October 17, 2010

မှန်

တရုတ်နိုင်ငံရဲ့ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံရောက်ပြီးမှ ဒုတိယအကြိမ် တွေ့ကြုံရပြန်ပါပြီ။ အခုတစ်ကြိမ်မှာတော့ ကျွန်မက အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ ပထမအကြိမ်လောက်တော့ တိုက်ရိုက်ခံစားတွေ့ကြုံရတာမရှိပါဘူး။ ဟုတ်ပါတယ် ပထမအကြိမ်ကတော့ ကိုယ်တိုင်တွေ့ကြုံ ခဲ့ရတာလေးနည်းနည်းပါးပါး ရှိခဲ့ပါတယ်။ ပထမအကြိမ်တွေ့ကြုံခဲ့ဘူးတာကတော့ ၂၀၀၅ခုနှစ်မှာပါ။ အဲဒီတုန်းက နာဂိုယာတက္ကသိုလ်မှာ ကျောင်းတက်နေချိန်ပေါ့။

ကျွန်မနေတာက နိုင်ငံခြားသားများပဲနေရတဲ့ အဆောင်မှာပါ။ အဆောင်မှာနေတဲ့ ကျောင်းသားတွေက ဖိလစ်ပိုင်(၁)၊မြန်မာ(၁)၊ ကိုရီးယား(၁)နဲ့ ကျန်တာက တရုတ်လူမျိုး(၁၂)ယောက်ပါ။ အဆောင်က လူနေရပ်ကွက်ထဲက လမ်းမကျယ်ကြီးပေါ်မှာရှိပါတယ်။  အဆောင်မှာ တက္ကသိုလ်၃ခုက နိုင်ငံခြားကျောင်းသားတွေနေပါတယ်။ တက္ကသိုလ် ၃ခုကနေ ၀င်ရောက်လျှောက်ထားသူများစွာထဲက မှ ရွေးခံရတဲ့အဆောင်ဖြစ်သလို၊ အဆောင်ဝင်ခွင့်ရသွားတဲ့သူတွေက ပါရဂူဘွဲ့ရတဲ့အထိ ဆက်တက်သူများလို့ နှစ်စဉ် အဆောင်ကိုဝင်ခွင့်ရသူ နှစ်စဉ်ဝင်ခွင့်ရဘို့ကလည်းခက်ပါတယ်။ အဆောင်က ပုဂ္ဂလိက ပိုင်တာပါ။ အဲဒီနယ်မြေအနီးတ၀ိုက်က ကုန်တိုက်ကြီးတွေဆောက်ထားတဲ့ မြေနေရာကိုပိုင်တဲ့သူက အလွန်ချမ်းသာသူဖြစ်တဲ့အတွက် အများအကျိုးဆောင်တဲ့အနေနဲ့ သူပိုင်မြေကွက်ထဲက တစ်နေရာကို အဆောင်အဖြစ်ဆောက်လုပ်ပြီး တက္ကသိုလ်၃ခုက ဘွဲ့လွန်ကျောင်းသား နိုင်ငံခြားသားကျောင်းသားများကို လက်ခံထားပေးတာဖြစ်ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ သူဌေးတစ်ယောက်ကဆောက်လုပ်တဲ့ အဆောင်ဖြစ်လို့လားမသိပါဘူး အဆောင်က တက္ကသိုလ်ကအဆောင်များထက်ကော တခြားကျွန်မသူငယ်ချင်းများအဆောင်တွေထက်ကော ကောင်းပါတယ်။ အဆောင်က လူနေရပ်ကွက်ထဲလမ်းမကြီးပေါ်ရှိတဲ့အတွက် ရပ်ကွက်ကလည်း တချိန်လုံး ကျွန်မတို့ နိုင်ငံခြားသားကျောင်းသားတွေ အနေအထိုင် အမြဲကြည့်နေတယ်ဆိုတာကို အဆောင်ပိုင်ရှင်ရဲ့ ရုံးအဖွဲ့ကပြောပါတယ်။ အဆောင်ကိုဝင်တဲ့ ၀င်ပေါက်ကလည်း ကိုယ့်ဘာသာသော့ခေတ်ထားတဲ့အပြင် အခန်းမှာလည်းသော့နဲ့မို့ သော့နှစ်ထပ်နဲ့ လုံခြုံပါတယ်။
အဲဒီလို လုံခြုံသန့်ပျံ့ပြီး သပ်ရပ်လှပတဲ့ အဆောင်ကို ၂၀၀၅ခုနှစ် ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်တဲ့ ၄လပိုင်း(ရက်အတိအကျကတော့ ၁၆ရက်လား ၊၁၇ရက်လားမသိတော့ပါဘူး ကျွန်မမှတ်စု စာအုပ်ထဲမှာရက်စွဲကရောနေပါတယ် ) မနက်၅နာရီခွဲ အချိန်ပိုင်းအလုပ်သွားဘို့အောက်ဆင်းလာတဲ့ အချိန်မှာ အောက်ထပ်က မှန်တံခါး၂ဆင့်လုံးဟာ တစ်စစီကြေမွနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒီ ပင်မ၀င်ပေါက်ကမထွက်ပဲ ကားဂိုဒေါင်ဘက်က တံခါးကနေထွက်ခဲ့ပါတယ်။ အဆောင်မှာကျန်ခဲ့တဲ့ သူငယ်ချင်း နှစ်ယောက်ကို လက်ကိုင်ဖုန်းကနေ မေးလ်ပို့ပြီး မနက်၉နာရီလောက်မှာ အဆောင်ပိုင်ရှင်ရုံးခန်းကို ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြပါတယ်။ တာဝန်ခံက   ခုနကပဲ ရဲကိုတိုင်ထားတယ်ဆိုတဲ့အကြောင်းနဲ့၊ ဒီမှန်ခွဲတာဟာ မနေ့ညသန်းခေါင် ကျော်မှာဖြစ်ခဲ့တာလို့ပြောပါတယ်။ ဘာလို့ဘယ်သူကအဲဒီလိုလုပ်တာလဲလို့မေးကြည့်တော့ အဆောင်မှာတရုတ်ကျောင်းသားတွေရှိတာကိုသိလို့ ဂျပန်လူမျိုးတစ်ယေက်က တရုတ်ပြည်မှာဖြစ်နေတဲ့ ဂျပန်ဆန့်ကျင်ရေးကို ပြန်ပြီးမကျေနပ်ကြောင်းပြတဲ့ အနေနဲ့လုပ်တာလို့ပြောပါတယ်။ အန္တရယ်မရှိပေမယ့် သတိထားနေပါလို့ပြောတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပြီး ဖုန်းချလိုက်ပါတယ်။ 

