May 20, 2011

The Dignity of Freedom

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “  ပင်ကိုယ်ကျွန်မနဲ့ မနက်ဖန်အတွက် မျှော်လင့်ချက်



၇နှစ်ခွဲကြာလောက်အောင် သုံးကြိမ်နေအိမ်အကျယ်ချုပ်ချခံရမှုကနေ လွတ်မြောက်လာခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်။ ဘ၀ရဲ့တ၀က်ကို အမိမြေအတွက်ပေးဆပ်ပြီး လက်ရှိ လည်း ဗမာပြည်(မြန်မာနိုင်ငံ)ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။  နေအိမ်အကျယ်ချုပ်ခံရမှုကို အကြိမ်ကြိမ်ကျခံနေခဲ့ရတဲ့ ကြမ်းတမ်းလှတဲ့ ကံကြမ္မာထဲမှာ ရှိနေတာတောင်၊ သူမဟာ လှပစွာ၊ ဂုဏ်ယူစရာရှင်သန်နေနိုင်ခဲ့တာဟာ ဘာကြောင့်များပါလိမ့်.......။ ဒီလို စိတ်ဓါတ်ပြင်းထန်တဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ကူးအတွေးတွေကို ပိုင်ဆိုင်ထားပါလိမ့်.......။





ကျွန်မတို့သူမရဲ့နေအိမ်နဲ့ လှုပ်ရှားမှုများဆောင်ရွက်နေတဲ့ဌာနချုပ်ကို သွားရောက်ပြီး တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။
အခုချိန်ထိ ဘယ်သူမှမမြင်ဘူးသေးတဲ့ ၊ ဘယ်သူမှ မသိရသေးတဲ့ သူမရဲ့  ပင်ကိုယ်မျက်နှာတစ်ခုကို သွားရောက်တွေ့ဆုံနိုင်ခဲ့ပါပြီ။

စာတည်းအဖွဲ့မှတ်ချက်။ ။ ယခုလက်ရှိ “မြန်မာနိုင်ငံ” လို့ကျယ်ပြန့်စွာသုံးစွဲနေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမည်ပြောင်းလည်းပြင်ဆင်ခေါ်ဆိုခြင်း မပြုမီက အတိုင်း“ ဗမာနိုင်ငံ” လို့ပဲ ပြောဆိုသွားခဲ့ပါတယ်။ 
ဒါကြောင့် ဒီစာမျက်နှာများမှာလည်း “ ဗမာနိုင်ငံ” အနေနဲ့ဖေါ်ပြထားပါတယ်။ 

မိ။ ။ များပြားလှတဲ့ အလုပ်တာဝန်တွေကြားက အခုလို အင်တာဗျူးကို အချိန်ပေး လက်ခံတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
 စု။ ။ပထမဦးဆုံးပြောချင်တာကတော့ ဂျပန်နိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် တွေ့ကြုံရတဲ့ ဘေးဒုက္ခတွေအတွက် စိတ်မကောင်းဖြစ်မိတာကိုပါ။ကျွန်မရဲ့ မိတ်ဆွေအတော်များများ ဂျပန်နိုင်ငံမှာရှိကြတာရယ်၊ ဂျပန်နိုင်ငံသူနိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ အကူအညီမျိုးစုံပေးခဲ့တာတွေကြောင့်လည်း ကျွန်မရဲ့ ရင်ထဲမှာ နာကျင်နေအောင် ခံစားရပါတယ်။ ဂျပန်နိုင်ငံသူ/သားတွေရဲ့ ကြီးမားလှတဲ့ “ကြင်နာမှု”ကို ကျွန်မလက်ခံရရှိမှုပမာဏနဲ့ အကြိမ်အခါကိုပြောရရင် ၊ မင်းအနေနဲ့ခန့်မှန်းပုံဖေါ်နိုင်တာထက် အဆများစွာအကြိမ်ပေါင်းများစွာ သာလွန်ပါတယ်။ ရုပ်ဝတ္တုများအနေနဲ့ တင်မကပါဘူး၊ စိတ်ခံစားချက်များအတွက်လည်း အများကြီး ဖေးမမှုတွေကို ရရှိခဲ့တာကြောင့် အခုလိုရပ်တည်နေနိုင်ခဲ့ရတာပါ။ ဂျပန်လူမျိုးတွေဟာ တစ်ပါးသူအပေါ် ကိုယ်ချင်းစာ ခံစားနားလည်ပေးနိုင်တဲ့သူတွေပဲနော်။ 

