May 5, 2011

ရွှေရောင် ရက်သတ္တပါတ်

မေလ ပထမပါတ်မှာ အထိမ်းအမှတ်ပိတ်ရက် ၃ရက်ရှိနေလို့ Golden Week ဆိုပြီးခေါ်ကြတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၂၉ရက်ကနေ မေလ၈ရက်နေ့အထိပိတ်တဲ့ ရုံးတွေလည်းရှိတယ်။ ကျွန်မရဲ့ ရုံးကတော့ အဲလိုမဟုတ်ဘူး။ ကြားရက်လေးတွေဖြစ်တဲ့ မေလ၂ရက်နဲ့ ၆ရက်နေ့တွေမှာရုံးတက်ရတယ်လေ။ ဘယ်ကိုမှ ခရီးမထွက်ဖြစ်သလို နေ့ချင်းပြန်ခရီးတွေလည်း မသွားဖြစ်ပါဘူး။ နေ့တိုင်း တီဗွီအစီအစဉ်တွေကြည့်ပြီး အိမ်သန့်ရှင်းရေးနဲ့ ဆောင်းတွင်းအ၀တ်တွေကိုသိမ်း နွေအ၀တ်တွေပြန်ထုတ် တာတွေလုပ်နေခဲ့ပါတယ်။
အထိမ်းအမှတ်ပိတ်ရက်ရယ် စနေတနင်္ဂနွေရယ်ဆက်ပြီး အခုလိုရက်ရှည်ဖြစ်နေလို့ ဂိုးလ်ဒင်းဝိခ် လို့ခေါ်တာပါ


ဘာလို့ညအိပ်ခရီးမထွက်ဖြစ်တာလည်းဆိုရင် ငလျင်လှုပ်ထားတဲ့ အရှိန်လည်းပါပါတယ်။ ခရီးစဉ်တွေက တစ်လလောက်တော့ ကြိုလုပ်ကြပါတယ်။ ပြီးခဲ့တဲ့လမှာ ခရီးထွက်ချင်တဲ့စိတ်မရှိသေးပါဘူး။ သူများတွေသွားတာကိုတော့ အားကျနေတတ်ပါတယ်။ နေ့ချင်းပြန်ခရီး တွေကျပြန်တော့ ပိတ်ရက်မှာ ယောက်ျားနဲ့ သားက စောစောမထချင်ပါဘူး။ (ကျွန်မလည်းပါပါတယ်)။

GWမှာ အဲလိုမျိုး ကစားမလား၊နားမလား၊စားမလား၊သွားမလားပေါ့ အလုပ်လုပ်တဲ့သူလည်းရှိပါတယ်

၂၉ရက်နေ့တုန်းကတော့ အပြင်မှာ အ၀စားနေ့လည်စာ သွားစားဖြစ်ခဲ့ပါတယ်။ နာဂိုယာမှာ ဒေါက်တာဘွဲ့ ဆက်တက်တဲ့ သူငယ်ချင်းတရုတ်မလေး မိုးစံ က ကျောင်းပြီးလို့ ပြီးခဲ့တဲ့ ဧပြီလမှာ တိုကျိုမှာအလုပ်ရတဲ့အပြင် သူ့အလုပ်က ပေးတဲ့ အဆောင်က ကျွန်မအိမ်နဲ့ ၃ဘူတာမြောက် မှာဖြစ်နေပါတယ်။ ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက ၂ယောက်နဲ့ ကျွန်မအပါအ၀င် ၃ယောက်စလုံး အခုလိုတိုကျိုမှာ အလုပ်နဲ့နေကြရလို့ ပြန်တွေ့တဲ့ အထိမ်းအမှတ် နဲ့ နေ့လည်စာသွားစားဖြစ်ကြပါတယ်။

အိမ်ကနေရထားနှစ်ဆင့်စီးသွားရပါတယ်။ အ၀စား တရုတ်ဆိုင်ပါ။ နေ့လည်စာ တစ်ယောက်ကို ၉၉၉ယန်း။ ဒီဆိုင်ကို၃ခေါက်တောင်ရှိပြီ။

