တိုကျိုကမြန်မာဘုန်းကြီးကျောင်း စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို သွားခဲ့ပါတယ်။
ဘုန်းကြီးကျောင်းရဲ့ ၀ါဆိုသင်္ကန်း ဖိတ်စာမှာရေးထားတဲ့ ၀ါဆိုသင်္ကန်းကပ်လှူခြင်းအကြောင်းကို ရေးထားတာကိုဖတ်ပြီး သွားမယ်လို့ အားခဲတာပေါ့။ (ဘလော့ဂ်မိတ်ဆွေ သဂျီး ကိုကိုမောင် ကလည်း အားပေးတယ်လေ)
ထုံးစံအတိုင်း စနေတနင်္ဂနွေဆို အိပ်ရာကိုနေမြင့်မှထတယ်။ လျှော်ဖွတ်စရာတွေ ရှိတာရယ်နဲ့ ဘုန်းကြီးကျောင်းရောက်တော့ သီလပေးပြီးနေပါပြီ။ မီတဲ့နေရာက ၀င်ခဲ့ရတာပေါ့။ ဘုန်းကြီးကျောင်းမှာ လူကလည်း အပြည့်ပါပဲ။ တရားနာရေစက်ချပြီး ဘုန်းဘုန်းတွေကို ကိုယ်တိုင်သင်္ကန်းကပ်ရတာ စိတ်ကြည်နှုးရပါတယ်။
အဲဒီနေ့က တိုကျိုကျောင်းထိုင်ဘုန်းဘုန်း၊ နဂိုယာဘုန်းဘုန်းနဲ့ မြန်မာပြည်က ဘုန်းဘုန်း ၃ပါးကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။
မိုးလင်းမိုးချုပ် အလုပ်နဲ့။ ကိုယ့်မိသားစုလေးအပြင် တွေ့နေနိုင်တဲ့ မြန်မာလူမျိုးကလည်းမရှိ ။ ဘုန်းကြီးဆိုရင်လည်း ကိုယ့်အိမ်ပင့် ရင်ပင့် ၊မပင့်နိုင်ရင် ဘုန်းကြီးကျောင်းသွားဆိုသလို။ ၀ါဝါသင်္ကန်းဆိုတာလည်း မြင်ချင်တိုင်းမြင်လို့မရ တော့ ။ မြန်မာမိသားစုအစုအဝေးနဲ့ မြန်မာစကားတွေကို ကြားရတာ စိတ်ကိုတစ်မျိုးတစ်မည် အားဖြစ်တယ်လို့ ခံစားမိပါတယ်။ အထူးသဖြင့် သံဃာတော်ဘုန်းဘုန်းတွေရဲ့ တရားကို မျက်မြင်ဖူးတွေ့ ကြားနာရတာကတော့ တကယ်ကို စိတ်တည်ငြိမ်အေးချမ်းခဲ့ရတယ်။
ကုသိုလ်လည်းရ ၀မ်းလည်းဝလည်း လုပ်ခဲ့သေးတယ်။ တချို့အလှူရှင်တွေကကိုယ်တိုင်ချက်ပြုတ် လာကြတဲ့ ထမင်းဟင်း အချိုပွဲတွေနဲ့ လာသမျှလူတွေကို ဧည့်ခံကြပါတယ်။
ကျွန်မကထမင်းစားဘို့ မရည်ရွယ်ခဲ့ပါဘူး။ အလှူပွဲပြီးသွားတဲ့အချိန်ကပဲ ၂နာရီကျော်နေပါပြီ။ ဒါပေမယ့် လည်း အလှူလှူကြသူများက ထမင်းစားဘို့ကို ဖေါ်ဖေါ်ရွေရွေခေါ်ကြတဲ့ အတွက် ကျွန်မစိတ်ဝင်စားပြီး ၀င်စားလိုက်ပါတယ်။ ဟင်းတွေကအစုံပါပဲ။ အကြိုက်ဆုံး ကတော့ မွန် သနပ်စုံသုပ်၊ မွန် ကြက်သားဟင်း။
