January 12, 2010

ရွှေပန်းပျောက် ရွှေရင်မောက် ရွှေမျက်နှာပေါက်ပြင်

ရွှေပန်းပျောက် ရွှေရင်မောက် ရွှေမျက်နှာပေါက်ပြင်

ဂျပန်မှာ new half လို့သတ်မှတ်ခံရတဲ့ သူတွေထဲက နံမည်ကြီး အနုပညာရှင် အသက်၂၅နှစ်အရွယ် 
ဆူဘာ့ကိ အာယာ့နာ့



စကားလုံးတွေအရင်ဖတ်လိုက်တဲ့ အချိန်မှာ တစ်မျိုးးဖြစ်နေမှာပါ၊ ဒီလိုရှိပါတယ်။ အကြောင်းအရာကလည်း တစ်မျိုးပါ။ ခပ်လွယ်လွယ်ပြောကြတဲ့ “အခြောက်” ဆိုတာကို ဂျပန်မှာအခုနောက်ပိုင်း “နယူးဟပ်ဖ် ” New half လို့ခေါ်ပါတယ်။ အရင်ကတော့ မြန်မာဘာသာ မှာလိုပဲ၊ ဂန်ဒူး၊ မိန်းမလျာ ဆိုတဲ့ အသုံးအနှုန်းတွေလိုမျိုး ဂျပန်ဘာသာမှာလည်း ရှိပါတယ်၊ အဲလို အခေါ်အဝေါ်တွေကို နှိမ်ချခွဲခြားဆက်ဆံတဲ့ အခေါ်အဝေါ်ဆိုပြီး စကားလုံးပြောင်းခေါ်ကြပါတယ်။


ဒီလို မွေးရာပါ လိင်အင်္ဂါနဲ့ ဆန့်ကျင်တဲ့ စိတ်ဖြစ်ပေါ်ပြီး ဖြစ်ပေါ်တဲ့ လိင်စိတ်အတိုင်းနေသွားချင်သူတွေကို မြန်မာတို့ကတော့ ၀ဋ်ကျွေးရယ်လို့ဆိုကြပါတယ်။ ယခုခေတ်ဂျပန်မှာကတော့ ဒီလိုဖြစ်ရတာဟာ လိင်ပိုင်းဆိုင်ရာစိတ်ပညာအရချို့ယွင်းချက်ရှိတဲ့ ရောဂါဝေဒနာ Gender Identity Disorder,GID ခံစားရသူတွေအဖြစ် သဘောထားကြပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမ ဆိုတဲ့ မွေးရာပါ လိင်အင်္ဂါအတိုင်း အားလုံးမဖြစ်နိုင်ဘူး၊ ယောက်ျားအဖြစ်မွေးပေမယ့် မိန်းမလိုဖြစ်ချင်တာ၊ မိန်းမအဖြစ်မွေးဖွားလာပေမယ့် ယောက်ျားအဖြစ် နေထိုင်ချင်တာ၊ ကို နားလည်ပေးကြမယ်ဆိုသူတွေ ရှိလာပါပြီ။ ရောဂါဝေဒနာခံစားနေသူအဖြစ်၎င်း၊ လူသားထဲက လူတစ်ဦးမို့လို့ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အသိအမှတ်ပြုကြမယ်ဆိုတဲ့ သူတွေများလာပါပြီ၊ ဂျပန်မှာ နယူးဟပ်ဖ်တွေဟာ သာမန်ယောက်ျားစစ်စစ် မိန်းမစစ်စစ် တွေထက်အောင်မြင်ကျော်ကြားသူများလည်း ရှိပါတယ်။ သူတို့ရဲ့ မိမိရဲ့စိတ်ကို ထိန်းသိန်းပြီး ပတ်ဝန်းကျင်မှာ ပုံမှန်နေထိုင်ဘို့တောင် တော်တော်ခက်မယ်ဆိုတာ တွေးမကြည့်လည်း သိနိုင်ပါတယ်။ အဲဒီထဲကမှ ယနေ့ဂျပန်နိုင်ငံရဲ့ နယူးဟပ်ဖ်များထဲက ၊ ၂၀၀၉ခုနှစ် ထိုင်းနိုင်ငံမှာကျင်းပတဲ့ နယူးဟပ်ဖ် ပြိုင်ပွဲမှာ သရဖူဆောင်းခဲ့တဲ့         “ဟာ့ရုနာ့ အားအိ ”အကြောင်းကို ဖေါက်သည်ချရင်း ဂျပန် နယူးဟပ်ဖ် တို့ ဘ၀အကြောင်း တစေ့တစောင်း ဖေါ်ပြလိုက်ပါတယ်။