ကျွန်မလည်း အဲဒီနေ့က ညဘက်မှာ အပေါ်ထပ်က သူငယ်ချင်း တရုတ်မလေးနှစ်ယောက်နဲ့ ကျွန်မအခန်းမှာ အတူညစာစားပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။
ကျွန်မသူငယ်ချင်း တရုတ်မလေးနှစ်ယောက်က ဂျပန်ကို မကောင်းမပြောသလို တရုတ်မျက်ကန်းမျိုးချစ်တွေလည်း မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးက ဂျပန်ကို ဒုတိယအကြိမ်စာသင်ဘို့လာသူတွေဖြစ်တဲ့အပြင်၊ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သူတို့နှစ်ယောက်ရဲ့ အဓိကဘာသာရပ်တွေကလည်း ဂျပန်လူမျိုးကျောင်းသားတွေအတွက်တောင်မှ ခက်ခဲလှတဲ့ ဂျပန်နိုင်ငံရဲ့ လေးနက်တဲ့အကြောင်းအရာတွေပါ။ ကျွန်မဆိုလိုချင်တာက သူတို့နှစ်ယောက်စလုံးက ဂျပန်နဲ့ တရုတ် ယှဉ်လာလို့ကတော့ “ဒို့ကတော့ တရုတ်လူမျိုးမို့လို့ တရုပ်ဘက်ကမှန်တယ်၊ တရုပ်ဘက်ကပဲ နေမယ်” ဆိုတာလည်းမျိုးမဟုတ်ကြပါဘူး။ ပြဿနာရဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာအပေါ်မှာတာဝန်ရှိသူတွေကို ပဲဝေဖန်သုံးသပ်ပါတယ်။ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်တဲ့ တရုတ်လူမျိုးတွေကိုလည်း မဝေဖန်သလို၊ ကျွန်မတို့အဆောင်တံခါးနှစ်ချပ်ကို ရိုက်ခွဲသွားတဲ့ ဂျပန်လူမျိုးတစ်ယောက်ကိုလည်း အပြစ်မဆိုခဲ့ပါဘူး။

