March 8, 2010

ရေ၊မီး၊မင်း၊မြေငလျင်၊ စစ်၊ စံနစ်၊ တို့ကြောင့် အပြစ်မဲ့စွာနဲ့ အသက်ဆုံးရှုံးကြရသူတွေ အတွက်


သေဆုံးသွားသူတွေအတွက် သေဆုံးသွားသူနေရာကနေ ခံစားသီကျူးထားတဲ့ ဂျပန်သီချင်း တစ်ပုဒ်အကြောင်းမိတ်ဆက် တင်ပြချင်ပါတယ်။



ဒီသီချင်းးကို ကျွန်မကိုယ်တိုင်လည်းကြိုက်နှစ်သက်ပါတယ်။ အထူးသဖြင့် ရေ၊မီး၊မင်း၊မြေငလျင်၊ စစ်၊ စံနစ်၊ တို့ကြောင့် အပြစ်မဲ့စွာနဲ့ အသက်ဆုံးရှုံးကြရသူတွေနဲ့ ကိုယ်ကျိုးစွန့်ပြီး အသက်ပေးလှူသွားသူတွေကို တွေ့ရမြင်ရသိရတိုင်း ဒီသီချင်းကို နားထောင်မိတတ်ပါတယ်။ တကယ်တော့ ဒီသီချင်းဟာ ကမ္ဘာကျော် ကဗျာတစ်ပုဒ် ကို ဘာသာပြန်ပြီး ပြန်လည်ရေးဖွဲ့ထားတာပါ။ 

ကဗျာရဲ့အမည်က a thousand winds ဂျပန်လိုကတော့ sen no kaze ni natte ဖြစ်ပါတယ်။ ကမ္ဘာကျော်ကဗျာ ဟာ ဂျပန်နိုင်ငံရဲ့ အရောင်းရဆုံးဓါတ်ပြား၊ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာပြန်ပါတယ်။ a thousand winds ကဗျာကို ရေးသားသီကုံးသူကို အမည်မသိ စာဆို လို့ ပြောဆိုကြသလို၊ ဒီကဗျာဟာ ဟိုးယခင်ကတည်းက ကျော်ကြားလူကြိုက်များခဲ့ပြီး ခေတ်အဆက်ဆက် ဘာသာပြန်များစွာ၊ သံစဉ်မျိုးစုံနဲ့ လူပေါင်းများက သီဆိုလက်ဆင့်ကမ်းခဲ့ကြတဲ့ ကဗျာတစ်ပုဒ်လို့လည်း ဆိုကြပါတယ်။ 

sen no kaze ni natte ⇒ a thousand winds ⇒ Do not stand at my grave and weep( Mary Frye ) 

ဒီကဗျာရဲ့ မူရင်းကဗျာလို့ဆိုကြတာကတော့ Do not stand at my grave and weep ဖြစ်ပြီး စာဆိုကတော့ အမေရိကန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မေရီ (Mary Frye )လို့လည်း အထင်ကရဖေါ်ပြကြတာကိုလည်း တွေ့ရပါတယ်။ မေရီ Mary Frye (၁၃၊၁၁၊ ၁၉၀၅-၁၅-၉-၂၀၀၄)ဟာ သာမာန်အိမ်ရှင်မတစ်ဦးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းအိုး ohio ပြည်နယ် ဒယ်တွန် daytonမြို့ဇာတိဖြစ်ပြီး ၃နှစ်အရွယ်မှာ မိဘမဲ့ခလေးဖြစ်ခဲ့ရကာကနေ ၊ အသက်၁၂နှစ်အရွယ်မှာတော့ ဘာလ်တီမိုး baltimore မြို့ကို ပြောင်ရွှေ့နေထိုင်ကြီးပြင်းခဲ့ပါတယ်။ ကျောင်းပညာကိုစံနစ်တကျမသင်ခဲ့ရပေမယ့် မေရီ ဟာ မှတ်ဥာဏ်အလွန်ကောင်းပြီး စာဖတ်ဝါသနာကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၂၇ခုနှစ်မှာအ၀တ်အထည်လုပ်ငန်းလုပ်ကိုင်သူ Claud Frye နဲ့ လက်ထပ်ပြီး သူမကိုယ်တိုင်လည်း ပန်းရောင်းပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ မေရီ ဟာ တခါတရံမှာတော့ စေတနာအကျိုးဆောင် တိရိစ္ဆာန်လေးတွေကယ်ဆယ်ရေးအဖွဲ့ အတွက် ကဗျာလေးတွေရေးစပ်သီကုံးပေးခဲ့ပါတယ်။ 

