September 10, 2010

ကျွန်မကြိုက်သော “အမြည်း” များ

“ချဉ်ချဉ်တူးတူး မူးပြီးရော” တဲ့ ။ ယမကာသုံးဆောင်သူများအတွက် အမြည်းရယ်လို့သေချာမရှိရင် သံပုရာသီးစိပ်ကလေးလည်း အမြည်းပဲဆိုပြီးစားကြတာကို ပြောကြတာထင်ပါရဲ့။ တကယ်ကတော့ အမြည်း ဆိုတာ ယမကာသုံးဆောင်ရာမှာ သူပါမှ ပိုပြီး ယမကာသောက်တဲ့ အထမြောက်မယ့် စွမ်းဆောင်ရည်ရှိပါတယ်။ 

ဒီဂျပန်မှာတော့ “ အီဇာ့ကာ့ရာ့ ”လို့ခေါ်တဲ့ (တိုက်ရိုက်ဘာသာပြန်ရင် အရက်ဆိုင် )ဆိုင်တွေဟာ အခုခေတ်မှာ ရိုးရိုးသာမန်သူတွေဝင်ထွက်စားသောက်တဲ့ ဆိုင်တွေဖြစ်လာပါပြီ။ ဒီဆိုင်တွေကို ဘာလို့ အရက်ဆိုင်လို့သီးသန့်ရှိခဲ့ရာကနေ မိသားစုလိုက် ၊ သူငယ်ချင်းမိတ်ဆွေများစုဝေးစားသောက်ရာ သာမန်စားသောက်ဆိုင်တွေအဖြစ်ပြောင်းသွားရတာလဲဆိုတာကို စမ်းစစ်ကြည့်ရင်။ အရက်နဲ့ တွဲသောက်တဲ့ အမြည်းတွေကြောင့်ပါ။ တချို့ အမြည်းတွေဟာ ဟင်းတွေဖြစ်သလို၊ ကလေးနဲ့ အမျိုးသမီးများ ၊ အရက်မသောက်သူများအတွက်လည်း အလွန်ကို ကောင်းတဲ့ စွဲဆောင်မှုရှိလို့ပါပဲ။



အမြည်းတွေကလည်း ဂျပန်နိုင်ငံရဲ့ နေရာဒေသနဲ့ ရာသီအလိုက်အမျိုးစုံပါပဲ။ အဲဒီအမြည်းပေါင်းစုံထဲက ကျွန်မကြိုက်တဲ့ စားလေ့ရှိတဲ့ အမြည်းတွေကို ပြန်လည်ဖေါက်သည်ချလိုက်ပါတယ်။


ကြက်တောင်ပံကြော်
ကြက်တောင်ပံကို ပထမဆီနဲ့ကြော်၊နောက် အရသာများသုတ်လိမ်းအပြီး ထပ်ကင်၊ပြီးမှ ငရုပ်ကောင်းနဲ့ နှမ်းဖြူးပြီးစားတာပါ။

ဝက်ခြေထောက်
ဝက်ခြေထောက်ကို ရိုးရိုးအချိုပေါင်းထားလို့ ၀က်ခြေထောက်ပေါင်း အရသာသန့်သန့်လေးပါပဲ။ 


ကြက်အရိုးနုအကြွတ်ကြော်
ကြက်တောင်ပံကြော်ကော ၀က်ခြေထောက်ပေါင်းကော အရိုးအထိကိုက်ချင်ပေမယ့် မာလို့ကိုက်မရသလို၊ ရာဇကုနြေ္ဒပျက်တဲ့ အတွက် အရိုးကိုက်ဘို့လက်လျော့ရမလိုပေါ့။ ဒါပေမယ့် ဂျိုးဂျိုးဂျောက်ဂျောက်ကလေးတော့ ၀ါးချင်တယ်ဆိုရင် ဒီ ကြက်အရိုးနုအကြွတ်ကြော်က အာသာပြေပါတယ်။ ပူပူနွေးနွေးလေးကို သံပုရာသီးလေးညှစ်ပြီး ဆမ်းစားလိုက်ပါ။ အဲလိုတစ်ပန်းကန်ဆိုတာ ခဏလေးပါပဲ။


ပြည်ကြီးငါးအခြောက်ကင်
အိမ်မှာလည်း ပြည်ကြီးငါးချက်ပေမယ့် အလွန်နည်းပါတယ်။ အပြင်မှာစားပြီဆိုရင်တော့ ပြည်ကြီးငါးကို ဒီလိုပုံစံမျိုးတွေကိုစားဖြစ်အောင်စားပါတယ်။ အကြွတ်လေးကင်ထားတယ်ဆိုပေမယ့် ထုံးစံအတိုင်းပြည်ကြီးငါးဆိုတော့ ပျင်းတွဲတွဲလေးကကိုက်လိုက်ရင် ကျန်နေပါသေးတယ်။
သူ့ကို မိုင်ယိုးနစ်စ် နဲ့တို့စားရတာ စိမ့်၊ငံငံလေးနဲ့ ပျင်းတွဲတွဲ အရသာလေးပါ။


ပြည်ကြီးငါးဝမ်းတွင်းသားအကင်
ဂျပန်မှာ ပြည်ကြီးငါးကို ၀မ်းထဲကဘာမှမထုတ်ပဲ လုံးဝလုံးဝအကောင်လိုက် စားလေ့ရှိပါတယ်။ သူ့ကို ညှီမယ်ထင်ပေမယ့် စားကြည့်ပါ ဘာအနံ့မှ မရှိပါဘူး။ သို့သော်လည်း မြန်မာအစားအစာ ပုဇွန်ခြောက်၊ ငါးခြောက်စားလေ့ရှိသူဖြစ်ဘို့လိုပါတယ်။  ကျွန်မကတော့ ပြည်ကြီးငါးကို စားပုံစားနည်းအမျိုးမျိုးထဲက ဒီလို ၀မ်းတွင်းသားမထုတ်ပဲ စားတာကို အကြိုက်ဆုံးပါ။
 
ပြည်ကြီးငါးအစိုကင်
ဂျပန်က ပွဲဈေးတွေမှာ အမြဲတွေ့ရပါတယ်။ သူကိုကင်တဲ့ အနံ့ က ပုဇွန်ကင်လိုပါပဲ။ မွှေးနေတဲ့ အကင်နံ့ နဲ့ ၀ယ်စားပစ်လိုက်တော့ မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချနိုင်အောင် တွန်းအားပေးပါတယ်။

ကြက်ဟင်းခါးသီးကြော်

အရသာစုံ ချဉ်ငံစပ်ခါး အကုန်စားမှ ကျမ်းမာရေးကောင်းပြီး အာသာပြေစေတယ်လို့ဆိုကြတယ်။
တချို့ကတော့ “မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ၀မ်းမှာ ခါး” တဲ့ ။ အခါး တွေကိုစားရင် ၀မ်းဗိုက်အတွက်ကောင်းတယ်ဆိုတာပေါ့လေ။ ဒါပေမယ့်လည်း တန်ဆေး လွန်ဘေးတဲ့။
ကြက်ဟင်းခါးသီးကြော်ဟာ အမြည်းအတွက် ဆိုရင် မပါမဖြစ်ထည့်သင့်တယ်။


အယ်ဒါ့မာမဲ
ဂျပန်လို အယ်ဒါ့မာမဲ ဆိုတာက ပဲပိစပ်မျိုးပါ။ သူ့ကို ဆာလေးထည့်ပြုတ်ပြီး၊ စားတော့မှ အခွံနွှာစားရတာပါ။ အလုပ်ရှုပ်တယ်ထင်ရပေမယ့် ။ နေကြာစေ့ ကွာစေ့စားသလိုပါပဲ။ ပြောပြောဆိုဆို နွှာလိုက်စားလိုက်နဲ့လုပ်ရတာကိုက ရပ်လို့မရတဲ့ အထိစွဲစေပါတယ်။



ကြက်သွန်မိတ်ဥအချဉ်စိမ်
ကြက်သွန်မိတ်ကို ချဉ်ပတ်တည်သလိုစိမ်ထားတာပါ။
အချဉ်အရသာကော ကိုက်လိုက်တဲ့အချိန်မှာ အရည်ရွှမ်းတာကော ဘာနဲ့မှမတူပါဘူး။


ဝင်းနား
ဝက်အူကြောင်းသဘောပါပဲ။ ဒါပေမယ့် ဒီဂျပန်မှာတော့ ငါးတို့ဝက်သားတို့ကိုရောထားတာရှိသလို ၀က်သားချည်းပဲလည်းရှိပါတယ်။ စားရတာကတော့ ၀က်အူကြောင်းနဲ့ယှဉ်ရင် အသားကမွပြီးပွတယ်လို့ပြောရမှာပါ။ 


