June 8, 2010

“ဆန်း”တာတွေကို “စမ်း”ကြည့်ခြင်း

ဒီနေ့ကတော့ အပူချိန်၂၃ဒီဂရီစင်တီဂရိတ်ပါ။ အခုတလော ၂၅လောက်အထိတော့အပူချိန်ရှိပါတယ်။ တိုကျိုမှာကတော့ ပူတယ်လို့ပြောရမှာပေါ့။ ဇွန်လ လလယ်လောက်ရောက်ရင် တော့ မိုးရွာတဲ့ မိုးရာသီ ဖြစ်မှာပါ။ ဒါပေမယ့် ဒီနှစ် တိုကျိုမှာလည်း မိုးရာသီ အ၀င်နောက်ကျမယ်လို့ ရုံးကလူကြီးတွေက ပြောနေကြပါတယ်။ အနီးအနားမှာ သက်ကြီးဝါကြီးဆွေမျိုး၊ မိတ်ဆွေမရှိတဲ့ နိုင်ငံခြားမှာနေရတဲ့ ဘ၀ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က၊ ရုံးက လူကြီးတွေပြောတာကို မှတ်ထားရပါတယ်။

ဂျပန်နိုင်ငံရာသီဥတုက ၄မျိုး (နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း) ရှိပေမယ့် ။ နွေရာသီထဲမှာပဲ ကာလတို မိုးရာသီ (ဂျပန်လိုကတော့ ဆုယု) ဆိုတာရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာက နှစ်စဉ်နှစ်တိုင်း ဘယ်ကာလကနေ ဘယ်ကလရယ်လို့ အတိအကျမပြောကြပဲနဲ့၊ မိုးရာသီ (ဆုယု) အ၀င် အထွက်ကို တီဗွီ၊ ရေဒီယို သတင်းစာတွေကနေ မိုးလေ၀သဌာနကထုပ်ပြန်ကြေငြာပါတယ်။
ဒီနှစ်က တော်တော်ပူလိုက်အေးလိုက်ဖြစ်ပါတယ်။ များသောအားဖြင့် ပူပူအေးအေး လေထုက ခြောက်သွေ့နေတာများတော့၊ စကားတစ်လုံးမှ မပြောလဲ ၊ သူ့အလိုလို အာခြောက်ပါတယ်။ သကြားလုံးငုံတာတို့ ရေသောက်တာတို့ အမြဲလုပ်ရပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေက ရေဆာလို့ ရေသောက်တာ တော်တော်နည်းပါတယ်။ လမ်းဘေးဘယ်နေရာမှာမဆို စက်တွေနဲ့ရောင်းတဲ့ သောက်စရာ (သောက်ချင်စရာ ) တွေကလည်း အမျိုးစုံရှိတဲ့အပြင် ။ ဂျပန်နိုင်ငံရဲ့ စီးပွါးရေး လောကရဲ့ အသက်ဖြစ်တဲ့ အမြဲလိုလို အသစ်အသစ်ကို တီထွင်ပြီးထုတ်လုပ်ရောင်းချတဲ့ စံနစ်ကြောင့် သောက်စရာတွေကလည်း နှစ်တိုင်းအမျိုးစုံပါပဲ။ အေးတဲ့ရာသီမှာ စက်တွေမှာ ပူပူနွေးနွေးသောက်နိုင်တဲ့ ကော်ဖီ၊ လ္ဘက်ရည်ကအစ ရှိသလို၊ ရာသီဥတု ပူတော့လည်း သောက်ချင်စရာအအေးအစုံအလင် ကို လွယ်လွယ်နဲ့ဝယ်သောက်နိုင်ပါတယ်။ ကျွန်မလည်း အပြောင်းအလဲများတဲ့ ရာသီဥတုနဲ့အတူ၊ အပူသောက်လိုက် အအေးသောက်လိုက်နဲ့ပေါ့။