ရခိုင် ငါးပတ်မွှေ နဲ့ ဗမာ ပုဇွန်ခြောက်ကြော် ပါ။ စားရင်းနဲ့ ပုဇွန်ခြောက်ကြော် ကြော်နည်း ရယ် မွန်သနပ်စုံသုပ် လုပ်နည်းရယ်ကို ပါမေးလာခဲ့ပါတယ်။
တခါတလေ ကိုယ်တိုင်ချက်ရာကနေ ဆိုင်မှာဝယ်စားတာမဟုတ်ပဲ သူငယ်ချင်းမိတ်ဆွေနဲ့ အလှူတွေမှာစားရတာဟာ ကျွန်မအတွက်တော့ အရသာရှိနေပါတယ်။
(ဘလော့ဂ်တွေမှာ အိမ်လည်စားတာသာကြည့်ပါတော့)
စကားမစပ် သားကို ကိုယ်ဝန်ရှိတုန်းကတော့ မြန်မာပြည်က အလှူတွေမှာ စားခဲ့တဲ့ အုန်းထမင်း၊ ငါးသလောက်ပေါင်း၊ ချဉ်ပေါင်ဟင်းချို၊ ငါးပိကြော်၊ သရက်ချဉ်သုတ်တို့ကို အရမ်းချဉ်ခြင်းတက်ခဲ့ဘူးသေးတယ်။ အဲဒီဟင်းတွေကိုစားချင်တာသက်သက်ချည်း မဟုတ်ပဲ၊ အလှူကိုသွားပြီး ထိုင်ပြီး အဲလိုအနံ့အသက်တွေနဲ့ အရသာကို သတိရတာပါ။
အလှူရဲ့အကြောင်းထက် အလှူထမင်းအလှူဟင်းကိုပဲ အဓိကထားရေးမိနေပြီ။ အော် လူ့စိတ်.... ဟုတ်ပါဘူး။ ကျွန်မရဲ့ စိတ်။ သိပ် မနိတ်သေးပါဘူးနော်။
ပြောလက်စနဲ့၊ ကျွန်မရဲ့ အလှူကို အမျှပေးဝေရင်း သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ ကုသိုလ် အစုစုကိုလည်း ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်လိုက်ပါတယ်။
ဘုန်းကြီးကျောင်းက အလှူဖြစ်မြောက်ရေးအတွက် ဦးဆောင်ပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်အားကျမိပါတယ်လို့ ပြောလိုက်ပါရစေရှင်။ ကျွန်မက ဘုန်းကြီးကျောင်းကို အလှူရှိမှရောက်တာပါ။ ဘုန်းကြီးကျောင်းကို အမြဲသွားပြီး ကုသိုလ်ယူနေသူတွေကြောင့် ဘုန်းကြီးကျောင်းက သန့်ရှင်းပြီး သပ်ပါယ်လှပါတယ်။
နောက်ဆက်တွဲသတင်းအနေနဲ့ သိခဲ့ရတာကတော့ ကထိန်သင်္ကန်းအလှူကိုတော့ အောက်တိုဘာလ ၁၈ရက်နေ့မှာကျင်းပပါမယ်တဲ့ ရှင်။
စာကြွင်း။ ။ ဓါတ်ပုံတွေရိုက်တာ ဒီတစ်ခါလည်း ညံ့သွားပြန်တယ်။ ခွင့်လွှတ်ပါနော်။
12 comments:
ကုသိုလ်လုပ်ရလို့ ဝမ်းမြောက်မှုကို ဘာနဲ့ မှနှိုင်းလို့ မရဘူးနော်။ သာဓု၊သာဓု၊သာဓု....
