April 22, 2010

ပန်းဝတ်မှုန် ရောဂါ

ဂျပန်နိုင်ငံရဲ့ လူဦးရေ ၂၀%ဟာ ဒီရောဂါကိုခံစားနေကြရတဲ့ အတွက်၊ နိုင်ငံတော်ရောဂါအမျိုးအစား လို့တောင်သတ်မှတ်နိုင်လာတာကတော့ “ပန်းဝတ်မှုန်ရောဂါ” ပါ။
 ရောဂါအမည်။ ။
(ဆေးပညာဝေါဟာရ pollinosis ဖြစ်တဲ့ hay fever ) ဂျပန်လို “ခါ့ဖွန်းရှော” (花粉症)လို့ခေါ်ပါတယ်။ အတိုကောက် ခါ့ဖွန်းလို့လည်း ပြောတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥတုရာသီအလိုက်ဖြစ်တတ်တဲ့ မတဲ့တဲ့ ရောဂါ (seasonal allergy) လို့ခေါ်ကြပြီး ဥရောပအမေရိကဘက်မှာတော့ မြက်ခြုံပင်အခြောက်ရောဂါ (hay fever) လို့လည်းခေါ်ကြပါတယ်။



 ရောဂါလက္ခဏာများ။ ။
သူ့နံမည်အတိုင်းပါပဲ ၀တ်မှုန်နဲ့ မတဲ့ခြင်း(allergy) ကနေဖြစ်တဲ့ နှာခေါင်းပိတ်၊ နှာချေ၊ နှာရည်ကျ၊ခြင်းများနဲ့ မျက်စိယားနာ၊ မျက်ရည်ကျ စတဲ့ ဝေဒနာများကို ခံစားရတဲ့ ရောဂါ ပါ။

နှာချေတာနဲ့ မျက်လုံးတွေနီရဲပြီး မျက်ရည်တွေကျတာက တော်ရုံတန်ရုံမဟုတ်ပါဘူး ။ နှာချေလိုက်ရင် ဂျပန်က အိမ်ခန်းစက္ကူတံခါးတွေတောင် တုန်သွားလောက်အောင်အားပြင်းပါတယ်။ မျက်လုံးတွေဆိုလည်း နီရဲပြီး စပ်လည်း စပ် ၊ယားလည်းယား၊ မျက်ရည်လည်း ကျနဲ့အတော့်ကို နေရထိုင်ရခက်ပါတယ်။ နှာချေလွန်းတော့ နှာခေါင်းအတွင်းပိုင်းတွေဟာထုံကြင်ပြီး နှာရည်ကျမယ် ဆိုတာကိုတောင် မသိလိုက်ရတဲ့ အချိန်မှာ နှာရည်ကတောက်ကနဲကျလို့ ကမန်းကတန်းနဲ့ အမြန်သုတ်ရပါတယ်။ မျက်နှာဖုန်း၊ လက်ကိုင်ပုဝါတွေကို လုံးဝလက်မလွှတ်နိုင်လောက်အောင်ပါပဲ။


ပန်းဝတ်မှုန်တွေလေနဲ့ အတူလွင့်တာနဲ့ လိုက်ပြီး ဒီရောဂါဖြစ်တတ်တယ်ဆိုပေမယ့် ပန်းအမျိုးအစားကိုလိုက်ပြီး မတဲ့တဲ့သူတွေရှိသလို ၊ ပန်းဝတ်မှုန်အများစုနဲ့ မတဲ့သူတွေလည်း ရှိပါတယ်။ ပန်းဝတ်မှုန် များများလွင့်တဲ့နေ့ နည်းနည်းလွင့်တဲ့နေပေါ်မှာလည်းမူတည်ပါတယ်။

