August 8, 2010

မှားဖတ်လည်း ရပါတယ်

စာဖတ်မှားတာ၊ လျှမ်းတတ်တာများနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု နဲ့ အတူ ကျွန်မတို့တတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတစ်ခုကို ပြောပြပါရစေ။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ မောင်နှမ၀မ်းကွဲတွေ အားလုံးကျောင်းပိတ်ရက် သွားလည်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတစ်သိုက်ဟာ အဖွားအိမ်မှာ ဆော့လိုက်၊ စားလိုက်၊ စာတွေဖတ်လိုက် စကားပြောလိုက်၊ လျှောက်လည်လိုက်နဲ့ ပေါ့။ဝတ္တုတွေ ကာတွန်းတွေ စာတွေဖတ်တဲ့အခါ နားမလည်တဲ့ စကားလုံးအသစ်တွေ့ရင် လူကြီးတွေကိုမေး ဒါမှမဟုတ် အကြီးတွေက အငယ်ကို ရှင်းပြကြပါတယ်။ မောင်ဝမ်းကွဲလေးတစ်ယောက် က သူဖတ်နေတဲ့ ပုံပြင်စာအုပ်တစ်ခုထဲက “ပြည့်တန်ဆာ” ကို နားမလည်တော့ ကြီးတော်တစ်ယောက်ကို မေးပါတယ်။





ကြီးတော်က ကလေးနားလည်မယ့် အဆင့်နဲ့ ရှင်းပြပါတယ်။ ကျွန်မတို့ ကလေးတစ်သိုက် ကတော့ စကားလုံးအသစ်ရဲ့ အဓိပါယ် ပထမဦးဆုံးအကြိမ်ကြားသိရတော့ ဆန်းပြားလှတယ်ပေါ့။ မောင်ဝမ်းကွဲကတော့ စကားလုံးရဲ့ အဓိပါယ်ကို သိရတဲ့ အချိန်မှာ သူ့အတွက် အနည်းနဲ့အများ အံ့သြမှု ကို ရသွားတာကို သူ့မျက်နှာမှာတွေ့ခဲ့ရပါတယ်။ တနေ့တော့ အိမ်ရှေ့အိမ်က အဖွားတစ်ယောက်ဆုံးသွားပါတယ်။ ကျွန်မတို့နဲ့ခင်နေတဲ့ အဖွားပါ၊ အသက်ကြီးပြီး ဆုံးသွားတာပါ။ အသုဘရှိတော့ ကုလားဖျဉ်းထိုးတာတို့ ကုလားထိုင်တွေချ နောက်ရပ်ကွက်ထဲက လူငယ်တွေက ကွယ်လွန်သူ ရဲ့ နာမည် အသက်၊ ဇာတိ အသုဘချမယ့် နေ့ရက်တွေကို ထုံးစံအတိုင်းရေးနေကြပါတယ်။ အဲဒါကို ကျွန်မတို့ ခလေးတွေလည်း ကိုယ့်အိမ်ရှေ့ ကနေ အဲဒီကို ထိုင်ကြည့်လိုက် တစ်ယောက်တစ်ပေါက်ပြောလိုက်ပေါ့။ ခဏနေတော့ ခုနကမောင်တ၀မ်းကွဲက အိမ်နောက်ဖေးဘက်ကို ပြေးဝင်သွားပါတယ်။ ပါးစပ်ကလည်း “အဖွားရေ အဖွား အိမ်ရှေ့က ဆုံးသွားတဲ့ အဖွားကလေ၊ “ပြည့်တန်ဆာ” သိလား” ဆိုပြီး အရမ်းအံ့သြတဲ့မျက်နှာနဲ့ ပြောပါတယ်။ ကျွန်မတို့ အိမ်ရှေ့မှာကျန်ခဲ့တဲ့ ကလေးအုပ်စုက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက် အိမ်ရှေ့အိမ်က သင်ပုန်းကို လှမ်းကြည့်လိုက်နဲ့ နားမလည်နိုင်အောင်ပါပဲ။ နောက်ဖေးကအသံတွေကိုလည်း နားစွင့်ထောင်နေလိုက်ပါတယ်။ အဖွား။ ။ ဟဲ့ ၊ မဟုတ်က ဟုတ်က တွေမပြောရဘူး ၊ ဘယ့်နှယ် ဒီကလေး မောင်ဝမ်းကွဲ။ ။ ဟုတ်တယ် အဖွားရဲ့ ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့မြင်တာ အဖွား။ ။ ဖြစ်မှဖြစ်ရလေ၊ ဘယ်လိုမြင်တာလဲ။ မောင်ဝမ်းကွဲ၊ ။ သင်ပုန်းမှာ သေချာရေးထားတာကိုဖတ်ရတာလေ။ “ဒေါ်အိမ်ချစ်၊ အသက် (၉၈)နှစ်။ ပြည့်တန်ဆာ ” တဲ့ ကျွန်မတို့အားလုံး အိမ်ရှေ့အိမ်က အဲဒီသင်ပုန်းကို ပြိုင်တူပြန်ကြည့်ပြီး မောင်ဝမ်းကွဲရဲ့ ရှပ်ပြာပြာနိုင်မှုကို အသံတိတ်ရယ်ပြီး နောက်ဖေးက အဖွားနဲ့ အတူ ထွက်လာမယ့် မောင်ဝမ်းကွဲတို့ကို စောင့်နေကြပါတယ်။ ခဏအကြာမှာ နောက်ဖေးက သူတို့ နှစ်ယောက်သား ထွက်လာပြီး။