မေလ၁ရက်နေ့ကျပြန်တော့ သားကို ကစားစရာ ပြတိုက်လိုက်ပို့ပါတယ်။

ကစားစရာပြတိုက်ထဲ က  ကစားစရာအခန်းတစ်ခန်းပါ။
ကစားစရာမျိုးစုံကို ရောင်းလည်းရောင်းပါတယ်။

အဲဒီနေ့ကလည်းအပြင်မှာနေ့လည်စာစားကြပါတယ်။

အဲဒီနောက်ပိုင်းရက်တွေကတော့ အိမ်မှာပဲနေကြပါတယ်။ မေလ၃ရက်နေ့ကတော့  အိမ်မှာအခြားအလုပ်တစ်ခုနဲ့ အစည်းအဝေးလုပ်တာတော့ ရှိခဲ့ပါတယ်။

 အိမ်မှာ နေ့တိုင်းလုပ်တာတွေကတော့ အစပိုင်းမှာရေးခဲ့သလို ဆောင်းတွင်းအ၀တ်တွေလျှော်ဖွတ်ပြီး သိမ်းရတာရယ်။ နွေအ၀တ်တွေကိုပြန်ထုတ်ရတာက တော်တော်ကြာပါတယ်။ အ၀တ်တွေကိုင်မိပြီဆိုတော့ တစ်ထည်ချင်း ခေါက်ရပြုရ၊ လျှော်ရဖွတ်ရ၊ သိမ်းရဆည်းရ ဆိုတာတစ်ရက်နဲ့ မပြီးပါဘူး။ ဒီကြားထဲမှာ တီဗွီအစီအစဉ်တွေကလည်း ကောင်းတော့ တီဗွီကြည့်တာလည်းပါပါတယ်။ ထမင်းဟင်းကို ထမင်းဘူးယူလို့မရတဲ့ ကြားရက်တွေမှာချက်မစားဖြစ်တာတွေ ချက်စားကြပါတယ်။

ကြေးအိုး လည်းချက်စားဖြစ်ခဲ့ပါတယ်

နေ့လည်စာ။ကျွန်မအတွက်ကတော့  စားကာနီး ဓါတ်ပုံရိုက်ဘို့ အရမ်းခက်ပါတယ်။ကိုယ်ကိုတိုင်လည်းဆာသလို သားကလည်း မစောင့်နိုင်တာပါ။


သုံးယောက်ထမင်းဝိုင်းပါ


ဝက်ကလီစာဟင်း
ရုံးမှာနေ့လည်ထမင်းစားချိန်သွားကြည့်တဲ့ ဘလော့ဂ်တွေထဲက စူးနွယ်ရဲ့ လက်ရာကိုကြည့်ပြီးစားချင်လာတာနဲ့ ချက်လိုက်ပါတယ်
ရန်ကုန်မှာစားခဲ့တဲ့ကညွှတ်က ကြီးပါတယ်။ဒီမှာတော့ သေးလည်းသေးတယ်၊တစ်စည်းကို သုံးချောင်းပဲပါပါတယ်။ပြီးတော့ ကျွန်မ၀ယ်စားတာအမေရိကားက၀င်တဲ့ ကညွှတ်ပါ။ ဂျပန်ပြည်တွင်းကညွှတ်လည်း အရွယ်တူ သုံးချောင်းဈေးက ၂ဆပိုကြီးပါတယ်။
အဲလိုပဲ ထမင်းပွဲရောက်ရင် လမ်းပြပုလိပ်ခေါ်ရမလိုသူကြိုက်တာတွေကိုထပြီးယူတော့တာပါပဲ။အခုလည်းလဘက်ပန်းကန်ထဲက အကြော်စုံကို ခပ်နေတာပါ။

ကျွန်မနဲ့ ယောက်ျားက လ္ဘက်သုတ်ဗူးကို တနေကုန်ကြိုက်တဲ့အချိန်စားလေ့ရှိပြီး၊ထမင်းစားရင်လည်း တခါတလေထည့်စားတတ်ပါသေးတယ်။ သားက လ္လက်ကိုမစားနိုင်သေးပေမယ့် အကြော်စုံကို ထမင်းနဲ့ နယ်စားတာသိပ်ကြိုက်ပါတယ်။