အဲဒီအချိန်အတောအတွင်းက ကျွန်မအချိန်ပိုင်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ ကော်ဖီလာသောက်တဲ့ ဧည့်သည်ဂျပန်လူမျိုး ၂-၃ယောက်လောက်က ရင်ဘတ်မှာတတ်ထားတဲ့ နံမည်ကိုကြည့်ပြီး (ဂျပန်နံမည်မဟုတ်တာနဲ့ ၊ ဘာလူမျိုးလည်းဆိုတာမမေးတော့ပဲ) “တရုတ်လူမျိုးလား” ဆိုတာ မေးးခံခဲ့ရဘူးပါတယ်။ “မဟုတ်ဘူးလို့” ဖြေတာနဲ့ “ တော်သေးတယ်” တို့“ ကံကောင်းတာပေါ့” ၊ “တရုတ်လူမျိုးသူငယ်ချင်းရှိလား” တို့ဆက်မေးခံရပါတယ်။ 


အဲဒီကာလ တစ်ချိန်တည်းမှာပဲ တရုတ်လူမျိုးသူငယ်ချင်းအချို့( ၂-၃ယောက်လောက်ပါပဲ)နဲ့ ကျောင်းမှာ ထမင်းစားချိန်သို့မဟုတ် နားနေခန်းတွေမှာတွေ့ရင်တော့ သူတို့က “ဂျပန်လူမျိုးတွေက ဘယ်လိုနေထိုင်စားသောက်တာ၊ အတွေးအခေါ်ကဘယ်သို့ဘယ်ညာ၊ ခံယူချက်တွေ၊ယုံကြည်ချက်တွေ ဘယ်လို၊စသည်ဖြင့် မကောင်းတဲ့အကြောင်းအရာများနဲ့ စကားစစ်ပွဲစတင်လေ့ရှိပါတယ်။

အခုတစ်ခါလည်း တရုပ်ပြည်မှာ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်ပေါ်နေပါတယ်။  အရင်တစ်ခါပထမအကြိမ်တုန်းကလို ကိုယ်နေတဲ့နေရာအထိ ပတ်သက်လာတာမျိုးမရှိပေမယ့်၊ ကျွန်မနေထိုင်သွားလာ လှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်မှာ “ပြဿနာရဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာအပေါ်မှာတာဝန်ရှိသူတွေကို ပဲဝေဖန်သုံးသပ်သူတွေရှိသလို၊ ပြဿနာပေါ်ပေါက်နေရတဲ့ သူ တစ်ဘက်နဲ့ တစ်ဘက် ပြဿနာနဲ့ မသက်ဆိုင်တဲ့ စားသောက်နေထိုင်၊တွေးခေါ်ယူဆ၊ပုံတွေကို ကိုယ်လက်မခံနိုင်ကြောင်း မကောင်းဘက်ကနေစကားမျိုးစုံနဲ့ ထိုးစစ်ဆင်သူတွေ” ကိုလည်း မြင်တွေ့ကြားသိရပါတယ်။

ကျွန်မအနေနဲ့ တတ်နိုင်တာကတော့ ဘယ်လိုပြဿနာမျိုးကိုမှ မတွေ့ကြုံချင်တဲ့ လူသားတစ်ယောက်အဖြစ်နဲ့ တွေ့ကြုံလာတဲ့ ပြဿနာတွေကိုလည်း အကောင်းဆုံးအခြေအနေများနဲ့ ပြေလည်အောင်ဖြေရှင်းနိုင်ဘို့ ဆန္ဒပြုလိုက်ပါတယ်။