ဟာ့ရုနာ့ အားအိ


ဂျပန် နယူးဟပ်ဖ်များ အားလုံးလိုလိုမှာ အောက်ပါအရည်အချင်း သုံးခုနဲ့ ပြည့်စုံပါတယ်။ သူတို့ဟာ


၁။ ရွှေပန်းပျောက် (ဖြတ်ထားပါတယ်။ ယောက်ျားတစ်ယောက် ဆိုတာ မသိရတော့ဘူးပေါ့)


၂။ရွှေရင်မောက် (တတ်ထားပါတယ်။ သူတို့ရဲ့ အလှကိုမြင်တတ်တဲ့ မွေးရာပါဗီဇကြောင့်  ပုံသဏ္ဌန်များက“ ရင်သတ်ရှုမောဘွယ်ရာ”ပါပဲ)


၃။ ရွှေမျက်နှာပေါက်ပြင် (သာမန်မိန်းခလေးထက် လှပတဲ့ မျက်နှာဖြစ်အောင်ခွဲစိတ်ထားပါတယ်)


(တစ်ချို့ကဆိုရင် သူတို့ရဲ့ကုသိုလ်ကောင်းတယ်လို့ပဲပြောရမလား ၊ လက်၊ ခြေ၊ လည်ပင်း ၊ ကျောကုန်းများ ကအစ  မိန်းမလို အရိုးအဆစ်အချိုးအစားတွေဖြစ်ပြန်ပါတယ်။   )


ဟာ့ရုနာ့ အားအိ လည်း အဲဒါအားလုံးလုပ်ပြီးပါပြီ။ သူဟာ သိတတ်စအရွယ်ကစပြီး မိန်းခလေးဖြစ်ချင်တာကို ကိုယ့်ဘာသာ သတိပြုမိခဲ့ပါတယ်တဲ့၊ နောက် အလယ်တန်းကျောင်းသားဘ၀မှာ အစ်ကိုက သူ့အိပ်ထဲက မိန်းခလေးပစ္စည်းတွေကို တွေ့သွားပြီး မိန်းခလေးဖြစ်ချင်နေတာကို သိသွားပေမယ့် မိဘတွေကို တိုင်မပြောခဲ့ပါဘူးတဲ့။ နောက်ဆုံး တော့ ၊ ဟာ့ရုနာ့ကိုယ်တိုင် သူ့အဖေကိုဖွင့်ပြောတော့ ထုံးစံအတိုင်း အဖေကလည်း အဖေ၊ မွေးဖွားပြုစုခဲ့တဲ့သား က ယောက်ျားတစ်ယောက်ကနေ  မိန်းခလေးတစ်ယေက်အဖြစ် နေထိုင်ခွင့်တောင်းလို့ အရမ်းကို ယူကြုံးမရစိတ်ထိခိုက်ခဲ့ရတယ်။ ဟာ့ရုနာ့ ကို ပြောခဲ့တာက “ ကောင်းပြီ၊ရောက်တဲ့ ဘ၀မှာတော့ နံပါတ်၁ဖြစ်အောင် လုပ်ပြရမယ်“ တဲ့။ မိဘမေတ္တာဆိုတာ ကြီးမားလှပါတယ်။ ဟာ့ရုနာ့ ရဲ့ အဖေ ဟာ သူ့ရဲ့ သား ၊ အဲ အခုတော့ သမီး ကို နောက်ဆုံးသူဖြစ်စေချင်သလို မဖြစ်တာတောင်၊ မိဘမေတ္တာနဲ့ ရောက်တဲ့ နေရာမှာ အောင်မြင်အောင် ၊ သွန်သင် လမ်းညွှန်ခဲ့ပါတယ်။
 ဟာ့ရုနာ့ ကလည်း၊ ဘားမှာ ဧည့်ခံတဲ့အလုပ်က နေ ၊ အဆိုအကနဲ့ ဖျော်ဖြေတာအဆုံး အလုပ်မျိုးစုံကို ကြိုးစား လုပ်ခဲ့ပြီး ပိုက်ဆံလည်းစုခဲ့ပါတယ်။ သူ့ကိုယ်သူလည်း ဖြတ်တာ၊ တတ်တာ၊ ရိတ်တာ၊ မျက်နှာခွဲစိတ်တာတွေကို လုပ်ခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ အနုပညာလောကမှာ အောင်မြင်လာသလို၊ ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နယူးဟပ်ဖ်များ ပြိုင်ပွဲကိုလည်း ဇွဲနဲ့ မကြာခဏ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာတော့ ၂၀၀၉ခုနှစ်အတွက် နံပါတ်၁ဖြစ်ခဲ့ပါတော့တယ်။