အိမ်မှာကော ၊ရုံးမှာပါ ကော်ဖီ (အပူ)ကို နေ့တိုင်းဖျော်သောက်ပါတယ်။ ရေနွေးကြမ်း (အပူ)ကိုလည်း မြန်မာရေနွေးကြမ်း ၊ ဂျပန်ရေနွေးကြမ်း ကိုယ်တိုင်တည်သောက်သလို။ တခါတလေလည်း စက်ကနေ၀ယ်သောက်ပါတယ်။ အဲဒီလို ကိုယ်တိုင်ဖျော်သောက်နိုင်တဲ့ ပူတဲ့ သောက်စရာတွေကိုတောင် စက်ကနေ (ဆိုင်မှာထိုင်သောက်တာကတော့ နည်းပါတယ်။ အလုပ်ကိစ္စ၊ သူငယ်ချင်းနဲ့တွေ့တဲ့အချိန်တို့ပေါ့ )သောက်လေ့ရှိတဲ့ တာ၊ အခုလိုပူတဲ့ရာသီမှာတော့ ကွန်ဗင်နီယမ် စတိုး ဆိုင်တွေက ဒါမှမဟုတ်၊ စက်ကနေ၀ယ်သောက်တာများလာပါတယ်။ သွားရင်းလာရင်း ရုံးတက်ရုံးဆင်းတွေမှာ သောက်ဖြစ်တာများပါတယ်။
ကျွန်မသောက်တဲ့ အအေးတွေထဲက မြန်မာလူမျိုးတွေအတွက် “မစိမ်းသော်လည်း ထူးဆန်းမယ်” လို့ထင်ရတဲ့ အအေးသုံးမျိုးကိုပြောပြချင်ပါတယ်။
ginger sparkling
သူ့ ပုလင်းလေးက ပလပ်စတစ်ပုလင်းလေးနဲ့ ပါ။ ပန်းရောင်နုနုလေးပေါ့။ ginger sparkling ဂျင်ဂျာ စပါတ်ကလင်း ဆိုတဲ့ ဂျင်းရည်ပါ။ စပါတ်ကလင်းအမျိုးအစားဆိုတော့ ရှတတနဲ့ ဂျင်းနံ့ကလည်းသင်းသင်းလေး ။ အရသာကတော့ တစ်ကျိုက်ကျိုက်လိုက်ရင် အမောပြေသွားမယ်ဆိုသလိုပေါ့။ သောက်လိုက်တိုင်း ဘယ်လောက်ကောင်းလဲဆိုရင် ငယ်ငယ်က ဖတ်ဘူးခဲ့တဲ့ “ ဖန်ပြာခွက်နဲ့ ကျော်စက်ရည်၊ အမောပြေအောင်တိုင်ပါ မမ ”ဆိုတဲ့ ကဗျာစာသားလေးတစ်ပိုင်းတစ်စကို သတိရမိတယ်။
ဂျပန်တွေလည်း မြန်မာတွေလိုပါပဲ။ ဂျင်းပြုတ်ရည်သောက်လေ့ရှိပါတယ်။ အေးတဲ့ရသီမှာ အထူးသဖြင့် အမျိုးသမီးတွေပေါ့။ အဲ။ အခုတော့ နွေရာသီမှာပါ ဂျင်းရည် အအေးကို တီထွင်ရောင်းချလာပါတယ်။
ကျွန်မကတော့ ဂျင်းကြိုက်သူဆိုတော့ အသစ်ပေါ်တဲ့ ဒီအအေးကို တော်တော်ဝယ်သောက်ဖြစ်ပါတယ်။
aloe yogurt
နောက်တစ်မျိုးကတော့ အလူမီနီယမ်အိတ်ပျော့လေးနဲ့ ထဲ့ထားပြီး ပိုက်နေရာလို စုပ်သောက်စရာ အ၀လေးပါတဲ့ aloe yogurt တဇောင်းလက်ပတ် ဒိန်ချဉ်ပါ။ မြန်မာပြည်မှာတော့ ဆေးဘက်ဝင်အပင်ဖြစ်တဲ့ တဇောင်းလက်ပတ်ကို သွေးဆေး။ တေဆေး တွေမှာသုံးပေမယ့် ၊ ဂျပန်မှာတော့ မုန့်အမျိုးမျိုးနဲ့ ဖျော်ရည်တွေမှာ ထဲ့စားကြပါတယ်။ ကျွန်မငယ်ငယ်က ဖွားဖွားက ရန်ကုန်မှာ တဇောင်းလက်ပတပင်တွေ အများကြီးစိုက်ပြီးဆေးဖေါ်ပါတယ်။ ဖွားဖွားတို့ တဆွေတမျိုးလုံးလည်း တဇောင်းလက်ပတ်ကို စိုက်။ကိုယ်တိုင်ဆေးဖေါ်ပြီး မိသားစု ဆေးအဖြစ်သောက်ခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်မ အဲဒီဖျော်ရည်လေးဝယ်သောက်တိုင်း ဖွားဖွားကို သတိရမိတတ်ပါတယ်။
