August 26, 2011

ဘလော့ဂ်ဒေး ဆုတောင်း

ဘလော့ဂ်ဒေးအမှတ်တရ ရေးဘို့ပြောတဲ့ အစ်မရွှေစင်နဲ့ ကိုအောင် တို့ကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။

ကျွန်မကျောင်းတက်နေချိန် ၂၀၀၄ခုနှစ်မှာ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တရုပ်နဲ့ ကိုရီးယားသူငယ်ချင်းတွေဟာ skype နဲ့ blog ကို အရမ်းစွဲနေကြတဲ့ အချိန်ပါ။ သူတို့ဆီက ဘလော့ဂ်ကို စသိရတာပါပဲ။သူတို့မှာအားတာနဲ့ ဓါတ်ပုံတွေတင်၊စာတွေရေး၊ ကော်မန့်တွေကိုဖတ်၊ တခါတလေမှာ ကျောင်းမှာကွန်ပြူတာအားလုံးသုံးနေချိန်မှာ ဘေးကကွန်ပြူတာမှာထိုင်နေတဲ့ ကျွန်မကို ခေါ်ပြီး ဓါတ်ပုံတွေပြတတ်သလို သဘောကျတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ (ကိုရီးယားဘာသာ/တရုပ်ဘာသာကနေ ဂျပန်လိုဘာသာပြန်ပြီးပြောပြတတ်ကြပါသေးတယ်။ ကျွန်မကိုလည်း မြန်မာလိုဘလော့ မရေးဘူးလားလို့မေးတတ်ပါတယ်။

ကျောင်းစာနဲ့ပတ်သက်ရင်လည်း  လိုအပ်တဲ့ အချက်အလက်တွေကိုလည်း သူငယ်ချင်းနိုင်ငံခြားသားတော်တော်များများက သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ ရှာဖွေနိုင်ကြတယ်။
 သူတို့ကိုကြည့်ပြီး သိပ်ကို အားကျသလို မြန်မာဘာသာနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်  ဘယ်တော့မှဖြစ်မလဲလို့  တွေးခဲ့မိဘူးပါတယ်။


မြန်မာစာကိုတော့ ၀င်းအင်းဝကို စပေါ်ကတည်းက သုံးခဲ့ပါတယ်။ အလုပ်ကိစ္စမှာ ဘာသာပြန်တဲ့ အလုပ်တွေလုပ်ရလို့ပါ။ ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ မြန်မာစာနဲ့ ရှာလို့မရခဲ့ဘူးပေါ့။ ကျောင်းပြီးတဲ့နောက်မှာတော့  ဇော်ဂျီကို လူသုံးများလာတာသိပြီး ချက်ချင်းသူ့ကိုပြောင်းသုံးခဲ့ပါတယ်။ ဒီအချိန်မှာတော့ အင်တာနက်ပေါ်မှာပါ မြန်မာစာကို သုံးနိုင်လာတဲ့အတွက် အရမ်းအံ့သြ၀မ်းသာခဲ့ရတာပေါ့။

အိမ်ထောင်ကျတဲ့အခါမှာ ယောက်ျားက မြန်မာအင်တာနက်သတင်းတွေကို နေ့ညမပျက်ဖတ်နေရာက
မြန်မာဘလော့ တွေကို စသိခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သတင်းဘလော့တွေကိုကြည့်ရာကနေ ကိုယ်ပိုင်အတွေးနဲ့ အတွေ့အကြုံတွေရေးတဲ့ ဘလော့ဂ်တွေကို ပိုစိတ်ဝင်စားလာမိပါတယ်။