ဆုရတဲ့ အချိန်မှာ သူ့အိမ်ကို ၀မ်းသာတဲ့ အငိုနဲ့ ဖုန်းဆက်သတင်းပို့ခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းသူများကိုလည်း သူဟာ အဖေ့အတွက် အခုလို နယူးဟပ်ဖ်ဖြစ်ရတာ စိတ်မကောင်းသော်လည်း၊ အဖေပြောတဲ့အတိုင်း ဒီလောကရဲ့ သရဖူကို သူ ဆောင်းပြနိုင်ခဲ့ပါပြီ။ သူကျေနပ်ပါတယ်လို့ ပြောရင်း ငိုခဲ့ပါတယ်။
အခုလောလောဆယ် ဟာ့ရုနာ့ ဟာ စားသောက်ဆိုင်လုပ်ငန်းကြီး နှစ်ခုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လည်း အုပ်ချုပ်နေပါတယ်။ အနုပညာလောကမှာလည်း နေ့တိုင်းနီးပါး တီဗွီ အစီအစဉ်မျိုးစုံမှာ ပါဝင် ဖျော်ဖြေနေရပါတယ်။


လူတချို့ရဲ့ “အခြောက်၊ ဂန်ဒူး ၊ ဂျီဘုန်း၊ မိန်းမလျာရယ်”လို့ ၊ နှိမ်ချခွဲခြားပြီး ခါးသီးစွာ တုန့်ပြန်ခံကြရပါတယ် ဆိုတဲ့ နယူး ဟပ်ဖ်ထဲက တချို့တွေဟာ  မိမိပိုင်ဆိုင်ရတဲ့ ဘ၀တစ်ခုကို  သူတို့ရဲ့ ကြိုးစားမှုများနဲ့ လူသားထဲက လူတစ်ယောက် ဖြစ်ပါကြောင်းပြနိုင်ကြတာကိုတော့ ချီးကျူးမိပါတယ်။

ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?p=%E3%81%AF%E3%82%8B%E3%81%AA%E6%84%9B+%E7%94%BB%E5%83%8F&ei=&b=4&xargs=12KPjg1k5SqYe9mvinN-mZDrDaoAtP0cHwsd5sCpN8HKQco2dvVOMLbevwqcM6HLI89wbgz3-krUojMfG7qBqzFBKOdNu4G2_PPLX3y517b_rmRpl1J5AexZ7gi4TeH-c3fEKATNHPz73ZI6LwHk57&hData=12KPjg1o1g5bP6z7mucsi7TJaCtC0I5ZDHhs5uCJV_a6ZehXIbIuQOT5Px&d=20