ဥနဲ့ငါးကင်
ဒီငါးကို ရှိရှမို လို့ ဂျပန်လိုခေါ်ပါတယ်။ သူ့ကိုကင်မလား၊ကြော်မလား ကြိုက်သလိုစားပါ။ ငါးအရေခွံက အဆီတက်ပြီးငါးရဲ့အသားကို နူးညံ့စေသလို အရေခွံအချို့နေရာတွေကိုလည်း ကြွတ်ရွစေပါတယ်။ အဓိက ကတော့ ဒီငါးဟာ ဥပါတာက ပိုကောင်းပါတယ်။ ဈေးလည်း နည်းနည်းပိုကြီးတယ်လေ။
တချို့ အင်္ဂလိပ်လို မီနူးရေးတဲ့ ဂျပန်ဆိုင်တွေမှာဒီငါးကို pregnant fish ဆိုပြီး ဗိုက်ကြီးတဲ့ငါးလို့ရေးကြလို့
နိုင်ငံခြားသားအတော်များများက အထူအဆန်းဆိုပြီးဝယ်စားကြပါတယ်။




ငါးဆားနယ်အစပ်
အငံအစပ်လေးလေးပင်ပင်လေးကတော့ စားလိုက်ရမှဆိုတာ မြန်မာလူမျိုးမှ မဟုတ်ပါဘူး။ အကြိုက်အမျိုးမျိုး ရှိပေမယ့်  ဂျပန်တွေမှာလည်း ငါးပိ ငါးဆားနယ်သဘောမျိုးလုပ်ကိုင်စားတတ်တာတွေ ရှိပါတယ်။ ဒါကတော့ (ပြည်ကြီးငါးတို့ ငါးမုတ်တို့လို)ငါးကို ဆားနဲ့နယ်ပြီး ငါးပိသဘော ဖေါက်ထားတာပါ။
အမှန်အတိုင်းပြောရရင် ငံလည်းငံ၊ နံလည်းနံ။ ဒါပေမယ့် သူလည်း ငါးပိလိုပါပဲ စားတဲ့သူအတွက်တော့ မြင်ရတာနဲ့ အနံ့ရတာနဲ့ကို စားချင်လာတာပါပဲ။ 


စားနေကျ အမြည်းကောင်းကောင်းတွေ ရှိရင်ပြောပြဦးနော်။


ဓါတ်ပုံများကို ဂူဂဲကကူးယူပါတယ်။

13 comments:

ကိုအောင် said...
This comment has been removed by the author.
နှင်းမိုး said...

ပျောက်လာပါလား ကောင်းလိုက်မဲ့ ပုံဘဲ မြည်းချင်တာ တောက်တောက် (မှတ်ချက်) သွားရေကျသံ

ကိုအောင် said...

ခေါင်းစဉ်ကို ထောက်လိုက်တာ စာတွေပါ
ပျောက်သွားတယ်၊ ပို့စ်အသစ်တွေ ပြန်ရေးလို့
ဝမ်းသာတယ်ဗျို့။

khun said...

ကြက်အရိုးနုကြော်၊ အတောင်ပံကြော်
အယ်ဒါ့မာမဲ တွေ ကြိုက်တယ် အစ်မ

ပြည်ကြီးငါးတော့ မစားဘူး...ဟီး

ဧပရယ်လ်ပူး@ပူးတေ said...

မမကောင်းမွန်...

စားချင်စရာတွေချည်းပဲ... တချို့ဟာတွေတော့ ဒီက ဆာကူရာ ဘူဖေးမှာ သွားစားရသ် တခါတလေရတတ်တယ်... ဥနဲ့ ငါးကင်အကြိုက်ဆုံးပဲ... ငါးလေးက သေးသလောက် ဥလေးနဲ့ ကောင်းမှကောင်း

ဧပရယ်လ်ပူး@ပူးတေ said...

ဆောတီးမမ သွားစားရသ်(သွားစားရင် လို့ရေးတာ) တခါတလေရတတ်တယ်.

ချော(အစိမ်းရောင်လွင်ပြင်) said...