“ကြင်နာမှု” ဆိုတာက ပြန်ရဘို့ကို မမျှော်လင့်တဲ့ ပေးဆပ်ခြင်းပေါ့


မိ။ ။ အခုချိန်ထိ လက်ခံရတဲ့ “ကြင်နာမှု” တွေမှာ ပါဝင်ကိန်းအောင်းနေတဲ့ အရာများထဲက စိတ်ထဲမှာ နှစ်နှစ်ကာကာခံစားခဲ့ရတဲ့  အကြောင်းအရာလေးတွေများ ရှိပါသလား
စု။ ။ အကြောင်းအရာတစ်ခုတည်း ရွေးထုတ်ပြောဆိုဘို့ကတော့ ခက်ပါတယ်။ “ကြင်နာမှု” ဆိုတာ သေးငယ်တဲ့ အရာလေးလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒီထက်ပိုပြောရရင် “ကြင်နာမှု”ဆိုတာ ကြီးမားတဲ့ အရာကြီးဖြစ်နေဘို့လည်းလိုမှမလိုတာမျိုးလေ။ သို့သော်လည်း တစ်ခုလောက်ကိုတော့ ပြောပြပါဆိုရင်တော့လဲ ၊ ကျွန်မဆီကိုစာရေးဆက်သွယ်ကြသူတွေရဲ့ အကြောင်းလေးကိုတော့  ပြောပြချင်ပါတယ်။ အကျယ်ချုပ်ချခံနေခဲ့ရတဲ့ ကာလများမှာ ကျွန်မဆီကို ပုံမှန်စာရေး ဆက်သွယ်သူရှိခဲ့ပါတယ်။ စာရေးဆက်သွယ်တဲ့ အမျိုးသမီးဟာ သူ့စာတွေကျွန်မဆီကို မရောက်နိုင်ဘူးဆိုတာကို သိရက်နဲ့ပုံမှန်ဆက်လက်ရေးသားပေးပို့နေခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း အဲဒီစာတွေထဲမှာဘာတွေရေးသားထားတာမသိခဲ့ရဘူး။ ဒါပေမယ့် အဲဒီလိုစာတွေ ကျွန်မဆီကိုရေးပြီး ပို့ပေးနေတယ်ဆိုတာကို သိရတာနဲ့တင်ကျေးဇူးတင်လှပြီ။ စာပို့သူအမျိုးသမီး ဂျပန်ကပါ။