ဒါကြောင့် တချို့မှာ ခဏတာသာခံစားရပြီး တချို့ကတော့ ဆောင်းအကုန် နွေဦးရာသီနဲ့ နွေရာသီလို ပွင့်လင်းရာသီတလျှောက်လုံး ရောဂါဝေဒနာခံစားကြရပါတယ်။ နေ့စဉ် ရက်ဆက် အလွန်အကျွံခံစားရတာ မဟုတ်ပေမယ့် သက်သာတဲ့နေ့နဲ့ တော်တော်ခံရတဲ့နေ့ဆိုပြီး ရှိပါတယ်။

ပန်းဝတ်မှုန်များများလွင့်သောနေ့များ။  ။
၁။ နေသာပြီး အပူချိန်မြင့်သော နေ့
၂။ လေထုခြောက်သွေ့သောနေ့
၃။ လေပြင်းတိုက်ခတ်သောနေ့
၎။ မိုးရွာပြီး နောက်တနေ့

မိမိနဲ့ မတဲ့တဲ့ ပန်းဝတ်မှုန်ကြောင့် မျက်စိယားယံခြင်း ၊ မျက်စိနာခြင်း ၊ မျက်စိတွင်း သွေးကြောများ ယောင်ခြင်းသွေခြေဥခြင်း၊ နှာချေခြင်း ၊ နှာရည်တောက်တောက်ကျခြင်း၊ နှာပိတ်ခြင်း စတဲ့ မျက်စိနဲ့ နှာခေါင်းမှာ အများဆုံး ဝေဒနာတွေကို ခံစားရပါတယ်။ ဝေဒနာဆိုးဝါးတဲ့ အချိန်မှာဆိုရင် မျက်လုံးလည်း မဖွင့်နိုင် ကိုယ်ပူဖျားနာသလို တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲတဲ့အထိဖြစ်တတ်ပါတယ်။


နောက်ပြီးတော့ ပန်းဝတ်မှုန်ရောဂါနဲ့ ရင်ကြတ်ဝေဒနာခံစားရတာလည်း ရှိတတ်ပါတယ်။

နံမည်ကြီး ပန်းဝတ်မှုန်အမျိုးအစားများ။  ။
လေတိုက်တဲ့အထဲမှာ ပါလာတဲ့ ပန်းဝတ်မှုန်များ ကြောင့်လို့ ဆိုတဲ့ အတိုင်း ၊ ဂျပန်နိုင်ငံမှာတော့ အဓိက အနေနဲ့ နွေဦးရာသီမှာ ဟီနိုကိ (ဂျပန်ထင်းရူး )၊ ရှီရာ့ကာဗာ (white birch) ၊ ဆောင်းဦးရာသီမှာ ဘူတာ့ခုဆာ့(blackweed) ၊ ယော်မိုးဂိ(Japanese hop) ခါနာ့မုဂုရာ့(wormwood)လို အပင်မျိုးတွေက အဖြစ်များပါတယ်။ အထူးသဖြင့်ကတော့ ဖေဖေါ်ဝါရီလဆန်းကနေ ဧပြီလကုန်အထိ မှာ စူဂိ (Japanese cedar) ၊အပင်ကနေထွက်တဲ့ ၀တ်မှုန်ဟာလွင့်ထွက်မှု ပမာဏအများဆုံးနဲ့ မတဲ့သူများအတွက် ဝေဒနာအပြင်းအထန်ခံစားရတဲ့ အချိန်တွေပါပဲ။

ကုသနည်း။  ။
ရောဂါဝေဒနာခံစားရပြီဆိုတာနဲ့ ဆရာဝန်ဆီ အမြန်သွားပြရင် အကောင်းဆုံးကုသမှုပါပဲ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊ ဒါမှမဟုတ် ဆေးဆိုင်တွေမှာ ပန်းဝတ်မှုန်ရောဂါအတွက် သီးသန့်သောက်ဆေး၊ မျက်စဉ်းဆေး၊ အာလုတ်ကျင်းဆေးတွေကို ၀ယ်ယူသုံးစွဲနိုင်ပါတယ်။ သောက်ဆေးဝယ်ရင် မအိပ်ချင်တဲ့ဆေးကို ရွေးဝယ်ဘို့လည်း မမေ့ပါနဲ့။ ရုံးမှာ အိပ်ချင်ရင် ပိုဒုက္ခရောက်ပါလိမ့်မယ်။


