June 25, 2010

ဒစ်စနေဆီး

ဒစ်စနေ ဆီး ဆိုတာကတော့ တိုကျိုကလွဲရင် ဘယ်မှာမှမရှိဘူးလို့ ညွန်းဆိုကြတယ်။ ဒစ်စနေဆီး အကြောင်းထက် ဒစ်စနေ ပျော်စရာကမ္ဘာတွေအကြောင်းပြောချင်ပါသေးတယ်။ သိပြီးသားဖြစ်နေရင်တော့ ကျော်ဖတ်ပေါ့နော်။ ဒစ်စနေကမ္ဘာကို ပျော်စရာကစားကွင်း(၇)ခုနဲ့တည်ဆောက်ထားတာ တစ်ကမ္ဘာလုံးမှာ ၅နေရာရှိပါတယ်။ အဲဒါတွေကတော့



ဒစ်စနေ ပျော်စရာကမ္ဘာ (၅)နေရာ
၁။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှာတော့
(က)Anaheim မြို့မှာရှိတဲ့ Disneyland Resort (ဒစ်စနေလန်း)
(ခ) ကာလီဖိုးနီးယား အက်ဒဗန်းချား
၂။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Orlando မြို့မှာတော့
Walt Disney World Resort :WDW
(က) Magic Kingdom:MK (ခ) Epcot (ဂ) Disney Hollywood Studios:DHS (ဃ)Disney's Animal kingdom:DAK
၃။ ဂျပန်နိုင်ငံတိုကျိုမြို့ အူရာ့ယာ့စု မှာတော့ (က) Tokyo Disney Land: TDL (ခ) Tokyo Disney Sea: TDS
၎။ ပြင်သစ်နိုင်ငံ ပါရီ မြို့မှာတော့ Disneyland Resort Paris (က) Disney Land (ခ) The Walt Disney Studios
၅။ ဟောင်ကောင်မှာတော့ Hong Kong Disneyland Resort (က) Hong Kong Disneyland

