February 5, 2011

♪မလှဘူးပြောရင် စိတ်ဆိုးတယ်၊မချစ်ဘူးပြောတာ တကယ်လားကွယ်....♪

 ဒီစနေတနင်္ဂနွေမှာ ကျွန်မနည်းနည်းတော့ ၀မ်းနည်းသလိုဖြစ်မိတယ်။သံယောဇဉ်ရှိသူတစ်ယောက်နဲ့ ကွဲကွာရတဲ့အခါ ရင်ထဲမှာ ဟာတာတာဖြစ်နေသလိုခံစားမှုမျိုးခံစားဘူးကြမှာပါ။ သူ့ကိုဘာကြောင့်သံယောဇဉ်ဖြစ်ရသလဲဆိုရင် သူ့ရဲ့ ပံ့ပိုးမှု ဦးဆောင်မှုကြောင့် နေ့တိုင်းအလုပ်ခွင်မှာလည်းအဆင်ပြေ၊ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှုရှိခဲ့ရပါတယ်။ ကျောင်းပြီးလို့အလုပ်စ၀င်ချိန်ကနေစပြီး သူ့ကျေးဇူးနဲ့ ကျွန်မကိုယ်တိုင်ကော ကျွန်မသူငယ်ချင်းအချို့ကိုလည်း အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ သူကလည်းကျွန်မကျေးဇူးတွေသူ့မှာရှိတယ်လို့ပြောပါတယ်။ ဒီလိုနဲ့  သောကြာနေ့က တစ်ယောက်နဲ့တစ်ယောက် ကျေးဇူးစကားတွေအပြန်အလှန်ဆိုရင် နှုတ်ဆက်ခဲ့ကြတယ်။
သဘာဝအတိုင်းကပိုကောင်းပါတယ်ဆိုတာ တကယ်လား