သူမရဲ့ ကဗျာအားလုံးဟာ ဘယ်ကဗျာမှ ပထမဦးဆုံးကဗျာကို မမှီပါဘူး။ မေရီ့မှာ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး မေရီဟာ အသက် ၉၉နှစ်အရွယ် မှာ ကွယ်လွန်ခဲ့ပါတယ်။ 

ဒီကဗျာဟာ သူမရဲ့ ဘ၀မှာ ပထမဦးဆုံးအနေနဲ့ စပ်ဆိုခဲ့တဲ့ လက်တန်းကဗျာတစ်ပုဒ်ဖြစ်ပါတယ်တဲ့။ 

နိုင်ငံအနှံ့အပြားမှာ ကျင်းပကြတဲ့ စစ်ဆန့်ကျင်ရေးအခမ်းအနား အမှတ်တရပွဲများ၊ အသက်စွန့်သွားကြတဲ့ အာဇာနည်များကို ဂုဏ်ပြုအောက်မေ့ပွဲများ မှာ ဆိုရင် ဒီကဗျာက ကျန်ရစ်သူမိသားစုများရဲ့ စိတ်နှလုံးကို ငြိမ်းချမ်းစေလို့မပါမဖြစ်ဆိုသလိုတီးခတ်သီကျူးကြပါတယ်။ 

အဲဒီလောက် နာမည်ကြီးတဲ့ ကဗျာဖြစ်ပေမယ့် ကဗျာရဲ့ မူလစာဆို မေရီ ကို မသိတဲ့သူကများပါတယ်တဲ့။ သို့သော်လည်း ၁၉၃၂ခုနှစ်လောက်တုံးက မေရီ့ ကို သူ့ ဇာတိမြို့ ရေဒီယို အသံလွှင့်ဌာနက အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်တဲ့။ အင်တာဗျူးမှာ မေရီ ပြောဆိုခဲ့တာတွေကိုလည်း ဆက်လက်တင်ပြပါရစေ။ 

မေရီ ဟာ ပထမဦးဆုံးလက်တန်းစပ်ဆိုခဲ့တဲ့ Do not stand at my grave and weep ကို မူပိုင်ခွင့်မထားရှိခဲ့ပါဘူး၊ ဒါနဲ့ပတ်သက်ပြီး သူမက “ဒီကဗျာကို ကျွန်မတစ်ယောက်ထဲ ပိုင်ဆိုင်တာမဟုတ်ပါဘူး။ အားလုံးထပ်တူခံစားပြီး အာလုံးကပိုင်ဆိုင်ကြတဲ့ ရတနာ တစ်ခုပါ။ ဒီအတွက် ကျွန်မတစ်ယောက်ထဲက အခကြေးငွေရရှိမယ်ဆိုရင် ဒီကဗျာဟာ အားလုံးရဲ့ ကဗျာဘယ်ဖြစ်လာတော့မလဲ” 

ဒီကဗျာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုတာရယ် ၊ သူမရဲ့ ချစ်သူငယ်ချင်း မာဂရက် Margaret Schwarzkopf ရဲ့ အကြောင်းရယ်ကို ဒီလိုပြောပြသွားခဲ့ ပါတယ်။ 

“ ဂျာမန်နွယ်ဖွား ဂျူးလူမျိုး မာဂရက်က ဂျာမဏီကနေလာခဲ့တာပေါ့။ အဲဒီအချိန်မှာ ဟစ်တလာကအာဏာရှိနေချိန်လေ။ သူ့အမေလဲ အမေရိကားကို လိုက်လာချင်ပေမယ့် အသက်ကြီးတာရော နေမကောင်းတာရောကြောင့် နိုင်ငံခြားကိုထွက်ဘို့ မဖြစ်နိုင်ခဲ့ဘူးပေါ့။ ဒါကြောင့် မာဂရက်မှာလည်း အမေ့အတွက် အမြဲလိုလို စိတ်မအေးနိုင်ဘူး။ ပိုဆိုးတာက စာလည်း မလာဘူးတော့ဘူးလေ။ နေ့စဉ်နဲ့ အမျှအမေ့ကို စိတ်ပူနေခဲ့ရတယ်။ ” 

