June 15, 2011

love yourself

ကျွန်မရဲ့ အလှ ဂုရု နဲ့ မိတ်ဆက်ပေးပါရစေ။ သူကကျွန်မကို တပည့်အဖြစ်လက်ခံထားတာမဟုတ်ပေမယ့် ၊ ကျွန်မက သူ့ကိုဆရာတင်ထားတာပါ။ သူ့ကို ဆရာတင်တာ ကျွန်မတစ်ယောက်တည်းတော့ မဟုတ်ဘူး။
သူ့အလုပ်အကိုင်ကိုပြောရင် ဘယ်သူတွေကဆရာတင်ထားတာလဲ ဆိုတာသိရပါမယ်။ 





သူက ဂျပန်နိုင်ငံရဲ့ “ မစ်စ် ယူနီဗာ့စ် ဂျပန် နေရှင်နယ် ဒါရိုက်တာ ” လုပ်ခဲ့တဲ့ အီးနက်စ် Ines Ligron  ပါ။

အခုတော့သူမကို မစ်စ် ယူနီဗာ့စ် အရွေးခံမယ့်သူတွေတင်မက ဂျပန်နိုင်ငံရဲ့ အမျိုးသမီး ငယ်ငယ်ကြီးကြီး အရွယ်စုံရဲ့ အားကိုးစရာဖြစ်နေပါပြီ။
(အားလုံးသိတဲ့အတိုင်း ကျွန်မက မစ်စ်ယူနီဗာ့စ် ကို မမျှော်မှန်းသလို ဂျပန်လူမျိုးလည်းမဟုတ်ပါဘူး။အလှကြိုက်တဲ့ မိန်းမတစ်ယောက်အနေနဲ့ သူ့ကိုဆရာတင်ထားတာပါ)
သူရဲ့သင်တန်းကိုမတက်ရောက်မီနဲ့ တက်ရောက်အပြီး မှာ မစ်စ်ယူနီဗာ့စ် ရွေးခံသွားရတဲ့ အချိန်အထိ တွေ့ရတဲ့ အပြောင်းအလဲတွေက အီးနက်စ် ရဲ့ ပညာတွေပါပဲ။

သူမရဲ့ နည်းပညာနဲ့ နည်းပြမှုတွေကလည်း စိတ်ရောကိုယ်ရော ကျမ္မာလှပစေတဲ့ နည်းတွေဖြစ်တဲ့ အတွက်လူတိုင်းက လိုက်နာချင်ကြပါတယ်။ သူမရဲ့နည်းပြသွန်သင်မှုအောက်နဲ့ ပြင်ဆင်မှုအောက်မှာ ထွက်လာတဲ့ ရလဒ်တွေကလည်း မျက်စိနဲ့မြင်နိုင်ရုံမက အများကလည်း အားကျတဲ့ အလှပိုင်ရှင်တွေပါပဲ။
၁၉၉၈ခုနှစ်မှာ မစ်စ်ယူနီဗာ့စ်ဂျပန်နေရှင်နယ်ဒါရိုက်တာဖြစ်လာပြီး ၂၀၀၃ခုနှစ်မှာ (၁၅နှစ်ကြာအောင် နံပါတ်မချိပ်နိုင်ခဲ့တဲ့ ဂျပန်နိုင်ငံအတွက်)မစ်စ်ယူနီဗာ့စ်လူရွေးပွဲမှာ ပဉ္စမဆင့်ချိပ်နိင်ခဲ့တဲ့  မီယာဇာကီ မီယာ့ကို ။ ၂၀၀၆ခုနှစ်မှာတော့ နိုင်ငံတကာအဆင့်မှာ ဒုတိယချိပ်ခဲ့တဲ့ ချိဘာ့နာ့ ခူရာရာ့။ ၂၀၀၇ခုနှစ်မှာတော့ ဂျပန်နိုင်ငံအတွက် ၄၈နှစ်အကြာမှာ ပြန်လည်ဆွတ်ခူးနိုင်တဲ့ မစ်စ် ယူနီဗာ့စ် ပထမဆုကို မိုရိ ရိယောတို့ကို သူမ က လမ်းညွှန်နည်းပြခဲ့တာဖြစ်ပါတယ်။ ။ အဲဒီလို အောင်မြင်မှုတွေနဲ့ တဆက်တည်းမှာပဲ ၂၀၀၇ခုနှစ်မှာတော့ သူမကိုယ်တိုင် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံး နေရှင်နယ် ဒါရိုက်တာဘွဲ့ Best National Director award for Miss Universe 2007 နဲ့ ဂုဏ်ပြုဆုချီးမြှင့်ခံရတာပါပဲ။