ကျွန်မကျောင်းပြီးလို့ အလုပ်ဝင်ဘို့တိုကျိုကိုရောက်လာတဲ့ နောက်တစ်နေ့မှာ ဆံပင်ညှပ်ဆိုင်အရင်သွားပါတယ်။ ကျောင်းသူဘ၀ကနေ အလုပ်လုပ်တော့မယ်ဆိုတော့ ပုံစံကိုပြောင်းမယ်ဆိုပြီးပေါ့ ။ မိတ်ကပ် ဆံပင်လို့ဆိုကြတယ်မို့လား။ ဆံပင်ပြောင်းပြီးတော့ မိတ်ကပ်လည်းအပြောင်းအလဲ လိုပါတယ်။ ကျောင်းတက်တဲ့ အချိန်ကတော့ ကိုယ်အလေးချိန်၃၈ကီလိုနဲ့ အသားအရေကို ထိန်းသိမ်းရုံလောက် မိတ်ကပ်ကိုပဲလိမ်းနိုင်ခဲ့ပါတယ်။  နိုင်ငံခြားကလာတဲ့ကျောင်းသူဘ၀ဆိုတဲ့ ရပ်တည်ရတဲ့ အခြေအနေရယ် သင်ရတဲ့စာတွေရယ်ကြောင့် တနေ့ကို ၄နာရီခွဲ၅နာရီလောက် အိပ်။ ရှိတဲ့ပိုက်ဆံလေး (မရှိတဲ့ပိုက်ဆံလေး လို့ပြောရင် ပိုမှန်မယ်ထင်ပါရဲ့) နဲ့ လောက်အောင်သုံးတဲ့ အခြေအနေမျိုးကနေ တိုကျိုမြို့ ကုမ္ပဏီတစ်ခုက ရုံးခန်းထဲမှာ
ကုမ္ပဏီဥက္ကဌနဲ့ ဌာနမှူးတွေချည်းရှိနေတဲ့ နေရာမှာအလုပ်လုပ်ပြီး၊ တခါတရံ ဧည့်သည်တွေကို ဧည့်လက်ခံလုပ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့ အခါမှာ ကျွန်မအနေနဲ့ ဘာတွေလိုအပ်မလဲဆိုတာ သိပ်မပြောလည်း သိကြမှာပါနော်။  စရုံးတက်ချင်းကတော့ ရှိတဲ့မိတ်ကပ်လေးနဲ့လှတပတပေါ့။ နေ့စဉ်နဲ့အမျှ အသစ်၊စံနစ်၊သတင်းအချက်အလက်စတဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ တွေကို အတင်းကိုပြောင်းလည်းနေကြတဲ့ ဂျပန်နိုင်ငံတိုကျိုမြို့က ကုမ္ပဏီတစ်ခုမှာ ကျွန်မလည်း ကိုယ့်အလုပ်တွေနဲ့ ပတ်ဝန်းကျင်သစ်ကို ကျင့်သားရအောင်ကြိုးစားရင်းက ရုံးနဲ့နီးနီးနားနားမှာ မိတ်ကပ်ဝယ်လို့ရဘို့ အပူတပြင်း အားထုတ်ခဲ့ပါတယ်။
တွေ့မယ့်တွေ့တော့လည်း ရုံးအနောက်ဘက် တိုက်အောက်ကဆိုင်ဖြစ်နေတယ်။ ဒါနဲ့ ထမင်းစားချိန်လေးပြေးသွားမိတယ်။ ဆိုင်က နိုင်ငံခြားမိတ်ကပ်တွေကိုတော့ စင်တွေမှာတင်ရောင်းပေမယ့် အစုံမရှိပါဘူး။ ဂျပန်နိုင်ငံရဲ့ နံမည်ရှိတံဆိပ်အမျိုးအစား 
ကုမ္ပဏီနှစ်ခုကတော့ကောင်တာနဲ့ မိတ်ကပ်ကျွမ်းကျင်းသူ အရောင်းတာဝန်ခံပါထားပေးထားပါတယ်။ ကျွန်မကတော့ ရှီဆေးဒိုး ကိုရွေးလိုက်ပါတယ်။ အရောင်းတာဝန်ခံမိန်းခလေးက နဂိုရုပ်ရှိပြီး ပြင်ဆင်ထားတာလည်း အရုပ်ကလေးလိုပါပဲ။ ကျွန်မကသူ့ဆီတန်းဝင်သွားပြီး ထမင်းစားချိန်အတွင်းပဲအချိန်ရှိပါတယ်။ ရုံးတက်ချိန်သုံးဘို့မိတ်ကပ်လိုချင်ပါတယ်။ သို့သော်လည်း ပထမဦးဆုံးအနေနဲ့ ကျွန်မအသားအရည်စစ်ပြီးမှ သင့်တော်တဲ့ မိတ်ကပ်အမျိုးအစားတွေကိုပြပါလို့ လိုရင်းကိုပြောတော့ သူကသွက်လက်စွာနဲ့ တစ်ခုပြီးတစ်ခုစလုပ်ပါတော့တယ်။
တခြားနိုင်ငံတွေမှာတော့ ဘယ်လိုလည်း မသိပါဘူး။ ဒီမှာ မိတ်ကပ်ဆိုင်တချို့မှာ အသားအရည်စစ်တဲ့စက်တွေထားပေးပြီး မိတ်ကပ်ဝယ်ဝယ်မ၀ယ်ဝယ် အလကားစစ်ကြည့်လို့ရပါတယ်။ ဒါကိုတော့ ကျောင်းသူဘ၀မှာကတည်းက အချိန်ရလမ်းကြုံရင်လုပ်ကြည့်လေ့ရှိပါတယ်။ မိတ်ကပ်တွေကလည်း အသားအရည်ကိုလိုက်ပြီး အမျိုးအစားပေါင်းစုံရှိနေတော့ ဒီလိုစစ်ဆေးပြီးသင့်တော်တဲ့မိတ်ကပ်ကိုသုံးရတာ ကျွန်မကတော့ သဘောကျမိပါတယ်။
ဒီလိုနဲ့ အဲဒီဆိုင်လေးမှာ မိတ်ကပ်စ၀ယ်ဖြစ်သွားပါတယ်။ ရာသီလေးမျိုးနဲ့လိုက်ပြီး မိတ်ကပ်မျိုးစုံကိုထုတ်လုပ်နေတာကတစ်ကြောင်း၊ မိတ်ကပ်ဆိုပေမယ့် မျက်နှာတစ်ပြင်လုံး နှုတ်ခမ်း၊မျက်လုံးမျက်ခုံး၊ ဆံပင်၊ဦးရည်၊လက်သည်း၊ ကိုယ်ခန္ဒာအရည်ပြားစတဲ့ လိုအပ်သမျှကို ဒီဆိုင်လေးမှာပဲ အမြဲဝယ်ပါတော့တယ်။ အလှအပရေးရာအားလုံးကိုလည်း အဲဒီအရောင်းတာဝန်ခံကောင်မလေးနဲ့ပဲဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ကျွန်မကလည်း နည်းနည်းသိရင်များများပြောချင်သူ၊ ကျွန်မရဲ့ သူငယ်ချင်းမိန်းခလေးအများစုကလည်း အလှအပကြိုက်ကြသူတွေဆိုတော့ ၊ တခြားနိုင်ငံက ဂျပန်လာလည်တဲ့ သူငယ်ချင်းတွေကိုကော၊ မြန်မာပြည်ကနေ ဂျပန်လာတဲ့ သူငယ်ချင်းတွေကိုကော အဲဒီဆိုင်လေးကိုခေါ်သွားပါတယ်။ မြန်မပြည်က သူငယ်ချင်းတွေမှာလည်း အဲဒီဆိုင်ကိုသွားသူငယ်ချင်းရဲ့ အသက်၊အသားအရည်အမျိုးအစား (ငယ်ပေါင်းကြီးဖေါ်တွေဆိုတော့ အတွင်းသိအဆင်းသိဆိုတာမျိုးပေါ့)တွေပြောပြီး ၀ယ်လေ့ရှိပါတယ်။ ပြောရရင် တိုကျိုမှာနေတဲ့ လေးနှစ်ကျော်ငါးနှစ်အတွင်း အရောင်းတာဝန်ခံမလေးနဲ့ ကျွန်မကအဲဒီဈေးဝယ်ချိန်လေးမှာပဲတွေ့ဖြစ်ပေမယ့် တော်တော်ခင်မင်မိနေပါတယ်။ ကျွန်မကို discount မျိုးစုံရအောင်လုပ်ပေးသလို၊ အလှပြင်ပစ္စည်းနမူနာတွေလည်း မျိုးစုံပေးပါတယ်။ ကျွန်မကလည်းမြန်မာပြည်က လက်ဆောင်လေးတွေပြန်ပေးပေါ့။
ကျွန်မရဲ့ အလှအပပြင်ဆင်မှုအတွက် ဘာမှအခက်အခဲမရှိအဆင်ပြေနေခဲ့ရာကနေ ပြီးခဲ့တဲ့လက အရောင်းတာဝန်ခံမလေးဟာ အလုပ်ထွက်ပြီး ဇာတိကိုပြန်တော့မယ်လို့ပြောလာပါတယ်။ ခင်မင်တဲ့သူကို ခွဲခွါရမှာရယ် ၄/၅နှစ်နီးပါး ကျွန်မရဲ့ အသားအရေနဲ့ အလှအပတွေကို ဦးဆောင်ပေးသူတစ်ယောက်ကို ဆုံးရှုံးရတာရယ်၊ အလှပြင်မိတ်ကပ်လိမ်းကိစ္စတွေကို လုံးဝအားကိုးရသူတစ်ယောက် မရှိတော့မှာရယ်ကြောင့် ၀မ်းနည်းမိတဲ့အထိပါပဲ။ ကျွန်မတို့စကားတွေပြောတော့ ကောင်မလေးလည်းမျက်ရည်ဝဲ ကျွန်မလည်း ဂတုံဂယင်ပေါ့။ (လူကတော့မနုပေမယ့် အသည်းကနုတယ်)။ ကောင်မလေးနဲ့ ကျွန်မခင်မင်ကြတယ်ဆိုရာမှာ သိပ်အရေးမကြီးတဲ့ တိုက်ဆိုင်မှုတစ်ခုလည်းရှိပါသေးတယ်။ ကောင်မလေးဇာတိက ကျွန်မကျောင်းတက်ခဲ့တဲ့ တက္ကသိုလ်ရှိတဲ့မြို့ဖြစ်နေတာပေါ့။ ကျွန်မနဲ့ကောင်မလေးက တစ်ခါတွေ့ရင် အလွန်ဆုံး၄၅မိနစ်လောက်ပါပဲ။ ကောင်မလေးအတွက်လည်း ကျွန်မကဖေါက်သည်ကောင်းဖြစ်မှာပါ။ ကျွန်မရဲ့ဝယ်အားက သူငယ်ချင်းတွေပါပါတော့ များတာပေါ့နော်။ ကောင်မလေးကတော့ ကျွန်မရဲ့ဝယ်အားထက် (ဂျပန်မတွေဝယ်သလောက်တော့ မမှီဘူးဆိုတာသေချာပါတယ်) ကျွန်မလိုဈေးဝယ်ဖေါက်သည်မျိုးက သူ့အတွက်လွတ်လပ်ပေါ့ပါးပြီး (ကျွန်မရဲ့ ပြောချင်ရာပြောတတ်တာကိုများလား )သူ့ကြိုးစားမှုအရာထင်တယ် (လုံးဝ ရွက်ကြမ်းရေကျို ကနေ ကြည့်ပျော်ရှုပျော် ဖြစ်လာတာများလား) လို့ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ညနေကတော့ ကျွန်မအိမ်ကို ပုံမှန်ထက်၁နာရီလောက်နောက်ကျပြီးမှပြန်ရောက်ပါတယ်။ မနက်ကတည်းက ယောက်ျားကိုတော့မှာထားခဲ့ပါတယ်။ သားကိုမူကြိုကနေကြိုပြီး ဟမ်ဘာဂါကျွေးပြီး အိမ်ပြန်နှင့်ဘို့ပါ။ ကျွန်မကတော့ ရုံးကပုံမှန်အတိုင်းဆင်းပြီး ၀ယ်နေကြမိတ်ကပ်ဆိုင်ကိုအပြေးအလွှားသွား ကောင်မလေးကို လက်ဆောင်ပေး နှုတ်ဆက်စကားတွေပြော လိပ်စာဖလှယ်ပြီး အိမ်ပြန်ခဲ့ပါတယ်။
ကောင်မလေးက နောက်လာမယ့်အရောင်းတာဝန်ခံကို ကျွန်မအကြောင်းအားလုံးပြောထားပေးခဲ့တဲ့ အတွက်ဘာမှ စိတ်မပူဘို့ပြောပါတယ်။ နောက်လာမယ့်အသစ်က ဘယ်လိုအရောင်းတာဝန်ခံမျိုးဆိုတာလည်း မိတ်ဆက်ခဲ့ပါတယ်။
အခုသုံးနေတဲ့ ဆောင်းတွင်းသုံးအလှပြင်ပစ္စည်းတွေကုန်လို့ နွေဦးကျရင်တော့ သွားရမှာပါပဲလေ။ တခြားဆိုင်သွားမယ့်အစား
၎/၅နှစ်စာ ကိုယ့်အလှအပသတင်းအချက်အလက်အားလုံးရှိနှင့်နေပြီးသား ဆိုင်ဖြစ်နေပြီကိုး။
အဲဒါတွေထက် အရေးကြီးဆုံးအရာတွေလည်းရှိပါသေးတယ်။ လှပသစ်လွင်မှုကို လူတိုင်းကြိုက်ကြတယ်လေ။ အဲဒီလူတိုင်းထဲမှာမှ ကျွန်မကတော့ ကိုယ်တိုင်လှတာကို ပိုကြိုက်ပါတယ်။ (ကိုယ့်ကိုကိုယ်တော့ လှတယ်ထင်တာပေါ့။ ဒါကလည်း အရှုံးမရှိပါဘူး၊ အဲလိုထင်တော့ ကိုယ်ဘာသာ စိတ်ချမ်းသာတာပေါ့) ။
လူတွေအလှဘယ်လောက်ကြိုက်သလဲ မယ်စင်္ကြ၀ဠာတွေရွေးရတာပဲကြည့်လေ။ မယ်စင်္ကြာဝဠာတွေတောင်မှ ဘယ်လိုအလှပြင်ရင်ဘယ်လိုပြောင်းလဲသွားလဲဆိုတာ အများကအာရုံစိုက်ကြတဲ့ အထိပဲ။ 
အလှမပြင်မ်ီနဲ့ ပြင်ပြီး ဆိုတာ  မစ်စ် အင်တာနေရှင်နယ်တောင် မှ ဒီလိုကွာသေးတာ၊ မပြင်လို့ဖြစ်ပါ့မလား

ငယ်ငယ်က အဖွားကကျွန်မကို ပြောတတ်တဲ့ စကားရှိတယ် “ အကျည်းတန်မှန်ကြိုက်” တဲ့(တကယ်အကျည်းတန်ရင် ကိုယ့်ဘာသာကိုယ် မှန်တောင်ကြည့်ချင်မယ်တဲ့လား...နော်) ။ ရည်းစားကပြောတယ် သဘာဝအတိုင်းကပိုလှပါတယ်တဲ့ (လက်တွေ့မှာတော့ မော်ဒယ်လေးတွေနံမည် အားလုံးမှတ်မိနေတာလေ...) ။ ယောက်ျားကတော့ဆိုတယ် မိန်းမတွေအသက်ကြီးလာရင် ဈေးကြီးတဲ့မိတ်ကပ်တွေလိမ်းလို့ မိတ်ကပ်ဖိုး ပိုကုန်တယ် တဲ့(ဆယ်ကျော်သက်အရွယ်မှာ မိတ်ကပ်လိမ်းစရာမလိုသလို၊ မိတ်ကပ်ဝယ်မယ့် ၀င်ငွေကိုရှာနေသူလည်း မဟုတ်ဘူးလေ..နော့ )။
ဘယ်ပဲပြောပြောပါ မိတ်ကပ်ပညာဟာ အလွန်စွမ်းပါတယ်။ မိန်းမတွေဟာ ပြင်လိုက်ဆင်လိုက်ရင် ဘယ်အရွယ်မှာမဆိုလှနိုင်ပါတယ်။ 
၁၀နှစ်အရွယ်