ခုနက တဇောင်းလက်ပတ် ဒိန်ချဉ်အကြောင်း ဆက်ပြောရရင်တော့။ ချိုပေါ့စိမ့်စိမ့် ဒိန်ချဉ်ပြစ်ပြစ်ထဲမှာ တဇောင်းလက်ပတ် အဖတ်ကလေးတွေ အတုံးကလေးတွေက ကျောက်ကျော ဂျယ်လီပုံစံနဲ့ ပါနေတာပါ။ အဲဒီအိတ်လေးက အအေးဆိုတော့ စုပ်ပြီးသောက်လိုက်ရင် (စားတာရောသောက်တာရော) ပါးစပ်ထဲမှာ   ၀ါးရတာကလည်း တထုပ်ထုပ်နဲ့ ပေါ့။ ချိတမြမြ ချဉ်သလိုနဲ့ မချိုမချဉ်အချိန်မှာ ကျောက်ကျောအိအိကို စားရသလိုပါပဲ။ အေးပြီး အမောပြေလှသလို အဆာလည်းပြေပါတယ်။
ဂျပန်မှာတော့ ကျမ္မာရေး အထောက်အကူအစားအစာများဆိုပြီး သတ်မှတ်ထားတဲ့ သားရည်စာလို့ပြောရင်လည်းရပါတယ်။
Ukon no chikara
ကျွန်မလုံးဝမကြိုက်သလို ၊ ဒီဂျပန်မှာ ရှိတဲ့ မြန်မာလူမျိုးတချို့အတွက်လည်း ပြောပြီး ရယ်ကြတဲ့ အချိုရည်တစ်မျိုးရှိပါသေးတယ်။ အဲဒါကတော့ ဂျပန်မှာ အရမ်းကြော်ငြာပြီး လူသိများ၊ ဂျပန်လူမျိုး အမျိုးသားများ သောက်တဲ့ အချိုရည်ပါ။ အားဖြည့် အချိုရည်လို့ပြောမလားပဲ။ နံမည်ကအစ ဂျပန်လိုနားလည်တဲ့ မြန်မာလူမျိုးအတွက် ပိုရီရပါတယ်။ “ အူကွန်း နော့ ချိခါ့ရာ ” လို့ခေါ်ပါတယ်။
အူကွန်း = ဆနွင်း (နနွင်း)။ နော့ = ၏၊ ချိခါ့ရာ=အင်အား ။ ဘာသာပြန်မယ်ဆိုရင်တော့ “ဆနွင်းရဲ့ အစွမ်း” ပေါ့။
ဂျပန်မှာ ဒီအချိုရည်ဟာ ပင်ပန်းနွမ်းနယ်နေတဲ့ အမျိုးသား။ business manတွေကို သောက်စေဘို့ကြော်ငြာပြီးရောင်းတာပါ။ ဂျပန်အမျိုးသားအများစုကလည်း အိပ်ရေးပျက်။ အလုပ်ပင်ပန်း။ ကိုယ်လက်ညောင်းညာကိုက်ခဲဖြစ်ကြရင် ဒီအချိုရည်ကိုသောက်ကြပါတယ်။ ရုံးတစ်ရုံးနဲ့ တစ်ရုံး လက်ဆောင်ပေးတာတို့ ဘာတို့မှာလည်းသုံးကြပါတယ်။ ဒီဘူးလေးတွေကိုင်သောက်သူတွေကြည့် လိုက်ရင် ယောက်ျားတွေချည်းပါပဲ။ အမျိုးသမီးတွေလည်းသောက်ပေမယ့် အလွန့်အလွန်ကို တွေ့ရခဲပါတယ်။