မိ။ ။ ဒါဆိုစာတွေကို မရပေမယ့် ၊ အဲဒီ စာတွေကို ပို့ပေးနေတဲ့ “ကြင်နာမှု” ကိုရခဲ့တယ်လို့ဆိုတာပေါ့နော်။
စု။ ။ ဟုတ်ပါတယ်။ အဲဒါအပြင် စာတွေမရောက်နိုင်ကြောင်းကိုသိလို့ အခြားနည်းလမ်းနဲ့ ကျွန်မကိုဆက်သွယ်ဘို့ကြိုးစားသူလည်း ရှိခဲ့ဘူးပါတယ်။ အဲဒီလို အားထုတ် ကြိုးစားတဲ့ သူ့ရဲ့စိတ်ဓါတ်၊ နည်းလမ်းကိုရှာဖွေတဲ့စိတ်ဓါတ်တွေက တနည်းဆိုရရင်တော့ “ကြင်နာမှု” တွေပဲပေါ့၊ 
ကျွန်မက “အချစ်”ကို မိမိစိတ်ကြိုက်သတ်မှတ်မှုတစ်မျိုးလို့ယူဆတယ်။ “ အချစ်”မှာ ကန့်သတ်ချက်တွေပါတယ်။ ပတ်ဝန်းကျင်နဲ့ အခြေအနေကိုလိုက်ပြီးလည်း ပြောင်းလည်းနိုင်သလို၊ မိမိရဲ့ ဆန္ဒပြည့်ဖို့အတွက်လည်း တစ်ကိုယ်ကောင်းဆန်မှုပါတဲ့ “အချစ်” ဆိုတာမျိုးလည်း ရှိနေပြန်တယ်မဟုတ်လား။ “ကြင်နာမှု”ကတော့ ရိုးသားတဲ့ စေတနာတရားလည်းဖြစ်သလို၊ သမရိုးကျဆန်တယ်လေ။ သူ့မှာမျှော်ကိုးမှုမပါဘူး။ တပါးသူကို စာနာထောက်ထားနိုင်မှုက “ကြင်နာမှု” ပေပဲ။ 

မိ။ ။ ကျွန်မဗမာနိုင်ငံကိုရောက်တာ ၂ရက်ပဲရှိပါသေးတယ်။ လူတွေအားလုံးက ဂျပန်နိုင်ငံရဲ့ ငလျင်နဲ့ ဆူနာမီအကြောင်းကို အရေးတယူ သတင်းမေးအားပေးစကားပြောကြတယ်။ ဗမာပြည်ထဲမှာ အဲဒီသတင်းတွေကို တော်တော်များများ ထုတ်လွှင့်ပေးခဲ့တယ် ထင်တယ်နော်။
စု။ ။  ဗမာဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းတစ်ခုကို နားထောင်ရတာကတော့၊ ဂျပန်မှာရှိနေတဲ့ ဗမာအများစုက ဒီလိုပြောကြပါတယ်။ “ ဂျပန်လူမျိုးတွေဟာ မကျေနပ်မှုကိုမပြောကြဘူး” ဆိုပဲ။ အပြစ်တွေပြောမနေပဲ လုပ်စရာရှိတာတွေကို လုပ်ကြတဲ့လူမျိုးတွေလို့ ဗမာတွေကပြောစမှတ်ပြုကြတယ်။ အဲဒီဂျပန်လူမျိုးတွေကိုကြည့်ပြီး ဗမာလူမျိုးတွေအနေနဲ့ ဘာတွေပဲဖြစ်လာလာ အပြစ်မပြောမနေကြပဲ လုပ်သင့်တာတွေလုပ်သွားကြဘို့ သတိထားမိလာကြတယ်လို့ ဆိုကြတယ်။ 

မိ။ ။ ကျွန်မတို့ ဂျပန်လူမျိုးတွေ သည်းခံပြီး ဇွဲရှိကြတယ်လို့ပြောချင်တာလား။
စု။ ။  သည်းခံနိုင်တယ်ဆိုတာထက် “အပြစ်ပြောနေဘို့ အချိန်မရလောက်အောင် အလုပ်လုပ်ကြတယ်” လို့ဆိုရမလား။ အကောင်းဘက်တွေးပြီး ရှေ့ကိုရင်ဆိုင်ရဲတာကို ပြောချင်တာလို့ထင်ပါတယ်။ မင်းတို့ဂျပန်လူမျိုးတွေဟာ အပြစ်ပြောပြီးအချိန်ဖြုန်းနေမယ့်အစား ကိုယ်တိုင်ပါဝင်လုပ်ကိုင်တတ်ကြတယ် မို့လား။ အဲဒီလို အသိစိတ်ဓါတ်ဟာ ဂျပန်တွေရဲ့အားကျစရာကာင်းတဲ့ စိတ်အလှပေါ့။ လူတွေ အဖြစ်အပျက်တွေကို မလိုမုန်းထားမရှိ လုပ်သင့်တာကို လုပ်မယ်ဆိုတဲ့ တာဝန်သိစိတ်ဓါတ်ရှိတာလည်း ပါပါတယ်။ 