၂၀ အရွယ်




၃၀အရွယ်



၄၀အရွယ်




၅၀အရွယ်




၆၀အရွယ်
ယောက်ကျားနဲ့ မိန်းမ သဘာဝနှစ်ခုစလုံးက အလှကိုကြိုက်ကြပါတယ်။ အထူးသဖြင့်တော့ ကိုယ့်ရဲ့လှပမှုကို ကိုယ့်ပတ်ဝန်းကျင်ကသူတွေ မြင်ရတာ မနှစ်မြို့သူတွေမရှိတာအပြင် မိမိကိုယ်တိုင်ရဲ့ အလှက မိမိကိုယ်တိုင်အတွက်ပျော်ရွှင်မှုကိုရစေပါတယ်။ ကျွန်မကတော့ စိတ်ချမ်းသာအောင် အလှပြင်ပါတယ် (စကားချပ်။။အလှပြင်မှ စိတ်ချရလို့ ပြင်တာ မဟုတ်ဘူးနော်)။ သားလေးက ကျွန်မကို “ မာမား ခိရဲအိ ” လို့ပြောရင် အပျော်ဆုံးပါပဲ (ဒါကိုကြားတဲ့ သူငယ်ချင်းက ခလေးကို မျက်စိဆရာဝန်ပြကြည့်ဦးနော်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမကောင်းဘူးထင်တယ် တဲ့ )။ကျွန်မကတော့  ပျော်လွန်းလို့ ကြားဘူးတဲ့ သီချင်းလေးကိုတောင် ဆိုမိတာပေါ့။