အဖွား။ ။ (အိမ်ရှေ့ကို လှမ်းကြည့်ရင်း )ဘယ်မှာတုန်း
မောင်ဝမ်းကွဲ။ ။ အဲဟိုမှာ ဖတ်ကြည့်ပါဦး။
အဖွား။ ။ (ရင်ဘတ်ကိုလက်နဲ့ဖိပြီး) အမလေး ဒီလောက်တောင် လျှမ်း ရလား။ သေချာစာလုံးပေါင်းဖတ်စမ်း။ “ဒေါ်အိမ်ချစ်၊ အသက် (၉၈)နှစ်။ ပြွန်တန်ဆာ ” မဟုတ်လား။ ဒီကောင်လေး နော်။

ကျွန်မတို့ ကျန်ကလေးများအားလုံးလည်း တ၀ါးဝါးနဲ့ ရယ်မိကြပါတယ်။ ဒါကို တခြားမောင်နှမတွေ အမျိုးတွေ ကတခါတခါမှာ သတိရရင်ပြန်ပြောကြပါတယ်။ ကျွန်မအခုလို အသက်ကြီးလာတဲ့အခါ စဉ်းစားမိတာကတော့ လျှမ်း တတ်ခြင်းကိုပါ။ ဒီအကြောင်းအရာနဲ့ ဆက်နွယ်မှုရှိတဲ့ (ကျွန်မထင်တာ) ကာတွန်းငွေကြည် စာအုပ်ထဲကဖတ်ဘူးခဲ့ တာတွေကို ဥပမာအဖြစ်တဆက်တည်းပြန်ဖေါက်သည်ချပါရစေ။ ဥပမာ (၁) “အမရပူရလမ်းခွဲ ” ကို “ အမ ဘာဘူနဲ့ ရ လန့် ကွဲ ” လို့ဖတ်တာ။ (၂)“ဘကြီးပြူးနေသည်။ အပေါ်ထပ်။” ကို“ ဘကြီး ပြူးနေသည် ။ အာပေါဓါတ် ” လို့ဖတ်တာ။ နံမည်ကျော် လူသိများတဲ့ မြန်မာ ဟာသများ ဖြစ်ပေမယ့် တကယ်က ဒီဟာသတွေမှာ နောက်ခံဆက်သွယ်မှု တွေ ရှိချင်လည်း ရှိနိုင်ပါတယ်။ သို့သော်လည်း နောက်ခံကိုရှိတယ်မရှိဘူး ဆိုတာ ဖတ်မိသလားဆိုတာကို ကျွန်မသိပ်မမှတ်မိတော့ပါဘူး။ ဒါမျိုး တွေကို ကိုယ်တိုင်သော်လည်းကောင်း ပတ်ဝန်းကျင်မှာ သော်လည်းကောင်းဖြစ်ဘူးကြမှာပါ။