ရှေ့ဆက်ပြီးကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်နိုင်ပါစေ။
အစ်မကောင်းမွန်ရေ။ ပိုစ်.နာမည်မြင်ပီး အဝတီးမလို.အပြေးလာတာ။ အဲနေ.က အိပ်ရာထနောက်ကျတော. မမှီတော.ပါဘူးလေ။ပီးတော. အိမ်က ဝါဆိုသင်္ကန်းကပ်ပေးထားတာပဲလေ။ မမှီလဲ သဒ္ဒါစိတ်လေးပွားပီးပဲနေတော.မယ်လို. ဟဲ ကိုယ်.ဘာသာဆင်ခြေကန်ပီးမသွားလဲနေလိုက်တော.တယ်။အဲနေ.သွားရင် အစ်မနဲ.တွေ.ဖြစ်မှာနော်။အစ်မအရေးအသားကောင်းတော. မျက်စိထဲတန်းပုံဖော်မြင်မိတယ်။အစ်မ သာဓု သာဓု သာဓု နော်။
သာဓုခေါ်ပါတယ် မမွန်။ အခုလို ရာသီအလိုက် သာသနာရေးပွဲတွေကို ပြည်ပမှာ စုစုစည်းစည်း ပြုလုပ်ကျင်းပကြတာ မြင်ရတော့ ပိုပြီး ၀မ်းသာကြည်နူးဖြစ်ရပါတယ်။
မြန်မာဗုဒ္ဓဘာသာမှန်ရင် ဘယ်နိုင်ငံရောက်ရောက် ဘုရားသွားကျောင်းတက် မလုပ်ဘဲကို မနေနိုင်ကြဘူးလေ။ မွေးရာပါ သဒ္ဓါတရားလို့ ပြောရင် ရပါတယ်။
ဓါတ်ပုံလေးတွေ မညံ့ပါဘူး။ ကြည့်လို့ ကောင်းပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကြည်နူးစရာလေးပါ။ သာဓု သာဓု သာဓု
အိုင်အိုရာ
သာဓု သာဓု သာဓု ပါ မာမီရေ...
တော်တော်စိတ်ချမ်းသာခဲ့မဲ့ ပုံဘဲ
မကောင်းမွန်ဝင်းနဲ့ထပ်တူ ပီတိကိုဝေမျှခံစားရင်း ကုသိုလ်ယူသွားပါတယ်နော်။
မမွန်ရေ
အမှန်ပဲ မြန်မာစကားပြောရရင်ကိုအားဖြစ်တာ
:)))
သာဓုဗျား...ဘုန်းကြီးပွဲကျတွေ အနံ့လာခံလိုက်ပါရဲ့...
မ,ကောင်းမွန်ဝင်းရဲ့ ပို့စ်လေးဖတ်ပြီး ဝမ်းသာကြည်နူး မိပါတယ်၊ ရပ်ဝေးမြေခြားမှာ အခုလို ကုသိုလ်ကောင်းမှု လုပ်ခွင့်ရတာ ထူးမြတ်တဲ့ အခွင့်အရေးပါပဲ..၊ မွန် ကြက်သားဟင်း၊ ရခိုင် ငါးဘတ်မွှေ၊ ဗမာ ပုဇွန်ခြောက် ပေါင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထမင်းဝိုင်းကိုလည်း အားကျမိတယ်၊း) ဓါတ်ပုံတွေက ရှင်းလင်းကြည်လင်ပါတယ်ဗျ၊ အထူးအထွေ ပြောစရာ မရှိပါဘူး...။
မမွန်ရေ.. သာဓုသာဓုသာဓုနော်..။
နိုင်ငံခြားကို ရောက်နေချိန်မှာ အချိန်မအား၊ ဘုန်းကြီးကျောင်းရှားဆိုတော့ အခုလို အချိန်ပေးကုသိုလ်ယူနိုင်မှ ရတာနော်။
မမွန်ကို သာဓုလည်းခေါ် တကယ်လည်းချီးကျူးမိပါတယ်။
သာဓု ပါဗျာ......။ အဲ့သည်နေ့ က ကျနော်လည်း အမှတ်တရ (ဘုရားပဲ ရှိခိုးနိုင်လိုက်တယ်) ပရိတ်ရွတ်ပြီး အမျှဝေတာလောက်ပဲ လုပ်နိုင်လိုက်ပါတယ်။ ခုတော့ သာဓုခေါ်ရတာပေါ့။ ကောင်းပါအိ။
ခုလို သွားနိုင်တာကို ကပဲ တော်တော် ဟုပ်နေပါပြီ အမရေ။ ယူတတ်ရင် ကုသိုလ် ဆိုပေမယ့် ကိုယ်ထိ၊ လက်ရောက်လှူတာနဲ့တော့ စိတ်ကြည်နုးရတာ မတူဘူးအမရဲ့ ။ သာဓုပါ
Post a Comment