နံပါတ် ၆နေရာကတော့ ရှန်ဟိုင်းမှာ ဆောက်လုပ်မှာဖြစ်ပါတယ်တဲ့။ ဒစ်စနေ ကမ္ဘာ လည်စရာ(၁၁)ခုဟာ နေရာတွေနဲ့ လိုက်ပြီး ၀င်ကြေးတွေမတူကြသလို ပျော်စရာကစားကွင်းတွေကလည်း သူ့ ပုံစံနဲ့သူ စွဲမက်ဘွယ်တွေ အပြည့်နဲ့ပါပဲ၊ ပြောကြတာကတော့ တိုကျိုက ဒစ်စနေလန်းကို ဒစ်စနေ ကုမ္ပဏီကတိုက်ရိုက် စီမံအုပ်ချုပ်တာမဟုတ်ဘူးတဲ့။
ဒီတစ်ခေါက် ဒစ်စနေဆီးကို ရထားနဲ့ သွားပါတယ်။ အိမ်ကနေ မိုင်းဟာမာ့ဘူတာအထိသွားပြီး၊ မိုင်းဟာမာ့ ဘူတာကနေ ဒစ်စနေဆီး သွားတဲ့ ဒစ်စနေရထားကို စီးကြည့်ကြပါတယ်။ ဒီရထားက ပုံမှန်ရထားခနှုန်းထက် ဈေးနည်းနည်းကြီးပါတယ်။ တစ်ယောက်ကို ယန်း၂၅၀ကျပါတယ်။ ရထားပေါ်ကနေ ဒစ်စနေဆီး ကို အပေါ်စီးက ခပ်စောင်းစောင်းလှမ်းမြင်ရတာကကိုပဲ အပျော်တွေရွှင်တက်လာရပါတယ်။
ရထားပေါ်ကဆင်းတာနဲ့ ဒစ်စနေဆီး ထဲကိုခြေလှမ်းသွက်သွက်နဲ့ သားအမိသုံးယောက်ဝင်ခဲ့ကြပါတယ်။ 
ဒီနေ့ကစနေနေ့ဆိုတော့ မနေ့က ဒစ်စနေလန်းသွားတုန်းကနဲ့စာရင် လူကြပ်တယ်လို့ပြောရမယ်နော်။ ဘယ်ကိုပဲသွားသွား ဥပမာ၊ စီးစရာပဲဖြစ်ဖြစ် ကြည့်စရာပဲဖြစ်ဖြစ် မုန့်ဆိုင်ပဲဖြစ်ဖြစ် အားလုံးတန်းစီရတာ အနည်းဆုံး မိနစ်၄၀လောက်ကြာပါတယ်။ စားသောက်ဆိုင်တွေကတော့ သူ့ထက်နည်းနည်း မြန်တာလည်း ရှိပါတယ်။
တန်းစီစောင့်တဲ့လူတန်းကြီးကို ခလေးတွေနဲ့ ငြိမ်အောင်နေဘို့က သိပ်မခက်ပါဘူး။ အိမ်ကနေ ယူသွားတဲ့ သူတို့ကြိုက်တဲ့မုန့်လေးတွေကိုကျွေးရင်း တောင်ငေးမြောက်ငေး နဲ့ ဒီလိုပဲဖြစ်သွားပါတယ်။ အိမ်ကမုန့်ကိုလည်း ငြီးငွေ့ပုံရတယ်ဆိုရင်တော့ ဒစ်စနေ ပျော်စရာကမ္ဘာရဲ့ အထူးအမှတ်တရ သင်္ကေတ(ဒစ်စနေကုမဏီပိုင်ရှင် Walt Disney ငယ်စဉ်က အချိန်ပိုင်းအလုပ်အဖြစ် ရထားဘူတာတွေမှာ သတင်းစာနဲ့ ပေါက်ပေါက် ကို ရောင်းခဲ့ဘူးတယ်တဲ့ )ဖြစ်တဲ့ ပေါက်ပေါက် ကို ၀ယ်ကျွေးလိုက်ရုံပါပဲ။ စက္ကူကတော့တွေနဲ့ ရနိုင်သလို၊ ကိုယ်မှာစလွယ်သိုင်းပြီး လမ်းလျှောက်ရင်းစားသွားလို့ရတဲ့ ပလပ်စတစ်ဘူးတွေနဲ့လည်း ရောင်းပါတယ်။ ပလပ်စတစ်ဘူးတွေဟာ ပျော်စရာကစားကွင်းနဲ့ အဲဒီကွင်းရဲ့ကိုယ်စားပြု ကာတွန်းဇတ်ကောင်နဲ့ လိုက်ပြီး ကာတွန်းဇတ်ကောင်ရဲ့ ရုပ်လုံးကြွတွေပါသလို ဘူးပုံသဏ္ဍန်လည်း အမျိုးမျိုးပါပဲ။ အထဲက ပေါက်ပေါက် ရဲ့ အရသာကလည်း ထို့အတူပါပဲ။ ပျော်စရာ ကစားကွင်းကိုလိုက်ပြီး အရသာပြောင်းသွားပါတယ်။ ဥပမာ ရေသူမလေးတိုင်းပြည် ပျော်စရာကစားကွင်းမှာရောင်းတဲ့ ပေါက်ပေါက် ရဲ့ အရသာက ရေသူမလေးနဲ့လိုက်ဖက်တဲ့ ချိုမြိန်မွှေးအီတဲ့ အရသာနဲ့ပေါ့။ သူ့ဘေးက အာရေဗီယံတိုင်းပြည် ပျော်စရာကစားကွင်းက ပေါက်ပေါက်ကတော့ မဆလာနံ့သင်းသင်းနဲ့ ခပ်ငံငံလေးပါ။ ပေါက်ပေါက်ဘူးက ကုန်သွားရင် ဘယ်ကစားကွင်းက ပေါက်ပေါက်ဆိုင်မှာမဆို ယန်း၅၀၀ပေးပြီးထပ်ဖြည့်စားလို့ရပါတယ်။ ကစားကွင်း (၇)ကွင်းရှိပါတယ်။ အဲဒါတွေကတော့

