January 7, 2010

“အလှသဘောထားအမြင်”

beauty sense


ဒီလိုပါ။ ဂျပန်မှာ လှချင်သူ အမျိုးသမီးများ က တစ်ကိုယ်လုံး အမွှေးသန့်စင်ခြင်း ကို လုပ်ကြပါတယ်။

တခြားနိုင်ငံခြား တိုင်းပြည်များမှာလည်း အဲလိုပဲရှိတယ်လို့ သိရပါတယ်။ ဂျပန်က မိန်းခလေး အများစု ကတော့ မျက်နှာ၊ လက်၊ ခြေထောာက်တို့က အမွှေးများကို အမြဲလိုလိုရိတ်ကြပါတယ် ။


မြန်မာပြည်မှာ အများစုအနေနဲ့က နဖူးက ဆံနွယ်လေးတွေ၊ လက်မွှေးရှည်ရှည်လေး၊ ပါးမွှေးစိမ်းစိမ်းလေး၊ ခြေထောက်က အမွှေးလေးတွေကလည်း နုနုထပ်ထပ်လေးဆိုပြီး အလှဘွဲ့ ဖွဲ့ကြပါတယ်။


ကျွန်မရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက် ဂျပန်ကိုလာလည်တော့ သူ့ကို ဘူတာမှာ သွားကြိုပြီး၊ မြို့ထဲကိုလျှောက်လည်ကြပါတယ်။ အဲဒီအချိန်က ဂျပန်မှာ အပူဆုံး အချိန်ပေါ့ ၊ မြန်မာလူမျိုးတွေတောင် ပူတယ်လို့ ပြောရလောက်အောင်ပူပါတယ်။ အဲဒီအမျိုးသမီးကလည်း အရမ်းပူတော့ မြန်မာ ပြည်တွင်းဖြစ် ရိုးရာဆင် ဘလောက်စ်လက်ပြတ်၊ အဲဒီိပိတ်နဲ့ ဆင်တူ စကပ် အတို၊ ရောင်စုံ ပုတီးစေ့သီထားတဲ့မြန်မာ သားရေညှပ်ဖိနပ်နဲ့ပေါ့။ မျက်နှာလည်း တော်တော်ချောမောပါတယ်။ ရထားထဲမှာကော၊ လမ်းသွားရင်းကော လူတွေက သူ့မျက်နှာ အပြင် ၊ သူ့ ခြေထောက်ကိုကြည့်ပါတယ်။ ကျွန်မလည်း အစကတော့ မျက်နှာချောချောနဲ့ ၊သူ့ဖိနပ်လှလို့ ကြည့်တယ်ပဲထင်ပါတယ်။ ဒါနဲ့ ဈေးတန်းထဲလျှောက်နေတုန်း တစ်နေရာအရောက်မှာ ဂျပန်မအလယ်တန်း၊ အထက်တန်းကျောင်းသူလေးအုပ်စု ဟာ ဆူညံဆူညံစကားပြောရင်း သူ့ခြေထောက်ကိုကြည့်ပြီး
“ဟိုအရင် ရှေးခေတ်က အမျိုးသမီးတွေက  ခြေထောက်တွေလက်တွေက အမွှေးတွေ အဲဒီအတိုင်း မဲမဲကြီးနဲ့ ထားတယ်တဲ့ ၊အခုခေတ်မှာလည်း  တစ်ကယ်အဲဒီလိုမျိုးရှိသေးတယ်နော်” တဲ့။


ကျွန်မတို့ရုံးကို မြန်မာပြည်ကနေပြီး  မိန်းခလေးတစ်ယောက် တစ်နှစ်ခွဲလောက် ခဏအလုပ်လာလုပ်ပါတယ်။ သူလည်း ခြေသလုံးမွှေးရှည်ရှည်လေးနဲ့ပေါ့။ သူက ရုံးကို စကပ်ဝတ်လာတဲ့ အချိန်မှာ အသားရောင် အသားကပ်ခြေအိပ် ခြေသလုံးအလယ်လောက်ကို ၀တ်လာပါတယ်။  ခြေသလုံးအထက်ပိုင်းက အမွှေးတွေက မဲပြီး အသားကပ်ခြေအိပ်က အောက်ဘက်ပိုင်းမှာ ၀တ်ထားလို့ ခြေသလုံးအောက်ပိုင်းက ဖြူနေပါတယ်။“ အဲဒါဘာဖြစ်လည်း ၊ သူ့အမွှေးသူရှိတာ၊ ခြေအိပ်လည်း ၀တ်ထားတာပဲ” လို့ စဉ်းစားမယ်ဆိုရင်လည်းရပါတယ်။  ရုံးက ဂျပန်တွေကတော့ တစ်ရုံးတည်းသားအချင်းချင်းဆိုတော့  သူတို့မျက်စိနဲ့ အမြင်မတော်တော့ ခြေသလုံးမွှေး ရိတ်ရင်ပိုလှတယ်လို့အကြံပေးကြတယ် ။ မိန်းခလေးက “ကျွန်မ က ဒီဂျပန်မှာ အပြီးနေမှာ မဟုတ်ဘူးလေ။ ရိတ်လိုက်ရင် နှမြောစရာကြီးတဲ့၊ ပြန်ပေါက်လာရင် ကြမ်းကြမ်းကြီးလည်းဖြစ်ဦးမယ်။ အခုအနေက နူးနူးညံ့ညံ့လေးနဲ့ ရှည်ရှည်လေးတွေ” တဲ့။


ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ကို သတိရမိပါတယ်။


ကျွန်မ ဂျပန်ကို ရောက်ကာစ ကျောင်းတက်တုန်းကပေါ့ သူငယ်ချင်း ကိုရီးယားကျောင်းသူတွေက မျက်နှာ ကအမွှေးတွေကိုရိတ်ဘို့ပြောပါတယ်။ ကျွန်မရဲ့မျက်နှာ အမွှေးဒီလောက်မရှည်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ မျက်နှာအမွှေးရိတ်ထားတဲ့သူတွေထက်စာရင်တော့ သိသာပါတယ်။

ဂျပန်နဲ့ အိမ်ထောင်ကျစ မြန်မာသူငယ်ချင်းမိန်းခလေး တစ်ယောက်ကိုလည်း သူ့ ရဲ့ ဂျပန်ယောက္ခမကြီးက နှုတ်ခမ်းမွှေးတွေ အရှည်ကြီးပဲနော်လို့ပြောတယ်တဲ့။


တလက်စတည်းနဲ့ ပြောချင်တာကတော့ ကျွန်မတို့မြန်မာများအနေနဲ့လည်း သတိထားမိတဲ့ အရာတစ်ခုရှိပါတယ်။ ဂျပန်ယောက်ကျားလေးများ ရဲ့ မျက်ခုံးမွှေးပါ။ ဂျပန်လူငယ်ယောက်ျားလေး အတော်များများကတော့ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ရင်း မျက်ခုံးပုံသွင်း ထားကြပါတယ်။

 ဂျပန်လူမျိုးအချင်းချင်း မြင်နေကျမို့မသိသာပါဘူးလို့ ထင်စရာပေမယ့်၊ ကျွန်မတို့  မြန်မာလူမျိုးတွေအတွက်တော့ နဲနဲဆန်းပြီး ၊ချက်ချင်း ဆိုသလို မြင်တာနဲ့ သိသာနေပါတယ်။
တချို့ ရိုးသားတဲ့ မြန်မာများကတော့ အဲဒီလို ဂျပန်လူငယ် ယောက်ျားလေးများကို ရိတ်ထားတဲ့ မျက်ခုံးမွှေးပုံစံ ၊ အလွန်ခေတ်မီတဲ့ ဆံပင်ပုံ၊ သွယ်လျတဲ့ ခန္ဒာနဲ့ ၊ လက်ချောင်းလေးတွေကို အရောင်တင်ထား တာတွေကို အမှတ်တမဲ့ ကြည့်ပြီး မိန်းခလေးလို့ထင်တတ်ကြပါသေးတယ်။

ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်အရ၊ အလှအပ ကို သတ်မှတ်ပုံ  နဲ့ အလှဆိုတာအပေါ်ထားရှိတဲ့ သဘောထားအမြင် ( beauty sense)တွေ အမျိုးမျိုးဖြစ်နေတာ လည်း၊ စိတ်ဝင်စားစရာပါပဲနော်။
စာဖတ်သူမှာလည်း beauty sense နဲ့ ပါတ်သက်ပြီး တစ်ခုခုတော့ ရှိမှာပေါ့။

ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E7%9C%89%E6%AF%9B%E5%89%83%E3%82%8A
http://image-search.yahoo.co.jp/search?p=%E3%83%9E%E3%83%8B%E3%82%AD%E3%83%A5%E3%82%A2%E7%94%B7%E5%AD%90&ei=

6 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ဂျပန်လူမျိုးတွေ ရဲ့ အလှအပနဲ့ စရိုက်လေးတွေကို တင်ပြထားတာ ဖတ်ရလို့ အထူးကျေးဇူးပါ။ ကုလားလူမျိုးတွေ ဂျပန်မနဲ့ ယူရင် ဘယ်လိုဖြစ်မလဲလို့ တွေးမိတယ်။

