June 28, 2010

ပြောင်းပြန်များ

နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးမှုတွေလုပ်ပုံကိုင်ပုံတွေက တခါတလေမှာ (ကိုယ်နဲ့မတူတာ၊ အများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့) ပြောင်းပြန်ဖြစ်နေတာကို ကျွန်မလိုပဲ သတိထားမိကြမယ်ထင်ပါရဲ့။
ကျွန်မတို့ နိုင်ငံမှာကတော့ တခြားနိုင်ငံတွေနဲ့ မတူတဲ့ ပြောင်းပြန်တွေ နည်းနည်းရှိတာကို သတိရမိပါတယ်။ ဥပမာ၊ မော်တော်ကားလမ်းတွေ လက်ျာကပ်မောင်းတာတို့၊ မဲဆန္ဒပေးတဲ့အခါ မဲပေးချင်တဲ့လူကို အမှားခြစ်ရတာတို့ပေါ့။
ဒီပို့စ်မှာပြောချင်တဲ့ ပြောင်းပြန် ကတော့ ဂျပန်လူမျိုးတွေဟာ  ကျမတို့(အခြားအနောက်တိုင်းသားများနဲ့ကော မတူတာဖြစ်နေတဲ့ ) ချွတ်လိုက်တဲ့ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားတတ်တယ်ဆိုတာကိုပါ။
ဂျပန်လူမျိုးတွေကတော့ ဖိနပ်ချွတ်ပြီးရင် ချွတ်ပြီးသား ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားလေ့ရှိပါတယ်။



 ဂျပန်တွေရဲ့ အိမ်အ၀င်၊ ရုံး၊ ကျောင်း နဲ့ စားသောက်ဆိုင်တွေက ဖိနပ်ချွတ်ထားတဲ့ နေရာကို ကြည့်မယ်ဆိုရင် ပြောင်းပြန်ပြန်လှည့်ထားလေ့ ရှိတာကို သတိထားမိပါလိမ့်မယ်။


ဆိုကြပါစို့ အိမ်တစ်အိမ်ကို အလည်သွားတဲ့အခါမှာ ၊ အိမ်အ၀င် ဖိနပ်ချွတ်မှာ ၊ အ၀င်ဖိနပ်ချွတ် နှုတ်ဆက်ပုံနဲ့ ၊ ပြန်တဲ့အချိန် ဖိနပ်စီးပြီး နှုတ်ဆက်ပြန်ပုံကို ပုံစံတစ်ခုအနေနဲ့ ပြုလုပ်လေ့ ရှိကြပါတယ်။
  
အိမ်အ၀င်မှာ နှုတ်ဆက်စကားဆိုပြီး ၊ အိမ်ရှင်ဘက်က အိမ်ထဲဝင်ဘို့ ကြိုဆိုတဲ့အခါ၊       အိမ်ရှင်ဘက်ကို မျက်နှာမူရပ်နေရင်း ဖိနပ်ချွတ်ပါတယ်။ ဖိနပ်ချွတ်တဲ့အခါမှာ အတတ်နိုင်ဆုံး ဘေးကိုကပ်ပြီး ချွတ်ပါတယ်။ ဖိနပ်ချွတ်ပြီး အိမ်အပေါ်ဆင့်လေးကို တက်ပြီးကာမှ အိမ်ရှင်ထုတ်ပေးထားတဲ့ အခန်းတွင်းစီး ဖိနပ်ကို ပြောင်းစီးပါတယ်။
ပြီးမှ ချွတ်ထားတဲ့ဖိနပ်ကို လက်တစ်ဘက်နဲ့ (ပြန်တဲ့ အချိန် တစ်ခါတည်း တန်းစီးလို့ရတဲ့ ဘက်) ပြောင်းပြန် ပြန်လှည့်ပြီးထားပါတယ်။ အဲဒီလိုဖိနပ်ကို လှည့်တဲ့အချိန်မှာ အိမ်ရှင်ဘက်ကို ကျောခိုင်း ၊ ခါးကုန်း မလုပ်မိဘို့လိုပါတယ်။ အဲဒီလို အပြုအမူတွေက အိမ်ရှင်ဘက်ကို  အမြင်ရိုင်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခပ်စောင်းစောင်းအနေအထားနဲ့ ထိုင်ပြီးလှည့်သင့်ပါတယ်တဲ့။
အလားတူပါပဲ ပြန်တဲ့အချိန်မှာ လည်း ၊ အိမ်အ၀ကိုရောက်ရင် ကိုယ့်ဖိနပ်ကိုပြန်စီး၊ အခန်းတွင်းစီးဖိနပ်ကို ပြန်နေရာချ၊ နှုတ်ဆက်ပြီးပြန်ကြပါတယ်။