၁။ Mediterranean Harbor ဥရောပတောင်ဘက် ပင်လယ်ဆိပ်ကမ်းမြို့ပုံစံယူထားတဲ့ ပျော်စရာကစားကွင်းတစ်ခုဖြစ်ပါတယ်။
၂။ American Waterfront အမေရိကရဲ့ ဆိပ်ကမ်းတစ်ခုပုံစံအတိုင်းပါပဲ။ အမှန်တကယ်က တိုကျိုဒစ်စနေပျော်စရာကမ္ဘာ နဲ့ တိုကျိုပင်လယ်တို့ကြားမှာ ရထားလမ်းတို့ လမ်းမကြီးတို့ခံနေတာပါ။ ဒါကို

ဒီကစားကွင်းထဲကကြည့်ရင် တိုကျိုပင်လယ်ကိုရောက်နေသလိုထင်ရအောင် ပုံစံယူဆောက်လုပ်ထားတာက ရင်သတ်ရှုမောဖြစ်စေပါတယ်။ နယူးယောက်ရဲ့ နာမည်ကြီး နေရာများဖြစ်တဲ့ Broadway တို့ Tin Pan Alley တို့ကိုပုံစံတူလုပ်ထားပါတယ်။ အမေရိကတိုက် အရှေ့မြောက်ဘက် မန်ဆာချူးဆက်ပြည်နယ်က ငါးဈေးကြီးကိုလည်းတွေ့နိုင်ပါတယ်။ တကယ့် သင်္ဘောကြီးအရွယ် ပုံစံတူသင်္ဘောကိုလည်း

ဒေါက်တင်ထား လို့ အထဲဝင်ပြီး ပြဇတ်ကြည့်မလား စားသောက်ဆိုင်မှာစားမလား သင်္ဘောအပြင်ဘက်ကုန်းဘောင်ပေါ်က တေးသရုပ်ဖေါ်ပြဇတ်ကိုပဲကြည့်မလား၊ စုံနေတာပါပဲ၊
၃။ Port Discovery ဒါကတော့၂၀ရာစု သိသိပံ္ပ၀တ္တုတွေထဲကပုံစံပါ။ အနာဂါတ် သင်္ဘောဆိပ်ကမ်း တစ်ခုပေါ့။ ကပ်လျှက်မှာရှိတဲ့ တိုကျိုပင်လယ်ကို နောက်ခံယူထားပါတယ်။
၎။ Mysterious Island ပြင်သစ်က နာမည်ကျော်စာရေးဆရာ Jules Verne ရဲ့သိပံ္ပ၀တ္တုထဲက 
ကမ္ဘာတစ်ခုပုံစံ ထွင်ဆောက်ထားတာ
ပါ။ ဒီနေရာမှာ မီးတောင် (ကမ္ဘာကြီးရဲ့ အလယ်ဗဟို center of the earth )လည်းရှိပါတယ်။ ဒီမီးတောင်ထဲက ရိုလာကိုစတာကို စီးရတာကတော့ အသည်းနှလုံးတွေကောလူကော ပျံထွက်သွားမလောက် ကြောက်စရာကောင်းလှသလို အရမ်းလည်း ပျော်ဘို့ကောင်းပါတယ်။ ကလေးမပါပဲလူကြီးတွေ (လူကြီး ၂ယောက်)သွားတဲ့ အချိန်ဆို စီးဖြစ်အောင်စီးစေချင်ပါတယ်။

၅။ Mermaid Lagoon ကတော့ Little Mermaid

ရုပ်ရှင်ကိုပုံစံယူထားတာပါ။ ရေသူမလေးရဲ့ ပင်လယ်အောက်တိုင်းပြည် တစ်ခုပေါ့။
၆။ Lost River Delta ရှေးခေတ် အမေရိကအလယ်ပိုင်းဒေသနဲ့ သူ့ရဲ့ အပူပိုင်းဇုံသစ်တောပုံစံမျိုးပေါ့။