သူမရဲ့ “ အမျိုးသမီးတွေအတွက် အလှနဲ့ပတ်သက်ရင် မှန်ကန်တဲ့ အသိတရားကို လက်ကိုင်ထားစေချင်ပါတယ်” ဆိုတဲ့ စေတနာနဲ့ လမ်းညွှန်နည်းပြမှုတွေကိုအခြေခံပြီး လက်တွေ့မှာလည်း ဂျပန်နိုင်ငံရဲ့ မစ်စ်ယူနီဗာ့စ် သမိုင်းကို တခေတ်ပြန်ထူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို အခုလို လက်တွေ့မြင်ရတော့ ဂျပန်နိုင်ငံရဲ့ အမျိုးသမီးထုတစ်ရပ်လုံးက အားကျနည်းယူလာကြပါတယ်။ စာနယ်ဇင်းနဲ့ တီဗွီအစီအစဉ်တွေမှာလည်း သူမက တခါတလေ အလှဗျူဟာတွေကို ပြောပြတတ်ပါတယ်။

သူမက ဂျပန်နိုင်ငံမှာနေထိုင်လာတာ ၁၁နှစ်ရှိပါပြီ။၁၉၆၂ခုနှစ်မှာ ပါရီမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အထက်တန်းအောင်တော့ အလှအပအသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း ကို  ပြောင်းခဲ့ပါတယ်။ ကျောင်းတက်နေစဉ် အသက်၁၈နှစ်မှာ ပထမအိမ်ထောင်ပြုခဲ့ပြီး ၂၁နှစ်မှာ သားကြီးကိုဖွားမြင်ခဲ့သလို အဲဒီနှစ်မှာပဲ ကိုယ်ပိုင် ဗြူတီဆလွန်း ကို ဖွင့်လှစ်ခဲ့ပါတယ်။ အသက်၂၄နှစ်မှာ ပထမအိမ်ထောင်နဲ့ကွဲပြီး အသက်၂၅နှစ်မှာ “ တစ်ခုခုအသစ်အဆန်းကို လုပ်ကိုင်ချင်တယ်” ဆိုပြီး အောင်မြင်နေတဲ့ ဗြူတီဆလွန်းကိုရောင်းချပြီး သားကြီးကိုဆွဲကာ စပိန်ကို ပြောင်းနေခဲ့ပါတယ်။ ဒီနောက်မှာ အလုပ်ကိစ္စနဲ့ ဟောင်ကောင်ကိုသွားရင်း ယခုလက်ရှိခင်ပွန်းဖြစ်သူနဲ့တွေ့ကာ နောက်အိမ်ထောင်ပြုလို့ ဟောင်ကောင်ကိုပြောင်းခဲ့ပါတယ်။ အသက်၃၁နှစ်အရွယ်မှာတော့ ဟောင်ကောင်နိုင်ငံမှာ ကမ္ဘာကျော် မော်ဒယ်လ် ကလပ်ဗ် IMG Models  ရဲ့ အေးရှားပိစိဖစ်  ဒါရိုက်တာအဖြစ် တာဝန်ယူရပြီး တချိန်တည်းမှာပဲ IBGInter Beaute Group) ကို တည်ထောင်ခဲ့ပါတယ်။

၁၉၆၂ခုနှစ်မှာတော့ အမေရိကန်နိုင်ငံအိမ်ရာမြေလောကရဲ့ဘုရင်ဖြစ်တဲ့ မစ်စ်ယူနီဗာ့စ် ကိုတာဝန်ယူ ကျင်းပတဲ့  ဒိုနယ်ထရမ့်ပ် ကနေပြီး အီးနက်စ်ကို မစ်စ် ယူနီဗာ့စ် ဖြစ်ချင်သူ ဂျပန်အမျိုးသမီးတွေအတွက် နည်းပြလုပ်ဘို့ တာဝန်ပေးလိုက်ပါတယ်။