မိ။ ။ ကျိုတိုတက္ကသိုလ်မှာသုတေသနကျောင်းသားအဖြစ်နဲ့ ဟိုးအရင်က ကျိုတိုမှာတစ်နှစ်လောက်နေခဲ့ဘူးတယ်နော်။
စု။ ။ တစ်နှစ်နီးပါးလောက်ပါ။ ကျွန်မအတွက်ကတော့ ကျိုတိုမှာနေခဲ့ရတဲ့ တစ်နှစ်တာဟာ မေ့လို့မရတဲ့ အမှတ်တရနေ့စွဲတွေပါ။ ဂျပန်မှာမနေခင်ကတည်းက ဂျပန်မိတ်ဆွေတွေရှိခဲ့ပြီး ဂျပန်လူမျိုးတွေက နိုင်ငံခြားသားများအပေါ် ပွင့်ပွင့်လင်းလင်း မရှိလှဘူးလို့ ကြားဘူးခဲ့တယ်။ တကယ်နေကြည့်တော့ အားလုံးအဲလိုတော့လည်းမဟုတ်ခဲ့ဘူးဆိုတာ သတိထားမိတယ်။ ရင်းနှီးဖေါ်ရွေကြပါတယ်။

မိ။ ။ ကျိုတို၊ အိန္ဒိယ၊ နယူးယောက်တို့မှာနေထိုင်ခဲ့ပြီး။ သားနှစ်ယောက်မွေးပြီးတော့လည်း အောက်စ်ဖို့ဒ်နဲ့ လန်ဒန်တို့မှာနေခဲ့သေးတယ်နော်။
စု။ ။ ဘူလ်တန်မှာလည်းနေခဲ့ဘူးသေးတယ်။  
(စာတည်းအဖွဲ့မှတ်ချက်။ ။ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်အဲလစ်စ် ၊ ဘူလ်တန်တော်ဝင်မိသားစုကို စာသင်ပေးကြားတဲ့အလုပ်လုပ်ခဲ့စဉ်က)

မိ။ ။ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားမှာ စတင်နေထိုင်ခဲ့တာ အသက်၁၅နှစ်အရွယ်၊ အိန္ဒိယကို ပြောင်းရွှေ့နေထိုင်သူဖြစ်ခဲ့တယ်နော်။ မိခင်ကြီးဒေါ်ခင်ကြည်ရဲ့ အိန္ဒိယနိုင်ငံဗမာသံရုံးမှာတာဝန်ထမ်းဆောင်တာကနေ စတင်ခဲ့တယ်ထင်ပါတယ်။
စု။ ။ ဟုတ်ကဲ့။ လူကြီးဖြစ်တဲ့အချိန်လည်း အိန္ဒိယမှာနေခဲ့ဘူးပါတယ်။ မိသားစုနဲ့ တစ်နှစ်နီးပါးလောက်ပေါ့။ ကျွန်မဗမာပြည်ကို ပြန်မလာခင်အချိန်လေးပေါ့။ 