အလယ်ကောင်က မြစ်တစ်ခုစီးဆင်းနေလို့ ဟိုဘက်ဒီဘက် နှစ်ပိုင်းကွဲနေပါသေးတယ်။
၇။Arabian Coast အာလာဒင် ရုပ်ရှင်ထဲက ဂျင်းနီနဲ့ အာလာဒင်မီးခွက်တို့ကို ဇတ်ကြောင်းခံပြီး အာရေဗီယမ်ယဉ်ကျေးမှု ထွန်းကားတဲ့ မြို့တမြို့ပုံစံတည်ဆောက်ထားပါတယ်။ သူ့ကစားကွင်း ဧရိယာထဲကိုဝင်သွားတာနဲ့ ကုလားဗျုံတီးသံတွေကြားရပြီး တခါတရံမှာ အိန္ဒိယလူမျိုးဝတ်စုံနဲ့ အမျိုးသမီးတွေ အာရပ်ဝတ်စုံနဲ့ အမျိုးသားတွေ လမ်းဖြတ်လျှောက်သွားရင်းနှုတ်ဆက်သွားတာကိုလည်း ကြုံနိုင်ပါသေးတယ်။
ကျွန်မတို့မိသားစုသုံးယောက်လည်း အ၀စားသုံးဆောင်နိုင်မယ့်နေရာကို American Waterfront ကစားကွင်းထဲက သင်္ဘောကြီးဘေး က စားသောက်ဆိုင်မှာ ၁၀မိနစ်တန်းစီပြီး စားသောက်ခဲ့ပါတယ်။ စားပြီးတော့ ညဘက် ရေထဲမှာတင်ဆက်ဖျော်ဖြေတဲ့ “မီးနတ်သား နဲ့ ရေနတ်သမီး တို့ ချစ်ဇတ်လမ်း ” ကို ကြည့်ဘို့ အတွက် အလယ်ဝင်ပေါက်ဘက်မှာ နေရာဦးကြပါတယ်။ ည၈နာရီမှ ပွဲစပါတယ်။ ပထမဦးဆုံး ဒစ်စနေ မင်းသား မစ်ကီ ကိုကိုကြွက် က ရွှေဦးထုပ်ဆောင်း မော်တော်ဘုတ်စီးပြီး လာရောက်သူအပေါင်းကို ကျေးဇူးတင်ကြောင်း နဲ့
နောက်ထပ်ပြန်ဆုံတွေ့ဘို့ ဖိတ်ခေါ်ပါတယ်။ အဲဒီနောက်မှာတော့ ဒစ်စနေဆီးရဲ့ ချစ်ဇတ်လမ်း တခန်းရပ် ကို ကြည့်ခဲ့ပါတယ်။ ရေပန်းတွေကဖြစ်နေတဲ့ ရေနတ်သမီးက အေးငြိမ့်တဲ့ တေးသံနဲ့ ထွက်လာပြီး ရေအိုင်ရဲ့ တဘက်ဒေါင့်မှာ ရပ်နားလိုက်ပါတယ်။ အဲဒီအချိန်မှာ မီးတောက်တွေအတိပြီးတဲ့ မီးငှက်နတ်သားဟာ အထီးကျန်ဆန်တဲ့ တေးသံကို ကျူးရင့်ပြီး ထွက်ခွါလာပါတယ်။ ဒါကိုမြင်သွားတဲ့ ရေနတ်သမီးဟာ မီးနတ်သားဆီ တရွေ့ရွေ့နဲ့ချည်းကပ်လာပြီး နှစ်ဦးသားဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မီးတောင်က လည်း မီးလုံးတွေပေါက်ကွဲ ၊ ကန်ရေပြင်ပေါ်မှာ မီးတောက်တွေကလည်း ပြေးလွှားနဲ့ ပူပြင်းလှပါတယ်။ ဒါပေမယ့် ခဏအကြာ အားလုံးမှောင်မဲတိတ်ဆိတ်သွားပြီး မိုးတွေ (ရေမှုန်ရေမွှားလေးများ )ရွာချ ပြီး ပြန်အေးချမ်းသွားပါတယ်။ ကန်ရေပြင်ထဲက မီးနတ်သား နဲ့ ရေနတ်သမီး တို့ကလည်း စုံတွဲချစ်သီချင်းကို သံပြိုင်သီကျူးကြပါတယ်။
ကျွန်မတို့လည်း လေးလာတဲ့ မျက်ခွံ နဲ့ ဗိုက်ကို မနည်းသယ်ပြီး အိမ်ကိုယိုင်ထိုးနေတဲ့ ခြေလှမ်းတွေနဲ့ပြန်ခဲ့ကြပါတယ်။
တကယ်လို့ ဒစ်စနေလန်း နဲ့ ဒစ်စနေဆီးကို မသွားရသေးဘူးဆိုရင် အဲဒီနှစ်ခုကို အခုလိုနှိုင်းယှဉ်ပြချင်ပါတယ်။
ဒစ်စနေဆီး က ဒစ်စနေလန်းမှာ မရနိုင်တဲ့ ဘီယာတို့ ၀ိုင်တို့ကို ၀ယ်ယူသုံးဆောင်လို့ရပါတယ်။ ညစာအတွက် စားသောက်ဆိုင်တွေကလည်း လူကြီးများအတွက်ပါ အဆင်ပြေနိုင်တဲ့ မီနူးတွေရှိတော့ ဒစ်စနေ လန်း ထက်စာရင် ဒစ်စနေဆီးက ပိုပြီး မိသားစုနဲ့ ကိုက်ပါတယ်။