ဘာကြောင့် ရယ်စရာကောင်းတာလဲဆိုတော့ ကျွန်မတို့မြန်မာပြည်မှာ ဆနွင်းဆိုတာ မိန်းမနဲ့ ပါတ်သက်တဲ့ဆေးဘက်ဝင်ပစ္စည်းလေ။ အမျိုးသမီးတွေ မီးဖွါးပြီး ဆနွင်းသောက်တယ်။ ဆနွင်းလိမ်းတယ်။ အချို့အမျိုးသမီးတွေကတော့ သွေးသားသန့်ရှင်းစင်ကြယ်ဘို့ ဆနွင်းလုံးဆေးသောက်ကြတယ်မဟုတ်လား။
အဲဒါကြောင့် ဂျပန်မှာနေတဲ့ မြန်မာလူမျိုးတွေအတွက်က နဲနဲ ရယ်စရာဖြစ်နေတာပေါ့။ တခါတော့ ကျွန်မအသိ ဘကြီးတစ်ယောက် (အဘအရွယ်လောက်ရှိတဲ့ မြန်မာအသိမိတ်ဆွေ)က ကျွန်မတို့တွေ စကားပြောစားသောက်နေတုန်း သူ့အိတ်ထဲက “ အူကွန်း နော့ ချိခါ့ရာ ” ဘူးလေးထုတ်ပြီး အဖုန်းလေးဖွင့် ပြီး သောက်မလို့လုပ်တဲ့အချိန် ကျွန်မက “အမယ် အဘလည်း ဆနွင်းသောက်တာပဲလား” လို့ မေးလိုက်တော့ သူက မော့သောက်မလိုလုပ်နေရာက ရပ်သွားပြီး “ဆ…နွင်း….” ဆိုပြီး ကျွန်မကိုအံ့သြပြီးကြည့်ပါတယ်။ ကျွန်မက “ ဟုတ်တယ်။
အဲဒီ အူကွန်း နော့ ချိခါ့ရာ ရဲ့ အူကွန်း ဆိုတာ ဗမာလို ဆနွင်း လေ အဘရဲ့ ” လို့ပြောတော့ “ဟာ ၊ ဖြစ်မှဖြစ်ရလေ မသိပါဘူး။ ငါက ဒီကောင်ကို ကြိုက်နေပြီဟ၊ ဒါနဲ့ ဘာလို့ ဂျပန်ယောက်ျားတွေ ဆနွင်းသောက်ကြတာလဲ ကွ” တဲ့။ အနားမှာ ရှိတဲ့ သူတွေလည်း အကုန်လုံးဝိုင်းရယ်ပြီး “သောက်မှသောက်ပါအဘရယ် ၊ ဆနွင်းကကောင်းလို့ပေါ့၊ မီးနေသည်တွေတောင်သောက်တာ ဟားဟားဟား” ဆိုပြီး ကြုံခဲ့ရဘူးပါတယ်။
ရယ်နေရင်းနဲ့ သတိရမိတာက ကျွန်မတို့မြန်မာပြည်မှာ ဂျင်း ၊ တဇောင်းလက်ပတ်၊ ဆနွင်းတို့ဆိုတာတွေကိုအမြောက်အမြားစိုက်ပျိုးရရှိနိုင်ပါတယ်။ ကုန်ကြမ်းလည်းရှိတယ်။ အရသာရှိရင်၊ သောက်လို့ကောင်းရင် အားပေးမယ့်လူတွေလည်းရှိတယ်။ နည်းပညာဆိုတာကလည်း သင်လိုက်ရင် ရပါတယ်။ မီးမလာတာ တစ်ခုတည်းကြောင့်ပဲလား။ ဂျပန်မှာလို အရသာရှိပြီး ကျမ္မာရေးအတွက် အထောက်အကူပြုတဲ့ စားသောက်ကုန်တွေကို မြန်မာပြည်မှာ တွေ့ကြုံခံစားခွင့််မရရှိ ကြသေးတာဘာကြောင့်ပါလဲ။
တစ်ခုခုကြောင့်ပဲလား ၊ အကြောင်းများစွာကြောင့်ပဲလား။ ဘာကြောင့်ပဲဖြစ်ဖြစ် ပါ ၊လောလောဆယ်ကျွန်မ တတ်နိုင်တာကတော့ ၊ခုနက ပြောခဲ့တဲ့ အအေးသုံးမျိုးကို ကြုံလာမယ်ဆိုရင် “စမ်း”သောက်ကြည့် သင့်တဲ့ “ အဆန်း”တွေပါပဲလို့ တိုက်တွန်းပြောကြားရင်းနဲ့ ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါရစေ။