စကားမစပ် ဒီရက်ပိုင်းမှာ ကွန်ပြူတာရှေ့ရောက်ရင်တာနဲ့  တရုတ်ဘာသာနဲ့ကော ဂျပန်ဘာသာနဲ့ကော လူကြိုက်များတဲ့ သီချင်းတွေကိုနားထောင်ဖြစ်နေတယ်။ 
ဘလောက်မှာလည်း ဂျပန်အဆိုတော်မင်းသမီးလေးက တရုပ်ဘာသာနဲ့သီချင်းဆိုထားတာလေးကို youtube ကနေ တင်ထားလိုက်သေးတယ်လေ။


ဓါတ်ပုံတွေကို အင်တာနက်က ကူးယူပါတယ်။

11 comments:

သူကြီးမင်း (တုံးဖလား) said...

မှန်= မှန်ခွဲခံရခြင်း
မှန်= မှန်တယ်လို့ ဆန့်ကျင်ရေးလုပ်တယ်။
မှန်= မှန်တယ်ထင်လို့ တန်ပြန်ဆန့်ကျင်ရေးလုပ်တယ်။
မှန်= မှန်တယ်ထင်ရင်တော့ လုပ်ကြပြောကြရေးကြ၊ အကုန် အကုန် လုပ်ကုန်ကြတော့တာပါဘဲ။

အဓိကကတော့ ဆန့်ကျင်ရေးတိုင်းမှာ တန်ပြန်ဆန့်ကျင်ရေးတွေရှိနေကြတယ်ဆိုတာပါဘဲ။

သေသေချာချာဖတ်သွားတယ်နော် အမ။ ပြီးတော့ ထင်ရာလဲလျောက်ရေးသွားတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

blackcoffee said...

လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တဝါဆိုပေမယ့် အသိဥာဏ် ရှိတဲ့သူနဲ့ မရှိတဲ့သူ ကွာတာပါဘဲ။ တစ်ယောက်မကောင်းတာနဲ့ အားလုံးမကောင်းဘူးဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းမရိုက်သင့်ပါဘူး။ တကယ်အပြစ်ရှိတဲ့ သူကိုပဲ လက်တုံပြန်သင့်ပါတယ်။

ကျော်နှင်းဆီလွင် said...

မရေ တရုတ်ပြည်မှာလည်း ဂျပန်ဆန့်ကျင်ရေး demonstration တွေ လုပ်နေတာကြားရသလို ရှီဘုယမှာလည်း တရုတ်ဆန့်ကျင်ရေးတွေရှိနေဆိုပဲ။...

ချော(အစိမ်းရောင်လွင်ပြင်) said...

နိုင်ငံတိုင်း လူမျိုးတိုင်းမှာ အားနည်းချက် အားသာချက်တွေတော့ ရှိနေကြမှာပါဘဲ။
ဘယ်လူမျိုးကမှ အားလုံး ပြည့်စုံကောင်းမွန်နေမယ်လို့ မထင်မိပါဘူး။
လူတွေရဲ့ အတ္တစိတ်က ကိုယ်သာ ကောင်းတယ်... ကိုယ့်လူမျိုးသာလျှင်ကောင်းတယ်လို့ ထင်တတ်ကြတယ်နော်။
တကယ်တမ်းတော့ မျှတတဲ့အတွေးစိတ်တွေ ရှိကြရင် ပဋိပက္ခဆိုတာ ရှိလာမယ် မထင်ဘူး။
အစွန်းရောက်တဲ့ သူတွေ ရှိနေကြလို့လည်း ငြိမ်းချမ်းခြင်းဟာ ရှားပါးနေတယ်လို့ ယုံကြည်မိတယ်.

SHWE ZIN U said...

ညီမ ကောင်းမွန်ဝင်း ရေ

လူမျိုးရေးခွဲခြားချက် တွေက အခုထိ မပြီးနိုင်သေးဘူးနော်
စိတ်မသက်သာဘူး အဲဒါတွေကြားရတိုင်း
ညီမ မင်းသမီး လေးကတော့ ချောတယ် နားမလည် လို့ နားထောင်တော့ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခွန် said...

