May 10, 2010

သတင်း အချက်အလက် လုံခြုံရေး

ကျွန်မငယ်ငယ်က မွေးဖွားနေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် “လုံခြုံရေး”ဆိုရင် သံဆူးအခွေတွေချ၊ မီးပျက် (မီးဖျက်)။ လမ်းတွေပိတ်၊ ဖုန်းလိုင်းတွေဖြတ်၊ သေနတ်ကိုင်တဲ့အစောင့်တွေ မတ်တပ်ရပ်၊ သန်းခေါင်းစာရင်းတိုင်၊ သန်းခေါင်စာရင်းစစ်၊ ကားရပ်ပြီး ရှာခံရ၊ ပိုက်ဆံအိတ်ဖွင့်ပြီး ပြရဆိုတာမျိုးလောက်ပဲ သိခဲ့ရပါတယ်။

အခုပြောချင်တယ် “လုံခြုံရေး”ကတော့ အခုလက်ရှိ မျက်မှောက် ကမ္ဘာမှာ အရေးထားနေကြတဲ့ “သတင်း အချက်အလက်” လုံခြုံရေး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျွန်မရဲ့ နေ့စဉ် အလုပ်ထဲမှာ ကြုံတွေ့နေရတဲ့ အကြောင်းအရာတချို့ပါ။
ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံခြားတိုင်းပြည်ကြီးတွေမှာ သတင်းအချက်အလက် လုံခြုံရေးကို အ
လွန်ကို ဂရုစိုက်လာကြပါတယ်။ အခုလို အင်တာနက် နဲ့ လုပ်ငန်းအားလုံးလိုလိုကို ဆက်သွယ်အသုံးပြုလာကြတဲ့ အခါမှာ သတင်းအချက်အလက်များ ဟာ အင်တာနက်ပေါ်မှာ ရွေ့လျားသလို အင်တာနက်ပေါ်မှာ ထိမ်းသိမ်းသိုလှောင်မှုတွေကို လုပ်ကြရပါတယ်။ အဲဒီလိုလုပ်ရတဲ့ အခါမှာ ကောင်းကျိုးတွေကလည်း အတိုင်းထက်အလွန်များပြားလှသလို ဆိုးကျိုးတွေကလည်း ကြောက်မက်ဖွယ်ကောင်းလှအောင်ကို ကြီးမားလှပါတယ်။ ဒါ့အပြင် လက်ကိုင်ဖုန်းနဲ့ ကွန်ပြူတာ ကင်မရာတွေရဲ့ စွမ်းဆောင်မှုတွေကလည်း တနေ့တခြားတိုးတက်လာလို့ ၀န်ထမ်း ၊ ဌာန၊ ကုမဏီ၊ စီးပွါးရေး
အုပ်စု၊ မိသားစု၊ အသင်းအဖွဲ့၊ ဘဏ် စတာတွေမှာ အမြဲမပြတ်ဆိုသလို လုံခြုံရေးကို ဦးစားပေး ကြပါတယ်။
တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်သတင်းအချက်အလက် အပါအ၀င် လုပ်ငန်းနဲ့ အဖွဲ့အစည်းတွေမှာ သတင်းအချက်အလက် လုံခြုံရေးကို အထူးသတိပြုရမယ့် ခေတ်ကာလဖြစ်လာပါပြီ။ ဘယ်လို နေရာတွေမှာ ဘယ်လိုပုံစံနဲ့သတိထားကြသလဲဆိုတာကို ကျွန်မအလုပ်လုပ်တဲ့ ရုံးကပုံစံအနည်းငယ်စီ နဲ့ မိတ်ဆက် တင်ပြလိုက်ပါတယ်။



(၁) သက်ဆိုင်ရာရုံးခန်းအတွင်း ၀င်ထွက်ခွင့် ကြီးကြပ်မှု
ဧည့်ဝင်ခွင့် ထွက်ခွင့်
ရုံးခန်းနှင့်မသက်ဆိုင်သူများ (သန့်ရှင်းရေး၊ အဆောက်အဦထိမ်းသိမ်းရေး၊ ဆောက်လုပ်ရေး နှင့် ပြုပြင်ထိမ်းသိမ်းလုပ်သား၊ စက်ပြင်ဆရာများ ကဲ့သို့သောသူများ) ရုံးခန်းထဲကို ၀င်မယ်ဆိုရင် ၀င်ရောက်ခွင့် အတွက် လိုအပ်သည်များကို ရေးသွင်းပြီး ၀င်ခွင့်ကဒ်ပြားကို ရင်ဘတ်ပေါ်မှာ ချိတ်ဆွဲရပါမယ်။ အခန်းမှ ထွက်ရင်လည်း ချက်ချင်းတာဝန်ရှိသူကို ပြန်အပ်ရပါမယ်။

