September 23, 2010

လျောက်လည်ရသည့် အကြောင်းရင်း

 “ယော်ယောဂိ”ပန်းခြံမှာကျင်းပတဲ့ ဗီယက်နမ် ပွဲတော်ကိုသွားခဲ့ပါတယ်။ဒီပန်းခြံမှာ ကျင်းပလေ့ရှိတဲ့ ထိုင်းပွဲတော်ကိုလည်း သွားဖြစ်တာ၂နှစ်ရှိပါပြီ။  ဗီယက်နမ်ပွဲတော်ကိုတော့ ဒီတစ်ကြိမ်ကပထမဦးဆုံးပါ။
ယော်ယောဂိပန်းခြံ နဲ့ ဟာရာ့ဂျုကုကိုသွားရတာ ကျွန်မအတွက်တော့ လွတ်လပ်မှုနဲ့ အတူ၊ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ပုံစံတစ်မျိုးနဲ့  ရရှိပါတယ်။ ကျွန်မကိုယ်တိုင်လွတ်လွတ်လပ်လပ်ဘာမှမလုပ်ပေမယ့် ၊ ဒီလောက်ရှုတ်ထွေးစည်ကားတဲ့ နေရာမှာ ဘာကြောင့်များတည်ငြိမ်တဲ့ စိတ်ခံစားမှုကိုရရှိလည်းဆိုတာ ဟာရာ့ဂျုကု နဲ့ ယော်ယောဂိ ကို ရောက်ဘူးသူတွေကအံ့သြမှာပေါ့။ မရောက်ဘူးသူတွေကလည်း ဘယ်လိုနေရာမျိုးပါလိမ့်လို့ထင်ပါလိမ့်မယ်။
ယော်ယောဂိ ပန်းခြံ



ဟာရာ့ဂျုကု ဘူတာကိုရောက်တာနဲ့ လူတွေကကြပ်နေပါတယ်။ ယော်ယောဂိပန်းခြံဘက်ကို ဦးတည်လိုက်ပါတယ်။ ဘူတာဘေး ပန်းခြံဘက်အသွား ကွက်လပ်ကျယ်မှာတော့ ဟာရာ့ဂျုကု ရဲ့ မြင်ကွင်းလို့ ပြောရမယ့် ကော်စ်ပလေး (cosplay ) လူငယ်အုပ်စုတွေကို ဟိုတစ်စုဒီတစ်စုတွေ့ရပါတော့တယ်။ ဒါကို နိုင်ငံခြားသားတွေက ဓါတ်ပုံရိုက်ယူနေကြတာကိုလည်း တွေ့ရမှာပါ။
ကော်စ်ပလေးလူငယ် အဖွဲ့ကို လူတွေဝိုင်းကြည့်နေတာ


 ဂျပန်နိုင်ငံရဲ့ ကော်စ်ပလေး လို့ခေါ်တဲ့  အ၀တ်အစားနဲ့ ဆံပင်မိတ်ကပ်ကို စိတ်ကြိုက်တီထွင် ၀တ်စားဆင်ယင်မှုဟာ ခေတ်သစ်ယဉ်ကျေးမှုလို့သတ်မှတ်ရမလို အနောက်နိုင်ငံများနဲ့ နိုင်ငံခြားတိုင်းပြည်များက စိတ်ဝင်စားတဲ့  ဆဗ်ကာချာ (sub culture) ယဉ်ကျေးမှုအဖြစ် ထိုးဖောက်ဝင်ရောက်နေပါပြီ။
ကော်စ်ပလေး လူငယ်အဖွဲ့
အထူးသဖြင့် အနောက်နိုင်ငံများက လူငယ်အများစုရဲ့ ဂျပန်ကိုလာချင်ကြတဲ့ ရည်ရွယ်ချက်က ဒါတွေကိုကိုယ်တိုင်တွေ့ကြုံချင်ကြလို့ပါတဲ့။