ကာကွယ်နည်း။  ။
ရောဂါကိုဆိုးဆိုးဝါးဝါးမခံစားရအောင် အနေအထိုင်အစားအသောက်ကိုတော့ ဂရုစိုက်ရပါတယ်။


အတတ်နိုင်ဆုံးသိုးမွှေး အကျီတွေ မ၀တ်မိပါစေနဲ့။ သိုးမွှေးအင်္ကျီက ချည်ပေါက်တွေမှာ ပန်းဝတ်မှုန်တွေဝင်ကပ်နိုင်ပါတယ်။
 မျက်နှာဖုံး (mask) တတ်ခြင်း။ မျက်မှန်တတ်ခြင်းတွေကို အပြင်ထွက်ရင် မမေ့သင့်ပါဘူး။
 မျက်စိနဲ့ နှာခေါင်းက အဓိက၀င်ပေမယ့် ပါးစပ်ကနေ၀င်ပြီး လည်ချောင်းနာသူတွေလည်း ရှိပါတယ်။အာလုတ်ကျင်းပါ။
(မျက်နှာဖုံးတတ်ရတာ အကျင့်မရရင် အဆင်မပြေရင် နှာခေါင်းအ၀ကို ပန်းဝတ်မှုန်မ၀င်အောင်လိမ်းသုတ်တဲ့ ဆေးလိမ်းလို့ရပါတယ်၊ ဆေးမရနိုင်ရင် နှုတ်ခမ်းခြောက်ရင် လိမ်းတဲ့ အဆီကို သုံးလို့လည်းရပါတယ်။ မျက်စိကိုတော့ မျက်စဉ်း ခတ်ပေးတာလည်း ရနိုင်ပါတယ်။ )

ဗီတာမင်နဲ့ သတ္တုဓါတ်များများ စားပေးရပါမယ်။


အပြင်ကပြန်လာရင် အင်္ကျီတွေကို ခါပါ။ ဦးထုပ်မဆောင်းရင်ခေါင်းလျှော်ပါ။လျှော်ပြီးသားအ၀တ်တွေကို အပြင်ထုတ်လှန်းထားတဲ့ ခဲ့ရင် ၊ ပြန်ရုတ်တဲ့အချိန်မှာလည်း သေချာခါပြီးမှအခန်းတွင်းကိုသွင်းသင့်ပါတယ်။
(ပန်းဝတ်မှုန်အလွင့်များတဲ့ နေ့ဆိုရင်၊ ကျွန်မရုံးမှာ အခန်းထဲကို အပြင်ကလူတစ်ယောက်ဝင်လာတာနဲ့ နှာချေပါတယ်။ လူဝင်လာတော့မယ်ဆိုတာသိတာနဲ့ မျက်နှာဖုံးတတ်ထားပေမယ့်လည်း လက်ကိုင်ပုဝါနဲ့ အမြန် နှာခေါင်းရှေ့ကို အုပ်ရတဲ့အထိပါပဲ။ )

ပန်းဝတ်မှုန်ကနေ့ဘက်တွေမှာ လွင့်ပြီး ညဘက်မှာမလွင့်ပါဘူး အိမ်ပြတင်းပေါက်တွေကို နေ့လည်ဘက်ဖွင့်မထားခဲ့သင့်ပါဘူး။ အိမ်ထဲဝင်လာတဲ့ပန်းဝတ်မှုန်တွေကို ကာကွယ်ဘို့ကန့်လန့်ကာ အပါးလေးတွေ ချထားသင့်ပါတယ်။

