January 4, 2010

ဂျပန်တို့ရဲ့ “ပစ်တိုင်းထောင်”


အခုလို ခရစ်နှစ်သက္ကရာဇ် အသစ်မှာ“ ပစ် လိုက်တိုင်း ထောင် တဲ့ နိမိတ်” ကိုယူထားတဲ့ ကစားစရာဆိုလည်း ဟုတ်၊ နိမိတ်ကောင်း အဆောင်ပစ္စည်းလည်းဖြစ်တဲ့ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့
ဂျပန်နိုင်ငံရဲ့ ဓလေ့တစ်ခုကို မိတ်ဆက်ပေးပါရစေ။


၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလတစ်ရက်နေ့က ဂျပန်ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့  (ဂျပန်လို 初詣 ဟတ်ဆုမိုးဒဲ့လို့ ခေါ်တဲ့)“နှစ်ဆန်းတစ်ရက်မှာနေ့ ဘုရားကျောင်းကို သွားပြီး ဘုရားဝတ်ပြု ”တာကို လုပ်ခဲ့ပါတယ်။ ဘုရားကျောင်းအ၀င်က ပစ်တိုင်းထောင်ရောင်းတဲ့ ဆိုင်ကို တွေ့ပြီး ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။
မြန်မာလို ပစ်တိုင်းထောင် (ဂျပန်လိုတော့ ဒါရုမာ့) ကို ဂျပန်လူမျိုးတွေက နှစ်သစ်ကူး ဘုရားကျောင်းသွားတဲ့ အချိန်မှာဝယ်ပြီး၊ အဲဒီနှစ်အတွက် ဆုတောင်းတစ်ခုကို ပစ်တိုင်းထောင်နဲ့ တိုင်တည် လေ့ရှိကြပါတယ်။ စီးပွါးရေးသမားများနဲ့ စာမေးပွဲဖြေမယ့်သူတွေ အ၀ယ်များတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အရင်ကလို သိပ်မလုပ်ကြတော့ဘူးလို့သိရပါတယ်။


ဘုရားကျောင်းတွေက ဈေးဆိုင်တန်းမှာရောင်းတဲ့ ပစ်တိုင်းထောင်မှာ မျက်စိနှစ်ဘက်စလုံး ဆေးမခြယ်ထားပါဘူး။ 

ဝယ်တဲ့သူက ပစ်တိုင်းထောင်ကိုဝယ်ပြီး မိမိဆန္ဒကိုဆုတောင်းပြီး ပစ်တိုင်းထောင်ရဲ့ ဘယ်ဘက်မျက်စိကိုဆေးခြယ်ပါတယ်။ ညာဘက်မျက်စိကိုတော့ သူ့ဆုတောင်းပြည့်တဲ့အချိန်ကျမှ ရေးချယ်ပါတယ်။ 

မျက်စိနှစ်ဘက်လုံးဆေးခြယ်ပြီးသွားတဲ့ ပစ်တိုင်းထောင်ကိုတော့ နောက်တစ်ခါနှစ်သစ်ကူးတဲ့ အချိန်မှာ ဘုရားကျောင်းက မီးရှို့တဲ့ပစ္စည်းတွေထဲကို သွားပစ်ပါတယ်တဲ့။

နိုင်ငံရေးပါတီတွေကတော့ စ၀ယ်ကတည်းက ပစ်တိုင်းထောင်ကို ညာဘက်မျက်စိကစဆေးခြယ်ပြီး အောင်နိမိတ်ယူကြတာကိုတွေ့ရပါတယ်။
ပစ်တိုင်းထောင်ကို ဂျပန်လူမျိုးတို့နိမိတ်ကောင်းတဲ့ ပစ္စည်းအဖြစ်အသုံးပြုပုံတူတာကတော့ ပစ်လိုက်တိုင်းထောင် (ပစ်တိုင်းထောင် ကို ဘယ်လိုပစ်ပေါက်ပေါက် သူက ခေါင်းလေး ပြန်ထောင်ပြီးထနိုင်လို့ပါ) နေလို့ပါပဲ။ ပစ်တိုင်းထောင်နဲ့ပါတ်သက်တဲ့ ဂျပန်စကားပုံ က “七転八起 နာနာ့ ခိုရိုးဘိ ယာ့အိုးကိ” ပါ။ ဘယ်လောက်ပဲ လဲချော်ရှုံးနိမ့်ပါစေ၊ နောက်ဆုံးမှာ ပြန်လည်ထမြောက်အောင်မြင်နိုင်တယ် ဆိုတာပါပဲ။