ဖိနပ်ကို အသင့် စီးလိုက်တဲ့အချိန်မှာ အိမ်ရှင်ကို နောက်ခိုင်းသလိုဖြစ်နေရာက အိမ်ရှင်ဘက်ကို ပြန်လှည့်ပြီး ကိုယ်ကိုကိုင်းပြီး နှုတ်ဆက်တဲ့ ပုံစံက ပိုပြီး တလေးတစားပြရာရောက်ပါတယ် တဲ့။
စားသောက်ဆိုင်တွေမှာကတော့ အများအားဖြင့် ဧည့်သည်က ဒီအတိုင်းချွတ်ထားခဲ့တဲ့ ဖိနပ်ကို စားသောက်ဆိုင်ဝန်ထမ်းများက ပြန်လှည့်ပြီး စီပေးတတ်ပါတယ်။


တဆက်တည်း ပြောချင်တဲ့ နောက်ပြောင်းပြန်တစ်မျိုးကတော့ ကားကို ဂိုထောင်ထဲ ကားတည့်သိမ်းရင်လည်း ထွက်မယ့်ဘက်ကိုကားခေါင်းလှည့်ပြီး သိမ်းကြပါတယ်။ ဘာကြောင့် ဒီလိုမျိုးတွေလုပ်ရတာလဲဆိုတာကိုစမ်းစစ်ကြည့်တော့ ဂျပန်လူမျိုးတွေဟာ နောက်ရှေ့ဆက်လုပ်မယ့်အရာတစ်ခုအတွက်ကြိုတင်ပြင်ဆင်တာလို့ သိရပါတယ်။ (ဒီနေရာမှာ ဂျပန်လို အခေါ်အဝေါ်နဲ့ ဆိုရိုးလည်းရှိပေမယ့် ဘာသာစကားနဲ့ ပတ်သက်နေတဲ့အတွက် ချန်လှပ်ခဲ့ပါရစေ)

ကိုရီးယားသူငယ်ချင်းတွေကပြောပါတယ် သူတို့နိုင်ငံမှာ အဲလိုဖိနပ်ပြောင်းပြန်ထားလိုက်ရင် ချက်ချင်းပြန်မယ်ဆိုတာကိုပြောတာလို့ ဆိုပါတယ်။

အလေ့အကျင့်မရှိတဲ့ နိုင်ငံခြားသားတွေအတွက် အထူးအဆန်းဖြစ်ရသလို ဂျပန်လူမျိုးတွေကိုယ်တိုင် ဒီအပြုအမူကို လေ့ကျင့်ယူကြတယ်ဆိုတာကို လည်း ပြောပါရစေ။ အလုပ်ဝင်မယ့်သူများ ၊မူဟန်ယဉ်ကျေးခြင်း အတတ် manner များကိုသင်ကြားသော နေရာများ၊ မိသားစုအတွင်း အဆုံးအမများအဖြစ်နဲ့လည်း စံနစ်တကျ သင်ယူလေ့ကျင့်ကြတာကို တွေ့ရပါတယ်။


ဂျပန်တို့ရဲ့ ဖိနပ်ချွတ်က ပြောင်းပြန်စီထားတဲ့ ဖိနပ်များကို ကြည့်ပြီး ၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေဟာ အနုစိတ်ပြီး ရှေးရိုးကို ထိန်းသိမ်းနိုင်ကြတာကလည်း လက်ဆင့်ကမ်းလေ့ကျင့်မှုတို့ကြောင့်လည်း ဖြစ်မယ်ဆိုတာတွေးမိပါတယ်။

ကဲ၊ ကျွန်မတို့ကတော့ ရိုးရာလည်းမဟုတ်ယဉ်ကျေးမှုလည်းမဟုတ်တဲ့ ကိုယ်မဲပေးချင်တဲ့လူကို အမှား ခြစ်၊ ကိုယ်မကြိုက်တဲ့မဲမပေးချင်တဲ့ လူကို အမှန်ခြစ်တဲ့ (ရည်ရွယ်ချက်တမျိုးရှိပြီး၊ လက်ခံချင်စရာ အကြောင်းပြချက်မရှိတဲ့ ) ပြောင်းပြန် တွေကို လက်ဆင့်ကမ်းကြဦးမှာလားဆိုတာကိုတော့ ကျွန်မတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်ကြရင် အကောင်းဆုံးပေါ့နော်။

ဓါတ်ပုံများကူးယူရာ
http://image-search.yahoo.co.jp/search?p

14 comments:

သူကြီးမင်း (တုံးဖလား) said...

