်ဥပြုတ်တို့ ကို တွဲချလေ့ရှိခဲ့ပါတယ်။ အဲဒီ အလေ့အထ ဟာ “မောနင်းဂု ဆားဗစ်စု” ရဲ့ ရေခံမြေခံလို့ပြောရင်မမှားပါဘူး။ အဲဒီဒေသ အဲဒီအချိန်မျိုးမှာ မွေးဖွားခဲ့တဲ့ ခါ့တိုး တိုမို့ကို စံ ဟာ သူမရဲ့ခင်ပွန်းနဲ့ အိမ်ထောင်ကွဲသွားတဲ့အချိန်မှာ ကိုယ်တိုင်အလုပ်လုပ်ဘို့အတွက် ကော်ဖီဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ဆိုင်မှာ ထိုင်သောက်တဲ့ ကော်ဖီတစ်ခွက် ယန်း၁၀၀ခေတ်လို့သိရပါတယ်။ ခါ့တိုး တိုမို့ကို စံ ဟာ ကော်ဖီဆိုင်ဖွင့်ဖွင့်ချင်းမှာ သူမရဲ့ဆိုင်ကို လူလာအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကို အမျိုးမျိုးစဉ်းစားခဲ့ပါတယ်။ ပိုက်ဆံအရင်းအနှီးလည်း မကုန်အောင်။ တခြားလူကြိုက်များနေတဲ့ ဆိုင်တွေလိုလည်း လူဝင်အောင် ဘယ်လိုလုပ်ရမလည်းဆိုတာ အကြံထုတ်ရင်းနဲ့ ပင်လယ်ကမ်းခြေဘက်ကို ထွက်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေက ပုလဲမွေးမြူသူတွေမသုံးတဲ့ ပုလဲတွေကို ကောက်ယူစုဆောင်းပြီး ပုလဲပုတီး ကုံးပြီး ဆိုင်ဖွင့်လို့အရင်ဆုံးရောက်တဲ့ ဧည့်သည်ကို ပေးပါတယ်တဲ့၊ ဒီလိုသတင်းနဲ့ တင်ပဲ ဆိုင်ကိုလာတဲ့သူတွေ အထိုက်အလျောက်ရှိလာပါတယ်။ ရောင်းလည်းကောင်းပါတယ်။ ဒီအချိန်မှာ ခါ့တိုး တိုမို့ကို စံ ဟာ လာနေကျ ဖေါက်သည်တွေကို ထိန်းထားပြီး နောက်ထပ်စီးပွါးတက်ဘို့လည်း ရည်မှန်းချက်ရှိပါတယ်။ ဒါပေမယ့်လို့ ပုလဲပုတီးတွေလည်း လိုသလောက် မရနိုင်တော့တာသလို ပုလဲပုတီး လက်ဆောင်ကို တစ်ချို့ကလည်း ရိုးသွားကြပါတယ်။ ခါ့တိုး တိုမို့ကို စံ ဟာ နောက်တစ်မျိုးစဉ်းစားပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဆိုင်ကိုလာနေတဲ့ ဧည့်သည်အများစုဟာ စီးပွါးရေးသမား ကုမ္ပဏီ
ဝန်ထမ်းတွေ မနက်စောစောမှာ အလုပ်စကားပြောဘို့အတွက် ကော်ဖီဆိုင်ကို ရောက်လာကြတော့တာပဲ။