ဒါကို စိတ်ပညာဘာသာရပ်နဲ့ ဘာသာဗေဒဘာသာရပ်တို့ကနေ ဆက်နွယ်ပြီး လူတွေရဲ့ ဖြစ်တတ်တဲ့အမှားများ Categorization of action slips (အရေးမှား ၊ အပြောမှား၊ အကြားမှား၊အဖတ်မှား) အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဘာသာရပ်ဆိုင်ရာရှုထောင့်ကနေပြောမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းသလို အင်မတန်လည်း ကျယ်ပြန့်လှပါတယ်။ ဒီလိုအမှားတွေက ကိုယ့်ရဲ့ မိခင်ဘာသာစကားမှာလည်း မှားတတ်သလို နိုင်ငံခြားဘာသာစကားမှာလည်း ဖြစ်တတ်တာပါ။ အပေါ်ယံကြည့်မယ်ဆိုရင် လျှမ်းတတ်တယ်ဆိုပေမယ့် ၊ ဒီမောင်ဝမ်းကွဲ ရဲ့ စာမှားဖတ်ပုံ ကိစ္စမှာတော့ လူတွေဟာ ကိုယ့်စိတ်ထဲမှာ တစ်စုံတစ်ခုကို အတိုင်းအတာတစ်ခုအထိခံစားထားရရင် အဲဒီအကြောင်းအရာဟာ အာရုံမှာ ထင်ကျန်မှုအားကြီးပြီး သူ့ရဲ့ လွှမ်းမိုးမှုကြောင့် အခြားသူများရေးထားတဲ့ စာတွေကို ကိုယ်ထင်တဲ့အတိုင်း ဖတ်ပစ်လိုက်နိုင်တဲ့ ဦးနှောက်ရဲ့ သတိတရား လွတ်ထွက်မှုကြောင့်ဖြစ်ရတာလည်းပါလိမ့်မယ် ဆိုတာပါပဲ။ လူတစ်ယောက်ရဲ့ မှတ်ဥာဏ်နဲ့ ပိုင်းခြားမှုအသိဥာဏ် ကို ဆုံးဖြတ်ဘို့ တနည်းအားဖြင့် လေ့ကျင့်ဘို့ ဆိုပြီး စမ်းသပ်ချက် လို့ ပြောနိုင်တဲ့ ကစားနည်းတမျိုးကို စိတ်ဝင်စားမယ်ဆိုရင် လုပ်ကြည့်စေချင်ပါတယ်။

ဒီစမ်းသပ်ချက်ကို Stroop effect စတ္ထရုပ် သက်ရောက်မှု လို့ ခေါ်ပါတယ်။  ၁၉၃၅ခုနှစ်မှာ စိတ်ပညာဘာသာရပ်၊ ပညာရှင် John Ridley Stroop ကနေထုတ်ပြန်ကြေငြာခဲ့တာကြောင့် စမ်းသပ်ချက်ကလည်း သူ့နံမည်နဲ့အမည်တွင်ခဲ့ပါတယ်။ ဒီစမ်းသပ်ချက်ကို အခြေခံပြီး အချိ့ တီဗွီဂိမ်းတွေကို တီထွင်ကြတယ်လို့လည်း ဆိုကြပါတယ်။ မျက်စိထဲမှာ တပြိုင်တည်း မြင်တဲ့ စာလုံးရဲ့ အရောင် နဲ့ စာလုံးရဲ့ အဓိပါယ်တို့ရဲ့ ဦးနှောက်ကို သတင်းပေးနိုင်မှုနဲ့ ပြင်ပကို လူ့ရဲ့ နှုတ်ကပြောချနိုင်မှု တို့ရဲ့ အားပြိုင်မှုတို့ကို လူတစ်ယောက်က ဘယ်လောက်အထိ သတိနဲ့ ပိုင်းခြားနိုင်သလဲဆိုတာကို သိရှိနိုင်ပါတယ်။ စမ်းသပ်ချက်ကတော့

မေးခွန်း ။ ။ “စာလုံးရဲ့ အရောင်နံမည်ကို ဖြေပါ”


ဆိုပြီး အနီရောင်စာလုံးနဲ့ “အနီ” လို့ရေးတာတဲ့ စာကို ပြပါမယ်။ လူတိုင်းနီးပါး အဖြေမှန်ကြပါတယ်။

သို့သော်လည်း မေးခွန်းက “အရောင်နံမည်ကို ဖြေပါ”