အင်း.... သူတို့ရဲ့ ပြောင်းပြန်တွေက သေချာစဉ်းစားကြည့်ရင် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

နေရာတစ်ခုကို သွားတဲ့အခါ ဖိနပ်ကို ဖြစ်သလိုချွတ်ထားမိရင် အရေးတကြီး အချိန်တွေမှာ ဖိနပ်ရှာနေရတာနဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ပြောင်းပြန်လည်ပြီးမှ ဖိနပ်စီးရတာတွေက သိပ်မနှိပ်လှဘူး။

ဒါကြောင့် သူတို့ရိုးရာကိုတောင် ခပ်ကြိုက်ကြိုက်ဘဲ။

ဧပရယ်လ်ပူး@ပူးတေ said...

မမရောက်ပါတယ်.. ဂျပန်တွေရဲ့ ဖိနပ်ချွတ်ပုံ ချွတ်နည်း အကျင့်တွေ လေ့လာမှတ်သားသွားပါတယ်...:)

သဒ္ဓါလှိုင်း said...

မင်္ဂလာပါ...လာလည်သွားပါတယ်ရှင်...
စာတွေဖတ်သွားပါတယ်..
ခင်မင်စွာ
သဒ္ဓါ

kyawhinselwin said...

မရေ
ခုမှပိုအသေးစိတ်သိသွားတော့တယ်
ကျေးဇူးပါနော်...
စကားမစပ်..
ပြီးခဲ့တဲ့ရက်က လျှာမကိုက်မိဘူးလားမ
:D

ကိုအောင် said...

မလွယ်ပါလားဗျာ၊ ကျနော်တို့ဖက်မှာတော့ ဖိနပ်ကို
အထဲ ထဲထိ စီးဝင်လေ့ရှိတယ်၊ အ၀င်အ၀မှာ ဖိနပ်မှာ
ကပ်ပါလာတဲ့ သဲတွေခြစ်ချဖို့ ဖိနပ်သုတ်ခုံနဲ့ ရှိတယ်၊
ဂျပန်က နိုင်ငံတကာမှာ ယဉ်ကျေးမှုအရ အမြင့်မားဆုံး
စာရင်းဝင်ဆိုတော့ မှတ်သားစရာပါ။

နှင်းမိုး said...

မမ ရေ...
လာဖတ်သွားတယ် ။ မှတ်သွားတယ်။။
မသိတာတွေ သိသွားတယ်...။
မမ ချိပ်ထဘီ ၀ယ်ချင်လို့ဆို... :)
ခင်တဲ့
နှင်းမိုးမိုး

မြတ်နိုး said...

သူတို့က ဖိနပ်ကို ကိုယ့်ဘက်လှည့်ပီးချွတ်ပေမဲ့ မြန်မာတွေက ဦးတိုက်ချွတ်တယ်.

နောက်တချက်က မြန်မာပြည်မှာစာသင်ပေးတဲ့ ဂျပန်တွေက မြန်မာတွေဟာ ဖိနပ်ချွတ်ရင် စည်းကမ်းမရှိလို့ ..ဆရာမကိုယ်တိုင်ဖိနပ်ကလေးကိုင်ပီးစီပေးရတယ်တဲ့။ ဒါနဲ့ ကျနော်ပြောလိုက်တ်။ မဟုတ်ဘူးလို့ မိဘတွေနဲ့ဆိုင်တယ်လို့ ကျနော်တို့အိမ်မှာဆို ဖိနပ်ချွတ်ရင် ဆင်တဖက် မြင်းတဖက် ပစ်စလတ်ခတ်ချွတ်ခွင့်မရှိဘူး။ ဂျပန်တွေလို စီစီညီညီလေးပဲ ချွတ်ရတာလို့ ဖြေရှင်းလိုက်ရတယ်။ ချွတ်ပုံပဲ သူတို့နဲ့ပြောင်းပြန်။