အိုင်အိုရာရဲ့ဘလော့ဖတ်ပြီးကတည်းက ဒီငရုတ်သီးအချဉ်ရေစားတိုင်း ကျွန်မတို့လည်း ကိုယ့်အကြိုက်နဲ့ကိုယ်တစ်ယောက်တမျိုးထူးနေကြတယ်ဆိုတာလေး ရေးထားတာကို သတိရပါတယ်။ကျွန်မကတော့ ပိတ်ရက်ဆို ဒီငရုတ်အချဉ်ရည်ကို ဗူးနဲ့ရေခဲသေတ္တာထဲထည့်ပြီးစားရလောက်အောင် ကြိုက်ပါတယ်။


သားက ပုဇွန်ဟင်းရိုးရိုး အာလူးဟင်းရိုးရိုးတို့ဆိုရင် မစားချင်လို့ အခုလို ပုဇွန်နဲ့အာလူးကို ဂျုံမှုန့်နဲ့လုံးပစ်လိုက်ပါတယ်

အာလူးပုဇွန်လုံးကြော်လိုပဲ သားအစားနည်းတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို အခုလိုရောပြီးကြော်တာတို့ ပေါင်းတာတို့လုပ်ပေးရင် သူက“ ဒါဘာလဲ မာမား” လို့မေးပြီး တစ်ခုပြီးတစ်ခုစားပါတယ်
သား အစုံစာအောင်ဆိုပြီး ဒီလို ရုတ်တရက်ဘာမှန်းမသိအောင် ပုံစံပြောင်းတာတို့ အလှအပလုပ်တာတွေနဲ့ လက်တည့်စမ်းပါတယ်


အစားအသောက်တွေရေးရင်းသတိရမိလို့ပါ။ ဂျပန်မှာ ထမင်းခူးတာနဲ့ သစ်သားယောက်မကို မြန်မာပြည်နဲ့မတူလို့ တလက်စာတည်း ဓါတ်ပုံရိုက်လိုက်ပါတယ်။ မေမေကတော့ ဒီယောက်မကို သဘောကျလို့ ရန်ကုန်အပြန် လက်ဆောင်ပေးဘို့လေးငါးချောင်းဝယ်သွားတယ်။
ထမင်းခူးတာမှာ အဲလိုဖေါင်းကြွလေးတွေအပြင် အလယ်မှာ အပေါက်ကပါသေးတယ်။ ဒါကိုကြည့်ပြီးမေမေက “ဟယ် ၊ သူ့ဟာကလည်း အလယ်မှာအပေါက်နဲ့ ၊ဧည့်သည်ဆောင်သည်ရှေ့ ဆို အားနာစရာကြီး ခပ်ရင် သိပ်မပါအောင်လုပ်ထားသလိုထင်တော့မှာပဲ” တဲ့။

အားရက်ကို အသုံးချပုံတွေ။ စားပုံသောက်ပုံတွေ။ အသုံးအဆောင်တွေ က တစ်ဦးနဲ့တစ်ဦး၊ တစ်နေရာနဲ့ တစ်နေရာ မတူကြပေဘူးပေါ့။ ကျွန်မအတွက်ကတော့ အဲဒါကပဲ စိတ်ဝင်စားစရာပါ။
တူတာတွေကိုတွေ့တော့လည်း ကြိုက်မိပြန်တာပါပဲ။

တူတာလေးကော မတူတာလေးကော ပြန်ရေးပေးခဲ့နော်။



12 comments:

မဗေဒါ (၈၈) said...

ညီမရေ..