ဓါတ်ပုံများကူးယူရာ
http://image-search.yahoo.co.jp/search?p=%E3%82%A6%E3%82%B3%E3%83%B3%E3%81%AE%E5%8A%9B%20CM%20%E4%B8%AD%E5%B1%85

13 comments:

Unknown said...

တခါတခါမှာ နေ့ စဉ် အလေ့ အထလေးတွေကို ဂရုထားပီးေ၇းတတ်တဲ့ မမွန်၇ဲ့ ဘလော့ လေးကို ချစ်တာ အဲ့ လို လေးတွေေ၇းတတ်လို့ ပါ

မမွန်ေ၇
ကျွန်မလည်းရှာ၇ှာဖွေဖွေလေးတွေသောက်တတ်တယ် ခုတလော သောက်ဖြစ်နေတာလေးတွေက မျက်လုံး ပင်ပန်းတဲ့ သူတွေအတွက်ဆို တဲ့ herbs tea ပါကင်ကောင်းတော့ ဈေးလေးကလည်းကောင်းပေါ့  နောက် မှ ပါတာတွေ ကြည့်လိုက်တော့  စမုန်စပါးတဲ့ (်fennel) blue mallow မလွှမြက်ပေါ့ နော် နောက် ပီးတော့ ပါတာက ထားပါတော့ ၇န်ကုန်မှာမပေါက်တဲ့ (bluebarry) နောက် ၇န်ကုန်မှာ ကုလားပန်းလို့ ခေါ်တဲ့ ပန်းဝါ၀ါအမျိုးအစားတွေ
အသားအ၇ည် ဆိုတယ်ဆိုတဲ့ တီးက လည်း ၇န်ကုန်မှာ၇နိင်တဲ့ အ၇ာတွေချည်းပဲ နောက် ကောင်းစွာအိပ်ပျော်တယ်ဆိုတဲ့ yokunemureru tea ဆို၇င် စပါးလင်ကို အဓိကလုပ်ထားတယ် သောက်ပီးတော့ အော်မြန်မာပြည် မှာ၇ှိတာတွေပါပဲလားဆိုပီးပေါ့ 

ဖြစ်တော့ ဖြစ်လာမှာပေါ့ မမွန်၇ယ် ဘာပဲ ဖြစ်ဖြစ် ခုတောင် fame စက်ရုံ က တိုင်း၇င်းဆေး လို မျိုးတွေစထုတ်နေတာ တကယ်လည်းကောင်းပါတယ်
မမွန်ေ၇ အားပေးလျှက်

khun thadar said...

အူကွန်နော်ချီခါ့ရ တော့မသောက်ဖူးဘူး။
နွေလောက်ဆို ရုံးမှာ နင်းနိခုနော်ချီခါ့ရ တွေအများကြီး
ဝယ်ထားပြီး လာတဲ့ဧည့်သည်လဲ အဲဒါတွေဘဲချတိုက်
လိုက်တာဘဲ အစ်မရေ...
အဲဒါတွေက natsubate boushiအတွက်ကောင်းတယ် မို့လား...
aloe ယောဂုရုသိုကတော့ ကြိုက်တယ်။ ပိတ်ရက်မနက်စာဆို အဲဒါအမြဲစားဖြစ်တယ်။

ဒီနှစ် အပူအအေးကတအား အပြောင်းအလဲ မြန်တယ်နော် အစ်မ။ နွေလည်းဘယ်လိုလာအုံးမလဲမသိဘူး။

အစ်မရောသားရော မိသားစုအားလုံးကျန်းမာရေးဂရုစိုက်ကြနော်...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ginger sparkling တော့ စင်ကာပူမှာ မတွေ့ဘူးသေးဘူး...

aloe yogurt တော့ တွေ့ဘူးတယ်...

အူကွန်း နော့ ချိခါ့ရာ..တော့ လက်ဆောင်ပို့ပေးပါအုံး.... :) :) :)...

ရွာအလည်ပြန်တုန်းကတော့ အမှတ် ၁ မြန်မာ့အကြီးစား စက်မှုလုပ်ငန်းဆိုပြီး တံဆိပ်ကပ်ထားတဲ့ ပစ္စည်းတစ်ခု တွေ့ခဲ့တယ်... မီးခြစ်ဘူး လေ..

ကျန်တဲ့ အအေးလုပ်ငန်းတွေတော့ လာမယ်လေ..ကြာတော့ကြာမယ်... ဟီး..ဟီး..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

mabaydar88 said...