မိမိအိမ်ပြတင်းပေါက်နဲ့ ကန့်လန့်ကာတွေမှာ ၊ အခန်းတွင်း အမွှေးအကြိုင်သုံးခြင်း၊ မိမိကိုယ်တိုင် အတွက် အဆင်ပြေတဲ့ အမွှေးနံ့သာများသုံးခြင်းကလည်း မိမိအနားပတ်ဝန်းကျင်က ပန်းဝတ်မှုန်များကို လျော့ကျသက်သာစေပါတယ်။

 ဒီဝေဒနာဟာ နှစ်စဉ်ရာသီရောက်တာနဲ့ပြန်ဖြစ်တာများပါတယ်။ ကာကွယ်ဆေးတွေ သောက်ဆေးတွေ ကို မှီဝဲသော်လည်း လုံးဝပျောက်သွားတာ ရှိသော်လည်းအလွန်နည်းပါတယ်။ ဒီရောဂါကို ကာကွယ်ဘို့အတွက် အရေးအကြီးဆုံးနောက်အချက်ကတော့ မိမိဟာဘယ်လို ပန်းဝတ်မှုန်မျိုးနဲ့ မတဲ့တာ၊ အဲဒီပန်းဝတ်မှုန်အများဆုံးလွင့်တာက ဘယ်ရာသီ။ ဘယ်လိုအရပ်တွေကနေ လေတိုက်ပြီး ၊ မိမိနေထိုင်တဲ့ဒေသမှာ ဘယ်လို ပန်းဝတ်မှုန်တွေရှိတတ်တာတို့ပဲဖြစ်ပါတယ်။
နေ့စဉ်တီဗွီသတင်းကြည့်ပါ။ ပန်းဝတ်မှုန်လွင့်တဲ့ ပြက္ခဒိန်တွေကို အင်တာနက်ကနေ လေ့လာနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ပြီး ဘယ်လိုပျောက်ကင်းမလဲ။  ။
မိမိခန္ခာကိုယ်တွင်းမှာ ဓါတ်သဘာဝဖွဲ့စည်းပုံနဲ့ မတဲ့တာတွေကို ခုခံနိုင်မှုဟာ အစဉ်ပြောင်းလည်းနေတဲ့ အတွက် ၊ ပန်းဝတ်မှုန်အမျိုးအစား ပမာဏကိုလိုက်ပြီး အဲဒီပန်းဝတ်မှုန်ရောဂါကို ဝေဒနာခံစားရပါတတ်ပါတယ်။

အရပ်ပြောနဲ့ “ဒီနိုင်ငံရောက်တာ ကြာတဲ့လူတွေမှဖြစ်တာ” တို့ “အသက်ကြီးတဲ့ သူတွေမှ ဝေဒနာဖြစ်တာ” တို့ ဆိုတာတွေကတော့ ရောဂါဝေဒနာခံစားရတဲ့ အကြောင်းရင်းတွေမဟုတ်ပါဘူး။

အသက်ငယ်တဲ့ ဂျပန်ခလေးများလည်း ဒီရောဂါရှိသလို၊ ဂျပန်ကိုခဏသင်တန်းလာတက်တဲ့ သူတွေလည်း ဖြစ်တတ်ကြပါတယ်။ဒီရောဂါဟာ ကူးစက်ရောဂါမဟုတ်သလို ၊ တစ်ခါဖြစ်ပြီး နှစ်တိုင်းခံစားရတာ မပျောက်နိုင်တော့ဘူးလို့လည်း ပြောလို့မရပါဘူး။ ပန်းဝတ်မှုန် အမျိုးအစား ၊ အနည်းအများ နဲ့ မိမိရဲ့ အဲဒီပန်းဝတ်မှုန်ကို ခံနိုင်ရည်ရှိမှုပေါ်မှာ ဝေဒနာခံစားရခြင်း ၊ သက်သာပျောက်ကင်းခြင်းတို့ ရှိပါတယ်။