အမည်နာမ အနေနဲ့က မြန်မာလိုကပိုပြီး အတိတ်နိမိတ်ကောင်းတယ်လို့ထင်ပါတယ်။ ပစ်လိုက်တိုင်းထောင် နေလို့ “ပစ်တိုင်းထောင်” တဲ့။ ဂျပန်လို ဒါရုမာ့ အမည်ကတော့ ဘာသာရေးနဲ့ ဆက်နွယ်ပါတယ်။ မူလပုံစံယူထားတဲ့ “ဇင်” ဗုဓ္ဒဘာသာ ဘုန်းကြီး တရားထိုင်နေတဲ့ပုံကို ကိုယ်စားပြုတဲ့ အပြင် ဗောဓိဓမ္မ Bodhidharma ဆိုတဲ့ အသံထွက်ကနေ “ဒါရုမာ့ ”လို့ အသံထွက်ပြောင်းလည်း ဆင်းသက်လာတယ်လို့သိရပါတယ်။


မြန်မာ့ ပစ်တိုင်းထောင် လိုပဲ၊ နိုင်ငံခြားတိုင်းပြည်များမှာ မိမိတိုင်းပြည်နဲ့ အသွင်အဆင် တူတဲ့ ကစားစရာ၊ နိမိတ်ကောင်းအဆောင်လေးတွေ အများကြီးရှိဦးမယ်ထင်ပါတယ်။

ကိုးကား
http://ja.wikipedia.org/wiki/%E3%81%A0%E3%82%8B%E3%81%BE
http://pic.daletto.com/image_server/ArticleImage/2/woyaxmplugjhnwmxjwaggnorxbjqpwdh.jpghttp://image-search.yahoo.co.jp/search?p=%E3%81%A0%E3%82%8B%E3%81%BE&ei=&b=1&xargs=12KPjg1klStoe9mvinN-mZDrDaoAtP0cHwsd5sCpN8HKQco2dvVOMLbKONqvd-D705taPhzlql_lYmfWHNm-aIUj5rfFeUHNL50oj1_o0rcPb0Hs73tRsP9emdmIdbPuclUW3FcMe8mPAYEeP6Ti8Y64x3xDypzQ..&hData=12KPjg1o1gksH-zc-vB7vAOuLzwS0E4pCw9MpsfpQKGN0o8QNuIugJT5Px&d=20

2 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ငယ်ငယ်တုန်းက ပစ်တောင်းတိုင် ရုပ်ကလေးတွေနဲ့ ကစားတာ သတိရသွားတယ်။ ပြီးတော့ ငယ်ငယ်တုန်းက အသံချက်စက် ဟွန်း (အော်လံ) မှာ ပစ်တိုင်းတောင်လို့ ရေးထားတာကို... စစ်ကိုင်းတောင် ဆိုပြီး အော်ကြီးဟစ်ကျယ် မှားပြီး လူကြားထဲမှာ ဖတ်မိဘူးတယ်။
လူရွှင်တော်တွေကတော့.. "မပစ်ဘဲနဲ့ ထိလိုက်ရုံနဲ့ ထောင်တဲ့ အရာ ငါ့ မှာ ရှိတယ်"..
"ဘာလဲ"...
(ဆံပင်)..........
..
အခုလို ဂျပန်တွေရဲ့ ပစ်တိုင်းထောင် အယူအဆလေးတွေ ပုံနှင့်တကွ ဖတ်ရှုသိခွင့်ရလို့ ကျေးဇူးပါ...

ခင်မင်စွာဖြင့်
ကိုမျိုး

Kaung Kin Ko said...

သူတို့ ပစ်တိုင်းထောင်လေးတွေလည်း လှသားပဲ။