January 2, 2011

၂၀၁၁ နှစ်သစ်မင်္ဂလာ

နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက်ဘို့ နှစ်သစ်ကူးမင်္ဂလာကို လူမျိုးအသီးအသီးက တလေးတစားနဲ့ တန်ဖိုးထားကျင်းပကြတာကတော့ တစ်ကမ္ဘာလုံး သူ့နိုင်ငံနဲ့သူ့ယဉ်ကျေးမှုအရပေါ့နော်။ ကျွန်မလည်း ဒီဂျပန်နိုင်ငံရဲ့ နှစ်ဟောင်းတစ်နှစ် ကုန်လို့ နှစ်သစ်တစ်နှစ်ကို ကြိုဆိုပုံတွေကို တွေ့မြင်ရတော့ နှစ်သစ်ကူးမင်္ဂလာယူပုံလေးတွေထဲက တချို့ကိုမိတ်ဆက်တင်ပြလိုက်ပါတယ်။




ဒီဇင်ဘာလ၃၁ရက်နေ့ ညမှာ “ဆိုးဘာ့” ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို မိသားစုစုံစုံလင်လင်နဲ့ စားကြပါတယ်။ “တိုရှိခို့ရှိဆိုဘာ့”လို့ခေါ်တဲ့ သူ့နံမည်ရဲ့ အဓိပ္ပါယ်ကတော့ နှစ်ကူးမယ့်ဆိုဘာ့ လို့ ဘာသာပြန်ရရင်ကောင်းမလားပဲ။ 


ဆိုဘာ့ ခေါက်ဆွဲ စားရန်အသင့်ပြင်ဆင်ထားပုံ၊ ခေါက်ဆွဲပေါ်ကို အဆာပလာလေးတွေဖြူးဖြန်းပြီး ဟင်းချိုရည်လေးဆမ်းပြီး ရှလွတ်ရှလွတ်နဲ့ စားလို့ရှိရင် တစ်ပန်းကန်ကတော့ အသာလေးပါပဲ
 ဆိုဘာ့ ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို ပုံမှန်က တစ်နှစ်လုံးလည်းစားပေမယ့် ဒီ  “တိုရှိခို့ရှိဆိုဘာ့”လို့အမည်ပေးစားတဲ့ ခေါက်ဆွဲကိုတော့ ၃၁ရက်နေ့ ည၁၂နာရီမထိုးခင်မှာ စားပြီးရမယ်လို့သတ်မှတ်ထားကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဒေသအလိုက် “တိုရိခို့ရှိဆိုဘာ့”ကို လုပ်စားပုံစားနည်းက အမျိုးမျိုးရှိပေမယ့် အားလုံးကတော့ နိမိတ်ကောင်းဘို့အတွက် ည၁၂နာရီမထိုးခင် စားကြပါတယ်။ အတိတ်နိမိတ်ယူပုံကလည်း အမျိုးမျိုးရှိကြပါတယ်။ လွယ်လွယ်နဲ့ ပြောရရင်တော့ ခေါက်ဆွဲလေးလို အမျှင်ရှည်ရှည်နဲ့ ခေါက်ပြီးဆွဲသွားမယ်ဆိုသလိုပေါ့။ (ရယ်စရာအဖြစ်ရေးတာပါ)။ “ဆိုဘာ့” ကို ဂျပန်ဘာသာမှာ သံတူကြောင်းကွဲအနေနဲ့ “ဆိုဘာ့လို့အမည်ရတဲ့ ပန်းဂျုံကနေလုပ်တဲ့ ခေါက်ဆွဲ”ဆိုတာအပြင် “အနီး/ဘေး/အနား”လို့ဆိုပြီး အဓိပ္ပါယ်နောက်တစ်မျိုးလည်းရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေက အဆုံးမရှိထာဝရအနားမှာနေသွားကြမယ် ဆိုတဲ့ ပညတ်ယူတဲ့အနေနဲ့ စားကြပါတယ်တဲ့။