 ♪ ♪ ♪မလှဘူးပြောရင် စိတ်ဆိုးတယ်၊ မချစ်ဘူးပြောတာ တကယ်လားကွယ်၊ မှန်ထဲကြည့်ကာ မ၀ံ့မရဲ သံသယစိတ်တွေဝင်ခဲ့မိပြန်တယ်♪ ♪ ♪



ဓါတ်ပုံတွေကို အင်တာနက်ကကူးယူပြီး။
ခေါင်းစဉ်ကို နံမည်ကြီးမြန်မာသီချင်းစာသားကို သုံးထားပါတယ်။

11 comments:

သူကြီးမင်း (တုံးဖလား) said...

အမက လှပြီးသားပါ။ မိတ်ကပ်မလိုပါဘူး။ ဟဲ ဟဲ စိတ်ဆိုးမှာစိုးလို့းဝ)။

အဲဒီလောက်ကြီး တစ်ယောက်ကိုတစ်ယောက် အကျိုးပြုပြီး နားလည်မှုအပြည့်နဲ့ တွေ့နေကျ မိတ်ဆွေ တစ်ယောက် ရုတ်တရက် ပြောင်းတော့မှာဆိုတော့လဲ ၀မ်းနည်းစရာကြီးဘဲ။ အမ.. မျက်ရည်ထိန်းနော်။ လူက မနုပေမဲ့ အသဲက နုတယ် ဆိုလို့ပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

PAUK said...

အမရဲ့ ပုံလေးတင်မှ ပိုကောင်းမှာပေါ့..။
ကျနော်ကတော့ ဖြစ်သလိုပဲ ဝယ်တယ်..။
ကြုံရင် ကြုံသလိုပါပဲ..။
လူကလဲ ဖြစ်သလိုပဲဆိုတော့..
မထူးတော့ပါဘူးလေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်တွေပျောက်နေတာလဲဟင်
အသ်စလဲမတင် လူလဲမတွေ့တာကြာပေါ့
ခုမှအသစ်တွေ့လို့ပြေးလာတာ
မကောင်းမွန်ဝင်းပုံ တင်ထားတယ် ထင်လို့ အပြေးလာကြည့်တာဆို ပိုမှန်မယ်..
ကျွန်မလဲ တူတူဘဲ အလှကြိုက်တယ်
အကျည်းတန်မှန်ကြိုက်ဆိုတဲ့စကားအတိုင်းပေါ့လေ..း)
စာပြန်ရေးလို့ ၀မ်းသာရပါတယ်..

ခွန် said...

ပြောင်းသွားတဲ့သူ အတွက် စိတ်မကောင်းပါဘူး။
ခွန်လည်း ဆံပင်အမြဲညှပ်နေတဲ့သူ ဆိုင်ပြောင်းသွားတော့ သူနဲ့ပဲပြောရဆိုရအဆင်ပြေမို့
တကူးတကသူပြောင်းတဲ့ဆီ လိုက်ညှပ်ခဲ့ပေမယ့် ခုကိုယ်လည်းအိမ်ပြောင်းရော လမ်းကတခြားဆီဖြစ်သွားတာနဲ့ မသွားနိုင်တော့ဘူး။

ကိုယ်ချင်းစာတယ်အစ်မရေ...
ကိုယ်နဲ့ပြောရဆိုရ ကီးကိုက်တဲ့သူကအကောင်းဆုံးဘဲ။
အဲ့လိုမျိုးဆို ၀ယ်ချင်စိတ်လည်းဖြစ်တယ်။ စကားပြောမကောင်းရင် ၀ယ်ချင်စိတ်လည်းကုန်တယ်။

"လူကမနုပေမယ့် အသည်းကနုတယ် "
အစ်မတို့ကတော့ လုပ်တော့မယ်....
ဒီလောက်နုလို့ ယောက္ခမအဖြစ် ရွေးထားတာဟာကိုးးးးးး

ညီလင်းသစ် said...