လိုင်းပေါ်မှာ ရှိနေတာနဲ့... ချက်ချင်းရောက်ပသေး..။

စာဖတ်ပြီးတော့ အဝတ်ကိစ္စကလည်း အင်မတန် ဇယားများတယ်ဆိုတာ ကတော့ အခုလို စာဖွဲ့တဲ့အထိ အရေးပါရတဲ့ အကြောင်းရင်း ဖြစ်လေသတည်းပါ..။ စိတ်ကို ညစ်ယူရတဲ့အထိ..။

ကလေးကိစ္စလည်း ဒီလိုပဲ ဟိုပို့ရ ဒီပို့ရ..မိဘဝတ္တရား..။ အင်းးးးးးးးးးးးးးးး...

သူငယ်ချင်းတွေနဲ့ဆုံ ရတာလည်း ကြည်နှူးချင်းတမျိုး ဇိမ်ရှိခြင်းတမျိုး... ပြီးရင် ငြင်းကြ..ရယ်ကြ.. ကိုယ်ကလွဲရင် ကျန်တာတွေက အလကား ခဏတာ ဖြစ်သွားတက်တာမျိုး...။

အစိမ်းရောင်ရှည်ရှည်ကို ကညွတ်လို့ခေါ်တာ အခုမှသိတယ်..အခြား အခေါ်အဝေါ်ရှိသေးလား မသိ.. ပညာတခု ရသွားလေသည်..။

ဒနန်ဒဒဒဒဒဒဒဒဒဒဒဒဒန် .. ပြန်ပြီနော်..။

Shinlay said...

ပိတ်ရက်တွေမှာ အေးအေးဆေးဆေးလုပ်ချင်တာတွေလုပ်။
စားချင်တာတွေချက်စားရတာကျမ ခရီးထွက်တာ ထက်ပိုကြိုက်ပါတယ်။ ဒီလိုအိမ်မှာနားလိုက်ရမှ အနားရသလိုပဲထင်မိပါတယ်။ အိမ်ကယောင်္ကျားကတော့
အလွန်ခရီးထွက်ချင်တယ်။ နောက်ပိုင်းသိပ်မလိုက်ဖြစ် တော့ဘူး။
ဒီနေ့ ကညွှတ်အစိမ်းရောင် ၀ယ်လာတယ်။ မနက်ဖြန် သုပ်စားမလို့ ။

Anonymous said...

အားလပ်ရက်တိုဆိုရင် စက်ဘီးစီး (သို့)တောထဲလမ်းလျှောက်တာတော့ မဖြစ်မနေ မကြာခနလုပ်တယ်။ တခါတလေ နီးတဲ့ သူငယ်ချင်းတချို့နဲ့ဆုံပြီးလည်း ဗမာစာ ချက်စားကြတယ်။ မီးပူတိုက်ဖို့အ၀တ်တွေ ပုံထားတာလည်း စိတ်ညစ်ညစ်နဲ့တိုက်ရတာပေါ့။ သီချင်းလေးနားထောင်ရင်းနဲ့တိုက်တယ်လေ။ အချိန်ကုန်မှန်းမသိသာဘူးပေါ့။
အိမ်မှာလည်း ဟင်းကို ချက်ရတာအဆင့်များမယ့်ဟင်းမျိုး ချက်စားဖြစ်တယ်။ လက်ဖက်နဲ့အကြော်နှစ်ယောက်လုံးမကြိုက်ဘူး။ အဲဒီအချဉ်ရည်တော့လင်မယားနှစ်ယောက်လုံးအသေ ကြိုက်တယ်။ ကြာဆံကြော်ခေါက်ဆွဲကြော်ဆိုရင်အဲဒါလေးပါမှဆိုသလိုဖြစ်နေပြီ။ ကြက်သွန်ဖြူကြောင့် သူများတွေကိုအားနာလို့ ဘယ်မှမထွက်မှသာစားဖြစ်တာ။ သူကဟင်းအနှစ်အရည်ပါမှထမင်းစား တတ်တာ။ တို့ကအခြောက်လည်းရတယ်။ အရွက်စိမ်းတော့ကြိုက်တယ်။ ပဲပင်ပေါက်၊နံနံပင်၊ဟင်းနုနွယ်နဲ့ရူကိုလာတွေ့တိုင်းဝယ်တယ်။

စူးနွယ်လေး

ညီလင်းသစ် said...