အရင်တုန်းကတော့ဂျပန်ဘာသာနဲ့ရေးတဲ့ဘလော့တွေကိုပဲဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကလည်း သတင်းအချက်အလက်တွေရှာရင်းနဲ့ဖြစ်စေ နံမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဘလော့ဂ်တွေကို ကြည့်ရင်းနဲ့ဖြစ်စေ ဖတ်ဖြစ်တာပါ။ ဒီလိုနဲ့ ဒီမှာနေရတဲ့အချိန်မြန်မာစကားနဲ့ မြန်မာစာကို သုံးဘို့ အခြေအနေက နည်းပါးလာပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မမှာ သိသာတဲ့ အခက်အခဲရှိတာကို သတိပြုမိလာရပါတော့တယ်။ ကျွန်မက ကုမဏီမှာလုပ်နေရင်း ဘာသာပြန်ကုမဏီကို မှတ်ပုံတင်ထားတော့ ဘာသာပြန်အလုပ်တွေကိုလုပ်ပါတယ်။  တစ်ချို့စကားလုံးတွေကို မြန်မာလို ချက်ချင်း မစဉ်းစားနိုင်တာ တစ်ချို့အရေးအသားတွေဟာ ဂျပန်ဘာသာအတိုင်း စဉ်းစားပြီးရေးနေတာတွေကို တွေ့ရတော့ မြန်မာလိုစဉ်းစား မြန်မာလိုရေးတဲ့အကျင့်တစ်ခုခု
လုပ်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။  တချိန်တည်းမှာပဲ အဲဒီအချိန်မှာ စဖတ်စပြုနေပြီဖြစ်တဲ့ မြန်မာဘလော့ဂ်တွေကို   အားကျပြီး ဘလော့ဂ်စရေးဖြစ်ပါတယ်။

ကျွန်မရဲ့ ဘလော့ဂ်မှာ စိတ်ထဲကရေးချင်တာနဲ့ သတိတရရှိတာ ကျွန်မသိထားတာကို သူများကိုလည်း သိစေချင်တာတွေကို ရေးပါတယ်။ စပြီးဘလော့ဂ်ရေးဘို့ မြန်မာဘလော့ဂါဟက်လ်ပ်ဒက်ခ်စ် ရယ် ဂျပန်လိုဘလော့ဂ်တွေရယ်ကို ဖတ်ပြီး ဘလော့ဂ်တစ်ခုလုပ်လိုက်ပါတယ်။ ပို့စ်ကလွဲပြီးဘာမှ မရှိတဲ့ ကျွန်မရဲ့ ဘလော့ဂ်ကို မိတ်ဆွေတစ်ယောက်ကိုပေးဖတ်တော့  စီဘောက်စ်၊ ကော်မန့်၊ ဗစ်ဇစ်တာကောင့်တင်း တွေထည့်ဘို့ ဖုန်းဆက်ပြောလာပါတယ်။ ဒါနဲ့ အဲဒါတွေကိုထည့်ဖြစ်ပါတယ်။


ဒါပေမယ့် ဘလော့ဂ်လစ်တွေ လင့်တွေကို မချိတ်ထားဘူး။ ကိုယ့်ကိုယ်ကို ထိမ်းတဲ့အနေနဲ့ပေါ့။ နို့မို့ဆိုရင် အဲဒါတွေကိုပဲဖတ်မိနေမှာ ဆိုပြီး။ ကိုယ်လည်း သွားချင်သလိုသွားတယ်။ လည်ချင်သလိုလည်တယ်။ ဖတ်ချင်သလိုဖတ်တယ်။ ကိုယ့်ဘလော့ဂ်လည်း ရေးချင်မှရေးတယ်။ ဖွင့်ချင်မှ ဖွင့်တယ်။ ဒီလိုလုပ်တာ ဘယ်ကောင်းမလဲ.................နော်....။ ကျွန်မမှာလည်း ကျွန်မရဲ့ ဘ၀ပေးအခြေအနေက ခွင့်ပြုသမျှလေးနဲ့မို့ပါ။ ခွင့်လွှတ်ကြပါလို့ ဒီနေရာကနေ ပြောပါရစေ။

တကယ်ကတော့ ဘလော့ဂ်တိုင်းလိုလို ကောင်းကြပါတယ် သို့သော်လည်းထူးဆန်းတာက အကောင်းတွေထဲမှာ တချို့ဘလော့တွေကိုတော့ နေ့တိုင်းနီးပါးကြည့်ချင်တယ်ဆိုတဲ့  ဘလော့ဂ်ဆိုတာတွေလည်း တစ်ဦးချင်းစီမှာ ရှိလာပါတယ်။
 ဒါဟာဘာကြောင့်လဲ။ (အဖြေက ရှည်မယ်ထင်ပါရဲ့)

ဘလော့ရေးတော့ ပို့စ်မှာ ကော်မန့်လာပေးတာကို သဘောကျပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကော်မန့်တွေရေးရတာ ပျော်ပါတယ်။ ကိုယ်က သူသိအောင် အားပေးခွင့်ရလို့။ ခက်တာက ရလာတဲ့  ကော်မန့်တွေကိုပြန်ပြီး မတုန့်ပြန်နိုင်တာပါ။ ကျွန်မရဲ့ ဆင်ခြေကို နားလည်ပေးမယ်လို့ထင်ပါတယ်။ အိမ်အလုပ်၊ ရုံးအလုပ်၊ အောက်ဆိုက်ရတဲ့ အလုပ် (ဘာသာပြန်တာပါ) ၊ ကိုယ်ပိုင် လေ့လာချိန်၊ ၃နှစ်အရွယ် ခလေးတဘက် ဆိုတဲ့ အကြောင်းပြချက်တွေပါ။
ကဲ..... ကော်မန့်တွေ ကိုဖြုတ်ဘို့ရာကလည်း  မဖြစ်နိုင်ပြန်ဘူး။ တချို့ကော်မန့်တွေကအားဖြစ်စေသလို တချို့ကော်မန့်တွေကနေ ဗဟုသုတတွေ ပြန်ရတာတွေကြောင့်ပါ။

ဘလော့ဂ်ရေးသူမဟုတ်ပေမယ့်လည်း လာအားပေးသူတွေလည်းရှိပါသေးတယ်။ သိပ်ကို အမှတ်ရခင်မင်စရာ စာကြောင်းတိုတွေထားခဲ့တတ်ကြတယ်။

ကျွန်မကတော့ ကျွန်မရေးတာကိုဖတ်တဲ့သူအားလုံးကို ကျေးဇူးတင်တာပါပဲ။


ကျွန်မကလည်း အခြားဘလော့ဂါတွေကို သူတို့ရေးတာကိုဖတ်ရင်း ဓါတ်ပုံတွေကို ကြည့်ရင်း သူတို့ပေးတဲ့ နည်းတွေ သတင်းတွေရရင် သူတို့ရဲ့ ဘ၀ အစိတ်အပိုင်းတွေကို သိရတော့ အထင်ကြီးတာ အတူခံစားမိတာတွေ ဖြစ်တာပေါ့။

ဘလော့ဂ်လောက က ကျွန်မအတွက် အထောက်အကူတွေဖြစ်ပါတယ်။ဘလော့ဂါတွေနဲ့ စာလာဖတ်ပေးတဲ့သူတွေနဲ့ ဆက်သွယ်ခွင့်ရတာကိုလည်း ကြည်နူးမိတယ်။

ဟိုးအရင်က ဂျပန်ဘလော့ဂ်တွေချည်းဖတ်ခဲ့ရချိန်မှာ မြန်မာဘလော့ဆိုတာကို မျှော်လင့်မိခဲ့ဘူးတယ်။
အခုတော့  မြန်မာဘလော့ဂ်တွေက နှစ်လိုဘွယ်ရာများစွာနဲ့ ဘလော့ဂ်လောက တစ်ခုရယ်လို့တောင် အထင်ကရ တည်ရှိနေပါပြီ။

သို့သော်လည်း အမြဲတမ်း နှိုင်းယှဉ်ကြည့်မိတတ်တဲ့ အကျင့်နဲ့ ကျွန်မသတိထားမိတာလေးတစ်ခုကို ပြောပါရစေဦး။  ဂျပန်လူမျိုးတွေဟာ ကွန်ပြူတာသုံးသူ လူတိုင်းနီးပါး ဂျပန်စာကို သူတို့ကွန်ပြူတာမှာသုံးကြတယ်။ ၀င်းဒိုး ကလည်း ဂျပန်ဝင်းဒိုးဖြစ်နေတာက တစ်ပိုင်းပေါ့ရှင်။

ကျွန်မတို့တွေက အင်တာနက်ပေါ်မှာ မြန်မာစာကိုဖတ်ချင်တယ်ရယ်လို့၊  မြန်မာဘလော့ဂ်တွေကို
နေ့တိုင်းကြည့်ချင်နေကြတယ်ရယ်လို့၊ ဘလောဂ့်ဒေးရယ်လို့ ဖြစ်နေတဲ့ကာလမှာ အထူးသဖြင့် မြန်မာနိုင်ငံအပြင်ဘက်မှာရောက်နေတဲ့ မြန်မာလူမျိုးအချို့ကတော့
မြန်မာစာကို သူတို့စက်(ကွန်ပြူတာ)နဲ့ ဖတ်လို့မရဘူးဆိုတဲ့သူတွေ တော်တော်ရှိနေသေးတာကို အံ့သြစွာတွေ့ရ၊ သိရတာပါ။

အခုလို ဘလော့ဂ်ဒေး အထိမ်းအမှတ်မှာ ကျေးဇူးတရားနဲ့ ကြည်နူးမှုတွေကို သတိရမှတ်တမ်းတင်ရင်းနဲ့ အားနည်းမှုတစ်ခုအတွက်လည်း ရည်မှန်းဆုတောင်းလိုက်ပါတယ်။
“မဝေးတော့တဲ့ အနာဂါတ်မှာ မြန်မာဖေါင့် ကို မြန်မာလူမျိုးတွေပိုသုံးလာကြပါစေ”


ပုံကို အင်တာနက်က ကူးယူပါတယ်

17 comments:

ညိမ်းနိုင် said...

ရောက်တယ်အစ်မရေ...ဘလော့ဒေးဆုတောင်းလေးဖတ်
သွားပါတယ်....။အစ်မဆုတောင်းလေးကိုလည်း ထပ်ပြီး
ဆုတောင်းသွားပါတယ်ဗျာ....

မိုးယံ said...

မြန်မာလူမျိုးတွေ မြန်မာဖောင့်ကို သုံးတာလည်း အတော်များနေပြီ အစ်မရေ... ၀မ်းသာစရာလဲ ကောင်းလှရဲ့..

အလုပ်တစ်ဖက်နဲ့ အိမ်ထောင်ရှင်မကို နားလည်တယ်... အားမှ လာဖတ်... အနော်တို့ကတော့ တက်ရင် ဖတ်မယ်ဆိုတဲ့ကောင်ဗျ... ဟီးဟီး

အမှတ်တရ ရေးပေးတဲ့ အတွက်ကျေးဇူးပါဗျာ... ကျွန်တော်လည်း ရေးဖို့ ဘယ်သူတွေ ဘယ်လိုရေးလဲ လိုက်စနည်းနာ နေတာ...

ငြိမ်းချမ်းပါစေ။

ကိုကိုမောင်(ပန်းရနံ့) said...

မမွန်ရေ..
နားလည်ပါတယ်။ ဒီလောက် အလုပ်တွေ များနေတဲ့ ကြားထဲက ဘလော့ဘက် လှည့်ရတာဆိုတော့လေ။
အလုပ်က လုပ်နိုင်တုန်း လုပ်ထားရတာ မဟုတ်လား။ အားလပ်တဲ့အချိန်လေးမှ ဘလော့ဘက် လှည့်ပေါ့။ ဒါပေမဲ့ ဘလော့လောကကြီး တစ်ခုလုံးကိုတော့ မေ့မထားလိုက်ပါနဲ့။ ဘလော့တွေထဲမှာ အင်အားတွေ ရှိတယ်။ လေ့လာစရာတွေ ရှိတယ်။ နည်းပညာတွေ ရှိတယ်။ ရယ်မောပျော်ရွှင်စရာတွေ ရှိတယ်။ ဒါကြောင့် တံခါးပိတ်ပြီး အခန်းတွင်းချည်း အောင်းမနေပါနဲ့။ ဘလော့လောကလေးကိုလဲ တံခါးဖွင့်ပြီး တစ်ခါတစ်ခါ လှမ်းကြည့်ပါဦးလို့။

ပျော်ရွှင် ကျန်းမာ ချမ်းသာ လိုရာတွေ ပြည့်ပါစေ။

ခင်မင်လျက်

Nyi Linn Thit said...

တဂ်ပို့စ်လေးတွေရဲ့ ဝိသေသ လက္ခဏာ တစ်ခုက အိပ်ပျော်နေတဲ့ ဘလော့ဂ်လေးတွေကို နှိုးနိုင်ခြင်းပါပဲ၊း) ဒီလိုပြောရတာ အလုပ်များတဲ့ မ,ကောင်းမွန်တို့ကို မစာနာလို့ မဟုတ်ဘူးနော်၊ ပို့စ်အသစ်လေး တစ်ပုဒ် တွေ့ရလို့ ဝမ်းသာသွားတာ သက်သက်ပါဗျာ၊ ပို့စ်ထဲမှာ ရေးသွားတာ အားလုံးကိုလည်း သဘောတူပါတယ်၊ မိသားစုဘဝ၊ ပရော်ဖက်ရှင်နယ်လ် ဘဝနဲ့ ကိုယ်ပိုင် အားလပ်ချိန်.. သုံးပွင့်ဆိုင် ကြားမှာ ဘလော့ဂ်ကို ပေးရတာ၊ ဘလော့ဂ်ကနေ ပြန်ရတာတွေနဲ့ ပျော်ဖို့ ကောင်းတာ အမှန်ပါပဲ...။

လသာည said...

မမွန်နဲ့ အတွေးချင်းတူတယ်းD
မမွန်ကသာ မရေးတတ်ဘူးပြောတာ မမွန်ရေးတာလေးတွေ တအားဖတ်ကောင်းတာကို။ သဘောလည်း ကောင်းတယ်။ အပြင်မှာ အသံလည်း ချိုတယ်။ တကယ်ချစ်..။

Anonymous said...

ကိုယ်လည်း မကောင်းမွန်ဝင်းလိုဘဲ။
ကိုယ့်ကိစ္စတွေနဲ့ ကိုယ်အမြဲပတ်ချာရမ်းနေတော့ ဘလော့ပိတ်ရင်ကောင်းမလားစဉ်းစားနေတာ။
ဖွင့်ချင်ဖွင့် ဖတ်ချင်ဖတ် ပိတ်ချင်ပိတ်(ကွန်ပြူတာ) ရေးချင်ရေး ဘာဘဲလုပ်လုပ် ထောက်ခံပြီးသား။
လူဆိုတာ စိတ်ချမ်းသာဘို့ အဓိကပါ။
အိုင်အိုရာ

Anonymous said...

ညီမ ကောင်းမွန်ဝင်း ရေ

တိုင်းတပါးမှာ နေရတဲ့ ညီမ ဘဝ ကို နားလည် ပါတယ် ညီမ ဘယ်လောက် ဘဲ အလုပ်ရှုတ်ရှုတ် အရေးကြီးတဲ့ အခါ ညီမ သွေးနီး တယ်လေ ညီမ က မြန်မာ မလေးဘဲ

ညီမ အဆင်ပြေတဲ့ အခါ ရေး အဆင်ပြေတဲ့ အခါ ဖတ်နိုင်အောင်သာ ကျိုးစားပါညီမရေ တချိန်မှာ တော့ အမ တို့အားလုံး အဆင်ပြေလာမှာပါ


ပို့စ်လေး အတွက်ကျေးဇူးပါညီမ

ချစ်ရတဲ့
အမရွှေစင်

ကိုအောင်(ပျူနိုင်ငံ) said...

မကောင်းမွန်ဝင်းရေ ...
တက်ဂ်ကို အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ရေးပေးတာ ကျေးဇူး
အရမ်းတင်ပါတယ်၊ လောလောဆယ် အပြင်ရောက်
နေလို့ အိမ်ပြန်ရောက်မှ သေသေချာချာ ထပ်ဖတ်အုံးမယ် ကျေးဇူးဗျို့ ...

ဟန်ကြည် said...

ဘလော့ရွာကလေးက ပျော်စရာပါ...ကိုယ်ပိုင်နားချိန်၊ အလုပ်ချိန်၊ မိသားစုဘ၀တွေကြားထဲမှာ ဘလော့ရေးနေကြတဲ့သူတွေဟာ အချိန်ကို ကျကျနန ဆစ်ပိုင်းခွဲဝေ အသုံးချဖို့ ကျင့်သားရကြသူတွေ ဖြစ်လာကြတာမို့ လက်တွေ့ဘ၀မှာလည်း ပညာရော၊ ရသပါမကျန်၊ ဗဟုသုတအထိ နှိုက်ယူအသုံးချလို့ ရတာမို့ ဘလော့လောကကို တတ်နိုင်သလောက်တော့ ဆက်လက် ဖက်တွယ်ထားဖို့ တိုက်တွန်းပါရစေ...နောက်ဆုံးဆုတောင်းကိုလည်း ၀ိုင်းပြီး အားဖြည့် ဆုတောင်းပေးခဲ့ပါတယ်...

နတ်ဆိုးလေး said...

အရမ်းကောင်းတဲ့ ရည်ရွယ်ချက်ပဲ
မဝေးတော့တဲ့ အနာဂါတ်မှာ မြန်မာစာရိုက်စနစ်ကို လူတိုင်းသုံးတတ်ပါစေ..
ကောင်းတယ် ဗျို့.........

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းလဲ အခြားသော ဘလော်ဂါများနည်းတူ ပျော်ရွှင်ချမ်းမြေ့ပါစေ
မြန်မာဘလော့လေးမှာ နှစ်ပေါင်းရှည်ကြာစွာ စာတွေ အများကြီးရေးနိုင်ပါစေ

Anonymous said...

ထပ်တူဆုတောင်းမှုပြုမိပါတယ်။ မဝေးတော့တဲ့အခါမှာပေါ့။
ဘလော့ဒေးအမှတ်တရလေးကို ဖတ်သွားပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘလော့လေးကိုဆက်လက်ရေးသားနိုင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

Go on little sis.I believe you can blog more years cos you blogged even time of earthquake and sunami.Waiting for to read when the new post up.
with metta,
Gyidaw(not blogger just reader)...:D

ညီရဲ said...

အစ်မရေ...
ဘလော့ဂ်ဒေး အမှတ်တရလေး ဖတ်သွားပါတယ်။ ကျွန်တော်ကတော့ ဘလော့ဂ်ဂါ အသစ်ကလေး ဖြစ်ပါတယ်။ အစ်မ လင့်လေးယူသွားပါတယ်။

san htun said...

အမစာလေးတွေက ဖတ်လို့  ကောင်းလိုက်တာ...အားရင် အားသလို ရေးပါဦးနော်...

jasmine(တောင်ကြီး) said...

ရောက်ပြီးဖတ်ခဲ့ပါတယ်ရှင်
ဆုတောင်းလေးပြည့်ဝပါစေလို့
ဒီထက်စာတွေရေးနိုင်ပါစေ
ခင်မင်တဲ့ jasmine

မြသွေးနီ said...

Happy Belated Blog Day ပါ..။
မြသွေး ဆိုက်မှာ လင့်ခ် ချိတ်ထားလိုက်ပါတယ်ရှင်..။

(စာလုံးပေါင်းမှားသွားလို့ နောက်တစ်ကြိမ် ပြန်ရေးတာပါရှင်)