တစ်နေ့ထက် တစ်နေ့ သူမကိုသဘောကျလက်ခံမှုနဲ့ အတူ သူမရဲ့ စာအုပ်ဗီဒီယိုတွေကို တစ်ခဲနက်အားပေးလာကြပါတယ်။
သူမရဲ့ လမ်းညွှန်စကားတွေထဲက
“ အသွင်အပြင် ခန္ဒာကိုယ် + စိတ် = လှပခြင်း ။ 
မိန်းမတွေရဲ့ အလှဟာ ခန္ဒာကိုယ်အတွင်းကနေ လျှံကျလာတဲ့ “ပြင်ဆင်မှု” ။
နောက်တနည်းဆိုရရင်တော့  ဥပဓိရုပ် /နဖူးရည်ဒူးရည် ကနေ သိရှိနိုင်တာမျိုးလို့ ကျွန်မယုံကြည်တယ်။ အဲဒီ ပြင်ဆင်မှု ဆိုတာကတော့ မိန်းမတွေဟာ ကျမ္မာပြီး ဘ၀မှာရှင်သန်နေထိုင်ရတဲ့ ပျော်ရွှင်မှုကိုရရှိပြီး မိမိကိုယ်တိုင်က ကိုယ့်ကိုယ်ကို  လှတယ် လို့ ယုံကြည်ချက်ရှိပြီဆိုတာနဲ့  မိန်းမတစ်ယောက်ရဲ့ အလှဟာပေါ်လွင်လာတာပါပဲ။ပထမဆုံးမိမိကိုယ်ကို တန်ဘိုးထားထိန်းသိမ်းရမယ်၊ အဲဒါရဲ့ တစိတ်တပိုင်းက ခန္ဒာကိုယ်အတွက် သင့်တော်တဲ့  အစားအစာကိုစားမယ်။ ခန္ဒာကိုယ်ကို လှုပ်ရှားမယ်။ မိမိကိုယ်တိုင်ရဲ့ အသွင်အပြင် ကို ဂရုစိုက်တဲ့မိန်းမတစ်ယောက်ဟာ လှတာပါပဲ။ ဒီလိုလုပ်နေခြင်းဖြင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာနိုင်ပါတယ်။ ကဲ မိမိကိုယ်ကို ယုံကြည်ချက်ရှိပြီး ကျမ္မာပျော်ရွှင်တဲ့ မိန်းမမှ မလှရင်ဘယ်လိုမိန်းမမျိုးက လှမှာလဲ။ အရေးအကြီးဆုံးက ကျမ္မာရေးဖြစ်သလို အရာအားလုံးဟာ ကိုယ့်ရဲ့ လှပမှုအတွက် ဦးတည်ချက်ထားရမယ်” တဲ့။

အမျိုးသမီးအားလုံးက လက်ခံနိုင်တဲ့ သူမရဲ့အားပေးစကားကလည်း တကယ်ကို လူတိုင်းအတွက် အားအင်ဖြစ်စေပါတယ် ။ “ ကျွန်မရဲ့ ပါစင်နယ်လီတီ personality  ကို ကိုယ့်ဘာသာ သေချာစပြီး သဘောပေါက်တာက အသက် ၃၀ ကျမှပါ။ သူများနဲ့ယှဉ်ရင် ပိုသာတယ် ဆိုတာမျိုးကိုမဟုတ်ပါဘူး။ သူများနဲ့ မတူတာ၊ အဲဒီထူးခြားမှုကို ပတ်ဝန်းကျင်က ချီးမွမ်းကြတဲ့အခါမှာ ကိုယ့်ကိုယ်ကို  ယုံကြည်မှု ရှိလာတော့တာပါပဲ။”