အားလပ်ရက်တွေမှာ ဘယ်မှမသွားဖြစ်တာ ရုတ်တရက် ကြည့်ရင် နှမြောစရာလို့ ထင်ရပေမယ့် တခါတလေမှာ လည်း အခုလို အိမ်မှုကိစ္စလုပ်ရင်း အေးအေးဆေးဆေး နားရတာ တကယ်ကောင်းတယ်၊ သားကလေး အကြော်စုံ နှိုက်နေတဲ့ပုံလေး ကြိုက်တယ်၊ လက်ဖောင်းဖောင်း၊ ပါးဖောင်းဖောင်းလေးနဲ့...၊ ဟင်းတွေကလည်း စားချင်စရာပါပဲလား မ,ကောင်းမွန်ဝင်းရေ..၊ ထမင်းခူးတဲ့ ယောက်မအပေါ်မှာ အမေ့ရဲ့ မှတ်ချက်ကို ရယ်နေမိတယ်၊ ဟုတ်လည်း ဟုတ်တာပဲ-လို့..၊ မိသားစုနဲ့ အတူ ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ GW ဖြစ်ပါစေဗျာ.....။

ကိုကိုမောင်(ပန်းရနံ့) said...

စားစရာတွေ အများကြီးဘဲ။ ကြည့်ရင်းနဲ့ ဗိုက်ဆာသလိုလို ဖြစ်လာတယ်။ အမ ကလေးလေးကလဲ ချစ်စရာလေးနော်။ သူလိုချင်တဲ့ဟာတော့ မရ ရအောင် ယူမဲ့ပုံဘဲ။ ကောင်းတယ်။ အဲဒါမှ ကြီးလာရင် သူ့ကိုယ်သူ ပိုယုံကြည်ချက် ရှိလာမှာ။

ခင်မင်လျက်

ရွှေပြည်သူ (ShwePyiThu) said...

မိသားစုနဲ့ရော ချစ်သူခင်သူ မိတ်ဆွေတွေနဲ့ပါ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ ရွှေရောက်ရက်သတ္တပါတ်ကို အားကျငေးမောသွားပါတယ် အစ်မကောင်းမွန်ဝင်းရေ။ ကလေးမဟုတ် သူငယ်မဟုတ်နဲ့ ကစားစရာပြတိုက်လေးကိုလည်း သဘောကျမိသေးတယ်း) ကြေးအိုးပန်းကန်မြင်တော့ တံတွေးမျိုချမိပြန်ရော...း)

စင်္ကာပူမှာတော့ အဲလောက်ရှည်တဲ့ ပိတ်ရက်မျိုးမရှိပေမယ့် သူတို့ Long Holiday လို့ ခေါ်တဲ့ ၃/၄ ရက် ဆက်ပိတ်တဲ့အခါတွေမှာ ညီမကတော့ အိမ်မှာနေ ရှင်းစရာရှိတာတွေရှင်း၊ စာဖတ်၊ ရုပ်ရှင်ကြည့်၊ တက်စရာသင်တန်းလေး သွားတက်နဲ့ပဲ အချိန်ကုန်တာ များပါတယ်း)

Anonymous said...

မကောင်းမွန်ဝင်း..
ဒီရောက်ကတည်းက အဆင်းရဲဆုံးပြောပါဆိုရင် အချိန် ဘဲ။ ဘယ်တော့မှ ပိုနေတယ်ဆိုတာကိုမရှိဘူး။
ဟုတ်တယ်..ဟုတ်တယ်..ကိုယ်ပြောသလိုဘဲ..ကိုယ်တို့ ကယဉ်ယဉ်လေးတွေပါဆို။း)
ကညွတ်ကဒီမှာတော့ ရှားရင် တပေါင်သုံးကျပ် လေးကျပ်။ ပေါရင် ၂ကျပ်လောက်။ အချောင်း ၂၀ လောက်တော့ပါမယ်ထင်တယ်။ ကိုယ်တို့ တအိမ်လုံး လက်ဖက်ကို နေ့ ရောညရောစားကြတယ်။ ထမင်းစားလည်းလက်ဖက်ကပါမှ။ အိမ်နှပ်ကိုပိုကြိုက်တယ်။ အသင့်စားတွေသိပ်မကြိုက်ဘူး။ စားတော့စားတာပါဘဲ။
ရွှေရောင်နေ့ လေးတွေအမြဲဆို ဘယ်လောက်ကောင်းလိုက်မလဲနော်။း)
အိုင်အိုရာ

Anonymous said...

