April 27, 2010

ကမ္ဘာ့ အကောင်းဆုံးမနက်စာ

အထင်ကရနံမည်ကြီးပုဂ္ဂိုလ်များ အပြင် ဟောလီဝုဒ်က ကြယ်ပွင့်များ ကတောင် လာရောက်သုံးဆောင်ကြတယ်ဆိုပြီး ဂျပန်နိုင်ငံ ရဲ့ မီဒီယာလောက မှာ ရေပန်းစားနေတာကတော့
“ ကမ္ဘာ့ အကောင်းဆုံးမနက်စာ ” ဖြစ်ပါတယ်။





သူတို့ပြောတဲ့ နံပါတ်ဝမ်း
ဂျပန်နိုင်ငံ အင်တာနက်ပေါ်မှာ၊ ရုပ်မြင်သံကြားလိုင်းပေါင်းစုံပေါ်မှာ “ကမ္ဘာ့အကောင်းဆုံး မနက်စာ” ရယ်လို့ နံမည်ကြီးလှတဲ့ စကမ်ဘဲလ်ဒ် အက်ဂ် scrambled egg  ကို စားဘို့အတွက် ဆိုင်ကိုရောက်ပြီး စာရင်းပေးထားပြီး စားရဘို့အထိ နာရီနဲ့ချည်ပြီးစောင့်ရပါတယ်။ ဒါပေမယ့် စားဘို့သွားတဲ့သူနဲ့ စောင့်တဲ့သူတွေက ဒီနေ့အထိ အမြဲမပြတ်ရှိနေတုန်းပါပဲ။ ပိတ်ရက်နဲ့ စနေတနင်္ဂနွေတွေမှာ မနက်စာစားရဘို့အရေး အနည်းဆုံး တစ်နာရီကျော်ကျော်စောင့်ရတယ်လို့သိရပါတယ်။

အဲဒီလိုစောင့်ရတာကို ဂျပန်လူမျိုးတွေတင်မကပါဘူး ဂျပန်ကိုလာကြတဲ့  တွမ်ခရုဇ် Tom Cruise ၊ ကမယ်လွန်ဒီးယ်စ် Cameron Diaz၊ လီယိုနာဒို ဒယ်ကာပီယို Leonardo DiCaprioတို့လို ဟောလိဒ်ဝုဒ် စတားများကလည်း နှစ်သက်စွာလာရောက်သုံးဆောင်ကြတယ်တဲ့။

နယူးယောက်တိုင်းမ်စ် စာစောင်မှာ “ကမ္ဘာ့နံပါတ်တစ် အရသာအရှိဆုံး မနက်စာ”လို့ တင်စားဖေါ်ပြခြင်းခံရတဲ့ scrambled egg စကမ်ဘဲလ်ဒ် အက်ဂ် (ကြက်ဥကို နွားနို့ထောပတ်တို့နှင့် မွှေကြော်ထားတဲ့ ကြက်ဥမွှေကြော်) ဖြစ်ပါတယ်။ ဒီကြက်ဥမွှေကြော် မနက်စာကို ရောင်းချတာကတော့ ဆစ်ဒနီက ရက်စတောရင့် တစ်ခုဖြစ်တဲ့ ဘီလ်စ် bills ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အခုဆိုရင် ဆိုင်ခွဲ နှစ်ဆိုင်ရှိနေပါပြီ။ ဆစ်ဒနီ က ဘီလ်စ် ကနေ နိုင်ငံခြားရပ်ခြား ပထမဦးဆုံးဆိုင်ခွဲကို ၂၀၀၈ခုနှစ်မတ်လမှာ ဂျပန်နိုင်ငံ ကာမာ့ကုရာ့ ၊ ရှိချိရိဂါ့ဟာမာ့ ဆိုတဲ့ကမ်းခြေနေရာမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီနှစ်၂၀၁၀၊ မတ်လမှာတော့ ယိုကိုဟားမား ဆိပ်ကမ်းက“ အကာ့ရမ်းဂါ့ဆိုးကို ”ဆိုတဲ့ နေရာမှာ ဒုတိယဆိုင်ခွဲကို ဖွင့်လှစ်ပါတယ်။

အနေအထား
ဆိုင်နှစ်ဆိုင်စလုံးဟာ နေရာအနေအထားနဲ့ အပြင်အဆင်က အလွန်ကို ကောင်းလှတာကလည်း နံမည်ကြီးရခြင်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေကို မျက်နှာပြုထားတဲ့ မြင်ကွင်းကျယ်က မျက်စိကို လည်း အဟာရပြည့်ဝစေပါတယ်။

