November 21, 2009

သမတအိုဘားမား ဂျပန်ခရီးစဉ် ဂယက်-၁

အမေရိကန်သမတ အိုဘားမား ရဲ့ ပထမဦးဆုံးအကြိမ်သမတရဲ့သမိုင်းဝင်အာရှခရီးစဉ်အဖြစ် ၊ 

ဒီလ၁၂ရက်နေ့ကနေ ၁၉ရက်နေ့အထိ ဂျပန်၊ စင်္ကာပူ၊ တရုတ်၊ကိုရီးယားနိုင်ငံတို့ကို လှည့်လည်ခဲ့တဲ့ အထဲက ဂျပန်နိုင်ငံကိုလာသွားတဲ့ ခရီးစဉ်နဲ့ပါတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံ တို့မှာ ဂယက်ရိုက်မှု ၃ခုရှိခဲ့ပါတယ်။ 
သမတအိုဘားမား နဲ့ မာ့ချာ့ ရေခဲမုန့် ဂယက်-၁။
သမတအိုဘားမား တဖြစ်လဲ အင်္ဂလိပ်စာဆရာ ဂယက်-၂။
သမတအိုဘားမားနဲ့ ဦးညွှတ်အရိုအသေပေးခြင်း ဂယက် -၃။

ပထမဦးဆုံးမိတ်ဆက်ပေးချင်တဲ့ ဂယက်ကတော့ သမတအိုဘားမား နဲ့ မာ့ချာ့ ရေခဲမုန့် ဂယက် ပါ။ 

သမတအိုဘားမားက ဂျပန်ခရီးစဉ်အတွင်းသူ့ရဲ့မိန့်ခွန်းထဲမှာ ငယ်စဉ်က မိခင်နဲ့အတူ ကာမာ့ကူရာ့ ဘုရားကြီးရှိရာကိုရောက်ဘူးခဲ့ကြောင်းကို အခုလိုပြောခဲ့ပါတယ်။ “အခုထက်ထိမမေ့နိုင်တာက ငြိမ်းချမ်းလှတဲ့ အဲဒီဘုရားကြီး ကို မော့ကြည့်ဖူးမြော်ခဲ့ပါတယ်။ အဲဒီထက် ကျွန်တော့ကိုပိုပြီး စွဲဆောင်ခဲ့တာကတော့ အဲဒီနေရာမှာ ကျွန်တော့အမေ၀ယ်ကျွေးခဲ့တဲ့ မာ့ချာ့ရေခဲမုန့် ဖြစ်ပါတယ်” လို့ အရွှန်းဖေါက်လိုက်တာ မိန့်ခွန်းနားထောင်သူများအပါအ၀င်၊ ဂျပန်လူမျိုးများကတော့ အလွန်သဘောကျသွားကြပါတယ်။ အဲ့ဒီမိန့်ခွန်းပြောပြီးလို့ ညဘက် ၊ ဂျပန်ဝန်ကြီးချုပ် ဟာ့တိုယာမာ့ ကတည်ခင်းတဲ့ ညစာစားပွဲမှာ မာ့ချာ့ရေခဲမုန့်ကို ချက်ချင်းထည့်သွင်းဧည့်ခံခဲ့ပါတယ်။ နောက်နေ့ကစပြီး ရေခဲမုန့်ဆိုင်တွေမှာ မာချာ့ရေခဲမုန့်တွေ အရောင်းသွက်ခဲ့ပြီး အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်များနဲ့ဂျပန်လူမျိုးအများလည်ပတ်ရာနေရာ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ ကာမာ့ကူရာ့ဘုရားကြီးရှိရာအရပ်က ရေခဲမုန့်ဆိုင်တွေ အလွန်ကိုရောင်းကောင်းခဲ့ပါတယ်။ 

အဲဒီအရပ်ကရေခဲမုန့် ဆိုင်ပိုင်ရှင်တစ်ဦးက “ပုံမှန် အရောင်းရဆုံးက ဗနီလာ ရေခဲမုန့်ပါ။ ဒါပေမယ့် သမတအိုဘားမားမိန့်ခွန်းကြောင့် မာ့ချာ့ရေခဲမုန့်တွေ လက်ကျန်မရှိအောင်ရောင်းရပါတယ်။ ဒီအရပ်မှာ ရေခဲမုန့် ဆိုင်တွေကအများကြီး၊ သမတအိုဘားမားကလည်းကလေးအရွယ်ဆိုတော့ ရောင်းသူတွေကလည်း သမတအိုဘားမား၊ကိုယ့်ဆိုင်လာဘူးတယ် မလာဘူးဘူးဆိုတာမသိပါဘူး။ အဲလိုဆိုတော့ ဆိုင်တိုင်း ၊ ဟိုဆိုင်လားဒီဆိုင်လားမသိ ၊ အကုန်လုံးရောင်းကောင်းကြပါတယ်” တဲ့။ 