ကုမဏီထဲမှာ အများသုံးနေရာများက လွဲလို့ အပြင်လူများ ၀င်ထွက်သွားလာလို့ မရအောင် ကြီးကြပ်ရပါမယ်။ ၊ ဌာနမှခွင့်ပြုချက် တစုံတရာမရှိပဲ ၀င်ရောက်ခဲ့တာကို တွေ့ရင်လည်း ချက်ချင်း အများသုံးနေရာအထိ ရောက်အောင် စီမံရပါမယ်။ လာနေကျ၊ သိနေဘူးတဲ့ ဧည့်သည်ဖြစ်ပေမယ့်လည်း ဌာနတွင်းက၀န်ထမ်းက အမြဲလိုက်ပါနေရပါမယ်။
သက်ဆိုင်ရာဌာနမှ ၀န်ထမ်းများ ၀င်ထွက်ခွင့်
ကျွန်မတို့ရဲ့ ရုံးမှာတော့ ဌာနတစ်ခု၊ ပရောဂျက်တစ်ခု ရှိတဲ့ ရုံးခန်းတွေတိုင်းမှာ အခန်းတံခါးကို လျှို့ဝှက် နံပါတ်နှိပ်ပြီး ၀င်ရပါတယ်။ လျှို့ဝှက်နံပါတ်ကိုလည်း ၂ခါထက်မှားနှိပ်မိလို့ ရှိရင် အလိုလို lock လော့ခ်ကျသွား အောင်လုပ်ထားပါတယ်။ လျှို့ဝှက်နံပါတ်ကိုလည်း အချိန်အတိုင်းအတာနဲ့လိုက်ပြီး အသစ်ပြောင်းပါတယ်။

ဝန်ထမ်းအားလုံးမှာလည်း အဆောက်အဦတွင်းဝင်ခွင့်ကဒ်ပြားနဲ့ သက်သေခံကဒ်ပြာတွေကို လည်ပင်းမှာ ချိတ်ဆွဲထားရပါတယ်။ ရုံးထဲမှာ ကြည့်လိုက်ရင် သက်သေခံကဒ်ပြားလည်ပင်းမှာ ချိတ်ဆွဲထားတဲ့သူ အားလုံးဟာ ဒီရုံးရဲ့ ၀န်ထမ်းတွေဖြစ်ပြီး အပြင်လူအားလုံးဟာ ဧည့်ဝင်ခွင့် ကဒ်တွေ ရင်ဘတ်မှာ ချိတ်ထား တဲ့အတွက် အပြင်လူ အတွင်းလူ ချက်ချင်းသိလို့ရအောင်လုပ်ထားပါတယ်။

ကိုယ့် ကုမဏီတခုလုံးကလူတွေကို မမှတ်မိနိုင်မသိနိုင်တော့ တစ်ခါတလေ ကိုယ်နဲ့ လမ်းမှာတွေ့ရင် ၊ အဲဒီ ကဒ်တွေကိုကြည့်ပြီး ဧည့်သည်လား ၀န်ထမ်းလား ချက်ချင်းသိရပါတယ်။ ဒီကဒ်တွေကို မမေ့မလျော့တတ်ဆင်ရတာ အလုပ်ရှုပ်စေတယ်လို့ထင်ရပေမယ့် လုံခြုံရေးအတွက် အပြင် တခြား အသုံးဝင်တာတစ်ခုရှိပါသေးတယ်။ ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှုမှာ ဂျပန်လို ၀န်ထမ်းအချင်းချင်း တွေ့ရင်နှုတ်ဆက် တာနဲ့ အပြင်ဧည့်သည်ကို နှုတ်ဆက်တာ နှုတ်ဆက်စကား မတူတော့ ကုမဏီထဲမှာသွားရင်လာရင်း တစ်ယောက်ယောက်နဲ့တွေ့ရင် သူ့ရင်ဘတ်က ကဒ်ပြားကို မြန်မြန်ကြည့်ပြီး အပြင်လူ အတွင်းလူ ဆုံးဖြတ်ပြီး နှုတ်ဆက်ရတာ အဆင်ပြေလှပါတယ်။

ဆက်ပြောပြချင်တာကတော့ လျှပ်စစ်နဲ့ပါတ်သက်တဲ့ သတင်းအချက်အလက်သိမ်းဆည်းကိရိယာ များကို ကြီးကြပ်မှုပါ။

(၂) သတင်းအချက်အလက်သိမ်းဆည်းကိရိယာ လုံခြုံရေး
သုံးစွဲခွင့် နှင့် သတိပြုရန်
FD, CD, DVD, HDD, USB , memori card တွေလို သတင်းအချက်အလက် ကို ကူးယူသိမ်းဆည်းလို့ရတဲ့ လျှပ်စစ်ပစ္စည်းတွေကို သယ်ဆောင်လာခြင်း အသုံးပြုခြင်းတွေမလုပ်ပါဘူး။ တကယ်လို့ အလုပ်အတွက် လိုအပ်လို့သုံးစရာဖြစ်လာရင်လည်း ကိုယ့်အထက်အရာရှိကို အသိပေးခွင့်ပြုချက်ယူရပါတယ်။

အလုပ်နဲ့ပါတ်သက်လို့ အထက်ဖေါ်ပြခဲ့တဲ့ အရာတွေကို သုံးတဲ့အခါမှာလည်း ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် မသိမ်းဆည်းရပါဘူး၊ ဒါပေမယ့်လည်း အလုပ်လိုအပ်ချက်အရ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် ကို သိမ်းဆည်းရပြီ ဆိုတဲ့ အခြေအနေဖြစ်လာခဲ့ရင် ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် စီမံကြီးကြပ်မှု စာရွက်ပုံစံမှာ ရေးသားဖြည့်သွင်းရပါတယ်။

အဆိုပါကိရိယာများမှာ သိမ်းဆည်းတဲ့အခါမှာလည်း လျှို့ဝှက်နံပါတ်နဲ့ သိမ်းဆည်းရပါတယ်။

အလုပ်ကိစ္စပြီးတာနဲ့ ချက်ချင်းဆိုသလို အဲဒီ သတင်းအချက်အလက်သိမ်းဆည်းကိရိယာ ကနေ
ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်အားလုံးကို ဖျက်ပစ်ရပါတယ်။ တကယ်လို့
လိုအပ်ရင် သတင်းချည်းဖျက်တာမဟုတ်ပဲနဲ့ ကိရိယာကို ပါဖျက်ပစ်ရပါတယ်။

(၃) ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် များပါရှိသည့် ရုပ်ဝတ္တုများ ကိုင်တွယ်ကြီးကြပ်ပုံ
မလိုအပ်သည့်အခါတွင်ဖျက်ဆီးးပုံ
ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် များပါရှိသည့် ရုပ်ဝတ္တုများဖြစ်တဲ့ စာရွက်စာတမ်းများ ကို သတင်းအချက်အလက်သိမ်းဆည်းတဲ့ လျှပ်စစ်ပစ္စည်းများကို သက်ဆိုင်ရာ ဖြတ်စက်၊ ဖျက်ပစ်တဲ့ စက်တွေနဲ့ သာ ဖျက်ဆီးရပါမယ်။

စာရွက်များဖြစ်ခဲ့ရင် တစ်ဘက်လွတ်အဖြစ် ထပ်မံသုံးစွဲတာကို လည်း တင်းကြပ်စွာ တားမြစ်ပါတယ်။ ။

မလိုအပ်ပဲနဲ့ မိတ္တူကူးယူတာတို့ သိမ်းဆည်းထားတာတို့ကိုလည်း မလုပ်ရပါဘူး။

ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် များပါရှိသည့် ရုပ်ဝတ္တုများ ကိုသိမ်းဆည်းရာမှာလည်း သော့ခတ်သိမ်းဆည်းဘို့လိုပါတယ်။

ပရင်တာ printer သုံးစွဲပုံ
ကိုယ့်ရုံးခန်းထဲမှာ ဖြစ်ပေမယ့်လည်း မိမိလုပ်သည့် အလုပ်မှ စာရွက်စာတမ်းများကို ပုံနှိပ်ထုတ်ယူတဲ့အချိန်တွေမှာ ပရင်တာစက်ကနေ စာရွက်ထွက်တာနဲ့ ချက်ချင်းသွားယူရပါတယ်။

ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် များပါရှိသည့် ရုပ်ဝတ္တုများကို သိမ်းတဲ့အခါမှာ လည်း အံဆွဲ ၊ဗီဒိုတို့ကို သော့ခတ်ရပါတယ်။

ပုဂ္ဂိုလ်ရေးသတင်းအချက်အလက် ပါတဲ့ စာရွက်စာတမ်းကို ဖက်ခ်စ် ပို့မယ်ဆိုရင်၊ အီးမေးလ်နဲ့ ပို့မယ်ဆိုရင် လည်း မပို့ခင်နဲ့ ပို့ပြီးပြီးချင်း တဘက်လူနဲ့ ဆက်သွယ်ပြီး သေချာအောင် လုပ်ရပါတယ်။