မိ။ ။ အသက်၁၅နှစ်ဆိုတဲ့ စိတ်လှုပ်ရှားတတ်တဲ့ အရွယ်မှာ အိန္ဒိယမှာနေတဲ့အတွေ့အကြုံတွေက အဲဒီနောက်ပိုင်း အရွယ်အတွက် တွေးခေါ်စဉ်းစားမှုတွေကို သြဇာသက်ရောက်မှုတွေရှိခဲ့ပါသလား။
စု။ ။ ဟုတ်ပါတယ်။ နံပါတ်တစ်အနေနဲ့ကတော့ ကျွန်မမှာ အိန္ဒိယလူမျိုးသူငယ်ချင်းအများကြီးရှိခဲ့တဲ့အတွက် သူတို့ရဲ့ အရိပ်အရောင်တွေသက်ရောက်မှုရှိခဲ့တာသေချာပါတယ်။  နောက်တစ်ချက်ကတော့ အိန္ဒိယမှာနေခဲ့ရတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကိုလေ့လာသင်ကြားခွင့်ရခဲ့ပါတယ်။ အားလုံးဟာ ကျွန်မအတွက် ကမ္ဘာအသစ်တစ်ခုကိုရောက်သွားခဲ့ရတဲ့ အတိုင်းပါ။ အိန္ဒိယနိုင်ငံကြီးရဲ့ လူမျိုးစုပေါင်းများစွာတို့ အတူရှိနေခဲ့ကြတာကိုသိခဲ့ရတယ်။ ဗမာပြည်ထဲမှာလည်း အိန္ဒိယလူမျိုးတွေရှိပါတယ်။ အဲဒါလေးကိုပဲ အိန္ဒိယလူမျိုးလို့ထင်ခဲ့တဲ့ ကျွန်မရဲ့ ကျဉ်းမြောင်တဲ့ အမြင်လေးကို လည်းသိခဲ့ရတယ်။ ကျွန်မအမေကအမြဲပြောပါတယ် “ အိန္ဒိယကိုသွားရင် လူမျိုးစုတွေကွဲပြားများပြားမှု ဘယ့်လောက်များတယ်ဆိုတာ သိရလိမ့်မယ်” တဲ့။ တကယ်လည်း အိန္ဒိယနိုင်ငံရဲ့ လူမျိုးစုပေါင်းများစွာနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ကျွန်မရဲ့ မျက်စိတွေကို ဆွဲဖွင့်လိုက်သလို မျက်စိပွင့် ခဲ့ရတော့တာပါပဲ။ စိတ်နှလုံးတွေလည်းပဲပေါ့။

၈၈ခုနှစ် ဗမာပြည်ကိုပြန်လာခြင်းဟာ ကံကြမ္မာကိုအများကြီးပြောင်းလဲစေခဲ့ပါတယ်။

မိ။ ၈၈ခုနှစ်မှာနာမကျန်းနေတဲ့ မိခင်ကြီးကိုပြုစုစောင့် ရှောက်ဘို့ အိန္ဒိယမှာနေထိုင်ရာကနေဗမာပြည်ပြန်လာခဲ့ပါတယ်။ တချိန်တည်းမှာဗမာနိုင်ငံမှာအာဏာရှင်အစိုးရကိုဖြုတ်ချပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုတွေစတင်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်တစ်ထပ်တည်းကြုံတွေ့ခဲ့ရတယ်။ အဲဒီလို ဗမာပြည်ကိုပြန်တဲ့အချိန် ဗမာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ဖြစ်လိမ့်မယ်လို့ မိမိကိုယ်တိုင် ကြိုတင်စဉ်းစားခဲ့ဘူးတာမျိုးရှိခဲ့ပါသလား။
 စု။ ။ မရှိခဲ့ပါဘူး။ လုံးဝမသိခဲ့တာလည်းပါပါတယ်။ အဓိက ကတော့ အမေ့ကိုပြုစုဘို့တစ်ခုပဲ ရှိခဲ့ပါတယ်။
 တခြားအကြောင်းလည်း ခေါင်းထဲကို မ၀င်နိုင်ခဲ့တဲ့ အချိန်ပါ။ ဒါပေမယ့် ..... တစ်ချိန်တည်းမှာ အားလုံးဟာ တစ်ပြိုင်တည်း ဖြစ်လာကြတော့တာပါပဲ။