တစ်နေ့တော့ ကျွန်မနဲ့ သူငယ်ချင်း မာဂရက်Margaret Schwarzkopf တို့နှစ်ယောက်အတူ ဈေးဝယ်ပြီး ပြန်လာကြတာပေါ့။ အိမ်ရောက်တော့ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ၊ အတူဝယ်လာတဲ့ ပစ္စည်းတွေကို စက္ကူအိတ်အညိုရောင်ကြီးထဲက ထုတ်ပြီးခွဲဝေကြတယ်လေ။ အဲဒီအချိန်မှာ ဘာကနေဘယ်လိုဖြစ်မှန်းမသိပါဘူး၊ မာဂရက်တစ်ယောက် ငိုချတော့တာပါပဲ။ ပြီးတော့ ၀ယ်လာတဲ့ပစ္စည်းတွေကိုကြည့်ရင်းက “အဲဒါတွေကို အမေသိပ်ကြိုက်တာပေါ့” လို့ပြောပြီး တရှိုက်ရှိုက်နဲ့ ငိုနေတော့တာပဲ။ 

“မာဂရက်ရယ် မငိုပါနဲ့တော့” လို့ကျွန်မကပြောတော့

မာဂရက်က “ ဘယ်လောက် ၀မ်းနည်းစရာအကောင်းဆုံးအဖြစ်လဲ၊ ကျွန်မလေ အမေ့ရဲ့ အုတ်ဂူရှေ့မှာ ရပ်ပြီး တောင်းဆုပြု နှုတ်ဆက်ခွင့်တောင်မရဘူးလေ။ I never had the chance to stand at my mother's grave and say goodbye” မျက်ရည်တွေအပြည့် နဲ့ မျက်လုံးတွေက ဘယ်ကိုကြည့်နေလဲမသိရပါဘူး။ မေရီ ငိုနေရင်း အပေါ်ထပ်ကိုပြေးတက်သွားပါတယ်။ 

(မာဂရက် ဂျာမဏီကိုမပြန်နိုင်ခဲ့ဘူးလေ။ အဲဒီအချိန်က ဂျာမဏီမှာ ဂျူးတွေကို နှိပ်ကွပ်နေလို့ပေါ့) 

အဲဒီအချိန်မှာ ခုနကဈေးစာရင်းမှတ်ဘို့လုပ်နေတဲ့ ကလောင်တံကို လက်ထဲမှာဆုပ်ထားတဲ့ မေရီဟာ ပစ္စည်းတွေထဲ့လာတဲ့ အညိုရောင် စက္ကူအိတ်အပြဲကြီးပေါ် စာလုံးတွေသွက်သွက်လက်လက် ချရေးလိုက်ပါတယ်။ ခဏကြာတော့ အပေါ်ထပ်က ဆင်းလာတဲ့ မာဂရက် ကို စက္ကူအိတ်အပိုင်းအစကို လှမ်းပေးလိုက်တယ်။ နှုတ်ကလည်း 

“ဒါ၊ ကျွန်မရေးတဲ့ ကဗျာပါ။ ကျွန်မ ယူဆတဲ့ ရှင်သန်ခြင်းနဲ့သေခြင်းတရား အကြောင်းပါ ပဲ။ မင်းအတွက် အသုံးဝင်ပါ့မလားတော့ မသိဘူး။ ” 
Do not stand at my greave and weep
Words by Mary Frye 

Do not stand at my grave and weep 
I am not there, I do not sleep 
I am in a thousand winds that blow 
I am the softly falling snow 
I am the gentle showers of rain 
I am the fields of ripening grain
I am in the morning hush 
I am in the graceful rush Of beautiful birds in circling flight 
I am the starshine of the night 
I am in the flowers that bloom
I am in a quiet room 
I am in the birds that sing 
I am in the each lovely thing Do not stand at my grave and cry 
I am not there I do not die 

ကဗျာကိုဖတ်ပြီး မာဂရက်ဟာ မေရီကို တအားဖက်ပြီး “ ဒီကဗျာကို ကျွန်မ တသက်လုံး အမြတ်တနိုးသိမ်းထားမယ်” အဲဒီနောက် မာဂရက် ငိုတာ မတွေ့ရတော့ပါဘူး။ 
မာဂရက်လည်းနောက်နေ့မှာ သူမအလုပ်လုပ်ရာနေရာကိုယူသွားပြီး အတူအလုပ်လုပ်တဲ့ သူငယ်ချင်းတွေကို ပြပါတယ်။ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ကနေ အစိုးရပုံနှိပ်ဌာနမှာအလုပ်လုပ်တဲ့ နောက်သူငယ်ချင်းတစ်ယောက်ကို လက်ဆင့်ကမ်းခဲ့ပါတယ်။ 