ညီမရေ..

လာတယ်.. ဖတ်တယ်.. အဟဲ.. သုတလေးလည်း ယူသွားတယ်.. ဆနွင်းတွေလည်း လူးသွားတယ်.. ဝိုင်းသောက်သွားတယ်..။

ဟုတ်ပါတယ်.. နည်းပညာတွေပေါင်းလိုက်ရင် ဂွတ်ကြီးနော်.. စက်မူတော်လှန်ရေး လုပ်ရမယ် ဟဲ..။

မဗေဒါ (၈၈)

သူကြီးမင်း (တုံးဖလား) said...

အမရေ....
အဲဒီ“ အူကွန်း နော့ ချိခါ့ရာ ” က ဘယ်လိုဆိုင်တွေမှာ ရတတ်သလဲ။ သောက်ကြည့်ချင်လို့။ အထိုင်များရင် ညောင်းလွန်းလို့။ ပြီးတော့ စိတ်ပင်ပန်းသလို ခံစားရလွန်းလို့။
နောက်မှ ရှာပြီးသောက်ကြည့်ဦးမယ်။
ဘာဘဲပြောပြော ဆနွင်းစားရင် အသားရေလှတယ်တဲ့။းဝ)

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးနဲ့ ကိုကိုမောင် အတွက်.....
Ukon no chikara“ အူကွန်း နော့ ချိခါ့ရာ ” ရဲ့ အင်္ဂလိပ်လို ၀က်ဗ်ဆိုက်ပါ။
http://housefoods.jp/en/company/information/business.html
ဂျပန်မှာတော့ စက်နဲ့ရောင်းတဲ့ နေရာမှာကော။ စတိုးဆိုင်နဲ့ ဆူပါမားကက်တွေမှာရောင်းပါတယ်။ အွန်လိုင်းမှာဝယ်လို့ရပေမယ့် နိုင်ငံခြားကနေ၀ယ်လို့ရမရတော့မသိဘူးပါဘူး၊ အဲဒီက ဂျပန်ဆိုင်တွေမှာရချင်ရနိုင်မယ်ထင်တယ်။
အင်တာနက်က၀ယ်လို့တဲ့ ၀က်ဗ်ဆိုက်မှာ http://item.rakuten.co.jp/pupuhima/sale-00062/ ပစ္စည်းကိုစားသုံးသူတွေကအမှတ်ပေးသွားတာလေး တလက်စာတည်း ပြောရရင်တော့၊
ကော်မန့်၃၁ခုမှာ အမှတ်ပြည့်ပေးသူက ၂၈ဦးရှိပြီး။ အဲဒီထဲက အချို့ကော်မန့်တွေက
“အိမ်ကယောက်ျားကလေ ဒီ အူကွန်နော့ ချိခါ့ရ ရှိနေလို့ပေါ့။ သိပ်ကျေးဇူးတင်တယ်သိလား ”
“ (အရက်) မသောက်ခင်နဲ့ သောက်ပြီး ၊ အူကွန်နော့ ချိခါ့ရလေး သောက်ထားလို့ကတော့ နောက်နေ့ ခံရခက်တာတွေမဖြစ်ဘူး ။ အမြဲဆောင်ထားတယ်။ ”
“မိသားစုလိုက်သောက်ကြတယ်။ အွန်လိုင်းက၀ယ်တာ ပို့ခမပေးရတဲ့အပြင် ဆိုင်တွေမှာဝယ်ရတာထက်သက်သာလို့ အဆင်ပြေတယ်”
“အိမ်မှာဝယ်ပြီး ရေခဲသေတ္တာထဲ အေးနေအောင်ထားပြီးသောက်တယ်။ အူကွန်နော့ ချိခါ့ရ သောက်ထားတယ်ဆိုတဲ့ နေ့က ၊ ကိုယ့်ကိုကိုယ်လည်း ငါ။ အူကွန် သောက်ထားတယ်ကွ ဆိုပြီး အားက အလိုလိုကို ရှိလာတယ်”
“မင်္ဂလာဆောင်မှာ ဧည့်သည်တွေကို ပြန်ကမ်းဘို့ အွန်လိုင်းကနေ၀ယ်တာ။ ဈေးလည်းသက်သာ၊ အချိန်မီလည်းရောက်။ အိုကေတယ်”
တဲ့။
ကျွန်မ၊ ဒီဇင်ဘာမှာ ရုံးကဆုကြေးရရင် ပို့ပေးမယ်လေ။ လိပ်စာပြောပါ။

သူကြီးမင်း (တုံးဖလား) said...