ဂျပန်တွေက မျက်နှာ၊ လက်၊ ခြေထောာက်တို့က အမွှေးများကို အမြဲလိုလိုရိတ်ကြပါတယ် တဲ့....
TV ထဲမှာ တွေ့လိုက်ဘူးတဲ့ ဂျပန်တွေကတော့ မရိတ်ဘဲ အရှည်ထားတဲ့ နေရာတစ်ခုတော့ ရှိတယ်ဗျ။..ဟီး..ဟီး..
ဆံပင်..
(ကြည့်ပါလား.. ဂျပန်က အရင်ဝန်ကြီးချုပ်တောင်မှ ဆံပင်အရှည်နဲ့)
..
Beauty Sense နဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့.. နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ ဗမာမလေးတွေလဲ မြင်ဘူးနေတာဆိုတော့..ကြည့်ရတာ..ကိုယ့်ဓလေ့နဲ့ကိုယ်တော့ အဆင်ပြေပါတယ်။ ပိုပြီးတော့တောင် လှတယ်လို့ ထင်မိပါသေးတယ်။ တခြားနေရာတွေမှာ အမွှေးထူထူကောက်ကောက်နဲ့ ရှည်နေရင်တော့ ကြည့်ရတာ အဆင်မပြေပါဘူး..ဥပမာ..ခြေသလုံးမွှေးရှည်ရှည်ကောက်ကောက်... :)
....

ခင်မင်စွာဖြင့်
ကိုမျိုး

thawzin said...

ဂျပန်လူမျိုးတွေရဲ့ စရိုက်လက္ခဏာလေးတွေ ဗဟုသုတရှိစေပါတယ်ဗျာ။ အလည်ရောက်ကြောင်းပါဗျာ။ လာလည်ပါအုံးလို့လဲ ဖိတ်ခေါ်ပါတယ်။ ပျော်ရွှင်သော နေများဖြစ်ပါစေ..

win latt said...
This comment has been removed by the author.
win latt said...

ဂျပန်နဲ့ ကိုရီးယား ဘယ်သူကအရင်စလုပ်တယ်တော့ မသိဘူးပေါ့။ဒီိ..ကိုရီးယားမှာလည်း အမွှေး သန့်စင်တာတွေရှိတယ်။ ပြီးတော့ သူတို့ရဲ့အသားအရည် ရယ် ရာသီဥတုရယ်။လိုက်ဖက်ညီတဲ့ အဝတ်အစားတွေက မြင်နေကျ ဖြစ်လို့လားတော့ အသိဘူး။ အားလုံးအစဉ် ပြေသွားကြပါတယ်။ တစ်ချို့ ယောကျာင်္းလေးတွေ၊ မိန်းခလေးတွေဆိုရင် အသားအရည်သန့်ပြန့်နေတာ အားကျစရာကောင်းတယ်။ ကျွန်တော်တို့တိုင်းပြည်လို ချွေးတရွှဲရွှဲ မရှိတော့ လှနေတာပေါ့ဗျာ။ဂျပန်ပြည်ရဲ့ ဗဟုသုတတွေ အတွက် ကျေးဇူးတင်ပါတယ်။

ခရေညို said...

ဂျပန်အလည်လာရင် အမွေးတွေ အရင်ရိတ်မှထင်တယ်နော် မမွန်

ရွှေပြည်သူ (ShwePyiThu) said...

ဂျပန်အမျိုးသားတွေက တခြားလူမျိုးတွေထက် သူတို့ကိုယ်သူတို့ သိပ်သတာတော့ သတိထားမိပါတယ် အစ်မရေ...း) မျက်နှာအမွှေးရိတ်တယ်ဆိုတာ ခုမှပဲ ကြားဖူးပါတယ်။ ရိတ်ထားတဲ့သူကို (သတိမထားမိလို့လည်း ဖြစ်နိုင်ပါတယ်) မတွေ့ဖူးပေမယ့် ရိတ်လိုက်ရင် ရှင်းသန့်သွားမယ်လို့ ထင်တာပဲနော်။ ကိုယ်တို့ မြန်မာလူမျိုးကတော့ အချင်းချင်း ဒီလိုပဲ မြင်နေကျဆိုတော့ သိပ်တောင် သတိမထားမိပါဘူးနော်။ ထူးထူးဆန်းဆန်း ဗဟုသုတတွေ ဖတ်ရပြန်ပြီ။ ကျေးဇူးတင်ပါတယ်နော် အစ်မး)