အလယ်ကလည်း မိန်းကလေးပါပဲ။ သူ့ဒိဇိုင်းနဲ့သူပေါ့။
ပန်းခြံထဲရောက်တာနဲ့ ဆောင်းဘောက်စ် ကနေထွက်လာတဲ့ မြူးကြွတဲ့တေးသံနဲ့အတူ ကွတ်လပ်ကြီးအပြည့် ကသူက က၊ ကြည့်သူကကြည့် ဓါတ်ပုံရိုက်သူကရိုက်နဲ့ပေါ့။ နေရောင်ခြည်ရဲ့ လင်းလက်မှု၊ တေးဂီတရဲ့မြူးကြွမှုနဲ့ ကလိုက်ကြတာကလည်း အမျိုးကိုစုံလို့ပါပဲ။ သူတို့တွေဟာ အုပ်စုနဲ့ အားလပ်ရက်တွေမှာ ၀ါသနာတူရာစုပြီး ကိုယ်နှစ်သက်တဲ့ ၀တ်စားဆင်ယင်မှုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်စွာကကုန်ကြပါတယ်။ ဒါကိုပဲ ရပ်ကြည့်တဲ့သူ ဂျပန်လူမျိုးများနဲ့ ဓါတ်ပုံရိုက်တဲ့ နိုင်ငံခြားသားများကလည်း အားပေးနေကြတာ လူမပြတ်ပါဘူး။ ကတဲ့သူတွေကို ကြည့်လိုက်ရင် အသက်၃၀ကနေ ၆၀လောက်အထိပါ၊ ၀တ်ထားတာတွေကလည်း ၈၀ခုနှစ်များလောက်က ဖက်ရှင်စတိုင်ပါ။
နှစ်တွေဘယ်လိုပြောင်းပြောင်း ကိုယ်ကြိုက်တဲ့ ပုံစံနဲ့ပြင်ဆင်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေနဲ့ အခုလို ပန်းခြံကြီးထဲကခုန်နေတဲ့ သူတို့ရဲ့ ၀ါသနာနဲ့ မိမိကြိုက်နှစ်သက်ရာကို အမြဲတမ်းတစိုက်မတ်မတ်လုပ်ကြတာကိုတွေ့ရတာ ကိုယ်တိုင်မကလည်း အပျော်တွေကူးစက်လာနိုင်တဲ့အထိပါပဲ။
ကလိုက်ကြတာကွေးလို့


ဖက်ရှင်ကိုလည်းကြည့်လေ အနီ၊ အနီချင်း အပြာအပြာချင်း သူ့အတွဲနဲ့သူ

လမ်းတဘက်ခြမ်းက ပန်းခြံမှာတော့ ဗီယက်နမ်ပွဲကိုလှမ်းမြင်ရပါတယ်။ အရင်ထိုင်းပွဲတော်လောက်တော့ လူမများပါဘူး။

ဗီယက်နမ် ပွဲတော်ဝင်ပေါက်

ပွဲခင်းထဲလျှောက်ကြည့်တော့ စားသောက်ဆိုင်၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်၊ လှယဉ်ကျေးမယ်တွေလမ်းလျှောက်နေတဲ့ စင်မြင့် ဖျော်ဖျြေမှုတွေကိုလည်း သာယာငြိမ့်ညောင်းတဲ့ ဗီယက်နမ် ရိုးရာဂီတသံစဉ်တွေနဲ့ တွေ့မြင်ရပါတယ်။
ဗီယက်နမ် ခေါက်ဆွဲပြုတ်၊ကော်ပြန့်စိမ်း၊ကော်ပြန့်ကြော်၊ ကြက်ကင်၊ ပြောင်းဖူးထောပတ်ကင်


ချည်ထည်ယက္ကန်းပစ္စည်းတွေဆို ကျွန်မလည်းကြိုက်တယ်
ဆိုင်းဘုတ်နဲ့တင်၊ သားရေယိုချင်စရာ
 ဗီယက်နမ် ရိုးရာအ၀တ်အစားဝတ်ပြီး ဓါတ်ပုံရိုက်တာ၊ လန်ခြားစီးတာတို့ကိုလည်း စိတ်ဝင်စားရင်လုပ်ကြည့်နိုင်ပါတယ်။
ဗီယက်နမ် ၀တ်စုံလေး ၀တ်ကြည့်ပါလား
ဘယ်လူမျိုးမဆိုရိုးရာဝတ်စုံဟာ သိပ်ကျက်သရေရှိတယ်နော်
နည်းနည်းဗိုက်ဆာလာတော့ ဗီယက်နမ်အစားအစာတွေကို ၀ယ်စားပြီး၊ကျောင်းတက်တုန်း ဗီယက်နမ်သူငယ်ချင်းနဲ့ တစ်ခါတလေ ချက်ပြုတ်စားသောက်ခဲ့ကြရတဲ့ ကျောင်းသူဘ၀ကို သတိရမိပါသေးတယ်။
နောက်သတိရတာတစ်ခုကတော့ မြန်မာပြည်ကိုသတိရမိတာပါ။ ကြံရည်ဆိုင်ကိုတွေ့လို့ပါ။ ဈေးကိုလည်းကြည့်ပါဦးနော်။
မြန်မာပြည်က ကြံရည်သတိရမိပေမယ့်  ဒါကိုတော့ ၀ယ်မသောက်ဖြစ်ခဲ့ဘူး
စားသောက်ပြီးတော့ ပန်းခြံကထွက်ပြီး ဟာရာ့ဂျုကု ရဲ့ နာမည်ကျော် “တာကဲရှိတာ့” လမ်းဘက်ကိုထွက်ခဲ့ပါတယ်။
အဲဒီတုန်းက GAP မှာ လူရှင်းနေတယ်
ဟာရာ့ဂျုကု ဘူတာရှေ့ ဂက်ပ်(gap) ဆိုင်ကတော့ အဲဒီအချိန်မှာ လူသိပ်မရှိပေမယ့် “တာကဲရှိတာ့”လမ်းမဈေးတန်းကတော့ လမ်းနဲ့ လူနဲ့ အပြည့်ပါပဲ။
ဟာရာ့ဂျုကု ရဲ့ တာကဲရှိတာ့  လမ်း၊ ဈေးတန်း
ဂျပန်နိုင်ငံရဲ့ ဆယ်ကျော်သက်တွေရဲ့ ဈေးအ၀ယ်ချင်ဆုံးနေရာ “ဟာရာ့ဂျုကု”ဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအလာဆုံးနေရာလည်းဖြစ်ပါတယ်။ “တာကဲရှိတာ့” လမ်းကဈေးဆိုင်တွေမှာ ရောင်းတဲ့ ပစ္စည်းတွေဟာ ဆယ်ကျော်သက်တွေအတွက်ရည်ရွယ်တာမို့ ဈေးချိုတဲ့ လူငယ်ကြိုက်ပစ္စည်းတွေများပါတယ်။
အတွင်းခံ ရောင်းတဲ့ဆိုင်ရဲ့ အပေါ်ထပ်
မုန့်ဆိုင်တွေလည်း အခြားနေရာတွေထက် မဆိုစလောက်သက်သာပါတယ်။“ တာ့ကိုယာ့ကိ ” မုန့်ကို အများအားဖြင့် ခြောက်လုံးတွဲ တစ်ပွဲရောင်းပေမယ့် အဲဒီလမ်းတစ်ဝိုက်မှာတော့ လေးလုံးတွဲ တစ်ပွဲလည်း ရောင်းပါတယ်။
ဖက်ရှင်ဆိုရင်လည်း လိုချင်စရာလေးတွေချည်းပါပဲ။

နှစ်ရံကိုမှ ယန်းတစ်ထောင် ဆိုတော့ တန်တာပေါ့
ကျွန်မတို့လည်း မုန့်ထပ်ဝယ်စားပြီး အိမ်ပြန်ဖို့ “ဟာရာ့ဂျုကု” ဘူတာဘက်ပြန်လှည့်ခဲ့ကြပါတယ်။

“ဟာရာ့ဂျုကု ” ဘူတာ
“တကာဒါ့နိုဘာဘာ” ဘူတာမှာ ရထားပြောင်းစီးကာနီး ဘူတာဘေးက ဘစ်ဘောက်ဆိုတဲ့ ဈေးတိုက်ကြီးရှေ့မှာ ခဏထိုင်ကြပါသေးတယ်။ ညလေအေးကို ခံစားပြီးမှ နောက်ရထားပြောင်းစီးဘို့ မြေအောက်ပြန်ဆင်းခဲ့ကြပါတယ်။

တာကာဒါ့နိုဘာဘာ ဘူတာဘေးက ဘစ် ဘောက်က်စ် ဆိုတဲ့ ဈေးတိုက်
ကျွန်မပြောခဲ့တဲ့ လွတ်လပ်မှုနဲ့ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ရရှိခဲ့တယ်ဆိုတာကို ဒီနေရာမှာပြန်ပြောရရင်တော့ ၊ ရက်သတ္တပါတ်မှာ ငါးရက်လောက်က မိုးလင်းအိမ်ကထွက်သွားရင် မိုးချုပ်မှအိမ်ပြန်ရောက်ပါတယ်။ အလုပ်နဲ့စားဝတ်နေရေးအတွက် အချိန်တွေကအကုန်မြန်လှသလို စိတ်ရောကိုယ်ပါ ကြိုးစားအားစိုက်ရတာတွေများပါတယ်။ အားလပ်ရက်ကလေးအချိန်လေးတွေမှာ ကိုယ်ဝါသနာပါရာနဲ့ ယုံကြည်ရာအတွက် လှုပ်ရှားပျော်ရွှင်နေကြတဲ့သူတွေကို တွေ့ရတဲ့အခါမှာ၊ ကိုယ့်ရဲ့ဝါသနာနဲ့ ယုံကြည်ရာတွေကိုလည်း ဘယ်တော့မှမစွန့်လွှတ်ပဲ ဘ၀ကို ရုန်းကန်နေရတာလည်း လွတ်လပ်မှု တစ်မျိုးပဲလို့  ခံစားမိရတယ်လေ။
ဇွဲကတော့ကြီးတယ် ကပြီဟေ့ဆို မိုးချုပ်တဲ့ အထိပဲ။
တည်ငြိမ်မှုရစေတာကတော့ ဒီလိုပါ။ နေ့စဉ်ဂျပန်လူမျိုးများကြားထဲမှာနေထိုင်ရချိန်မှာ အနည်းငယ်သော အချို့ကကိုယ့်ကို နိုင်ငံခြားသားဆိုပြီး သတ်မှတ်ထားတယ်။ ကိုယ်ကလည်း ကိုယ့်ကိုနိုင်ငံခြားသားဆိုတဲ့ စိတ်နဲ့ အမြဲ သတိထားနေထိုင်နေမိတယ်။ အဲဒီပတ်ဝန်းကျင်ကနေ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေအများစုရှိတဲ့နေရာမျိုးကိုရောက်တဲ့အခါမှာ ကိုယ်ကိုကိုယ် နိုင်ငံခြားသားအားလုံးထဲမှာ ရောက်နေတဲ့ နိုင်ငံခြားသားအဖြစ် လွတ်လပ်မှု တစ်ခုကို မသိစိတ်က ခံစားနေရတဲ့ ပျော်ရွှင်မှုပါပဲ။ အဲဒီအချိန်မှာ တည်ငြိမ်မှု ကိုလည်း ပုံစံတစ်မျိုးနဲ့ နားလည်နေမိတယ်။ 

ကျွန်မ ဂျပန်မှာနေရတာ ပျော်ပါတယ်၊ ဂျပန်လူမျိုးတွေနဲ့ အလုပ်လုပ်နေရတာကိုလည်း ဂုဏ်ယူပါတယ်။ ထို့အတူပဲ နိုင်ငံခြားသားနဲ့ ခင်မင်ရတာကိုလည်း စိတ်ဝင်စားပါတယ်။
ဒါပေမယ့် မြန်မာလူမျိုးဖြစ်တဲ့ ကျွန်မဟာ၊ မြန်မာတွေနဲ့ ပေါင်းသင်းဆက်ဆံ၊ မြန်မာလူမျိုးတွေနဲ့ တွေ့ဆုံရတာကို တန်ဘိုးအထားဆုံးပါပဲရှင်။
 ဒါကြောင့် နောက်တစ်ပတ်မှာကျင်းပတဲ့  မြန်မာပွဲလည်း သွားဘို့အစီအစဉ်ရှိပါတယ်လို့ ပြောကြားရင်း
ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်။







8 comments:

kyawhinselwin said...

