January 23, 2010

အထိုင်ကြာလေ အသက်တိုလေ

Couch potatoes and Mouse Potatoes live shorter lives


တီဗွီရှေ့ကြာကြာထိုင်သူများကို Couch potatoes ကွန်ပြူတာရှေ့ကြာကြာထိုင်သူများကို Mouse Potatoes လို့ခေါ်ပါတယ် တဲ့။ (ဂျပန်လိုကတော့ ခိုတာ့ဆု ဘူတာ့ こたつブタ လို့ ပြောကြပါတယ်)

အမေရိကန်နိုင်ငံ နှလုံးအဖွဲ့အစည်း ကနေတွေ့ရှိချက်ထုတ်ပြန်ချက်တစ်ခုအရ တစ်နေ့တစ်နေ့ အထိုင်များတဲ့ အချိန်များလေလေ အသက်ပိုတိုစေတဲ့ နှုန်းပိုများလာစေတာကို သြစတေးလျနိုင်ငံ သုတေသနအဖွဲ့ကနေ ယူဆကြောင်း အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်စ် မှာ ဖေါ်ပြထားပါတယ်။ အသက်၂၅နှစ်အရွယ် လူပေါင်း ၈၈၀၀ယောက်ကို ၆နှစ်ခွဲကြာ လေ့လာခဲ့တဲ့ သုတေသနဖြစ်ပါတယ်။ တောက်လျှောက်ထိုင်ပြီး တီဗွီကြည့်ချိန် တစ်နာရီပိုကြာတာနဲ့လိုက်ပြီး နှလုံးရောဂါဖြင့် အသက်တိုစေတဲ့နှုန်း ၁၈% ပိုများပြီး၊ အခြား အကြောင်းရင်းများအရ အားလုံးကိုခြုံ ၍ကြည့်လျှင်လည်း အသက်တိုစေနှုန်း ၁၁%ခန့်ပိုများနိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၄နာရီ သို့ မဟုတ် ၎င်းထက်ပိုပြီး အချိန်ကြာမြင့်စွာ တီဗွီကြည့်သူများ ဟာ၊ အချိန်၂နာရီနှင့် ၎င်းအောက်အချိန်နည်း၍ တီဗွီကြည့်သူများထက် နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါကြောင့် သေဆုံးနိုင်မှု ၈၀%ပိုများပြီး၊ အသက်တိုစေသည့် အခြားသောအကြောင်းကြောင့်များထက်လည်း ၁၁%ပိုမိုများတာကိုတွေ့ရှိရတယ် လို့ ဆိုပါတယ်။ မူလကတည်းက ရောဂါဝေဒနာတခုခုကိုခံစားနေရပြီး အချိန်ကြာတီဗွီထိုင်ကြည့်တတ်လေ့ရှိသူများ၊ diet ( အစားအသောက် အနေအထိုင်ကို ထိန်းချုပ်ဆင်ခြင်ခြင်း) လုပ်နေသူများ၊ ဆေးလိပ်ဖြတ်နေသူများနှင့် ၊ နဂို နှလုံးရောဂါဝေဒနာရှိသူများ ကဲ့သို့သော သာမန်ထက်အခက်အခဲရှိသောအခြေအနေတွင် ရှိသူများအား မထဲ့သွင်းပဲ သုတေသနပြုထားခြင်းဖြစ် ပါတယ်တဲ့။ အဲဒါအပြင် ဒီသုတေသနမှာတော့ အ၀လွန်ခြင်းကြောင့် အသက်တိုနှုန်းများစေသည် မများစေသည် ကို လေ့လာသုတေသနပြုထားခြင်း မဟုတ်ကြောင်းလည်း ရေသားထားပါတယ်။ အဆိုပါ သုတေသနကို ပြုလုပ်နေစဉ်အတွင်းမှာပဲ “ကိုယ်လက်လှုပ်ရှားမှု ၏ အကျိုးအာနိသင်” အတွက် လေ့လာမှုနှင့် “အထိုင်များခြင်း ၏ ဆိုးကျိုး” တွေဟာ၊ လေ့လာသုတေသနပြုသူများကို ပိုမို စိတ်ဝင်စားလာစေခဲ့ပါတယ်တဲ့။ သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်က “ နေ့တိုင်း လိုလို၊ လူတော်တော်များများဟာ ကားပေါ်ကကုလားထိုင်ပေါ်ကနေ ရုံးပေါ်က ကုလားထိုင် ၊အဲဒီကနေ တဆင့် တီဗွီရှေ့က ဆိုဖာ ကို ရွှေ့ပြောင်းပြီး ၊ အချိန်ရှိသမျှ ထိုင်နေတာပဲ၊ ဘယ်လောက်ပဲ ကျမ္မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါစေ၊ အချိန်ကြာမြင့်စွာ ထိုင်တတ်တဲ့အတွက်ကြောင့် သွေးထဲမှာရှိတဲ့ အဆီဓါတ်နဲ့ သကြားဓါတ်တို့အတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်” လို့ပြောပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး တတ်နိုင်သ၍ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးဘို့သတိရပြီး ဘ၀တူ အထိုင်များတဲ့ အလုပ်လုပ်သူများကို လည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်။ 