အီးမေးလ်
အီးမေးလ်ပို့တဲ့အခါတွေမှာ ပို့ချင်တဲ့ လူ အများကို တစ်ပြိုင်တည်း ပို့တဲ့အခါတွေမှာ ၊သတိထားရမှာက ပုဂ္ဂိုလ်ရေး သတင်း အချက်အလက် ဖြစ်တဲ့ “အီးမေးလ်လိပ်စာ” ကို ပိုင်ရှင်ခွင့်ပြုချက်မရှိပဲ အခြားသူများကို အသိပေးသလို ဖြစ်စေပါတယ်။ အချင်းချင်း မသိတဲ့ သူတွေရဲ့ လိပ်စာကို ပေါင်းဆက်ပြီး ရေးပို့တာကို ရှောင်ကြဉ်ရပါတယ်။

အများအားဖြင့် ရုံးတွေမှာ ပြင်မအီးမေးလ် (yahoo, gmail, hotmail စသည်ဖြင့်)ကို သုံးစွဲလို့မရအောင် စီမံတားမြစ်ထားကြပါတယ်။

ကိုယ့်ကုမဏီ နံမည်ပါတဲ့ အီးမေလ် လိပ်စာကို ပဲ သုံးကြရပါတယ်။

အီးမေးလ် ကိုလည်း text ဖိုင်အနေနဲ့ပို့ရပါတယ်။

တကယ်လို့ အီးမေးလ်မှာ ဖိုင်တွဲ တွဲပြီး ပို့မယ်ဆိုရင် သတိထားရမယ့် အချက်ရှိပါတယ်။ တွဲမယ့် ဖိုင်ထဲမှာ ပုဂ္ဂိုလ်ရေး သတင်း အချက်အလက် တွေပါဝင်ခဲ့မယ်ဆိုရင် ဖိုင်ကို လှို့ဝှက်နံပါတ်နဲ့ အဖွင့်၊ အပိတ် လုပ်ရပါမယ်။ သုံးထားတဲ့ လှို့ဝှက်နံပါတ်ကိုတော့ အခြားနည်း ( တယ်လီဖုန်းဖြင့် ဖြစ်စေ) နဲ့ ဆက်သွယ်အသိပေးရပါမယ်။

အီးမေးလ်နဲ့ ပို့လာတဲ့ဖိုင်ကို ချက်ချင်း အီးမေးလ်ကနေဖျက်ပစ်ပြီး၊ သိမ်းဘို့လိုအပ်ရင် ကွန်ပြူတာထဲမှာ မဟုတ်ပဲ ရုံးရဲ့ ဆာဗာထဲမှာသိမ်းရပါတယ်။

နောက်ထပ်ဆက် ပြီး ကွန်ပြူတာကိုင်တွယ်သုံးစွဲတဲ့ အခါမှာ သတင်းအချက်အလက်လုံခြုံရေး ကို ဘယ်လို သတိထားတယ်ဆိုတာပါ။

ကွန်ပြူတာ
ကွန်ပြူတာ နဲ့ ကွန်ပြူတာနဲ့ ဆက်နွယ်တဲ့ အစိတ်အပိုင်းတွေကိုလည်း အထက်လူကြီးခွင့်ပြုချက်မရှိပဲ ရွှေ့ပြောင်းခြင်း သယ်ဆောင်ခြင်းတွေ မလုပ်ရပါဘူး။

တဘက်ကလည်း မိမိကိုယ်ပိုင်နဲ့ အခြားပြင်ပမှ ကွန်ပြူတာနဲ့ ကွန်ပြူတာနဲ့ ဆက်နွယ်တဲ့ အစိတ်အပိုင်းတွေလည်း ယူဆောင်လာလို့မရပါဘူး။

ကုမဏီရဲ့ ကွန်ပြူတာကို လည်း မိမိသဘောဖြင့် ဖြုတ်ခြင်းတတ်ခြင်း၊ ဆော့ဖ်ဝဲလ်များ သွင်းယူသုံးစွဲခြင်းကိုလည်း တားမြစ်ထားပါတယ်။

အလုပ်ဆိုတာကို မလုပ်ခင်နဲ့ အလုပ်လုပ်စဉ်အတွင်း အလုပ်လုပ်ပြီးချိန်တို့မှာ သတိထားရမယ့်အချက်တွေကို မှတ်ရတာ အပြင် လှို့ဝှက်နံပါတ်တွေကို သုံးကြရပါတယ်။