ဒီလိုနဲ့ ကဗျာလေးဟာ မူလပိုင်ရှင်၊ ကဗျာစာဆိုနဲ့ ဝေးသထက်ဝေးပြီး ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာတို့ထံသို့ လေအဟုန် နဲ့ ပျံ့နှံ့ ခဲ့ပါတော့တယ်။ 

အဲဒီကဗျာကို ဘာသာပြန် ခံစားစပ်ဆိုထားတဲ့ ဂျပန်သီချင်းကို လည်း နားဆင်ကြည့်ပါဦးနော်။ 


新井満日本語詞・新井満作曲歌手・秋川雅史 

千の風になって

私のお墓の前で 泣かないでください 
そこに私はいません 眠ってなんかいません 
千の風に 千の風になって
あの大きな空を 吹きわたっています

秋には光になって 畑にふりそそぐ 
冬はダイヤのように きらめく雪になる 
朝は鳥になって あなたを目覚めさせる 
夜は星になって あなたを見守る 

私のお墓の前で 泣かないでください 

そこに私はいません 死んでなんかいません
千の風に 千の風になって 
あの大きな空を 吹きわたっています 
千の風に 千の風になって 
あの 大きな空を 吹きわたっています 
あの 大きな空を 吹きわたっています 

ဂျပန်သီချင်းရဲ့ စာသားကိုမြန်မာလို ဘာသာပြန်လိုက်ပါတယ်။ မူလကဗျာကို ဘာသာပြန်ဘို့ကတော့ ကဗျာဆရာများကပြန်လည် ခံစားစပ်ဆိုတာကအကောင်းဆုံးဖြစ်တာမို့၊ မြန်မာဘာသာပြန်ကဗျာကို မျှော်လင့်မိပါတယ်။ (မြန်မာပြန်ပြီးသားကဗျာလည်း ရှိချင်ရှိမှာပါ။ ကျွန်မ မသိတာလည်း ဖြစ်နိုင်ပါတယ်။) 

လေအဟုန်ဖြစ်သွားတဲ့ ငါ 

ငါ့ဂူရှေ့မှာ ငိုမနေပါနဲ့တော့ကွယ် 
အဲဒီထဲမှာ ငါမရှိ၊ မှေးအိပ်စက်ပျော်နေတာလည်းမဟုတ်ရပါဘူး။ 
လေအဟုန်ကို စီးနင်းလို့လွင့်မျောလိုက်ပါနေတာ ငါ။
ဒီမိုးကောင်းကင်ကြီးအနှံ့ လေအဟုန်စီးလို့ ပျံသန်းလို့စုန်ဆန်နေပါတယ်။ 

ဆောင်းဦးနေရောင်အောက်က လယ်ကွင်းတွေပေါ်ပြေးလွှားတိုက်ခတ် 
စိန်ရောင်လိုတဖြတ်ဖြတ်နဲ့ ဆောင်းနှင်းလည်း ဖြစ်လိုက်သေးတယ်။ 
မိုးသောက်ငှက်ငယ်ဖြစ်တဲ့ အချိန်မှာတော့ မင်းကို အာရုဏ်ဦး အိပ်ရာနှိုးဘို့တေးသီမယ် 
ညတွေမှာတော့ ငွေကြယ်စင်အဖြစ် မင်းကို စောင့်ရှောက်မယ် 

ငါ့ဂူရှေ့မှာ ငိုမနေပါနဲ့တော့ကွယ် 
အဲဒီထဲမှာ ငါမရှိ၊ သေဆုံး၍လည်းမနေပါ။ 
လေအဟုန်ကို စီးနင်းလို့လွင့်မျောလိုက်ပါနေတာ ငါ။ 
ဒီမိုးကောင်းကင်ကြီးအနှံ့ လေအဟုန်စီးလို့ ပျံသန်းလို့စုန်ဆန်နေပါတယ်။ 

