February 3, 2010

ဂျပန်ထိုင် မြန်မာထိုင် ဗိုလ်ထိုင်

ဒီလိုထိုင်ပါ၊ ဒီလိုမထိုင်ပါနဲ့
မြန်မာနိုင်ငံမှာနေတုန်းက ဂျပန်ဧည့်သည်တွေခဏခဏမေးကြတဲ့မေးခွန်းရှိပါတယ်။ မြန်မာလို အိမ်သာ
ဝင်တဲ့အခါ တံခါးဘက်ကိုလှည့်ထိုင်တာလား တံခါးကိုနောက်ခိုင်းထိုင်တာလား။ သဘောက ရေဆင်းတဲ့ အပေါက်ပေါ်ကို ဖင်ထိုင်တဲ့ဘက်ထားတာလားဆိုတာကိုပါ။ အဲဒီတုန်းက ကျွန်မအနေနဲ့ မြန်မာလိုအိမ်သာတက်ပုံ ကို ခဏခဏ ရှင်းပြခဲ့ရပါတယ်။


နောက် ဂျပန်ကို ရောက်တဲ့အခါကျတော့ မြန်မာပြည်က ခဏလာလည်တဲ့ မြန်မာများနဲ့ ၊ သင်တန်းလာတက်တဲ့ မြန်မာများကို ဂျပန်(ပုံစံ)အိမ်သာတွေ တက်နည်းကို ရှင်းပြရပါတယ်။ တကယ်တော့ ဒီအိမ်သာတက်ပုံတက်နည်းဟာ ဂျပန်နဲ့ မြန်မာတွေ ကြားမှာပဲ ရှိတဲ့ ကွာဟချက်မဟုတ်ပါဘူး။ နိုင်ငံခြားသား အများစုအတွက် ပထမဦးဆုံးအကြိမ် အိမ်သာစတက်ခါစမှာ အနည်းငယ် အထင်လွဲစေတဲ့ ကိစ္စတစ်ရပ်ဖြစ်နေလို့ပါပဲ။

ဂျပန်အိမ်သာတွေကို ရုပ်ရှင်၊ စာအုပ်၊ ဓါတ်ပုံတွေမှာတွေ့ဖူး မြင်ဖူးပေမယ့် အမှတ်တမဲ့ ဖြစ်ခဲ့ကြမှာပေါ့။ တကယ်တမ်း ဂျပန်ရောက်ပြီး အိမ်သာလည်း တက်ကော ၊ ပြောင်းပြန်ထိုင်မိပြီး ကသိကအောက်ဖြစ်ရတော့တာပါပဲ။ ဒါကြောင့် ဂျပန်အိမ်သာတက်ရတာ အခက်အခဲရှိတဲ့အတွက် အချို့သော နိုင်ငံခြားသားအ၀င်အထွက်များတဲ့ နေရာမှာ ရှိတဲ့အိမ်သာတွေမှာ ပုံလေးတွေနဲ့ ကပ်ပြီး သရုပ်ပြထားပါတယ်။ ဂျပန်အိမ်သာတက်ပုံက နိုင်ငံခြားသားများနဲ့ ကျွန်မတို့ မြန်မာများအတွက်တော့ “ဂျပန်အိမ်သာက ပြောင်းပြန်ထိုင်ရတာ”လို့ ပြောစမှတ်ရှိကြပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ ခလေးတွေ အသုံးများတဲ့ နေရာနဲ့ ကျောင်းတချို့က အိမ်သာများမှာ တွေ့ရတဲ့ သရုပ်ပြပုံပါ။

ကိုယ့်ဘာသာကိုယ် အိမ်သာစတက်စအရွယ်ခလေးတွေဟာ အိမ်သာထဲရောက်ရင် ခါးအောက်ပိုင်း အ၀တ်အစားအားလုံးကို ချွတ်ပစ်တတ် လေ့ ရှိ လို့ဒီလိုပုံတွေ ကပ်ထားတာပါပဲ။ ဒီလိုအိမ်သာတက်ရင် အ၀တ်ချွတ်ပစ်တာ ခလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေလည်း လုပ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့ဖူးတာကို ဖေါက်သည်ချလိုက်ပါရစေ။ သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဟိုးအရင် ၁၂ရာစုကုန်ပိုင်း ဂျပန်နိုင်ငံ အဲဒို (江戸)ခေတ် မှာ မြေပိုင်ရှင်လူတန်းစား သူဌေးသူကြွယ်များဟာ အိမ်သာဝင်ပြီးရင် အ၀တ်အစားအသစ်ကျက်ချွတ်တွေပြန်လဲဝတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုပ်