October 12, 2010

လွမ်းတဲ့ မုန့်တွေ

ကလေးဘ၀ မှာစားခဲ့တဲ့ မုန့်တွေကို သတိရတတ်ကြမယ်ထင်ပါရဲ့။
ကျွန်မကတော့ လသာ၂ကျောင်းမှာကျောင်းတက်တုန်းက ကျောင်းထဲကမုန့်ဈေးတန်းတွေက မုန့်တွေအပြင် ကျောင်းပြင်ကျောင်းပေါက်ဝမှာရောင်းတဲ့ မုန့်တွေကို သတိရတတ်ပါတယ်။အခု ဒီဂျပန်မှာအဲဒီမုန့်တွေကို ပိုသတိရစေတဲ့ မုန့်တွေကိုတွေ့တဲ့အခါမှာဆို  အနားမှရှိတဲ့သူကို အဲဒီမုန့်တွေအကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ပြောလေ့ရှိပါတယ်။ အဲလိုပြောရာကနေ စာနဲ့ပါရေးချင်လာတာနဲ့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။
ကပ်စေးနဲ

ကျောင်းရှေ့မှာ ဒန်အိုးလေးနဲ့ ချရောင်းတဲ့ ကပ်စေးနဲ ကို သိပ်ကြိုက်ခဲ့ပါတယ်။ ဒုတ်နှစ်ချောင်းနဲ့ လုံးပေးတာကိုစားတဲ့အခါစားပြီး တခါတလေတော့ ကြက်ဥခေါက်မုန့်ထဲကို ကပ်စေးနဲ ညှပ်ပေးတာကို ၀ယ်စားပါတယ်။ ဒုတ်ကိုတစ်ချောင်းထဲပေးပါလို့ တောင်းဆိုတဲ့သူရှိသလို၊ဒုတ်နှစ်ချောင်းနဲ့ပေးပါဆိုပြီး ၀ယ်တဲ့သူလည်းရှိပါတယ်။ ဒုတ်နှစ်ချောင်းကို လက်တစ်ဘက်စီခွဲကိုင်ပြီး ကပ်စေးနဲကို ဆွဲဆန့်လိုက်၊ လိမ်လိုက်မွှေ့လိုက်နဲ့ ဆော့ပြီးကစားရတာကလည်း ကလေးဆိုတော့ သဘောကျစရာပဲလေ။
ခေါက်မုန့်ထဲကို ညှပ်စားရင်တော့ သွားမှာ ကပ်တာသက်သာတာပေါ့နော်။ အရသာလည်း အပြောင်းအလဲဖြစ်ပါတယ်။
စားရင်းဆော့၊ ဆော့ရင်းစား

ဂျပန်မှာတော့ တစ်ခုစီထုတ်ပြီးသားရောင်းသလို၊ ဒုတ်နဲ့လည်းရောင်းတာကို တွေ့ရပါတယ်။
ပုံးလိုက်မှာဝယ်စားမယ်ဆိုရင်




 နောက်တစ်မျိုးကတော့ ကျွန်မ၂တန်းတုန်းက လသာ၂၊ မြညီလာခန်းမဘက်အနီးဆုံးမုန့်ဈေးတန်းက ရေခဲခြစ်ပါ။ ဇီးတို့၊ဘာလီတို့အရသာအမျိုးမျိုးရှိပေမယ့် ကျွန်မကြိုက်တာက အချိုအနှစ်ပြစ်ပြစ် ကြံသကာရည်လို့ထင်ပါတယ်။ အဲဒီရေခဲခြစ်ကိုစားရဘို့ ၂တန်းအရွယ်နဲ့ မုန့်စားဆင်းချိန်မှာ လူတွေကြားထဲတိုးဝှေ့ဝယ်ခဲ့ရတာ စွန့်စားခန်းတစ်မျိုးပါပဲ။ ပထမဦးဆုံးကိုယ့်ဘာသာကိုယ် မုန့်စ၀ယ်စားတာလဲ အဲဒီရေခဲခြစ်ကိုပါ။
စက္ကူခွက်နဲ့ စတော်ဘယ်ရီအရသာ ရေခဲခြစ်
 ဒီဂျပန်မှာကတော့ ပန်းကန်။ဗူးစတာတွေနဲ့ ထည့်ရောင်တာများပါတယ်။
 ဂျပန်ကပွဲဈေးတွေမှာရောင်းသလို၊ အချို့ဆိုင်တွေမှာလည်းရောင်းတတ်တဲ့ ရေခဲခြစ်ပါ။
ရေခဲခြစ်လား ရေခဲသုတ်လား

လက်လှည့်ရေခဲခြစ် ကြည့်နေရင်း ကိုယ်တိုင်ဝင်လှည့်ကြည့်ချင်ခဲ့ဘူးတယ်
ပဲ၊ ကျောက်ကျော၊ ယို၊စတဲ့အချိုတွေပါတာဆိုရင် မြန်မာပြည်မှာတော့ ရေခဲသုတ်ပေါ့နော်

ဒီနေ့သားကိုဝယ်ကျွေးဖြစ်တာကတော့ ကျွန်မလည်းကြိုက်တဲ့ ငှက်သိုက်မုန့်ပါ။
မြန်မာလိုတော့ ငှက်သိုက်မုန့် ပေါ့
 သားအတွက်ပထမဦးဆုံးစားရတဲ့ ငှက်သိုက်မုန့်ဆိုတော့ ပထမတော့ သူမစားရဲပါဘူး။ အမေကစားပြတော့မှ မရဲတရဲ နဲ့စ စားပါတယ်။ ပထမစားပြီးကာစမှာတင် “ချိုလိုက်တာ” လို့ပြောပြီး နောက်ဆက်တိုက် သူ့ဘာသာလက်ကလေးနဲ့ ဆွဲယူလိုက် နှုတ်ခမ်းလေးကိုသပ်လိုက် လျှာလေးကိုလိပ်လိုက်နဲ့ အရသာခံစားနေပါတော့တယ်။ ခလေးဆိုတော့ အကုန်တော့မစားနိုင်ပါဘူး။ ကျွန်မကပဲ လက်စသပ်လိုက်တာပေါ့။
လည်နေတဲ့ အမျှင်လေးတွေကနေ ဂွမ်းလုံးအိမ်ကြီးဖြစ်လာတာကိုစောင့်ကြည့်ရတာကလဲ စိတ်ဝင်စားစရာပဲ
ငယ်ငယ်က စားခဲ့တဲ့ မုန့်တွေကို ပြန်လည်သတိရပြီး၊အခုလို ရပ်ဝေးမြေခြားမှာ တွေ့ရရင်တစ်ခုခုပြောချင်လာသလိုပဲနော်။ “စားချင်တယ်” လို့။းD


ဓါတ်ပုံတွေကို အင်တာနက်က ကူးယူပါတယ်။

10 comments:

သူကြီးမင်း (တုံးဖလား) said...

အမရေ... အဲဒါလေးတွေက ကလေးတွေအကြိုက်ဖြစ်မယ်နော်။ အရသာထက် သူတို့ရဲ့ ပုံစံလေးတွေကိုက စိတ်ဝင်စားစရာလေ။ အမကတော့ ကြိုက်ပုံရတယ်။ ကြိုက်မယ်ဆိုလဲ ကြိုက်စရာပါ။ လှနေတာကိုး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ငယ်ငယ်က ရေခဲချောင်းမှာ ကပ်စေးနဲကပ်ပြီး စားရတာ တော်တော်ကြိုက်ခဲ့တယ်။ ကပ်စေးနဲက မပျော့တော့ပဲ ရေခဲကြောင့် ကြွပ်သွားတော့ စားလို့ကောင်းတယ်။

စူးနွယ်ေးလ

ကိုအောင် said...

စားမလို့လား ဆော့မလို့လားး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ငှက်သိုက်မုန့်ကို ငယ်ငယ်က အာတာပူစီလို့ ခေါ်ကြတယ်
ဘာလို့လဲမသိဘူး
ရေခဲခြစ်တောင် မစားရတာ ကြာပေါ့ စားချင်လိုက်တာ
ကပ်စေးနှဲကို ဆော့ဖို့ ပိုစိတ်ဝင်စားတယ်..း)

ခွန် said...