စောစောစီးစီး အိမ်က ဘာမှစားမလာ၊ ကော်ဖီသောက် အလုပ်စကားပြော ပြီးတာနဲ့ အလုပ်ကိစ္စအတွက် ပြေးရလွှားရတော့မယ်။ သူတို့အတွက်အဓိကလိုအပ်တာ ကော်ဖီတစ်ခွက်အပြင် အဟာရဖြစ်စေမယ့် အစာအနည်းငယ်ပါပဲ။ ခါ့တိုး တိုမို့ကို စံ ဆုံးဖြတ်လိုက်ပါတယ်။ မနက်ခင်းမှာ သူမရဲ့ကော်ဖီဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို နာရီပိုင်းနဲ့ ကော်ဖီတစ်ခွက်ဘိုးစာယူပြီး ပေါင်မုန့်မီးကင်တစ်ချပ်ကို တွဲပေးလိုက်ပါတယ်။ ခါ့တိုး တိုမို့ကို စံ ရဲ့ အတွေးအခေါ်သစ်ဟာ နေ့ချင်းညချင်း ဆိုသလို ၊မာ့ဆုယာမာ
မြို့နဲ့ အိချိနိုမိယာ့မြို့ကလေးမှာနံမည်ကြီးသွားပါတယ်။ နောက်ထပ်ဆိုင်ခွဲတွေလည်း ထပ်ဖွင့်ရပါတယ်။ နောက်ပိုင်းမှာတော့ အာအိချိ ခရိုင်တစ်ခုလုံး၊ အဲဒီကနေမှတစ်ဆင့် ဂျပန်နိုင်ငံတစ်ခုလုံးကို “မောနင်းဂု ဆားဗစ်စု” အရောင်းစံနစ်က ပျံ့နှံ့ သွားပါတော့တယ်။ ဆက်လက်ပြီး အာအိချိခရိုင် ရဲ့ စီးပွါး ရေးအချက်အချာ နာဂိုယာ မြို.မှာတော့ ယနေ.ထက်တိုင် ဒီစံနစ် ကလူကြိုက်များ တွင်ကျယ်လျှက်ရှိပါတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်( နောက်ပြီးရေးလိုက်တာပါနော်)။

ဒီဇတ်လမ်းလေးတစ်ကယ်ရှိသလားဆိုတာ အင်တာနက်တွေထဲမှာလည်း ရှာကြည့်တော့လည်း တွေ့ပါတယ်။ (ဆိုင်ခေါင်းပြောတာ တစ်ကယ် ဟုတ်မဟုတ်သိရအောင်လို့ မဟုတ်ပါဘူး။ အချက်အလက် ကို သေချာအောင်လုပ်တာပါ။) ဒါပေမယ့် ဆိုင်ခေါင်းပြောတာက ပိုပြီးနားထောင်လို့ကောင်းခဲ့ပါတယ်။
ခါ့တိုး တိုမို့ကို စံ ဟာလည်း မတည်ရင်းနှီးငွေ ယန်း  ၁၅ကုဋေရှိတဲ့ “မိုမိနော့ ခိ”ဆိုတဲ့ အမည်နဲ့ ကုမ္ပဏီကိုပိုင်ဆိုင်သည်အထိ အောင်မြင်ခဲ့ပါတယ်။



ဓါတ်ပုံများကို ကူးယူရာနေရာ


http://www.doit-fun.jp/shopping/goods_detail.php?id=6




http://ja.wikipedia.org/wiki/%E3%83%A2%E3%83%BC%E3%83%8B%E3%83%B3%E3%82%B0%E3%82%BB%E3%83%83%E3%83%88


http://search.yahoo.co.jp/search?p=%E5%96%AB%E8%8C%B6%E5%BA%97+%E3%83%A2%E3%83%BC%E3%83%8B%E3%83%B3%E3%82%B0%E3%82%B5%E3%83%BC%E3%83%93%E3%82%B9&rs=0&search_x=1&tid=top_ga1_sa&ei=UTF-8&fr=top_ga1_sa


http://allabout.co.jp/travel/travelnagoya/closeup/CU20070223A/

2 comments:

ကိုမျိုး said...

မင်္ဂလာပါ..

မနက်ခင်း ပုံပြင် လေးကို ဖတ်ရှု့သွားပါတယ်.. ဗဟုသုတ ရရှိပါတယ်.. ဈေးကွက် စနစ်ကို ပုလဲပုတီးလေးတွေ ပေးပြီး လာတဲ့သူများအောင် ပထမ ဆွဲဆောင်တယ်.. ပြီးတော့ ပုလဲပုတီးလေးတွေ ရိုးသွားတော့ ပေါင်မုန့်မီးကင်တစ်ချပ် အပိုပေးတယ်.. တကယ့်ကို ကောင်းမွန်တဲ့ idea လေးတွေနဲ့ လာတဲ့သူတွေကို ထိန်းထားနိုင်ခဲ့တယ်.. အောင်မြင်ခဲ့တယ်... ဒီပို့စ်လေးကို ဖတ်ပြီး အရမ်းကို တန်ဖိုးကြီးမားတဲ့ အတွေးအခေါ်လေးတွေ လင်းလက်လာခဲ့ ရပါတယ်.. ကျေးဇူးပါ..

ခင်မင်စွာဖြင့်
ကိုမျိုး

ခရေညို said...

ဂွတ်တိုမောနင်းစုပါ မနက်စာမစား၍သေးတာနဲ့အတော်ပဲ အဝစားသွားတယ်