ကိုးကားစာမျက်နှာများ
http://allabout.co.jp/contents/sp_kafun_c/198/1956/index/
http://www.kafunst.info/index.html
http://health.goo.ne.jp/kafun/

စာကြွင်း
ဘလောက်မရေးဖြစ်တဲ့ အချိန်တွေမှာဘလောက်ကို လာလည်သူများ၊ နှုတ်ဆက်လာသူများကို ခင်မင်လေးစား ကျေးဇူးတင်ကြောင်းပြောပါရစေ။

”ကံကော်”ဆိုတဲ့ မိန်းခလေးတစ်ယောက် က “ကျွန်မရဲ့ အမျိုးသား ဂျပန်ကိုလာလည်တာ ခါ့ဖွန်းဖြစ်လို့ ၊ ခါ့ဖွန်းအကြောင်းရေးပေးပါ” ဆိုလို့ ဒီပို့စ်ကိုရေးလိုက်ပါတယ်။ကျွန်မကိုယ်တိုင် ဒီရောဂါကို(အတန်အသင့် ဆိုးဝါးစွာ) ခံစားရသူတစ်ဦးဖြစ်လို့ ကျွန်မသိသလောက် ဗဟုသုတလေးကို လက်ဆင့်ကမ်းလိုက်ပါတယ်။  
ဒီပို့စ်ရဲ့ အကြောင်းအရာက ပန်းဝတ်မှုန်ရောဂါ ဖြစ်ပြီး ရေးပေးဘို့ဆက်သွယ်လာသူလေးရဲ့ နံမယ်က လည်း တိုက်တိုက်ဆိုင်ဆိုင် “ကံကော်ပန်း” တဲ့။

4 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ပန်းဝတ်မှုန် ရောဂါ အကြောင်း.. ပြည့်ပြည့်စုံစုံ နဲ့ တင်ပြထားတာ ဖတ်ရလို့ များစွာ ဗဟုသုတ တိုးပွားမိပါတယ် ဗျာ။ အခုမှ ကြားဘူးတာဗျ။

စာတွေများများ ရေးပါအုံး။

စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်း ဖြင့် အစဉ်ပြည့်စုံ သာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Unknown said...

ကျွန်မမှာလည်း ဒီရောဂါရှိတယ်လို့ပြောရင်မမှားဘူး မမွန်ရေ ။ပန်းဝတ်မှူန်ပဲဖြစ်ဖြစ်၊ဖုန်မှုန်ပဲဖြစ်ဖြစ်၊ငရုတ်သီးမှုန်ပဲဖြစ်ဖြစ် ရှူမိပြီဆိုတာနဲ့ တရစပ်ကို နှာချေတော့တာပဲ....တော်တော်အလှပျက်တဲ့ ရောဂါ ^ ^

khun thadar said...

ဒီရက်ပိုင်း မိုးအဆက်မပြတ်နီးပါးရွာနေတော့
အစ်မနဲနဲသက်သာမယ်ထင်တယ်....
သားလေးရောနေကောင်းပြီလား အစ်မရေ..

မိသားစုအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ

ခွန်သဒ္ဒါ

win latt said...

အမရေ...တိုက်တိုက်ဆိုင်ဆိုင်..ပန်းဝတ်မှုန်ကြောင့် စိတ်ညစ်နေတာနဲ့ အမရဲ့ postလေးကို ဖတ်ပြီးကျေးဇူးတင်ပါတယ်။ကျွန်တော်လဲ ဒီရောဂါဖြစ်နေတယ်...။ mask တပ်တာပဲအမရယ်...။မရပါဘူး။တစ်လလောက်ရှိနေပြီ။နှာသီးတွေရောင်လာတယ်ထင်တယ်။ပိုဆိုးတယ်ဗျ။
ကိုရီးယားနဲ့ဂျပန် အတူတူပဲနော်။