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ်နော် အစ်မ။ သူတို့တွေက မိန်းကလေး တော်တော်များများ ထက်တောင် လှကြသေးတော့ ကြည့်ရတာ ရင်သပ်ရှုမောပါပဲ။ သူတို့တွေခမျာ ဒီလိုလှနိုင်ဖို့ အများကြီးရင်းနှီးခဲ့ အသားအနာခံခဲ့ကြရ ရှာတာ။ အမြဲလှလှပပလေး ဖြစ်နေဖို့ မိန်းကလေးအစစ်တွေရော သူတို့တွေပါ အချိန်ကုန်ခံ အားထုတ်ကြရတာကြောင့် လုပ်နိုင်တာကို တကယ်ချီးကျူးမိပါတယ်။ အတိတ်ကံကြောင့် ဖြစ်လာရတဲ့ ဘယ်လိုဘဝမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားရင် နေပျော်တဲ့ဘဝ အောင်မြင်တဲ့ဘဝကို ရနိုင်တယ်ဆိုတာ သူတို့က အကောင်းဆုံး ဥပမာတွေထဲက တစ်ခုပါပဲ။ အခေါ်အဝေါ်အသစ် New Half ဆိုတာလေးကလည်း လှတယ်နော်။ ခွဲခြားဆက်ဆံတာကတော့ လုံးဝမလုပ်သင့်တာ အစကတည်းကပါပဲ။ အစ်မပို့စ်လေးတွေက အမြဲတမ်းဖတ်ရတာ အနှစ်သာရရှိလို့ ကျေးဇူးတင်မိပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အင်း..ဖတ်ရင်းနဲ့ ရွှေရင်ခုန်ရပါဘိ (နောက်ဆုံးပုံမှာ ပိုခုန်သွားတယ် :)...

ဒီနှစ်ထဲမှာ ဒီပိုစ့်လေးဟာ အရမ်းကို အချက်အလက် စုံစုံလင်လင်၊ ဗဟုသုတ အစုံအလင်၊ စာအရေးအသား ပြေပြစ်ချောမွေ့မှု တွေနဲ့ ရေးသားတင်ပြထားလို့ ဖတ်ရတာ အားရကျေနပ်လှပါဘိ။

(ဒီလိုအရေးအသား နှင့် အတူ တင်ပြမှုတွေကို မဂ္ဂဇင်းတွေမှာ တင်ပြ ဖော်ပြလို့ အကောင်းဆုံးနဲ့ ဆွဲဆောင်မှု အကောင်းဆုံး ပို့စ်တစ်ခုပါ။ မယုံရင် မြန်မာပြည်က people မဂ္ဂဇင်း ဖြစ်ဖြစ်.. တခြားမဂ္ဂဇင်းဖြစ်ဖြစ် ဝေမျှပို့ပေးပါလို့ အကြံပြုပါတယ်။ ဖော်ပြခြင်းခံရဘို့ သေချာတာတော့ အချောက် နဲ့ အစို ခွဲခြားတာမှ လွဲချင်လွဲအုံး မယ်..

ပို့လိုက်စမ်းပါလို့...အားပေးနေပါတယ်..... :) )..

ခင်မင်စွာဖြင့်
ကိုမျိုး

win latt said...

အင်း..အမရေ ဟိုတစ်လောက မြန်မာ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ မြန်မာပြည်မှာလဲ ရွှေပန်းပျောက် ကုသပေးနေဆိုပဲ။ မြန်မာငွေ သိန်း ၈၀ ပြောတယ်။ရွှေပန်းဆင် လဲ ရတယ်တဲ့။အဲဒါကတော့ အချိန်ကြာတယ်တဲ့။ ပျောက်တဲ့လူက ပျောက်ချင်။ ပေါက်တဲ့ လူက ပေါက်ချင်နဲ့။ဟီဟိ...လောကကြီးက ရယ်စရာကောင်းပါလားဗျ။ ကိုရီးယားမှာတော့ ဈေးကြီးတယ်ဗျ။ ကိုရီးယားက ဟာရီစု က ဂျပန်မှာ ရွှေပန်းပျောက် လုပ်တာတဲ့။အခု ယောကျာင်္းတောင်ယူလိုက်ပြီ။