ရင်းနှီး၊ ယုံကြည်ရတဲ့ အတိုင်ပင်ခံတစ်ယောက် ဆိုတော့ ခွဲခွာမှုအတွက် ဝမ်းနည်းမယ်ဆိုတာ နားလည်ပါတယ် ဗျာ..၊

ကျနော်ကတော့ ရုံရှင်တွေမှာ special effect အတွက် သုံးတဲ့ မိတ်ကပ်တွေကို စိတ်ဝင်စားတယ်၊ ဥပမာ- Lord of the rings ထဲက မိတ်ကပ်ဘယ်လို လိမ်းတယ်ဆိုတာ ပြထားတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်..။

Anonymous said...

ဒေါ်ကောင်းကောင်းရေ
အရင်တစ်ယောက်ထက် ပိုအဆင်ပြေမှာပါ ကောင်းစေချင်လို့ နောက်တစ်ယောက်ပြောင်းလာတာနေမှာ
လှပြီးသားလူ ဘယ်လိုနေနေ လှမှာပါဘဲနော


ခင်မင်တဲ့
seesein

Kyaw Hnin Se Lwin said...

မရေ
အလှသိပ်ကြိုက်တာခုမှသိတော့တယ်
စကားမစပ်ခွန်က ရှာတွေ့သွားပြီကိုး
:D

စူးနွယ်လေး said...

ချောပြောသလိုပဲ ဘယ်ပျောက်နေတာလဲလို့ တွေးနေတာ။
နောက်တယောက်နဲ့လည်း အဆင်ပြေမှာပါနော်။

rose said...

အစ်မကောင်းမွန်... အလည်ရောက်ခဲ့တယ်ရှင့်။ ရို့စ်လည်း မှန် သိပ်ကြိုက်တယ်။ Skin care products တွေနဲ့ အသားအရေ ထိန်းသိမ်းလို့ မှန်တကြည့်ကြည့်နဲ့ပေါ့။ ချစ်ချစ်ဆို ရို့စ်ကို ကြည့်ပြီး ရယ်တောင် ရယ်တယ်... မှန်ကြည့်လွန်းလို့လေး)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အလှအပ ဆိုတာ လူတိုင်း ရယူ နှစ်သက်လိုကြတာ။ လှပြီးသားလူတွေ ပြင်လိုက်ဆင်လိုက်တော့ အတိုင်းထက် အလွန် လှသွားတာပေါ့ နော်.... ရွှေအနားကို စိန်ကွပ်တဲ့ သဘောပေါ့။

ကျန်းမာခြင်းနဲ့ ပြည့်စုံတဲ့ လှပခြင်းတွေ အစဉ်ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ဗျာ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ရွှေပြည်သူ (ShwePyiThu) said...

“အကြည်းတန် မှန်ကြိုက်”လို့ ငယ်ငယ်က အပြောခံရတာချင်းတူလို့ ပြုံးမိသေးတယ်။ ကိုယ်လှလှပပ သပ်သပ်ရပ်ရပ် ရှိနေတာကို ကိုယ့်ဘာသာ ကျေနပ်ရတာ တကယ့်ပျော်စရာနော် အစ်မ။ ကိုယ့်အတွက်ကိုယ် အလှပြင်တယ်ဆိုတာကိုလည်း ညီမတော့ အားပေးထောက်ခံမိပါတယ်။

သားသားက “မာမား ခိရဲအိ” လို့ပြောရင် အစ်မရဲ့ ကျေနပ်ကြည်နူးနေတဲ့ မျက်နှာကို မြင်ယောင်မိပါတယ်း)