ဆိုပြီး အပြာရောင်စာလုံးနဲ့ရေးထားတဲ့ “ အနီ ” လို့ရေးထားတဲ့ စာကို ပြတော့ လူအချို့ ကမှားကြတယ်။ တချို့က ရုတ်တရက် အဖြေမပေးနိုင်ပဲ အချိန်ကြာတယ်။
စာလုံးကိုလည်း လေး၊ငါးလုံးဆက်တိုက်မေးမယ်။ စာလုံးအရောင်ကိုမေးရာကနေ စာလုံးကရေးထားတဲက အဓိပါယ်ကိုပြောင်းမေးမယ် ဆိုတာတွေကို လုပ်ကြည့်ရင် တဖြည်းဖြည်း အမှားတွေထွက်လာပါတော့တယ်။

လွယ်လွယ်လေးပါ။ ဒါပေမယ့် မှားတတ်ပါတယ်။  မမှားရင်တော့ အကောင်းဆုံးပေါ့။မှားတော့လည်း ရီရတာပေါ့ နော်။

ကဲ အဲဒီစမ်းသပ်ချက်နဲ့ တူတဲ့ ကစားနည်းကို ဒီလင့်ခ်လေး မှာလည်း တွေ့နိုင်ပါတယ်။ ဒီဖြစ်စဉ်မျိုးနဲ့တူတဲ့ စာမှားဖတ်ဘူးတဲ့ အတွေ့အကြုံလေးတွေကိုလည်း ကိုယ်တိုင်ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ တွေ့ကြုံ သိခဲ့ဘူးကြမှာပါနော်။

စာကြွင်း ။   ။ ကျွန်မရဲ့ ပို့စ်တစ်ခုမှာ ကိုဇေတာရာက သူ့ရဲ့ စာမှားဖတ်ပုံလေးကို ကော်မန့်မှာရေးထားပေးခဲ့တာကိုဖတ်ပြီး ကျွန်မသင်ခဲ့ရတဲ့ ဘာသာရပ်နဲ့ တွေ့ကြုံခဲ့ရတာတွေကို ပေါင်းစပ်ပြီးရေးလိုက်တာပါ။

ကိုးကား

http://en.wikipedia.org/wiki/Cognitive_science 
http://en.wikipedia.org/wiki/Psycholinguistics
http://cognitivefun.net/test/2
http://en.wikipedia.org/wiki/Stroop_effect

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးက မှားဖတ်တာကိုတော့ အသံထွက်အောင် ရယ်မိပါတယ်..
မှားတာတော့ မှားတတ်တာပေါ့နော်..
အမှားကောင်းပြီး အဲဒီအိမ်ရှင်ထဲက တစ်ယောက်ယောက်ကြားလို့ ပြဿနာ မရှာတာတော်သေးး)

ကိုကိုမောင်(ပန်းရနံ့) said...

ကျနော်က တုံးဖလားဇာတိ။ တော်သေးတယ်။ ပြွန်တန်ဆာဇာတိမဟုတ်လို့။းဝ)

အင်း မြင်ယောင်မိသေးတယ်။ ပြွန်တန်ဆာက ဘလော့ဂါတွေများ ရှိနေမလားဘဲ။ မိန်းခလေးဘလော့ဂါဆိုရင်တော့ စာဖတ်မှားတဲ့သူရှိရင် ဒုက္ခ။ ဒီစာလုံးကတော့ စွဲသွားပြီဗျို့။ ကြုံကြိုက်လို့ ပြွန်တန်ဆာသူ၊သားတွေနှင့်တွေ့ရှိရင် ကျနော်ကတော့ အမကောင်းမွန်ဝင်းကို ပြေးသတိရနေမိမှာ။ အမရဲ့ပို့စ်ကိုပြောတာနော်။

ပျော်ရွှင်ပါစေအမ

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

အမှားလေး တွေ ဖတ်သွားတယ် မကောင်းမွန်ဝင်း ရေ

ပျော်ရွှင်ပါစေ

ရွှေစင်ဦး

Zay Tar Yar said...

ကျေးဇူးပါမကောင်းမွန်ဝင်းရေ စာကတော့ဖက်ရင်တော့
သိပ်မတည့်ဘူး ၊ ရေးရင်လွဲတယ် ရွှေတဂုံဘုရားကပန်းအိုး
မှာရေးထားတယ် (မကြည်ကောင်းမှု့) အဲဒါကိုမကြည့်
ကောင်းဘူးဆိုပြီး ၊ ခေါင်းငုံ့ပြီးပြန်လာတာ ၊ အိမ်ရောက်မှ
မေးကြည့်တော့မှ အဖြစ်မှန်သိရတာ .....လာပြီးဗဟုသု
တယူသွားပါတယ်.....။