အင်း... ဂျပန်ကတော့ တခုခုဆို သူတို့အရင်က လုပ်ခဲ့တဲ့အပြစ်တွေအတွက် လို့ပြောရမလားမသိဘူး အစ်မရေ...
ခုတခေါက်ကိစ္စလည်း သူတို့မှန်တဲ့ဘက်မှာ ရှိတယ်လို့ ထင်ပေမယ့် တရုတ်က တက်ချိန် သူတို့က ကျချိန်ဆိုတော့ မှန်ပေမယ့်လည်း အလျော့ပေးရတာတွေရှိသလိုဘဲနော်.... တိုင်းပြည်တိုင်းလူမျိုးတိုင်းမှာ ကောင်းတဲ့သူ မကောင်းတဲ့သူ အကုန်ရှိပါတယ်။ အားလုံးကို သိမ်းကျုံးပြီးတော့ ပြောလို့တော့မရပါဘူး။ ဒါပေမယ့် တရုတ်တမျိုးကိုတော့ ဘာ့ကြောင့်မှန်းမသိဘူး ခွန်ဘယ်လိုမှ 受け入れられないの(苦笑)
အစ်မချစ်ချစ်ကို ဒီကွန်မန့်မပြရဘူးနော်... ခွန်ပြောတာ တရုတ်ပြည်ကတရုတ်ကိုပြောတာ ဟီး.....

မဗေဒါ (၈၈) said...

ညီမ ကောင်းမွန်ဝင်း

ဆန့်ကျင်ရေး သတင်းအတွေ့အကြုံလေး ဖတ်ပြီး အောက်လည်း ရောက်ရော အယ်မလေး လှလိုက်တဲ့ ညီမကောင်းမွန် ဆိုပြီး ထင်တာ.. (အဟီး ) မြင်းသမီးလေး ဖြစ်နေတော့ အော် သူလည်း ဂျပန်မှာ နေတော့ ဂျပန်မင်းသမီးလေးလို လှမှာပါ..ပုံ မတင်ချင်လို့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်..(တကယ်ပြောတာပါ..)။ ပျော်ရွင်ပါစေ..။

ပန်းဗေဒါ

ကိုအောင် said...

လူမျိုးရေး ခွဲခြားမှုတွေ ပပျောက်ပါစေလို့
အမြဲပဲ ဆုတောင်းပါတယ်။

မိုးယံ said...

ဘာပြောရမှန်းကို မသိတော့ဘူး ။ ပြောရင်လည်းကိုယ်က ဘာသာလူမျိုး ခွဲတယ်ဖြစ်ဦးမယ် (တစ်ကယ်တော့ခွဲတယ်)

တံဆိပ်တွေအောက်မှာ တိုက်ပွဲဆင် သွေပွဲဝင် အဲဒါ လူ

ဘာသာတရားတွေက သူတို့ကို မလွှမ်းမိုးနိုင်လို့ အချင်းချင်းသတ်နေလေတော့

ဘာသာတရား လွှမ်းမိုးခံနေရတဲ့ လူတွေက ကြားကနေ လက်ပိုက်ပြီး ပြုံးနေတယ်။

လသာည said...

သတင်းဖတ်တိုင်း ချီလီက လုပ်သားတွေအကြောင်းနဲ့ တရုတ်ဂျပန်အကြောင်းပဲ ကြားရတယ်။

လူတွေအားလုံး ဆက်ဆံရေး ပြေစေချင်တာပါပဲ..

win latt said...

ဂျပန်ဆန့်ကျင်ရေးသီတင်းတွေ TVမှာ တွေ့ရတယ်။
ကိုရီးယားမှာလဲ ဂျပန်ကို ဆန့်ကျင်သူတွေရှိပါတယ်။
ဒါပေမဲ့ ဂျပန်ကို ဆန့်ကျင်သူတွေအားလုံးအတုယူနေရတာ။ ပညာခိုးနေရတာတွေ ကျွန်တော်တို့ မျက်မြင်ပါပဲ။
လောကကြီးက စိတ်ရှုတ်စရာတွေအပြည့်ပါပဲအမရေ...