အမ...
ပြောတာပြောရတယ်.. အဲဒီဆေးတွေက ကျနော်နဲ့ တည့်ပါ့မလားမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က လူပျိုလူလွတ်ကြီးဖြစ်နေလို့ :D

ကိုမျိုး (အညာမြေ) said...

ဟုတ်ပ ကိုကိုမောင် ရေ...

ပြောသာပြောရတယ်... ကျုပ် ဇနီး ကလဲ မြန်မာပြည်မှာ ဗျ... ဟ ဟ ဟ....

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

မြတ်နိုး said...

အမ..
ဂျပန်မှာ မိုးရာသီက ၆လပိုင်းအစကနေ ၇လပိုင်းလလယ်လောက်ထိသတ်မှတ်ပါတယ်။
မိုးရာသီ သီးသန့်မရှိတဲ့ နိုင်ငံတွေက တနှစ်ပတ်လုံးမိုးရွာလို့ တရားဝင်မပြောတာလို့ ထင်ပါတယ်။

မိုးရွာရင်လဲ.. ဒီမှာကကြောက်ရတယ်နော်..တနေ့ကို ၅ဝမီလီအထက်ရွာပီဆို.. ရေဒီယိုသတင်းတီဗွီသတင်းကကြေ ငြာချက် တွေ သတိထားသင့်တယ်..နော်..အမ။

ဒီနှစ်မိုးမရွာပဲအတော်ပူတယ်နော်..ဒီနေ့ဆို ၂၆တောင်.. ကျနော့်ဆို အနီကွက်တွေ ထွက်လာပီ...ခါတိုင်း ဆို ၈လပိုင်းလောက်ပဲခံရတာ..အခုဆိုဆရာဝန်ဆီပြေးနေရပီ..။
အမ အခုကျနော်က ကြက်ဟင်းခါးသီးဖျော်ရည်သောက်တယ်..

Myanmar Good Knowledg Co., Ltd said...

မြတ်နိုးရေ
ကော်မန့်ပေးတာကျေးဇူးတင်ပါတယ်။

ဂျပန်မှာပဲ ကိုး။
ကြက်ဟင်းခါးသီးဖျော်ရည်ကောင်းလား။
ဘယ်ကလုပ်တာလဲ။

ကျွန်မ၊ အခုမှသိတယ်။

အနီကွက်ဆိုတာဘာကိုပြောတာလဲမသိဘူး။
အပူကန်တာလား။
အဆင်ပြေပါစေ။

သူကြီးမင်း (တုံးဖလား) said...

ကိုကိုမောင်ဘ၀ ဘုန်းတော်ဘွဲ့ (ရတုပိုဒ်စုံ)းဝ)
...
ဘုန်းတောက်တေဇာ၊ ဖြစ်လေရာ၌၊ စိတ်မှာထင်ဟပ်၊ လွန်မြင့်မြတ်ဟု၊ အတတ်ထွေထွေ၊ တတ်လေရကား၊ လွန်ထင်ရှား၍၊ ကျော်ကြားဘ၀ဂ်၊ အထက်သို့တိုင်၊ ကြိုင်လှိုင်ဂုဏ်ရောင်၊ ကိုကိုမောင်ဟု၊ ခေါ်ဆောင်သမုတ်၊ ရှေ့ သို့ထုတ်၍၊ အလုပ်ထွေထွေ၊ ပေးလေရာမှာ၊ ဥာဏ်ပညာဖြင့်၊ ထင်ရာလျောက်ခြစ်၊ ရှေ့ ဖြစ်နောက်ပြန်၊ ဖော်ထုတ်ပြန်၍၊ အကြံတွေပေး၊ ဥာဏ်ဖြင့်ရေးသည်၊ လွမ်းဆွေးဗျာပါ ကင်းစေသော်။ ။
..