မိ။ ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်လ်အဲလစ်စ်ရေးထားတဲ့စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမိနိုင်ငံကိုပြန်သွားတဲ့နေ့တစ်နေ့ကျ ရောက်လာမယ်ဆိုတာကို မင်္ဂလာမဆောင်ခင်တည်းက ကြိုတင်သိထားခဲ့ပါတယ်လို့ရေးထားတယ်။ ဗမာနိုင်ငံကိုတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်မွေးဖွားလာတဲ့သူတစ်ဦးဟာ ဘိုးဘွားမြေကိုပြန်မယ်ဆိုတာ ကို သူသိထားခဲ့တယ်နော်...
စု။ ။ အော် ...ဟုတ်လား။ သူက အဲလိုမျိုးတွေသိထားမယ်ဆိုတာ စဉ်းစားလို့တောင်မရဘူး။(ရယ်လျှက်)။ ဒါပေမယ့် အဲလိုဖြစ်နိုင်ခြေရှိမယ်လို့သူနားလည်ထားမယ်ဆိုတာသေချာပါတယ်။ 

မိ။ ။ ကိုယ်တိုင်အနေနဲ့လည်း တချိန်မှာဗမာပြည်ပြန်ပြီး နိုင်ငံရေးလုပ်မယ်ဖြစ်လိမ့်မယ်လို့  စဉ်းစားခဲ့ဘူးတာမျိုးကောရှိခဲ့ပါသလား။
စု။ ။ ဗမာနိုင်ငံဟာ အမြဲတမ်းကျွန်မရဲ့ ဘိုးဘွားမြေဖြစ်တဲ့အတွက်၊ တကယ်လို့များ ကျွန်မဗမာပြည်ကိုပြန်ဘို့လိုအပ်လာလို့ကတော့ အချိန်မရွေးပြန်မယ်။ ပြန်ဘို့လုပ်မယ်ဆိုတဲ့ အတွေးကတော့ရှိပါတယ်။

လူတွေမှာဘယ်လိုမှ ရွေးချယ်လို့မရတဲ့ ကံကြမ္မာဆိုတာရှိပါတယ်။ ဒါပေမယ့် အဲဒါကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့ သင်ကိုယ်တိုင်ရွေးချယ်ရပါလိမ့်မယ်” 

စာကြွင်း။ ။ ဆောင်းပါးရဲ့ သုံးပုံတစ်ပုံပါ။


7 comments:

Shinlay said...

ကျေးဇူးနော်။

ရွှေပြည်သူ said...

“ဘာတွေပဲဖြစ်လာလာ အပြစ်မပြောမနေကြပဲ လုပ်သင့်တာတွေလုပ်သွားကြဘို့” အဲဒီစကားက စိတ်ထဲမှာ စွဲသွားတယ်...

အမြဲတမ်း စိတ်ဝင်စားစရာ ထူးခြားတဲ့ အချက်အလက်တွေကို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အစ်မ ကောင်းမွန်ဝင်းရေ...

Anonymous said...

ဒီဘာသာပြန်လေးအတွက် အရမ်းကျေးဇူးတင်ပါတယ် အမ။

JJ

Anonymous said...

so good. I do appreciate your kind contribution. I love it. I love it.
Thanks.
Iora

Anonymous said...

Thanks sis.
Gyidaw

Nyi Linn Thit said...

ရွေးချယ်လို့ မရတဲ့ ကံကြမ္မာကို ရင်ဆိုင်ဖို့ နည်းလမ်း ရွေးချယ်ဖို့လိုတယ် ဆိုတာ သိပ်မှန်တာပဲ၊ ဒီအင်တာဗျူး မှာ ရှင်းရှင်လေးနဲ့ မှတ်သားစရာတွေ အများကြီးပါ၊ ဘာသာပြန်ပေးတာ ကျေးဇူးပါ မ,ကောင်းမွန်ဝင်းရေ၊ ကျန်တဲ့အပိုင်းတွေလည်း အဆင်ပြေရင် ဆက်ပါဦး...။

Thetmar said...

Thank you for this post.I got reading really really priceless words from " Lady" and I enjoy her talking.