အမြည်းတွေတော့ အစုံပြထားပြီး အမြည်းနဲ့ တွဲပြီးသောက်ရမဲ့ အရည်တစ်ခုခု ထည့်မထားပေးလို့ စိတ်တော်တော်ဆိုးတယ်..း))
မဟုတ်ရင် ခုချိန်ဆို ခပ်ထွေထွေလေး ဖြစ်နေရလောက်ပြီ
ဝက်ခြေထောက်နဲ့ ပြည်ကြီးငါးတော့ ကြိုက်မှကြိုက်
ဗိုက်ကြီးတဲ့ငါးလည်း စားကောင်းမဲ့ပုံး)
အင်း မကောင်းတာ ဘာများရှိသေးတုန်း
သူများအသားဆို အကုန်ကောင်းနေတာပါဘဲလေ
ကြက်ဟင်းခါးသီးတော့ ခါးလို့ကြိုက်ဘူးး)

SHWE ZIN U said...

ညီမ ရေ

အကုန်ကြိုက် ဂျပန်ကို လာလည် ရင်တော့ အမြီး နဲ့ တင်မရဘူးဘူးဗျ ဆာကေး လေး နဲ့မှ

ညီမချောလိုဘဲ အခုတော့ အရည်မပါလို့ စိတ်ဆိုးတယ် ညီမ ချောနဲ့ က သောက်ဖော် သောက်ဖက်တွေလေ ... အဟဲ ရေနွေးကြမ်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said...

အရိုးနုကြော်ကတော့ အသဲစွဲံပဲ။ အယ်ဒါမာမဲလည်း တအားကြိုက်တယ်။ လသာညတော့ သူများတွေ သောက်နေချိန် ကိုယ်က အမြည်းကို အသားကုန်တွယ်လိုက်တာပဲ။ မမရွှေစင်ဦးတို့ အသောက်ဖက်သူတွေ အဲ ရေနွေးကြမ်းသောက်သူတွေနဲ့ အတူတူ ဆိုင်ထိုင်ရရင်တော့ မိုက်မယ်နေား)))..

win latt said...

အရသာကောင်းမဲ့ အမြည်းတွေပါပဲ...
အရက်သောက်တဲ့အချိန်တုန်းကဆိုရင် အမြည်းကောင်း
တွေပေါ့..။
ဒီမှာ ကြက်တောင်ပံ ကြော်ကိုတော့ နှမ်းဖြူးစားလေ့
သိပ်မရှိဘူး..။အရသာတွေ သုတ်လိမ်းထားတာတော့ရှိပါတယ်။
ကြက်ဟင်းခါးသီတော့ အခုအချိန်အထိ ကိုရီးယားတွေ သိပ်မစားကြသေးဘူး.ဟိုတလောက tvအစီအစဉ်မှာတော့ ပြသွားတယ်။တွင်တွင်ကျယ်ကျယ် စားတာတော့မရှိဘူး။ကျွန်တော်တို့ ဖာသာ ဝယ်ပြီးချက်စားလို့ စားဖြစ်ပါတယ်။ ကျန်တဲ့ဟင်း လျာတွေကတော့တူသလောက်ရှိပါတယ်။
ရာသီဥတု ပြောင်းသွားပြီအမရေ...
အမကတော့ အနွေးထည်ရှိတော့ အချမ်းပြေမှာပေါ့။
ကျွန်တော် ကတော့ ...
မြန်မာပြည်မှာ အနွေးထည်ကျန်ခဲ့တယ်ဗျ..

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...

ဂျပန်အစားအစာက နိုင်ငံတိုင်းမှာ ဈေးကြီးပုံရတယ်

အထက်ပါပုံက အစားအစာတွေမစားဖူးဘူး

ရုံပဒေသီးကင် ၊ ဆာကေအရက်နဲ့  အခြားဂျပန်စာတွေ စားဖူးတယ် ၊ ကြာလို.မမှတ်မိတော့ဖူး

kawnmonwin-san နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ..

kyawhinselwin said...

မရေ
ညီမလည်းတောင်ပံကြော်နဲ့အရိုးနုကြော်သိပ်ကြိုက်တာ..
မအရင်ရေးတဲ့ဥကွန် ပို့စ်လေးလည်းခုရက်ပိုင်းသတိရနေမိတယ်
မကအတွေးကောင်း တင်ပြတာကောင်းတယ်
အားကျတယ်။
ခင်တဲ့
ညီမငယ်