ကုန်းကောက်ဖွေရှာ၊ ဥာဏ်ပညာကို၊ ငယ်ခါဘ၀၊ သင်ကာစ၌၊ တစ်ခဏ၀ယ်၊ အာဂအာဂုံ၊ ပြန်ဆိုတုံ၍၊ တစ်ဟုန်ကျော်ကြား၊ လူအများသိ၊ ဟိုသွားဒီလာ၊ နှုတ်ဆက်ရာဝယ်၊ စဉ်လာဂုဏ်ဆောင်၊ ကိုကိုမောင်ဟု၊ တောင်တောင်မြောက်မြောက်၊ နောက်နောက်ရှေ့ ရှေ့ ၊ တွေ့တွေ့သမျှ၊ မနုဿတို့၊ ဒါနပွါးစီး၊ ထင်တွေကြီး၍၊ သမီးကညာ၊ ဆက်လေရာဝယ်၊ လက်တွေခါချ၊ ငြင်းနေရသေး၊ ဘ၀င်မှေးသည်၊ ကျမ်းရေးသေချာ လင်းစေသော်။
..

ရုံးရောက်စေရာ၊ မှုတကာတို့၊ ဝေးစွာရှောင်ရှား၊ တစ်ဖ၀ါးမျှ၊ ဟိုနားဒီနား၊ လျောက်မသွားဘဲ၊ ယောက်ျားမာန်ချဉ်း၊ အံကိုတင်း၍၊ အဖျင်းကိုရှောင်၊ အလင်းဆောင်ပြီး၊ တောင်တောင်အီအီ၊ တီတီတာတာ၊ မာယာ သာဌေ၊ ကင်းလတ်ပေ၍၊ ထွေထွေပညာ၊ ဘိလပ်ရွာ၌၊ သင်ကာမွှေနှောက်၊ လျမ်းလျမ်းတောက်ဖို့၊ လမ်းလျောက် ယာဉ်စီး၊ အနီးအဝေး၊ စိတ်ဖြင့်တွေးကာ၊ ရေးရေးမြင်ရ၊ ကကမ ဟု၊ ဘ၀ဖြစ်ရေး၊ ဖွင့်လှစ်ပေးသည်၊ မှန်းတွေးစေရာ ရှင်းစေသော်။

...

အမရေ... ဘုန်းတော်ဘွဲ့လေး ရေးပေးလိုက်ပါတယ်။းဝ)။

ရတုပိုဒ်စုံနော်။ ဟဲ ဟဲ။

ဘုန်းတောက်တေဇာ...
ကုန်းကောက်ဖွေရှာ....
ရုံးရောက်စေရာ။ (ပထမပိုဒ်တွေမှာ..)
.
လွမ်းဆွေးဗျာပါ ကင်းစေသော်....
ကျမ်းရေးသေချာ လင်းစေသော်...
မှန်းတွေးစေရာ ရှင်းစေသော်....။ (နောက်ဆုံးအပိုဒ်တွေမှာ)


..
ဘာမှ မဟုတ်ဘူး။ အပျင်းပြေ လျောက်ခြစ်လိုက်တာ။

..


ပျော်ရွှင်ပါစေ အမ။

..

သူကြီးမင်း (တုံးဖလား) said...

(ပြင်ဆင်ချက်)
လွမ်းဆွေးဗျာပါ ကင်းစေသော် အစား၊
လွမ်းဆွေးဝေဒနာ ကင်းစေသော်....။

အဲဒီလိုလေးက ပိုကောင်းမယ်နော်အမ။ အဲဒီတော့မှ ကာရံနဘေ အားလုံးတူမှာ။

win latt said...

သက်ကြီးဝါကြီးဆွေမျိုးမိတ်ဆွေမ၇ှိပေမဲ့......(...) ရှိတာပဲဟာကို...။ဘာအားငယ်နေမှာတုန်းအမရဲ့....။ နနွင်းဖျော်ရေလေးလဲ ဆောင်ထားဦးလေ...
အမောလဲပြေ အပန်းလဲပြေ တိုက်လိုက်ပါဦးလား...။
အမတို့ဆီက ဖျော်ရည်မျိုးတွေ ဒီမှာလဲ ရတယ်...။
ရာသီဥတု၊သဘာဝ အခြေအနေတွေ တူတော့ကာ စားသောက်ဖွယ်ရာတွေလဲ အတော်နီးနီးစပ်စပ် တူတယ်...။
ပိုတူတာကတော့ ကောင်မလေးတွေ လှတာချင်း....
အင်း.....ဟုတ်တယ်မဟုတ်လားအမရေ....