မရေ
ဟာရာ့ဂျု့ကုပန်းခြံကခုနေတဲ့အိမ်နဲ့စက်ဘီးနဲ့၁၀မိနစ်လောက်ဆိုတော့ပိတ်ရက်ဆိုဘာရယ်မဟုတ်သွားလေ့ရှိတယ်။ ဗီယက်နမ်ပွဲတော်မသိလိုက်ဘူးရယ် အိမ်ပြောင်းဖို့အလုပ်တွေရှုပ်နေတာနဲ့။ အတော်စည်တာပဲနော်။ မတို့မိသားစုကတော့ပျော်စရာကြီးပဲ လည်လည်တွေများတယ်။ free huge အုပ်စုတွေကောမတွေ့ခဲ့ဘူးလားဟင်။ သိပ်သဘောကျတာပဲ။ သူတို့ကိုမြင်ရင်စိတ်လှုပ်ရှားတယ်။ ဖာသိဖာသာ ကိုယ်စီအလုပ်ရှုပ် နွေးထွေးမှုတွေလျော့ရဲလာတဲ့ တိုကျိုမြို့ကြီးကို သတိပေးသလို ကုစားပေးသလိုမို့။
ညီမငယ်

လသာည said...

ပျော်စရာကြီး။ မမွန်ရော ၀င်ကခဲ့ဖူးလားး)))

တာကိုယာခိ သိပ်ကြိုက်တာ။ ဗီယက်နမ်မုန့်က မြန်မာမုန့်နဲ့ အရသာတူလား။ ကြံရည်စက်လေး မြင်တော့ မြန်မာပြည်တောင် လွမ်းလာပြီ..

(ပြန်ရောက်ပြီ။ နည်းနည်း ပင်ပန်းလာတယ်။ ဟိ..သနားသွားပြီလား။ မသနားနဲ့ .ဦး..။ဂတ်ကိုင် သွားဖတ်တာက ဒီလောက်မဟုတ်ဖူး။ ဂတ်ကိုင်းပြီးတာနဲ့ အားတဲ့အချိန်ကို ညနက်သန်းခေါင်အထိ လျှောက်လည်နေခဲ့တော့ အိပ်ရေးပျက်တား)))

SHWE ZIN U said...

ညီမ ရေ

ပျော်စရာကြီးနော် အမတို့ ကတော့ ရောက်ဘို့ မလွယ်တော့ဘူးထင်တယ် ကာတွန်းတွေထဲကလို သိန်းထောင်စု ကြီးပေါက်ရင်တော့ လာလည်မှာပေါ့
ကျော်နှင်းဆီလွင် တို့ ညီမ မြတ်နိုးတို့ လသာည တို့နဲ့ တွေ့ရမယ်

မျှဝေခြင်းအတွက် ကျေးဇူးပါ
ရွှေစင်ဦး

ngwelamin said...

ပျော်စရာကောင်းမဲ့ ပုံဆိုတာ ဓာတ်ပုံ ကြည့်တာနဲ့ခံ စားမှိပါရဲ့ ဗျာ ၊ လွယ်အိပ်လေးလိုချင်လိုက်တာ ၊ လာလည်သွားပါတယ် ။

Khun Thadar said...

အစ်မ ဒီဘက်ရောက်တာ
အကြောင်းလည်းကြားဘူး...

နောက်ခါ မြန်မာပွဲက ဘယ်မှာလုပ်မှာလဲ။
အဲဒိပန်ခြံမှာဘဲလား....
ခွန်ကတော့ အိမ်နားမှာ မူဆရှိနိုဆိုတဲ့
ပန်ခြံကြီးတခုရှိတယ်။ပိတ်ရက်ဆိုကစားတဲ့
ကလေးတွေ ပြေးတဲ့သူတွေ ခွေးကျောင်းတဲ့
သူတွေနဲ့ ရှင်းဂျူ့ခုတို့ ယော်ယောငိတို့
လောက်တော့လူမများဘူး။

ps: ကတာကြည့်ချင်တယ်... ;P

ခိုင်နုငယ် said...

မမွန်ရေ...
ကိုယ်မရောက်ဖူးတဲ့ နေရာလေးတွေကို
ခုလိုမြင်ရတော့ ဗဟုသုတပါပဲ။
မျှဝေပေးတာကျေးဇူး။
မြန်မာပွဲတော်ကို စောင့်မျှော်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာဘဲဖြစ်ဖြစ် ကြည့်ရတာ ပျော်စရာကောင်းမဲ့ပုံပါဘဲ
ကိုယ်တိုင်ဝင်ကခဲ့ရမှာနော်
ပုံတွေကျန်သေးတယ် မဟုတ်လား လျှိုမထားနဲ့နော်.
ကတဲ့ပုံတွေ တင်ဦးး)

ကိုအောင်(ပျူနိုင်ငံ) said...

ကြည့်ရတာ ပျော်စရာပဲဗျာ။