လွမ်းတဲ့ မုန့်တွေဆိုပြီး ကျောင်းအကြောင်းပါ ထည့်ရေးထားလို့ ခွန်က မုန့်ထက် ကျောင်းကိုပိုလွမ်းသွားတယ်။ ခွန်တို့ကတော့ တောကျောင်းဆိုတော့ မုန့်ကလည်း တောစတိုင်ဘဲ အစ်မရေ.....

Kyaw Hnin Se Lwin said...

မ ငယ်ငယ်ကလမ်းထဲမှာ လာလာရောင်းတဲ့ ငှက်သိုက်မုန့်ကို ၀ိုင်းအုံပြီးဝယ်စားခဲ့ဖူးတာ သွားသတိရတယ်။

ဆောင်း said...

ကပ်စေးနှဲမုန့် ကို မေရီကုန်း ဆိုလား လော်လီပေါ့ ဆိုလား ခေါ်တယ် ထင်တယ်။
ငယ်ငယ်က စားချင်တာထက် ဆော့ချင်တာလေ ကပ်စေးနှဲ အကြည်ရောင် ပျောက်တဲ့ အထိ အ၀ါရောင်ကော်တုံး ကြီး ဖြစ်တဲ့ အထိ ဒုတ်၂ချောင်းကို လှည့်တာ။ လှည့်တုန်း အောက်ပြုတ်က ပြန်ကောက် လှည့်။ မစားဖြစ်ပါဘူး ကျလိုက် ကောက်လိုက် ကပ်စေးနှဲကို လှည့်ပတ် ဆော့လိုက်နဲ့ 
အိမ်မျှင်မုန့်  (ငှက်သိုက်) လို့ ခေါ်တယ်။ ရေခဲခြစ်ကတော့ ရေခဲ ပလုပ်တုပ်.....
သတိရလာပီ စားပြီးရင် လျှာနဲ့  နှတ်ခမ်းမှာ အနီရောင် အစိမ်းရောင် တွေနဲ့ 
သြော် ငယ်ဘဝ

မိုးယံ said...

ငယ်တုန်းက တော့ အနော်တို့ ပုသိမ်မှာ ကပ်စေးနဲကို အထုပ်လေးတွေနဲ့ ထုပ်ရောင်တာ အရောင်စုံပဲ။ စိမ်းဝါနီပြာမဲဖြူ ဒါပေမယ့်မယ့် ၀ါးနေရင်းကပ်လို့ အမြင်ကပ်တာနဲ့ မစားတော့ဘူး။ ငှက်သိုက်ရောင်းတဲ့ ဦးလေးက ညစ်ပတ်လို့ မစားဘူး။ ရေခဲသုတ်က မစပ်လို့ မကြိုက်ဘူး (အသုပ်ဆိုရင်စပ်မှလို့ ခပ်ကြောင်ကြောင်ခံယူထားလို့)

အခုလို လှလှပပ သန့်သန့်လေး (မစားရတာလဲကြာ)ဆိုတော့ နည်းနည်းတော့ ပြန်စားချင်သား။ လုပ်ပါဦး တုတ်နှစ်ချောင်းနဲ့ ကပ်စေးနဲ ။ ဟဲ ဟဲ


အစ်မ ကောင်းမွန်ဝင်း ငြိမ်းချမ်းပါစေ

blackcoffee said...

အင်း... ငယ်ဘဝကိုတောင်ပြန်သတိရသွားပြီ။ ကပ်စီးနဲရော၊ရေခဲသုပ်ရော၊ငှက်သိုက်ရောကြိုက်တယ်။ခေါက်မုန့် ဆိုရင်တော့ကြက်ဥလေးပါမှကြိုက်တယ်။

SHWE ZIN U said...

ညီမ ကောင်းမွန်ဝင်း ရေ

အမ ရေခဲသုတ်လေးတော့ စားချင်သား

ချစ်တဲ့
အမရွှေစင်