အဲဒါအပြင် ဒစ်စနေဆီးမှာ မျက်လှည့်ပွဲလို လမ်းမမှာလုပ်တဲ့ ကြည့်ချင်ပွဲတွေလည်း တစ်ခုပြီးတစ်ခု ပြသပါတယ်။ လူငယ်လူရွယ်များ အနေနဲ့ကတော့ ဒစ်စနေလန်းကပိုကောင်းပြီး ၊ အေးအေးဆေးဆေး ကြည့်လိုက်အပန်းဖြေလိုက် အရသာရှိရှိစားလိုက် နဲ့ လည်ချင်ပတ်ချင်သူတွေ အသက်အရွယ်ကြီးသူတွေပါ ခေါ်သွားမယ်ဆိုရင် ကျွန်မကတော့ ဒစ်စနေဆီးကို သွားဘို့ တိုက်တွန်းပါတယ်။
ဒစ်စနေလန်း နဲ့ ဒစ်စနေဆီးက ဘယ်ဟာမဆို တစ်ရက်နဲ့
လည်လို့မလောက်နိုင်ပါဘူး။ ဒါ့အပြင် ရာသီအလိုက် ပွဲတွေကလည်း မတူတော့ ဘယ်အချိန်ပဲသွားသွား ရင်ခုန်ပျော်ရွှင်စရာ အပြည့်ပါပဲ။ ဒီတစ်ခါသွားလို့ ဆုံရင် ဓါတ်ပုံတူတူရိုက်ကြရအောင်နော်။

6 comments:

သူကြီးမင်း (တုံးဖလား) said...

ဒစ္စနေဆီးပုံတွေကြည့် စာတွေဖတ်ပြီး အပျော်တွေ ကူးစက်သွားပါတယ်။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ နေရာဖြစ်မှာ သေချာတယ်။

khun thadar said...

သွားအုံးမှာ...

ဒါပေမယ့် ခုတော့ အလုပ်နဲ့နပန်းလုံးနေရတယ် ;(

Zay Tar Yar said...

လာလည်အုံးမယ် ၊ ထိုင်းထီပေါက်တဲ့အခါ ဟုတ်ကဲ့
အံဘွယ်ဘနန်းများ လာရောက်ဖက်ရှုမှတ်သားသွားပါ ကြောင်း........

မြတ်နိုး said...

ဒစ်စနေဆီးက အတွဲတွေအတွက်ဖြစ်ပီး ဒစ်စနေလန်းက ကလေးတွေအတွက်ဖြစ်ပါကြောင်း။

အရင်သွားတုန်းက ၂၀၀၆ ဆိုတော့ အပြည့်အစုံရေးလို့ရတော့ဘူး။

လသာည said...

ဒစ်စနေလန်းကို ရောက်ဖူးတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ သွားလည်တာ။ ပျော်စရာတအားကောင်းတယ်။ အရင်က အချိန်တွေလွမ်းလိုက်တား)))

ကိုအောင် said...

ဂျပန်က ဒစ်စနေဆီးအကြောင်း ဖတ်ရတာ ကောင်း
တယ်ဗျာ၊ ကျနော်တို့ဖက်က ဒစ်စနေဆီးက တော်တော်
သေးတယ်။