ဘုရားကျောင်းတွေမှာ နှစ်ဆန်းတစ်ရက်နေ့ကတော့ ကြိတ်ကြိတ်တိုးပါပဲ။ ဘုရားကျောင်းဝင်ပေါက်ကနေ ပင်မဘုရားကျောင်းဆောင်ရှေ့ရောက်ဘို့ တန်းစီဝင်ရတာနဲ့တင် ၁နာရီလောက်ကြာပါတယ်။

ည၁၂နာရီထိုးပြီးတစ်နှစ်ကူးပြောင်းတာကို တချို့ကတော့ ဂျပန်နတ်ဘုရားကျောင်းတွေကိုသွားပြီး ပူဇော်ဆုတောင်းကြပါသေးတယ်။ အဲဒီလိုနှစ်သစ်ကူး ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းတာကို “ဟတ်ဆုမိုးဒဲ့”လို့ခေါ်ပါတယ်။  ၀တ်ပြုဆုတောင်းတာနဲ့အတူ အန္တရာယ်ကင်း အဆောင်တွေ၊ အိမ်ကဘုရားစင်အတွက် ကပ်လှူပူဇော်စရာတွေလည်းဝယ်ကြပါတယ်။ နှစ်သစ်တစ်နှစ်ရဲ့ အိမ်ကနေပထမဆုံးအပြင်ကိုသွားတာကို ဒီလိုဘုရားကျောင်းကိုသွားလိုက်ရတယ်ဆိုတဲ့ အတိတ်ကောင်းနိမိတ်ကောင်းတစ်ခုပါပဲ။  နှစ်ဆန်း၃ရက်နေ့အထိ သွားဖြစ်အောင်သွားကြသလို ဇန်န၀ါရီလတစ်လလုံးမှာ သွားတာကိုလည်းပြောလို့ရပါတယ်လို့လည်း ဖတ်ရပါတယ်။

ဘုရားဝတ်ပြု၊ ယတြာချေ၊ ဗေဒင်မေး၊ အဆောင်ဝယ် ပျားပန်းခတ်မျှစည်ကားလှပါတယ်

ကျွန်မတို့မြန်မာပြည်မှာ အတာအိုးနဲ့ သိကြားမင်းကို ကြိုသလို ဂျပန်နိုင်ငံမှာလည်း အိမ်တွေ၊ရုံးတွေ၊ ဘူတာတွေ၊ လေယဉ်ကွင်းတွေမှာပါ ပြင်ဆင်ပြီး နှစ်သစ်ကိုကြိုဆိုတာမျိုးလည်းရှိပါသေးတယ်။  “ခါ့ဒိုမာ့ဆု”လို့ခေါ်တဲ့ ဂျပန်အတာအိုး(ကျွန်မစိတ်ကြိုက်သုံးထားတဲ့ ဝေါဟာရပါ)မှာ အဓိကပါဝင်ရတာကတော့ “ထင်းရူး၊ ၀ါး ၊ ဂျပန်မက်မန်း” ဆိုတဲ့ အပင်သုံးမျိုးရဲ့ အကိုင်းအခက်အရွက်အလက်တွေပါ။ အဲဒီ အပင်သုံးမျိုးမှာလည်း သူ့အယူတော်နဲ့သူ သတ်မှတ်ချက်တွေ ရှိနေပါတယ်။


အိပ်ဝင်ပေါက်တွေမှာ ပိုက်ဆံရှိရင်ရှိသလို အလှအပတန်ဆာဆင်မှုနဲ့ အရွယ်အစားကလည်း အမျိုးမျိုးနဲ့ပေါ့။