ဂျပန်အမျိုးသမီးအများစုကို သူမက အခုလိုသတိပေးပါသေးတယ်။
“ ချစ်စရာကောင်းတယ်” လို့ပြောခံရတာကို အလေးထားတတ်ကြတဲ့ ဂျပန်အမျိုးသမီးတွေဟာ နုနယ်ငယ်ရွယ်သူလေးတွေလို ခန္ဒာကိုယ်ကို အလွန်အကျွံလှုပ်ရမ်းတဲ့ ဘော်ဒီလမ်းဂွေ့ခ်ျ (body language) ကိုသုံးတာ အကျင့်ပါနေကြပါတယ်။ အင်တယ်လီဂျန့် စ် ( Intelligence) ဖြစ်တယ် လို့ အမြင်ခံရဘို့ လိုသွားပြီ ဆိုတာကို သတိပြုသင့်ကြပါတယ် ”။

မိတ်ကပ်လိမ်းခြင်းနဲ့ ဥာဏ်ပညာရှိတဲ့ မိန်းမတစ်ယောက်ဖြစ်ကြောင်းပြဘို့လိုအပ်တာကို သူမက ဒီလိုဆို ပါတယ်။ “မိမိရဲ့အသားအရည်ရဲ့ သဘာဝ ကို သဘောပေါက်ပြီး မျက်နှာကိုပေါ်လွင်စေတဲ့ အလှပြင်နည်းကို အမြဲ လေ့လာနေဘို့လိုပါတယ်။ လည်ပင်း၊လက်၊ ရင်။ ခြေထောက် စတဲ့ ခန္ဒာကိုယ်တစ်ခုလုံးကိုလည်းမျက်နှာနည်းတူ ဂရုစိုက်ပြင်ဆင်ပေးရပါမယ်၊ အထူးသဖြင့် အရွယ်ရပြီး အလုပ်အကိုင်လုပ်ရင်း အများနဲ့ ဆက်ဆံရသူတွေဟာ သားနားပြီး( elegance ) မိန်းမဆန်တဲ့ ပြုမူနေထိုင်မှုရှိရမယ်။

ဆွဲဆောင်မှု (sensual) ဖြစ်ပြီး  “မ”ဓါတ်ပါ (feminine)တဲ့ ရေမွှေးကို သုံးစွဲခြင်း၊
လက်သည်းခြေသည်းအလှထိမ်းသိမ်းခြင်း၊တွေကိုလုပ်ထားရင် ကိုယ့်ဘာသာကိုယ် ပိုလှလာတယ် ဆိုတဲ့စိတ်ကို ပိုမိုဖြစ်စေပါတယ်။”

 သူမက အလှနဲ့ပတ်သက်တဲ့ ဟောပြောပွဲကို ကျောင်းသူအရွယ်တွေအတွက်လည်း  ကျင်းပခဲ့ပါတယ်။ 

သူမကို အလွန်စိတ်ဝင်စားကြတဲ့ သူတွေထဲကမှ စည်းကမ်းချက်တွေနဲ့ ရွေးထားတဲ့ ကျောင်းသူမိန်းခလေးများအတွက် ကျင်းပတဲ့ သူမရဲ့ ဟောပြောပွဲမှာ အဓိက အချက်ငါးချက် ဖြစ်တဲ့
၁။ ကိုယ့်ကို အရေးထားတဲ့ ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မှုကို ခံယူပါ။
၂။ ကိုယ့်ကိုယ်ကို ချစ်ပါ။
၃။ ကိုယ့်အရှိအတိုင်းနေပါ။
၎။ အတွေးအခေါ်ကို သုံးပါ။
၅။ အလုပ်ကိုကော သားသမီးမွေးတာကော နှစ်ဘက်စလုံး ကို ကြိုးစားပါ။
ဆိုတာတွေကို ပြောခဲ့ပါတယ်။
 
“ပိုက်ဆံအိတ် လှလှဝယ်မယ့် ပိုက်ဆံနဲ့သွားတွေကိုဂရုစိုက်ပါ။ ကျမ္မာလှပတဲ့သွားနဲ့ လှပတဲ့အပြုံးပြုံးနိုင်မယ်။ ဒါဆိုရင် အလုပ်အကိုင်လည်းကောင်းကောင်းရမယ်။ အလုပ်အကိုင်ကောင်းကောင်းက ရတဲ့ ပိုက်ဆံနဲ့ ဈေးကြီးတဲ့ ပိုက်ဆံအိတ်ကို ကိုယ်တိုင်ဝယ်ကြမယ်။” လို့ ကျောင်းသူတွေကို မိခင်တစ်ယောက်လို ပြောပါတယ်။