အချို့လျှို့ဝှက်နံပါတ်များဟာ အင်္ဂလိပ်စာလုံးအကြီးစာလုံး၊ သင်္ကေတ၊ ဂဏန်း၊ စတာတွေကို ရောပြီး အနည်းဆုံး ၉လုံးပါရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ သတင်းအချက်အလက် လုံခြုံရေးကိုလိုက်ပြီး လျှို့ဝှက်နံပါတ်တွေကို ပြောင်းလည်းပေးရသလို ဘယ်နှစ်ခါမှာနှိပ်မိရင် သူ့အလိုအလျောက် လော့ lock ကျသွားတာတွေလည်းရှိပါတယ်။

ဒါ့အပြင် ရုံးတက်ရုံးဆင်း မှတ်တမ်း၊ ရုံးတွင်း သုံး ဆာဗာ၊ ရုံးကပေးတဲ့ လက်ကိုင်ဖုန်း၊ ရုံးအီးမေးလ်၊ စတာတွေအားလုံးလိုလိုကိုလည်း အွန်လိုင်းပေါ်ကပဲ ဆက်သွယ် အလုပ်လုပ်ရပါတယ်။

လုပ်ကိုင်ရတဲ့ အလုပ်နဲ့ ပါတ်ဝန်းကျင်ကိုလိုက်ပြီး လုံခြုံရေး တွေတင်းကြပ်ပါတယ်။ ကျောင်းဆင်းကာစ အလုပ်ဝင်သူများ အတွက် မှတ်ရသားရတာများလွန်းလှလို့ အထက်ဖေါ်ပြတဲ့ စည်းကမ်းတွေကို တစ်ရက်လောက် အနည်းဆုံး အချိန်ယူပြီး သင်တန်းပေးရပါတယ်။

နောက်တစ်ခုက ဒီလိုစံနစ်တွေဖြစ်လာတာလည်း အခုနောက်ပိုင်း ၃-၄နှစ်အတွင်းမှာ ပိုများလာတာမို့ ၊ ကုမဏီတွင်းက အသက်အရမ်းကြီးတဲ့ အဘိုးကြီးတွေအတွက် အနည်း ငယ် အခက်အခဲဖြစ်တာကိုလည်း တွေ့ရပါတယ်။

ကျွန်မအခန်းထဲက ဌာနမှူး တစ်ယောက်ဆိုရင် သူ့ရဲ့ လှို့ဝှက်နံပါတ်မျိုးစုံမှတ်ထားတဲ့ စာအုပ်လေးကို ထုတ်ထုတ်ကြည့်ပြီး ပါးစပ်ကလည်း “လှို့ဝှက်နံပါတ် တွေများလွန်းလို့ ဘယ်ဟာရဲ့ လှို့ဝှက် နံပါတ်လဲဆိုတာ မသိတော့ဘူးဟေ့” လို့အမြဲ ပြောလေ့ရှိပါတယ်။

စတွေ့ကြုံရတဲ့ အချိန်မှာတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားဆန်ဆန်ပေါ့ နောက်ကျတော့လည်း နေ့စဉ် အလုပ်ဝတ္တရားတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သွားပါတယ်။

အခုပြောတာတွေထက်ပိုမိုများပြားလှတဲ့ သတင်းအချက်အလက်လုံခြုံရေးပါတ်ဝန်းကျင် မှာ နေထိုင်လုပ်ကိုင်သူတွေလည်း ရှိပါလိမ့်ဦးမယ်။

ပုံများကူးယူရာနေရာ
http://search.yahoo.co.jp/search?p=%E6%83%85%E5%A0%B1%E3%82%BB%E3%82%AD%E3%83%A5%E3%83%AA%E3%83%86%E3%82%A3%E3%80%80%E7%94%BB%E5%83%8F&search.x=1&fr=top_ga1_sa&tid=top_ga1_sa&ei=UTF-8&aq=&oq

1 comment:

khun thadar said...

ဟုတ်တယ်...
လုံခြုံရေး အရမ်းကိုအရေးကြီးပါတယ်။
တခါကမလုံခြုံလိုက်လို့ ချစ်ရတဲ့ နက်လေးနဲ့
တလလောက် အဆက်အသွယ်ပြတ်သွားဖူးတယ်:P
နေမထိထိုင်မသာရှိလိုက်တာမပြောပါနဲ့ အစ်မရယ်....:)

ပျော်ရွင်ပါစေ
ခွန်