အဆင့်အတန်းနဲ့ဆိုင်တယ်လို့ ပြောလိုက်တယ်။ တကယ်လဲ အဆင့်အတန်း နေထိုင်မှုစရိုက်တွေနဲ့ဆိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်က ယဉ်ကျေးမှုနဲ့ ဂျပန်က ယဉ်ကျေးမှု က ကျနော့်အတွက်တော့ သိပ်ထူးခြားပီး မလိုက်နာရပါဘူး။ မူအားဖြင့်တူနေတာပါပဲ။ သူတို့ကို မြန်မာပြည်မှာလဲ ဖိနပ်ကို ဒီလိုချွတ်ရတာ. ဖိနပ်ချွတ်ပီးမှတပ်ရတာတို့ ပြောပြဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားရောက်နေသူတိုင်းဟာ မိမိတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို မိမိတို့ဖော်ထုတ်ပြောဆို သင့်သလို တကယ်လိုက်နာကျင့်သုံးသင့်ပါတယ်။

မြတ်နိုး

mabaydar88 said...

ညီမကောင်းမွန်ဝင်း

မှတ်သွားပါသည်..ကောင်းတဲ့ဓလေ့ အဖြစ် သဘောကျမိတယ်..။ ရှေ့ကို ကြိုတွေးတာလေးကလည်း ကောင်းသားနော်..။

တနေရာမှာ ( ) ကုန်း လို့ရေးထားတာက စာလုံးလှလှလေးနဲ့ ပြင်လိုက်ရင် နဲနဲပိုလှသွားမယ်ထင်တယ်နော်..။

ထင်တာပြောတာပါ ညီမရေ..။

စိန်ဗေ

Myanmar Good Knowledg Co., Ltd said...

ပို့စ်တင်ပြီးမှ ပြင်ဆင်မှုလုပ်ခဲ့ပါတယ်။
မဗေဒါရဲ့ အကြံပေးချက် ကိုကျေးဇူးတင်စွာဖြင့် လက်ခံပြီး စာလုံးအနည်းငယ်ကို
ပြန်ပြင်ရေးသားထားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မှတ်သားစရာပါဘဲ
နိုင်ငံနဲ့လူမျိုးတိုင်းမှာ လေးစားစရာ ဓလေ့စရိုက်လေးတွေရှိကြတယ်နော်..
ဘာဘဲဖြစ်ဖြစ် ဗဟုသုတရပါတယ်..
တကယ်ကို မှတ်သားအတုယူစရာပါ..

ယောနက်သန် said...

မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းတွေ စိတ်ဝင်စားစရာပါ။

လသာည said...

ဖိနပ်ကို ကိုယ်တစောင်းလှည့်ပြီး ချွတ်ရတာ အခုမှ သိတယ်။ ပြောင်းပြန် ထားပေးရတာ သိပေမယ့် အခုလောက် အသေးစိတ်မသိခဲ့ဘူး..။ ဗဟုသုတရလို့ အများကြီး ကျေးဇူးတင်ပါတယ်

Zay Tar Yar said...

ဟုတ်ပချစ်စရာလေး ဖိနပ်ချွတ်တဲ့ကောင်မလေးက လှလိုက်တာတအားဘဲ ၊ အော်ယဉ်ကျေးမှုဆိုတာလက်ဆင့်ကန်းရတာဟုတ်တယ် နော်ဒါပေမဲ့ ကောင်းမွန်ဝင်းရယ် ဆင်းရဲရင် လက်ဆင့်ကမ်းမသယ်ချင်ဘူးဗျ.....။

win latt said...

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ အိမ်အလည်သွားလေ့ သွားထ မရှိတော့ မသိဘူးခင်ဗျ။
သူတို့က စားသောက်ဆိုင်တွေမှာ မိသားစုလိုက်၊အဖွဲ့လိုက် ချိန်းဆိုစားသောက်ပြီး ပြန်ကြတာ ဆိုတော့ ဒီလို အလေ့အထကို မသိရဘူး။မှတ်မှတ်ရရ နှစ်ကြိမ်တော့ သွားလည်ဘူးတယ်။ အိမ်ခန်းအဝင်အဝမှာ ဖိနပ်ဘီဒိုတွေ ရှိတယ်။ ဖိနပ်ချွတ်ပြီး ဘီဒိုထဲထည့် ထားလိုက်တာတော့ ရှိတယ်။ဒါလောက်ပါပဲ။ အခုလို ဗဟုသုတ ပေးတဲ့အတွက် ကျေးဇူးပါ။