သူ့ အယူအဆတွေကတော့ တရုတ်ပြည်ကနေ တဆင့် ဆင်းသက်လာတယ်လို့ဆိုကြပါတယ်။  ကျွန်မကိုယ်တိုင်ကတော့ အိမ်ပေါက်စေ့ အတာအိုးတွေကို ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဝေးလာတဲ့နေရာမှာ အဲဒီ ခါ့ဒိုမာ့ဆုတွေ ပြင်ဆင်ထားတာတွေတွေ့ရရင် စိတ်ထဲကနေ “ အော်နှစ်သစ်မင်္ဂလာပဲ”လို့ သူ့အလိုလိုခံစားမိလာရပါတယ်။

မက်ကိုမက် လိုက်ဦး မယ်၊ သုံးခုစလုံးပါအောင်

နှစ်သစ်တစ်နှစ်ပြောင်းလို့ နှစ်ဆန်းတစ်ရက်နေ့ လည်းရောက်ရော နောက်ထပ် အတိတ်နိမိတ်ယူတာတစ်ခုကိုလည်း ဂျပန်ယဉ်ကျေးမှုမှာတွေ့ရပါသေးတယ်။ နှစ်ဆန်းတစ်ရက်နေ့ ည သို့မဟုတ် နှစ်ဆန်းနှစ်ရက်နေ့ညမှာ မက်တဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက်ပါ။

အိပ်မက်ဦး ပန်းချီကား
အဲဒီအိပ်မက်ကလည်း ကျွန်မတို့ မြန်မာလူမျိုးတွေပြောလေ့ပြောထရှိတဲ့ မြွေကိုအိပ်မက်မက်တာတို့၊ သွားကျိုးတာတို့၊ မနက်လင်းခါနီးမက်တာတို့နဲ့တော့ ဆင်မလိုလိုနဲ့ တခြားစီဆိုသလိုပေါ့။  သူတို့အိပ်မက်က အိပ်မက်ထဲမှာ “ဖူဂျီတောင်၊ သိမ်းငှက်၊ ခရမ်းသီး” ပါရင် အလွန်နိမိတ်ကောင်းတာပါပဲ။ သုံးခုထဲကမှ အကောင်းဆုံးပြန်စီရင် ၁၊ဖူဂျီ။ ၂၊သိမ်းငှက်။ ၃၊ခရမ်းသီး” တဲ့။ သူ့အသီးသီးရဲ့ အစွမ်းတွေကိုသိချင်ရင်တော့ အပေါ်မှာလင့်ချိပ်ပေးထားတဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက် ဆိုတဲ့နေရာမှာ ဖတ်ကြည့်ပါနော်။
တစ်ခုစီဆက်ရေးနေရင် ကျွန်မကတော့ ဒီနေ့ည တော့ အိပ်မက်ဖြစ်ပါ့မလားပဲ။ ဒီညမမီလည်း နှစ်ဆန်းနှစ်ရက်နေ့ကျမှပဲ ကြိုးစားပြီး မက်လိုက်ဦးမယ်။








စာကြွင်း။
ပြီးခဲ့တဲ့ပို့စ်ကနေ တစ်လကျော်ဘလော့ဂ်ကို ပစ်ထားခဲ့ပါတယ်။ ရုံးအလုပ်၊ ကြားပေါက်ပိုက်ဆံရတဲ့ အလုပ်၊ သားလေးရဲ့နေမကောင်းဖြစ်လိုက်ပြန်ကောင်းလိုက်ဆိုတဲ့ ပုံမှန်ဖြစ်နေကျကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်လောက်အောင် အချိန်ကုန်ခဲ့ရပါတယ်။ ဒီနေ့တော့ သားနဲ့ သားအဖေအိပ်နေတုန်း ဒီပို့စ်ကလေး ထရေးပြီးတင်လိုက်ပါတယ်။ အမြဲတစေ သတိတရရှိပေးသူတွေကော၊  တကူးတက နှုတ်ဆက်ကြသူတွေကော ၂၀၁၁မှာကျက်သရေမင်္ဂလာအပေါင်းခညောင်းပြီး စိတ်ကိုယ်နှစ်ဝ ဆန္ဒ တွေပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


ဓါတ်ပုံများကိုတော့ ပင်ပင်ပမ်းပမ်းနဲ့ အင်တာနက်မှကူးယူးပါတယ်။



10 comments:

ကိုအောင် said...