♪ ♪ ♪

................................သေဆုံးသူမှ ကျန်ရစ်သူကို ဖြေသိမ့်ထားတဲ့ ထူးခြားတဲ့ ဖွဲ့ဆိုပုံနဲ့အတူ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ဘ၀၊ လူမျိုး၊ စစ်၊ အမိမြေ၊ ဝေးကွာခြင်း၊ မိခင်မေတ္တာ၊ အချစ်၊ ဆိုတဲ့ မေတ္တာများစွာ လေးနက်တဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကျော် အနုပညာလက်ရာတစ်ခုပါပဲလို့ ပြောရင်းနဲ့  မူလကဗျာနဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း နာမည်ကျော် ဂျပန်သီချင်းကို ထပ်ဆင့် ဝေငှလိုက်ပါတယ်။  
ကိုးကားစာမျက်နှာများ http://www.donotstandatmygrave.com/sample.htm http://www.toallmylovedones.com/article.pdf http://www.cantusquercus.com/9611text.htm http://www.timesonline.co.uk/article/0,,60-1344731,00.html http://ja.wikipedia.org/wiki/Do_not_stand_at_my_grave_and_weep

7 comments:

ယောနက်သန် said...

ပြန်လည်ဝေမျှတာ ကျေးဇူးပါ။

khun said...

အဲဒိ sen no kaze ni notteလိုမျိုးဘဲ
အခုနောက်ထက်နာမည်ကြီးတော့မယ့်
တပုဒ်ပေါ်နေပြီ အစ်မ။
トイレの神様တဲ့။သီချင်းကအကြောင်းအရာ
ကခွန်နဲ့နဲနဲတူလို့ ဟိုနေ့ကနားထောင်ပြီး
မျက်ရည်တောင်ဝဲသွားတယ်။
နားထောင်ကြည့်ပါအုံးအစ်မရေ...

ပျော်ရွင်ငြိမ်းချမ်းပါစေ
ခွန်သဒ္ဒါ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တကယ့်ကို ထူးခြား တဲ့ ကဗျာလေးမို့ ဖတ်ရတာ အရသာ ရှိလိုက်တာဗျာ။

English လိုရော..မြန်မာလိုရော.. ဝေမျှတင်ပြပေးတဲ့ စာရေးသူရဲ့ စေတနာကိုပါ တပါတည်း ခံစား ဖတ်ရှု့ရတဲ့ အတွက် အရမ်းကို နှစ်သက်မိတဲ့ ကဗျာတေးသွားလေး တစ်ခုပါဘဲ။

ရွှင်လန်းချမ်းမြေ့ပါစေ။

ခင်မင်စွာဖြင့်
ကိုမျိုး

win latt said...

ကဗျာလေးနဲ့ သီချင်းလေးကို ခံစားသွားပါတယ်...။
မျှဝေတဲ့ အတွက် ကျေးဇူးပါ။

သူကြီးမင်း (တုံးဖလား) said...

ကဗျာကောင်းတာရော၊ ဇာတ်လမ်းကျောရိုးကော ပေါင်းလိုက်တော့ ပိုပြီး ထိသွားတာပေါ့။

SHWE SHWE WIN said...

နောက်ခံသမိုင်းကြောင်းလေးနဲ့တွဲပြီး နားထောင်လိုက်ရတဲ့ သီချင်းလေးမို့လားမသိဘူး ရင်ထဲမှာ စွဲသွားတယ်..ကျေးဇူးပဲကွယ် မမွန်ရယ်......

အမြဲအားပေးနေလျှက်....

makhaing said...

အဓိပါယ်ရှိသော ကဗျာများ.. သီချင်းများကို နှစ်သက်သလို အခုလိုကြေကွဲစရာတွေဆို၇င်လည်း မျက်ရည်ဝဲတယ်.. တခါတရံ ပေးဆပ်ရတာတွေ သိပ်ကြီးတာတွေ တွေ့ရရင်တော့ အားရပါးရ မဟုတ်တောင် တိတ်တခိုး ငိုပစ်လိုက်မိတယ်..

ညီမရေ.. အရမ်းခံစားရတယ်.. ငြိမ်းချမ်းမှုဆိုတာ တစောက်ကန်း.. အာဏာရှင်.. မိုက်လုံးကြီးသူတွေ ရှိနေသမျှ ကာလပတ်လုံး တွေ့ရင်ဆိုင်ရအုံးမဲ့ အခြေအနေဆိုးလို့ ယုံမှတ်ပါတယ်..။

မဗေဒါ (၈၈)