အခင်းအကျင်း
ကာမာ့ကုရာ့ က ဆိုင်မှာတော့ အဖြူရောင် အင်္ဂတေတွေကို မံပြီးသုတ်ထားတဲ့အတိုင်းထားထားတဲ့
(အမှတ်တမဲ့ကြည့်ရင် ဆောက်လက်စ အဆောက်အဦပုံစံနဲ့ ပေါ့) အပြင်အဆင်ဒီဇိုင်းနဲ့ နှစ်ထပ်အဆောက်အဦမှာတည်ရှိပါတယ်။ ဆိုင်က ပင်လယ်ကမ်းဘေးနားက လမ်းမနဲ့ ပင်လယ်ဘက်ကိုမြင်ရတဲ့အတွက်ကြောင့် ဟိုဘက်ငေးဒီဘက်ငေးနဲ့ စောင့်ရတာ အချိန်ကြာတယ်လို့မထင်ရဘူးလို့ စားသောက်ဘို့သွားတဲ့ သူတွေက ဆိုကြပါတယ်။ ပင်လယ်ပြင်ကိုမျက်နှာမူထားပြီး ဒိုင်းနင်း dining နဲ့ လောင့်ဂ်ျ lounge ခန်းမနှစ်ခုနဲ့ ၀င်ပေါက်နှစ်ခုရှိပါတယ်။ ညဘက်အတွက် ဘားကောင်တာ Bar counter ဒီဂျေဘုသ် DJ boothတွေလည်း ပြင်ဆင်ထားတဲ့အပြင် ဆိုဖာထိုင်ခုံတွေလည်းထားထားတော့ သက်တောင့်သက်သာနေထိုင်နိုင်ပါတယ်။
လောင့်ဂ်ျထဲက ပြူတင်းပေါက်ဘက်မှာတော့ မှန်စားပွဲ နဲ့ လိမ္မော်ရောင် ထိုင်ခုံတွေခင်းကျင်းထားပါတယ်။ ပင်လယ်ပြင်ဘက်ကတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်အေးမြတဲ့ လေရဲ့ အထိအတွေ့၊ ထိုင်ရတာ အဆင်ပြေထိုင်လို့ကောင်းတဲ့ ကုလားထိုင်များ ပေါ်မှာထိုင်ရင်း ပင်လယ်ပြင်ကို ငေးမောရတဲ့ တဒင်္ဂဟာ “အချိန်“ ဆိုတာကို မေ့ပျောက်နိုင်လောက်တဲ့ ရှုခင်းပါ။

မီနူးမိတ်ဆက်
မနက်စာ မီနူးတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း ဆိုင်ရဲ့ နံမည်ကျော် ကြက်ဥမွှေကြော်အပြင် ၊
ပန်ကိတ်ခ် (pancake)၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ ဘယ်ရီ (berry) သီးဖျော်ရည် တို့ပေါ့။

ဒီပန်ကိတ်ဟာ လည်း ကြက်ဥမွှေကြော်လိုပဲ လူကြိုက်များ ရောင်းကောင်းတယ်လို့ သိရပါတယ်။
ဘာကြောင့်နံမည်ကြီးရသလဲဆိုရင် သူ့ထဲမှာပါဝင်တဲ့ သကြားနဲ့ဖောက်ထားတဲ့ ကြက်ဥအနှစ် (meringue )၊ ရီကိုတာ ချီးစ် (Ricotta cheese) တွေကပြစ်ပြစ်နှစ်နှစ်ရှိလှပြီး နူးညံ့မှု ၊ ကိတ်ရဲ့မီးဖုတ်ထားတဲ့ အရသာ သက်သက်ကလေးနဲ့ ပါးစပ်ထဲမှာ အရသာစွဲသွားစေတာပါ။ ချိုပုံချိုနည်းကလည်း အနေတော်၊ ချီးစ်ရဲ့ ချဉ်တင်တင် အရသာကလည်း ပါလိုက်သေးတယ်။ ပျားရည် နဲ့
ထောပတ်လေးကိုဆမ်း ဒါမှမဟုတ် ငှက်ပျောသီး မေပယ်လ် သကြားရည်လေးဆမ်းလိုက်လို့ကတော့ တမူထူးတဲ့အရသာက ယန်း၁၄၀၀ ပေးရလဲ မနှမြောဘူးဆိုပဲ။