ကိုးကားစာမျက်နှာများ http://www.nytimes.com/2010/01/26/health/26beha.html http://news.searchina.ne.jp/disp.cgi?y=2010&d=0122&f=national_0122_005.shtml http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%83%9E%E3%82%A6%E3%82%B9%E3%83%9D%E3%83%86%E3%83%88 http://homepage3.nifty.com/tak-shonai/intelvt/intelvt_022.htm

3 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ဒီပို့စ်လေးကို ဖတ်ပြီးမှ ကိုယ့်ကိုယ်ကို သတိတရ ဖြစ်မိလာတယ်။ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ဘို့ သတိပေးလိုက်သလိုပါဘဲ။ မနက်မိုးလင်းကတည်းက ထိုင်ဖို့ရာ စိတ်ကူးလာတယ်လို့ ပြောရမှာပေါ့နော်။

ရထားပေါ်ရောက်တော့လဲ ထိုင်ခုံ အလွတ်လေး လိုက်ရှာ။ ကားပေါ်ရောက်ပြန်တော့လဲ ထိုနည်းတူ။ ရုံးရောက်ပြန်တော့လဲ ရုံးက အလုပ်ကုလားထိုင်မှာ ထိုင်။ အိမ်ရောက်ပြန်တော့လဲ TV ရှေ့မှာ ထိုင်။ ပြီးတော့ အိပ်။

နောက်မနက်ရောက်.. ရထားပေါ်ထိုင်... ဒါနဲ့ဘဲ ထိုင်နေတဲ့ အချိန်တွေက လှူပ်ရှားနေတဲ့ အချိန်တွေထက် တစ်နေ့ထက်တစ်နေ့ ပိုပိုများလာတယ်နော်။

ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေဗျာ။ နောက်တစ်ခါမှ ရယ်စရာ ပြောတော့မယ်။ အခု ထပြီး လမ်းလျောက်လိုက်အုံးမယ်။ ကုလားထိုင် တစ်ပတ်လောက်.. :) ::)...

ခင်မင်စွာဖြင့်
ကိုမျိုး

ခရေညို said...

မမွန်
ရေ ဒါဆိုခရေညိုတို့ တော့အသက်တိုပါပြီ'
အချိန်တိုင:်ထိုင် နေရလို့လေ။ ရုံးမှာလည်း တနေကုန် ထိုင် ။ နေ့လည်စာ စားချိန်တောင် ခရေညိုက အပြင်မထွတ်စားဘူး။
ဘလောက်လည်ရင်းနဲ့စားတာလေ။ ဟိ
ညနေအိမ် ရောက်တော့လည်း ထိုင်ပြီးအိပ်လေ။ ကယ်ပဲ အသက်တိုဖို့ ရာခိုင်နှုန်းများနေပြီ ဟင့် .............

ရွှေပြည်သူ (ShwePyiThu) said...

ညီမဆို ရုံးမှာလည်းထိုင်... အိမ်မှာလည်းထိုင်နဲ့ အဲဒီလိုကြီးက healthy မဖြစ်မှန်းသိပေမယ့် ခုထိ ဘယ်လိုမှ ပြောင်းလို့ မရသေးပါဘူး အစ်မရယ်...။ အခုတော့ အားကစားလေး ကြိုးစားလုပ်နေပေမယ့် ထိုင်နေတာက အချိုးအစား ပိုများနေတော့ ပြုပြင်ရဦးမှာပါပဲ။ ဒီပို့စ်လေးနဲ့ သတိပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ...