June 23, 2010

ဒစ်စနေလန်း

တိုကျို ဒစ်စနေလန်း Tokyo Disney Land နဲ့ ဒစ်စနေဆီး Disney Seaကို သွားမယ်ဆိုရင် ဒစ်စနေအကြောင်းကို အနည်းငယ်သိပြီး၊ ဂျပန်စကားပြောတတ်၊ စာဖတ်တတ်မယ်ဆိုရင်ပိုပျော်ဘို့ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ ဂျပန်စာကအဓိကလိုဖြစ်နေတာကိုး။ အဲလိုအဖေါ်တစ်ယောက်နဲ့သွားရင် ပိုပြီး အဆင်ပြေ ပျော်ဘို့ကောင်းပါတယ်။ တချိ့ကတော့ မဆိုင်ဘူးလို့ထင်မှာပေါ့ ။  ကျွန်မ ကျောင်းတက်တုန်းက နိုင်ငံခြားသားကော၊ဂျပန်သူငယ်ချင်းတွေကော ကျောင်းရဲ့ သက်သာဆိုင်က လက်မှတ်ဝယ်ပြီး တိုကျိုသွားဘို့ လူစုကြပါတယ်။ အသိသူငယ်ချင်းမတစ်ယောက်ကို အဖေါ်စပ်ဘူးပါတယ်။ သူက
“ အမလေး မမွန်ရယ် ကြွက်ကို အင်္ကျီဝတ်ထားတာများ ဒီလောက်ပိုက်ဆံ အကုန်ခံပြီးသွားကြည့်ရမယ်လို့” တဲ့။ မဟုတ်ဘူးလေ၊ တစ်နေကုန် စီးစရာ၊ ကြည့်စရာတွေလည်း အများကြီးပဲ။ ကာတွန်းကောင်တွေလည်းရှိတယ်လို့ပြောတော့ “တစ်နေကုန်တောင် ဟုတ်လား၊ ရပါတယ် နောက်ကျွန်မဘာသာ အားမှသတ်သတ်သွားပါတော့မယ်တဲ့” ။ မသိလည်း မတတ်လည်း မဖတ်တတ်လည်း သတ္တိတော့ ရှိတယ်။ ပါးစပ်ပါရွာရောက်လို့ အဆိုရှိတယ်မို့လား။ ကျွန်မတို့ မိသားစုလည်း သတ္တိရှိရှိနဲ့ ဒစ်စနေ တစ်ခွင်ပြဲပြဲစင် လည်ခဲ့တာလေးကိုပြောပါရစေ။





သားမွေနေ့ အမှတ်တရအနေနဲ့ ဒစ်စနေလန်း နဲ့ ဒစ်စနေဆီး ကို လည်ခဲ့ကြပါတယ်။
တစ်နေရာကို အနည်းဆုံး တစ်ရက်အချိန်ကုန်တာမို့လို့ နှစ်ရက်ဆက်တိုက်လည်ဘို့သောကြာ၊ စနေလည်ပတ်၊ တနင်္ဂနွေကိုနားမယ်ဆိုတဲ့ အစီအစဉ်နဲ့ သောကြာနေ့ကိုခွင့်ယူခဲ့ပါတယ်။
ဒစ်စနေက ထမင်းဘူးတွေယူသွားလို့ မရတော့ မနက်အိပ်ရာထ မနက်စာစား၊ သားအတွက်အ၀တ်အစားအပိုနဲ့ မုန့်၊ ရေဘူးတွေယူပြီး ထွက်လာခဲ့ကြပါတယ်။

ကျွန်မနေတဲ့ အိမ်က ဒစ်စနေရှိတဲ့ မြို့မှာရှိတော့ ဘတ်စ်ကားနဲ့ ၁၅မိနစ်လောက်မှာရောက်သွားပါတယ်။ အသွားကားပေါ်မှာ ဒစ်စနေလန်းသွားမယ့် ကလေး၃ယောက်နဲ့မိသားစုလည်းပါပါတယ်။
ကားစီးရင်း ရောက်ကာနီးမှာ သားကချောင်းတွေဆိုးပြီး မနက်ကစားတဲ့ ပေါင်မုန့်နဲ့ နွားနို့နည်းနည်း ပြန်အန်ပါတယ်။ ပါလာတဲ့ အ၀တ်အပိုလဲပြီး ကျွန်မတို့လည်း ဒစ်စနေလန်းကို ၀င်ခဲ့ပါတယ်။ ကြားရက်ဆိုတော့ ပိတ်ရက်ထက်တော့ လူချောင်ပါတယ်။ ဂိတ်အ၀င်မှာ လက်မှတ်ပြပြီး ပစ္စည်းတွေစစ် ပါတယ်။ ကမ္ဘာကျော်နေရာဆိုတော့လည်း လုံခြုံရေးအတွက် ဒီလောက်တော့ ကြည့်မှာပေါ့နော်။

ဂျပန်လူမျိုးတော်တော်များများက ၀င်လိုက်တာနဲ့ ခန်းနားလှပတဲ့ အဆောက်အဦတွေက အပျော်တွေကို ဖိတ်ခေါ်ပြီး မြူးကြွတဲ့ တေးသံသာတွေက လူကို ပေါ့ပါးသွက်လက်စေပါတယ်။ ကလေးတွေနဲ့ လူငယ်တွေကတော့ ပျော်ပြီး အော်ကြဟစ်ကြနဲ့ပေါ့။ ခဏကြာတောက ဒစ်စနေ ကာတွန်းဇတ်ဆောင် ဗိုက်ပူဝက်ဝံလေး ပူး (Pooh doll) ကလူတွေကို လိုက်နှုတ်ဆက် ဓါတ်ပုံရိုက်ခံနဲ့

လျှောက်သွားနေတာကိုကြုံရပါတယ်။ သားကတော့ သူ့အကြိုက် ပူး (Pooh doll)ကို လမ်းလျှောက်နေတာတွေ့ရလို့ အံ့သြပြီး လက်ပြရင်းနောက်ကတကောက်ကောက်လိုက်ပါတော့တယ်။

ကျွန်မတို့လည်း ဓါတ်ပုံရိုက်ပြီး မကြာခင် စတော့မယ့် ဒစ်စနေရဲ့ ဇတ်ကောင်တွေရဲ့ စီတန်းလှည့်လည်ပွဲကို
ကြည့်ဘို့နေရာဦးကြပါတယ်။ ကျွန်မတို့ထက်စောပြီး နေရာဦးထားတဲ့ သူတွေလည်း ရှိနေပါပြီ။ ပါလာတဲ့ အခင်းကိုထုတ်ပြီးခင်းရင်းနေရာယူပါတယ်။ အားလုံးဟာစည်းကမ်းရှိကြသလို ဒစ်စနေရဲ့ ၀န်ထမ်းတွေကလည်း အလုပ်လုပ်တာ တိကျပြီး ယဉ်ကျေးလှပါတယ်။ “ဒီနေရာကနေ ရှေ့ဆက်မသွားပါနဲ့ စီတန်းလှည့်လည်ပွဲစပါတော့မယ်” “အနောက်မှာ မတ်တတ်ရပ်ကြည့် သူတွေရှိပါတယ်။

အရှေ့မှာနေရာယူထားသူများ ထိုင်ကြည့်ကြပါ” “ကလေးတွန်းလှည်းတွေကို ခေါက်ပြီး အောက်မှာလှဲထားပါ၊ ဒါမှမဟုတ် အနောက်ဘက်နားမှာ သွားရပ်ထားပါ ” လို့ တတွတ်တွတ်အော်နေပါတယ်။ ကျွန်မတို့ ဘေးက မိသားစုမှာ သားထက်ကြီးတဲ့ ကောင်လေးက သူ့အမေ၀ယ်တဲ့ အားလူးချောင်းကြော် ကိုစားတာတွေ့တော့ သားကလည်း အဲဒါကိုပဲကြည့်နေပါတယ်။ ကောင်လေးရဲ့ အဖေက သားကို အာလူးချောင်းကြော်လှမ်းပေးတော့ သားက မယူပါဘူး ဆက်တော့ ကြည့်တုန်းပဲ။ ကျွန်မလည်း အားနာလို့ လှမ်းယူပြီး ကျေးဇူးတင်စကားပြောပြီး ယောက်ျားကို သွားဝယ်ခိုင်းရပါတော့တယ်။ ဒစ်စနေလန်းထဲမှာ နေရာအနှံ့ မုန့်မျိုးစုံဆိုင် တွေကရှိနေတာ အဆင်ပြေသလို ပိုက်ဆံလည်းကုန်လွယ်ပါတယ်။
အာလူးကြော်စားရင်းမကြာခင်မှာပဲ စီတန်းလှည့်လည်ပွဲစပါတယ်။ အလယ်လမ်းမကြီးပေါ်ကို ယုံနားရွက်ဦးထုပ်ဆောင်းထားတဲ့ ကောင်မလေးလှလှလေးတွေ စကိတ်စီးပြီး သီချင်းနဲ့ အတူကခုန်ပြီး ထွက်လာပါတယ်။ လမ်းအလယ်မှာ ခဏရပ်ပြီး ကလိုက် ရှေ့နည်းနည်းချင်းဆက်သွားလိုက်နဲ့ ဒစ်စနေ ဇတ်ကောင်တွေလည်း အလှပြကားကြီးတွေနဲ့ ဆိုလိုက်ကလိုက် နှုတ်ဆက်လိုက်နဲ့ တရွေ့ရွေ့ လှည့်လည်ပါတယ်။ စီတန်းလှည့်လည်ပွဲပြီးတော့ ကျွန်မတို့လည်း ဂိတ်ဝမှာရခဲ့တဲ့ မြေပုံကိုထုတ်ပြီး ဘယ်နေရာကစလည်ကြမလဲဆိုတာကြည့်ပြီး မြေပုံကြည့်လိုက် ၊ ရွေးလိုက်၊ သွားလိုက်၊နားလိုက်၊ စားလိုက်နဲ့ပေါ့။

မြေပုံမှာ သူ့ အမျိုးအစားနဲ့ သူ ၁၊ Tomorrowland ၂၊Toontown ၃၊ Critter Country ၄၊ Adventureland ၅၊World Bazaar ၆၊Fantasyland ၇၊Westernland ဆိုပြီး အလည်အပတ်ကစားကွင်းတွေခွဲထားပါတယ်။ အဲဒီကွင်းနဲ့လိုက်ပြီး ကြည့်စရာ၊ စီးစရာ၊ စားစရာ၊ လက်ဆောင်ပစ္စည်းဆိုင်တွေအသီးသီး ရှိပါတယ်။
 ၁၊ Tomorrowland လူသားတွေ လကမ္ဘာကိုမရောက်ဘူးသေးခင် အမျိုးမျိုးစိတ်ကူးပုံဖေါ်ခဲ့ကြတဲ့ သိပံဝတ္တုဆန်ဆန် “အနာဂါတ် တိုင်းပြည်” လို့တင်စားထားတဲ့နေရာပါ။ အာကသ တောင်တန်း၊ ကြယ်တာရာခရီးစဉ် စတာတွေရှိပါတယ်။
၂၊Toontown ဒစ်စနေဇတ်လိုက် မစ်ကီနဲ့ သူငယ်ချင်းတွေနေတဲ့ မြို့ပါ။ အဲဒီကိုသွားရင် မစ်ကီမောက်စ်နဲ့သေချာပေါက်တွေ့ရမှာပါ။

၃၊ Critter Country ဒစ်စနေရဲ့ ကမ္ဘာကျော်ရုပ်ရှင် Song of the South ရဲ့ ဇတ်ကောင် တိရစ္ဆာန်ငယ်လေးတွေကို အမှတ်တယအဖြစ်တည်ဆောက်ထားတဲ့ ကွင်းပါ။

၎၊ Adventureland စွန့်စားရှာဖွေ သွားရောက်ရသလို သဲထိတ်ရင်ဖိုပျော်ရွှင်စရာတွေ ရှိတဲ့ နေရပါ။ တောထဲသွားတာတဲ့သင်္ဘောစီး ခရီးစဉ်၊ စကားတတ်တဲ့ ငှက်တွေ သီချင်းဆိုလိုက် စကားပြောလိုက်လုပ်တာကို ကြည့်ရတဲ့ ငှက်အိမ်ကြီး နဲ့ သစ်လုံးပင်ကို အိမ်တစ်အိမ်အဖြစ်စီမံထားတဲ့ မျှော်စင်တို့ရှိပါတယ်။

၅၊World Bazaarအမေရိကားရဲ့ ၂၀ရာစုလောက်က နယ်အရပ်မှာရှိတဲ့ မြို့တစ်မြို့ရဲ့ ပုံစံနဲ့ တည်ဆောက်ထားတာပါ။ ဒစ်စနေကို စတင်မွေးဖွားခဲ့တဲ့ မြို့ကို ပုံစံယူထားတယ်လို့ ဆိုရမှာပေါ့။ တိုကျိုကလွဲပြီး တခြားဒစ်စနေ ပျော်ရွှင်ကွင်းတွေ မှာတော့ main street USAလို့ နာမည်ပေး တယ်လို့သိရပါတယ်။

၆၊Fantasyland အနောက်တိုင်းဒဏ္ဍာရီတွေကို ရုပ်လုံးဖေါ်ထားတာဖြစ်ပါတယ်။ ကစားကွင်းထဲက“ စင်ဒရဲလားရဲ့ ရဲတိုက်”ကိုဒီအထဲမှာတွေ့နိုင်ပါတယ်။ သစ်သားရုပ်ကောင်လေး Pinocchio၊ မနှင်းဖြူ ။Alice in Wonderland ရုပ်ရှင်ဇတ်ကောင်စတဲ့ နာမည်ကျော်ကာတွန်းဇတ်ကောင်တွေရှိတဲ့ နေရာပါ။ ဒစ်စနေရဲ့ လူကြိုက်များတဲ့ “ It's a Small World” ကိုလည်း ၀င်ဖြစ်အောင်ဝင်စေချင်ပါတယ်။

၇၊Westernland အမေရိကတိုက်စတင်တွေ့ရှိတဲ့ကာလ အနောက်ဘက် အပိုင်းက မြို့တွေရဲ့ပုံစံတည်ဆောက်ထားပါတယ်။ တိုကျိုကလွဲပြီး တခြား ဒစ်စနေ ပျော်ရွှင်ကွင်းတွေမှာတော့ forntier landလို့ ခေါ်ပါတယ်။ အမေရိကမြစ်နဲ့ သူ့ပတ်ဝန်းကျင် ၊ အဲဒီမြစ်ထဲမှာပြေးဆွဲတဲ့ ရေနွေးငွေ့သင်္ဘော၊ ပြဇတ်ရုံ၊ စတာတွေကိုပျော်ရွှင်ခံစားကြည့်ရှုနိုင်ပါတယ်။
ဒစ်စနေမှာ နေ့လည်စာ၊ညစာတွေကိုတော့ မိမိစားလိုရာ အစားအစာနဲ့ လိုက်ပြီး ကစားကွင်းအသီးသီးက စားသောက်ဆိုင်တွေမှာ စားလို့ရပါတယ်။ ၀ယ်စားမိသမျှကတော့ ကောင်းတာချည်းပါပဲ။
ကျွန်မကတော့ အမဲသားဟင်းနဲ့ ထမင်းဖြူ။ ယောက်ျားကတော့ ၀က်သားမဆလာကာရီ ဟင်းနဲ့ထမင်း၊၊ ဟင်းရံအဖြစ် ဆလပ် (ဟင်းသီးဟင်းရွက်စိမ်းအသုပ်) ကိုဝယ်စားကြပါတယ်။ မွေးနေ့ရှင်သားလေးကိုတော့ အနည်းငယ်ခန့်ညားတဲ့ စားသောက်ဆိုင်မှာ ခလေး တစ်ခါပြင် (お子様セット) ပွဲကိုဝယ်ကျွေးပါတယ်။ သားလေးက သူ့ရဲ့ ထမင်းပန်းကန်ပြားက မစ်ကီပုံဖြစ်နေတာကို “မစ်ကီ” လို့ပြောပြီး တပြုံးပြုံးနဲ့စားပါတယ်။ အားလုံးတော့ မကုန်ပါဘူး။ ထုံးစံအတိုင်း ကျွန်မတို့ မိဘနှစ်ပါးက တာဝန်ယူ ဖြေရှင်းလိုက်ပါတယ်။

မိုးလေ၀သက မိုးရွာမယ်လို့ကြေငြာထားတဲ့အတိုင်း နေ့လည်ပိုင်းမှာမိုးစရွာပါတယ်။ သိရဲ့သားနဲ့ ထီးမယူသွားတာက အဲဒီက မိုးကာနဲ့ ထီး ကို လိုချင်လို့ပါ။ ဒါပေမယ့် တကယ်ဝယ်တော့ အဆန်းလေးကိုမ၀ယ်နိုင်လို့ ရိုးရိုးဗြောင်မိုးကာနဲ့ ထီးပဲဝယ်ဖြစ်ပါတယ်။ကျွန်မတို့လည်း မိုးထဲမှာ ညနေစောင်းအထိ လည်ပတ်ကြပါတယ်။ ည၇နာရီခွဲမှာလုပ်မယ့် စီတန်းလှည့်လည်ပွဲ ကိုတော့မကြည့်ခဲ့ပါဘူး။ အပြန်မှာ အိမ်နားက စူပါမားကက်က ထမင်းဘူးဝယ်လာပြီး အိမ်မှာနွေး ပြီး လွယ်လွယ်နဲ့ ညစာကိုစားသောက်လို့ ရေမိုးချိုးပြီး အိပ်လိုက်ကြပါတယ်။ မနက်ဖန်လည်း ဒစ်စနေဆီး ကို သွားဦးမှာလေ။

သားလေးမွေးနေ့အတွက် ဒစ်စနေ လည်ပတ်တဲ့ လက်မှတ်၃ရက်စာကို ပို့ပေးတဲ့၊မိအဲ 三重က ချစ်သူငယ်ချင်းညီမလေး “ဆွာဆွာ၊ 内、မီးငယ်レイラ”တို့ကို ကျေးဇူးတင်ကြောင်းထည့်ပြောရင်း၊ နောက်ထပ် ဒစ်စနေဆီးအကြောင်းကိုလည်း အချိန်ပေးပြီး ထပ်ရေးပါရစေဦးရှင်။

7 comments:

khun said...

နီးတော့ကောင်းတယ်အစ်မ။
ခွန်တို့တုန်းက မနက်လည်းအစောကြီးထ ညလည်းနောက်ကျမှပြန်ေ၇ာက်တယ်။
seaတော့မရောက်သေးဘူး။ သွားဘို့ကြံစည်နေတယ်အစ်မရေ....
ပျော်ခဲ့လားဟင်။
သားလေး Happy Birthday ပါ....
နီးရင် kiss လာပေးပါတယ်။ ဟီး...သူကတော့ လိုချင်မှာမဟုတ်ဘူး။ တွေ့ချင်တယ် အစ်မရေ.... ;)

သူကြီးမင်း (တုံးဖလား) said...

ပျော်စရာကြီး။
ရောက်ဖူးချင်လိုက်တာ။

khin oo may said...

အမေ က မိုက်တယ်။

kyawhinselwin said...

မရေ
မိုက်တယ်
မသိတာတွေအများကြီးပဲထပ်သိရတယ်
ညီမတော့ဘာထက်မဆို လှေစီးပြီးကမ္ဘာပတ်တာအကြိုက်ဆုံးပဲ
ထပ်သွားချင်သေးတယ် ပင်လယ်ကိုရောပဲ
:D

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘောကျတယ်
ဒါကြောင့် လင့်ယူသွားပါတယ်..
ကျေးဇူးနော်

mabaydar88 said...

ဖြစ်ပုံကတော့ မပြောနဲ့တော့ ..ညီမရေ..။

ပထမဆုံးရောက်လာတယ်.. ဖတ်ပြီးတော့ မန့်မရတာနဲ့ ဟိုဘက်ဒီဘက် ဆံပင်အလှပြင်ရင်း ကူးပြောင်းနေတာနဲ့ နောက်ကျလေသတည်း..။

ဘာပဲပြောပြော ဖတ်ဖြစ်အောင် ဖတ်ပါ၏..ထိုနောက်တော့ နီးတဲ့ပြင်သစ်ကို သွားရန် အစီအစဉ်ကို နောင် ပိုက်ဆံရှိရင် ကြိုးစားကြည့်ပါဦးမယ်..။

သားလေးလည်း ပျော်ရွင်ပါစေ..လို့... ဆုပေးပါသည်..။

ပျော်ရွင်ပါစေ..။

မဗေဒါ (၈၈)

မြတ်နိုး said...

Happy Birthday to ama's son!!!!

Oh! ur house is so closed to there.
It is good to stay at night before closed time. :)