နောက်ထပ် မီနူးကတော့ ဒီဆိုင် bill ကိုနံမည်ကြီးဖြစ်စေတဲ့ “ကမ္ဘာ့နံပါတ်တစ် အရသာအရှိဆုံး မနက်စာ” ပါ။ အော်ဂင်းနစ်ကြက်ဥဆိုတဲ့ သဘာဝအတိုင်းမွေးမြူထားတဲ့ ကြက်ဥကို မွှေကြော်ထားပြီး ပေါင်မုန့်ကင် နဲ့ တွဲထားပါတယ်။ တစ်ပွဲကို ယန်း၁၂၀၀ပါ။ ကြက်ဥနှစ်လုံးကို ဖရက်ခ်ျကရင်မ် နဲ့ ဆားအနည်းငယ် ထဲ့ပြီး သိပ် မခေါက်မွှေပဲကြော်ထားပုံရပါတယ်။ လျှာပေါ်တင်လိုက်တာနဲက စိမ့် အိသွားလောက်အောင် နူးညံ့လှပါတယ်။

ဘယ်သူကစလိုက်တာလဲ
အဲဒီမနက်စာကို တီထွင်ရောင်းချသူက သြစတြီးလျနိုင်ငံသား Bill Grangerပါ။ သူဟာ ဆစ်ဒနီရဲ့ မနက်စာ ယဉ်ကျေးမှုကိုပြောင်းလည်း ပစ်နိုင်ခဲ့သူ၊ ကမ္ဘာ့နံပါတ်ဝမ်း မနက်စာရယ်လို့ ဂယက်ရိုက်သွားစေသူပါ။
သြစတြေးလျနိုင်ငံ မယ်လဘုန်းမြို့မှာမွေးဖွားပြီး အသက်၁၉နှစ်မှာ ဆစ်ဒနီကိုပြောင်းခဲ့ပါတယ်။
ကျောင်းသားအရွယ်မှာ အနုပညာအဓိကနဲ့ ပညာသင်ခဲ့ရင်း အချိန်ပိုင်းအလုပ်ကို စားပွဲထိုးလုပ်ခဲ့ရာကနေ အစားအသောက်လောကကို စိတ်ဝင်စားပြီး တစ်ခေတ်ထူလိုက်ပါတယ်။
တမူထူးတဲ့ အတွေးအခေါ်နဲ့ ပါရမီဥာဏ် လင်းလက်တဲ့အချိန်မှာ သူ့စိတ်ကူး အတိုင်း စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ချလိုက်ပါတော့တယ်။ ၁၉၉၃ခုနှစ်မှာ ဆစ်ဒနီ က Darlinghurs မှာ bills ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ် ရောက်တော့ Surry Hills မှာထပ်ဖွင့်ပါတယ်။
နှစ်ဆိုင်စလုံး ဟာ ဒေသခံလူများအပြင် ခရီးသွားဧည့်သည်များကပါ ကြိုက်နှစ်သက်လို့ တစတစ စည်ကားအောင်မြင် လာပါတော့တယ်။ ၂၀၀၅ခုနှစ် မှာ ခြံပုံစံနဲ့ bills Woollahra ဆိုင်ကို ထပ်မံတိုးချဲ့နိုင်လာပြန်ပါတယ်။

ဘာကြောင့် ဂျပန်မှာ လာဖွင့်တာလဲ
၂၀၀၈ခုနှစ်မှာတော့ တက္ကသိုလ်ကျောင်းသားဘ၀မှာ အလည်လာခဲ့ပြီးနောက်ပိုင်း သူ့ ရဲ့ အတွေးအခေါ်တွေကို ပိုမိုကြီးထွားရင့်သန်စေတဲ့ သဘာဝပတ်ဝန်းကိုပိုင်ဆိုင်တယ်ဆိုတဲ့ ဂျပန်နိုင်ငံမှာ ပထမဦးဆုံး နိုင်ငံရပ်ခြားဆိုင်ခွဲကို ကာမာ့ကုရာ့၊ ရှိချိရိဂါ့ဟာမာ့ ကမ်းခြေ မှာ ရွေးချယ်ဖွင့်လှစ်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့တဲ့ ပင်လယ်ကမ်းခြေဘေးနားက စားသောက်ဆိုင်ကို လက်တွေ့ အကောင်အထည်ဖေါ်လိုက်နိုင်ပါပြီ။ ပင်လယ်ကို ရှုမျှော်ရင်းနဲ့ စားကောင်းဘွယ်ရာကို သုံးဆောင်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် နိုင်ငံတကာကနေတောင်အာရုံစိုက်ခံရပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ကူးဆန်း ကနေ ဂျပန်ရဲ့ ထရမ်း( trend)
ဂျပန်နိုင်ငံရဲ့ ခေတ်ရေစီးကြောင်းများထဲက အခုရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး၊ နိုင်ငံခြားသား တစ်ယောက်ရဲ့ ဂျပန်နိုင်ငံထဲကို စီးပွါးရေးခြေလှမ်းပုံ၊ စီးပွါးရေးမကောင်းဘူးရယ်လို့ သတ်မှတ်ထားကြတဲ့ ခေတ်ကာလမှာ (ဘာပဲပြောပြောဂျပန်လူမျိုးတစ်ယောက်အတွက်လည်း) ဈေးကြီးတဲ့ မနက်စာကို တည်ခင်း ရောင်းချတဲ့ သတ္တိနဲ့ သာမာန်ရောင်းကုန်ပစ္စည်းကို ထူးခြားတဲ့ အသွင်နဲ့ ဈေးကွက်တစ်ခုထွင်နိုင်တဲ့ လူတစ်ယောက်ရဲ့ အမြော်အမြင်တွေကို ကျွန်မသိရသမျှ ဖေါ်ပြလိုက်ပါတယ်။