နှစ်သစ်မှာ ပျော်ရွှင်စရာတွေနဲ့ ပြည့်စုံပါစေ။

မိုးယံ said...

နှစ်သစ်မှာ ငြိမ်းချမ်းသာယာ ပါစေခင်ဗျာ..

ဂျပန် ဘုတုဒ ဓွေအတွက် ကျေးဇူးပါခင်ညာ

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy New Year!

ပျောက်နေလိုက်တာ
ခုမှ နှစ်သစ်နဲ့အတူ ပြန်ပေါ်လာတော့တယ်..
နှစ်သစ်မှာ ပျော်ရွှင်လန်းဆန်းပါစေ.. ဆန္ဒအားလုံးပြည့်ဝပါစေ.. စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ပါစေနော်...

Anonymous said...

နှစ်ဦးမှာ သုတလေးတွေဝေမျှပေးတဲ့ကောင်းကောင်း ကျေးဇူးအထူးတင်ပါတယ်
ဈေးဦပေါက် ပို့စ်လေးရေးပေးနိုင်သလို တနှစ်ပတ်လုံးလဲ ကျန်းမာ ချမ်းသာလန်းဖြာစွာနဲ့ စာတွေ အများကြီးရေးပေးနိုင်ပါစေ
ခင်မင်တဲ့
seesein

Anonymous said...

ညီမ ကောင်းမွန်ဝင်း ရေ

မင်္ဂလာနှစ်သစ် ဖြစ်ပါစေနော် အမလည်းလိုင်းမကောင်းတာနဲ့ သိပ်မလည်ဖြစ်ဘူး သတိရနေပါတယ် ကျမ်းမာ ပျော်ရွှင်ပါစေလို့ ဆုတောင်း ပေးနေတယ်နော် ဗဟုသုတ တွေနဲ့ ခေါက်ဆွဲ လေးအတွက်ကျေးဇူးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

PAUK said...

အမရေ..
အမတို့မိသားစု နှစ်သစ်မှာ ပျော်ရွှင်ပါစေ..။

Kyaw Hnin Se Lwin said...

မရေ
နှစ်သစ်မှာ တမိသားစုလုံး ကျန်းမာချမ်းသာပျော်ရွှင်ပါစေလို့
ခုမှ ပြည့်ပြည့်စုံစုံသိသွားတာမို့ ကျေးဇူးနော်

သူကြီးမင်း (တုံးဖလား) said...

အမကောင်းမွန်ဝင်းရေ..
အတာအိုးလေးက အရမ်းလှတယ်နော်။ မြန်မာက သင်္ကြန်နှစ်သစ်ကူးနှင့်ခပ်ဆင်ဆင်ဘဲနော်။

ဒါနဲ့ အမကကော ဘာအိပ်မက် မက်ဖြစ်ခဲ့လဲ။ မဟုတ်မှလွဲရော.. ဖူဂျီတောင်ကို မြင်မက်ပုံရတယ်။း၀၀

အခု.. သားလေးကော နေကောင်းသွားပြီလား။

အားလုံးအဆင်ပြေနေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခွန် said...

မင်္ဂလာ နှစ်သစ်ပါ ယောက္ခမကြီးရေ.....:)

sobaမစားဖြစ်ဘူး။ ငါးပိချက် ချက်ပြီး အကြော်ကြော်စားတယ် ဟီးးးးးး :D

kathy said...

နှစ်သစ်အိပ်မက် အတိတ်နမိတ်ယူတဲ့ ဂျပန်ယဉ်ကျေးမှု့အကြောင်းကို ပြောပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ်..။

နောက်လည်း လာလည်ပါဦးမယ်

kathy