“ ကျွန်မငယ်ငယ်က သူများဆီမှာအလုပ်လုပ်ရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ် လို့မိဘတွေကို ပြောတယ်။ မိဘတွေက ဘဏ်ကိုခေါ်သွားပြီး ငွေချေးဘို့ ကူညီတယ်၊ ဒါကြောင့်ကိုယ်ပိုင်ဆိုင်တစ်ခု  ပိုင်လာခဲ့ရတယ်။ မိဘတွေနဲ့ ပြောဆိုတိုင်ပင်တာဟာ ကျောင်းသူဘ၀မှာ အရမ်းကို အရေးကြီးပါတယ်။ ”

ကျွန်မအသက် ၂၁နှစ်အရွယ် စီးပွါးရေးစလုပ်တော့ ခလေးလည်း ရှိနေပါပြီ။ ခလေးတစ်ဘက်နဲ့ အလုပ်လုပ်ဘို့ မလွယ်ပါဘူးလို့ ပြောကြတယ်မို့လား။ အဲဒါကို လုံးဝမယုံကြည်ပါနဲ့ ။ လုပ်လို့ရပါတယ်။ မိသားစုတစ်ခုရှိနေတာဟာ အလွန်ကို ပြည့်စုံပါတယ်။ ရန်ဖြစ်ကြရင်တောင် “မင်းကိုငါချစ်ပါတယ်” ဆိုတာနဲ့ ပြီးကြရတာပဲမို့လား။ 

သူမရဲ့နေ့စဉ်အလုပ်တွေထဲက ဘလော့ဂ် ရေးရတာာကို ကြိုက်တယ်လို့ဆိုပါတယ်။
(စကားချပ်။ ။ ကျွန်မ က သူ့ရဲ့ဘလော့ဂ်ကို အမြဲကြည့်ပါတယ်။သူ့ကိုဆရာတင်ထားတော့ သူ့ဘလော့ဂ် ကို ဖတ်စာအုပ်လို စာကြေအောင်ဖတ်တယ်)


အီးနက်စ် အကြိုက် ရေမွှေးနေ့သုံး ညသုံး

ကြုံတုန်း၊ ကျွန်မအကြိုက် မျက်နှာအားဖြည့်နို့ရည်(မေးတဲ့သူရှိလို့ပြောပါရစေနော်)
မျက်နှာအသားအရည် အတွက်အားဖြစ်စေတဲ့ ဈေးအနေတော်ထဲက ဂျပန် ကော်စမစ်တစ် အွန်လိုင်း သုံးသပ်ချက်တွေမှာ မဆိုးဘူးဆိုတဲ့ AqualabelRoyal Rich Essence (လိမ်းရန်)


ဈေးများပေမယ့် ထူးခြားလှတဲ့ complete anti aging အားဖြည့်နို့ရည် (လိမ်းရန်)


စာကြွင်း ။ ။ ဂျီးဒေါ် သို့။ essence ရေးချင်တာ(သောက်တဲ့ ရွိုင်ရယ် ဂျယ်လီကိုစိတ်စွဲပြီး)   ဂျယ်လီ လို့ မှားရေးမိခဲ့ပါတယ်။ အပေါ်ကနှစ်ခုကောင်းတယ်လို့ပြောပါရစေ။ တခြားကောင်းတာရှိရင်ပြောပြခဲ့နော်။

8 comments:

Anonymous said...