လှပ ဆန်းသစ်တဲ့ ကိုယ်ပိုင်စိတ်ကူး အိပ်မက်များ တကယ်လက်တွေ့ဖြစ်နိုင်တာသိရှိရခြင်းဖြင့်
နေ့စဉ်ရုန်းကန်လှုပ်ရှားရတဲ့ ဘ၀မှာ အားသစ်များ ရရှိခံစားနိုင်ကြပါစေ။

ကိုးကားစာမျက်နှာများ
http://www.bills.com.au/bills/index.htm
http://www.asajikan.jp/special/080304a/
http://bills-jp.net/bills_english/infomation_shichirigahama.html
http://www.excite.co.jp/ism/concierge/rid_1620/pid_1.html
http://www.ozmall.co.jp/trend/20071009gourmet/
http://www.japantoday.com/category/lifestyle/view/celebrity-australian-chef-introduces-japan-to-the-pleasure-of-breakfast

5 comments:

khun thadar said...

မနက်စာကောင်းကောင်းမစားနိုင်တဲ့
ခွန့်အတွက်တော့ အတော်ကောင်းမယ့်
မနက်စာဘဲ...အစ်မရေ။
ခုလိုရေးပြတာ ကျေးဇူးပါ ကြုံရင်
တန်းစီပြီး စားကြည့်လိုက်အုံးမယ် ဟဲ...
ကြုံမယ်လည်းမထင်ပါဘူး...:P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အစားအသောက် ကောင်းကောင်းလေးတွေကို ဝေမျှ တင်ပြပေးတာ ကျေးဇူးပါ။
ပုံလေးတွေကို ကြည့်ရတာနဲ့တင် စားချင်စိတ်က ပေါက်နေပြီ။ တန်းစီရမှာတော့ ပျင်းတယ်ဗျ။

ကျုပ်တို့ အညာမှာ ဆိုရင်တော့ မနက်စာဆိုရင် ထမင်းဆီစမ်းနဲ့ အညာပဲလှော်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ အ၀တီးတာ ဗျို့။

အဖေ စင်ကာပူ အလည်လာတုန်းက McDonald မှာ မနက်စာ စားတော့ ပြောတာလေး သတိရမိတယ်။ မင်းတို့ မနက်စာကလဲ ပေါ့ပျက်ပျက်နဲ့ တဲ့။ ပေါင်မုန့်မီးကင်ကို အသားညှပ်ပြီး ကြက်ဥမွှေကြော်လေးနဲ့ စားရတာ.. အားမရဘူးတဲ့။

အဲဒါနဲ့ နောက်နေ့တွေမှာ ကုလား ဘယာကြော်လေးနဲ့ ရေနွေးကြမ်း ရယ်.. ထမင်းဆီစမ်း ပူပူလေးရယ် လုပ်ပေးရတယ်.. အဲဒီတော့မှ...

အေး..ဒီလိုလုပ်ပါ.. အခုမှ ခံတွင်းတွေ့တယ် တဲ့ ဗျာ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

SHWE SHWE WIN said...

အသင်ဧ။်မနက်စာသည်ကျွနုပ်ဧ။်ညစာအားနောက်ကျစေခဲ့ဧ။်။အကြောင်းမှာ အလုပ်မှ ပြန်ရောက်ရောက်ချင်း ဝယ်လာသော parcel အားစားခါနီးတွင် အသင့်အား နှိပ်လိုက်မိသွားခြင်းကြောင့်ဖြစ်သည်။ ( ^ ^)
စကားမစပ် ထိုမနက်စာအတွက် အသင် နာရီပေါင်းမည်မျှ စောင့်ခဲ့ရသနည်း။

SHWE SHWE WIN said...

အခုလိုရေးသားဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ပါတယ်ရှင်.....

win latt said...

မရောက်တာကြာလို့...နေကောင်းလားအမ...
ဒီမှာတော့ နှာချေတာ တစ်လလောက်ရှိသွားပြီ...
ပန်းဝတ်မှုန်ရောဂါ ရနေပါကြောင်း...။