မာ့ချာ့ ဆိုတာကတော့ ဂျပန်ရေနွေးကြမ်း စိမ်းစိမ်း ဖြစ်တဲ့ လဘက်ခြောက် ကိုပြောတာပါ။လဖက်ခြောက်နဲ့လုပ်ထားလို့ ခါးခါးစိမ်းစိမ်းကြီးလို့ ထင်စရာပါ။ ဒါပေမယ့် ဖက်ဖူးရောင်နုနု နဲ့ စားလိုက်ရင် ဖန်သလိုနဲ့ချို တစ်ခါစားပြီးလို့ကတော့ နောက်တစ်ခါမြင်ရင် သားရေယိုစရာ အရသာမျိုးပါ။ ဂျပန်လိုကတော့ ဗူးနဲ့ထဲ့ရောင်းတာ အထုပ်နဲ့ရောင်းတာကို “မာ့ချာ့အိုက်စ် ”၊ ရေခဲမုန့် ကတော့ခွက်နဲ့ရောင်းတာကို တော့ “ မာ့ချာ့ ဆော့ဖ်ကရင်မ် ”လို့ခေါ်ပါတယ်။ ကြုံလို့ကတော့ အမြီးသဘောစမ်းစားကြည့်ပါ။ 

လုံးဝကြိုက်သွားပါလိမ့်မယ်။ ဂျပန်ရေနွေးကြမ်းခါးခါးကို ငြင်းပယ်သူတွေတောင် မာ့ချာ့ ရေခဲမုန့်ကို စားဘူးရင် ကြိုက်သွားကြပါတယ်။ ပြောဘို့တောင်မေ့နေတယ် ၊ လဘက်ရဲ့ ထူးကဲတဲ့ အနံ့ရယ် ရေခဲမုန့်ရဲ့အမွှေးနံ့လေးရယ်ပေါင်းပြီး စွဲမက်စရာစားချင်ဘွယ် အနံ့လေးရှိပါတယ်။

ဓါတ်ပုံများကူးယူရရှိရာနေရာများ http://image-search.yahoo.co.jp http://item.rakuten.co.jp/honjien/10000330/

4 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ ပို့စ်လေးတွေကို တင်ပြပေးတာ ကျေးဇူးပါ။ ဖတ်ရသူအတွက်လဲ ဗဟုသုတ များစွာ ရရှိစေပါတယ်။
အိုဘားမား စင်ကာပူရောက်တုန်းကတော့ စင်ကာပူနဲ့သတင်း သိပ်မကြားရဘူး။ မြန်မာဝန်ကြီးချုပ်နဲ့ သတင်းတော့ ကြားလိုက်ရတယ်၊ မြင်လိုက်ရတယ် tv ထဲမှာ။ ခြေတွေလက်တွေတုန်ပြီး ကိုင်ထားတဲ့ စာရွက်တွေ လွတ်ကျလိုကျ နဲ့။ မျက်မှန်တပ်ထားပြီး စာဖတ်တော့ မျက်စိကို မျက်မှန်ပေါ်က ကျော်ကြည့်တယ်လေ။ (ဘယ်သူလဲလို့တော့ မမေးနဲ့အုံး)။ ဟိ။
အိုဘားမား ဂယက် ၂ နဲ့ ၃ ကို စောင့်နေမယ်နော်။ နံပါတ် ၃ ကတော့ သတင်းထဲမှာ တွေ့လိုက်သေးတယ်။
အိုဘားမား ဂျပန်ရောက်တုန်းလေး.. ဂျပန်နပန်းပွဲမှာ ၀င်ပြီး နပန်းလုံးခိုင်းရမှာ။ ကိုရီးယားမှာ ကရာတေး ကစားနေလို့လေ။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Kaung Kin Ko said...

အိုဗားမား စကားတခွန်းက တော်တော် တာသွားပါ့လား

ရွှေပြည်သူ (ShwePyiThu) said...

ညီမက ရေခဲမုန့်ဆို အသေကြိုက်တော့ မာ့ချာ့ရေခဲမုန့်ကို မစားဖူးပေမယ့် စိတ်ထဲမှာ အရသာကို တွေးကြည့်နေမိပါတယ် အစ်မရေ...။ တနေ့နေ့ စားဖူးဖြစ်ခဲ့ရင် ဒီစာလေး ရေးခဲ့တဲ့အစ်မနဲ့ အိုဘားမားကို အမှတ်ရမိမှာ သေချာပါတယ်း)

shin said...

ဂျပန်မှာအဲ့ဒီ Green Tea နဲ့လုပ်ထားတဲ့ရေခဲမုန့်ကိုစားခဲ့ဖူးတယ်။ တကယ်ပဲစားလို့ကောင်းပါတယ်။ Singapore မှာအဲ့ဒါရောင်းတာတွေ့လို့ဝမ်းသာအားရဝယ်စားသေးတယ်။ အရသာလုံးဝမတူဘူး။ ဂျပန်က Green Tea ကိုအပူဖြစ်ဖြစ် အအေးဖြစ်ဖြစ်အကုန်ကြိုက်တယ်။