ညီမ ရေ

ပိတ်ရက်တွေ က ပျော်စရာနော် အမ အလုပ်လုပ်တုန်း ကလည်း ပိတ်ရက်တွေကို တနှစ်စာ ကြိုတွက်ထားတာ သိပ်ပျော်တာဘဲ

အခုအလုပ်ကြတော့လည်း သင်္ကြန် ဘဲ ပိတ်တာ ဆိုတော့ သိပ်ငြီးငွေ့ တာဘဲ

စားစရာတွေ ကို ကြည့်သွားပါတယ် ဒါနဲ့ အဲဒီမှာလည်း ကလီစာ တွေစားကြလား အမ ကတော့ ကြက် ဝက် ဆိတ် ကလီစာ တွေ ကြိုက်တယ်

ရွှေစင်ဦး said...
This comment has been removed by a blog administrator.
ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်း သားလေးကို ချစ်လိုက်တာ
ဟိဟိ အိမ်က တူလေးလည်း အဲလိုဘဲ
သူကြိုက်တာသူ့ဖာသူနှိုက်စားတယ်
ပြီးတော့ သူကြိုက်တဲ့ဟင်းဆို သူများနှိုက်လည်း မကြိုက်ဖူးတဲ့။ အော်ဟစ်တတ်သေးတယ်
ဒါပေမဲ့ အဲလိုဆိုးလည်း ချစ်ရတာပါဘဲလေး)

Anonymous said...

ကျနော်လုပ်ခဲ့တဲ့အလုပ်မှာတော့ ရွှေရောင်ပိတ်ရက်မရှိခဲ့ဖူးဘူး။ ဆန်းဒေးတရက်သာ အနားရပါတယ်။ တခါတလေစနေခွင့်တိုင်ဖြစ်ပါတယ်။ နှစ်ကူးလိုရက်ရှည်ကျတော့ မြန်မာပြန်ချင်ပါတယ်။
(ပြန်လဲပြန်ဖြစ်တာများပါတယ်..။)
ဟူးးးးး..ဆောင်းအဝတ်တွေမသိမ်းရသေးဘူး။
ငပျင်းဖြစ်နေတယ်..။အလုပ်များတာ စိတ်များတာလဲ
ပါမှာပေါ့..။
ကညွှတ်ကို ကညွှတ်လို့ခေါ်မှန်းမသိဘူး။ တရုတ်နာမည်ပဲ
သိတာ...။ ပုဇွန်နဲ့ကြော်စားကောင်းတယ်နော်..။
ကြက်သွန်ဖြူဓါးပြားရိုက်ပြီးတော့ပေါ့..။
ဆားပဲထည့်...။
ပြီးတော့ ရေနွေးစိမ်ပြီး မရောနိစ်နဲ့သုတ်စားတာလဲကြိုက်တယ်..။
လက်ဖက်လည်းကြိုက်တယ်..။ ကြေးအိုးမစားဖူးဘူး။


ပေါက်

(အိမ်လာလည်တာကျေးဇူးးနော်..
ငပျင်းဖြစ်တာရယ်..အလုပ်များတာရယ်ကြောင့်
အဟိ)

ုကျော်နှင်းဆီလွင် said...

မမွန်ရေ
ပီဇာကတော့ ပြီးမှသတ်သတ်လုပ်ကျွေးရမယ်
:))
ဆောင်းထည်တွေသိမ်းပြီးပြီဆိုတော့ကောင်းလိုက်တာ ညီမတော့ ဂနေ့ထုပ်ရင်းပိုးရင်းချာချာလည်နေရောပဲ