Thanks for the post,Kawn.We really need to take care of both mind and body.They have related and mutual response.
Gyidaw

ချော(အစိမ်းရောင်လွင်ပြင်) said...

skin care နဲ့ facial care ကို အလေးပေးတာ ကျွန်မလည်း သဘောကျတယ်။ ဘာလို့ဆို မိန်းမဆိုတာ ဂရုတစိုက်မနေရင် ရင့်ရော်မှုက ပိုပြီးမြန်ဆန်တယ်လေ။
မကောင်းမွန်ဝင်းညွှန်းထားတဲ့ သင်တန်းလေးလည်း တက်ချင်တာ Miss Universe များ ရမလားလို့
ဟိဟိ.. ကိုယ့်အသက်ကိုယ်မေ့ပြီး ပြောမိတား)

ညီလင်းသစ် said...

ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး နေထိုင်တာ၊ ထိန်းသိမ်း တာဟာ အမျိုးသမီးတွေ လုပ်သင့်တဲ့ အရာတခုပါပဲ၊ ဒါဟာ self-respect ထားရာလည်း ရောက်တယ်၊ ဟိုတလောက ရေးခဲ့တဲ့ “မလှဘူးပြောရင် စိတ်ဆိုးမယ်” နဲ့ ဒီပို့စ်က အမြွှာလို့ ပြောရမယ်ထင်တယ်၊း)

ခွန် said...

သိပ်ကောင်းယောက္ခမရေ.... :)
ခွန်လည်း သူ့ကို ကြိုက်တယ်။ ဒါပေမယ့် TVမှာ ကြည့်ဖူးတဲ့ သူပြောတဲ့ တချို့အချက်တွေက သာမာန်နေ့စဉ်ဘ၀မှာ လက်တွေ့အကောင်အထည်ဖော်ဖို့ သိပ်မလွယ်တာတွေလည်းပါတယ်။ Miss Universe ၀င်ပြိုင်မယ့်သူတွေအတွက်တော့ မရှိမဖြစ်အချက်တွေ ဖြစ်မှာပေါ့နော်... မီးကတော့ ၀င်ပြိုင်ဖြစ်မှ တချို့အချက်တွေ သေချာလုပ်တော့မယ်... :D

သူကြီးမင်း (တုံးဖလား) said...

လောကနီတိက ဆိုထားတာ ရှိတယ်။ ဣတ္ထိ ဓနံ ရူပံ တဲ့။ မိန်းခလေးတို့ရဲ့ ဥစ္စာဟာ အဆင်းလှပခြင်းတဲ့။ ဒီတော့ မိန်းခလေးတိုင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး တက်ကြွစွာ လှုပ်ရှားတတ်ဖို့ လိုပါတယ်။ အမပြောသလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာရင် တော်ဝင်အမျိုးသမီးလောက် မလှရင်တောင် ရွက်ကြမ်းရေကြိုအဆင့်နဲ့ ချစ်စရာကောင်းတဲ့ မိန်းခလေးတစ်ယောက် ဖြစ်နိုင်ပါကြောင်း ထောက်ခံ သွားလိုက်ပေ၏။း)))

ခင်မင်လျက်

Unknown said...

အစ်မ က သူမကို ဆရာတင်ထားသလောက် တကယ်ကိုအတုယူစရာကောင်းလှပါတယ်။ကိုယ်.ကိုယ်ကိုယုံကြည်မှုရှိပီးစွမ်းဆောင်ရည်ရှိတဲ.မိန်းမတွေရဲ.လုပ်ဆောင်ချက်နဲ.ခံယူချက်တွေက အမျိုးသမီးတွေ လိုက်အတူယူဖို.အတွက်အမြဲလေ.လာဖို.လိုတယ်လို. ညီမလေးလဲထင်တယ်။ နောက်လဲအဲလိုလေးတွေရေးပါဦး။ အားပေးနေပါတယ်ဗျို.။

Mandy said...

လာနှုတ်ဆက်တယ် ကောင်းမွန်ရေ...:D

Iora said...

ကိုယ်မအားတုန်းကတင်ထားတာနဲ့ တူတယ်။ ခုမှဖတ်ရတယ်။ ကိုယ်ကတော့ နေပူမိုးရွာမရှောင်ပေပေတေတေ ကွင်းဆင်းခဲ့တာတွေကြောင့် အသားအရေတွေ ပျက်စီးနေပြီ။ မပျက်စီးခင်ထိန်းသိမ်းတာ အကောင်းဆုံးပါ။
အိုင်အိုရာ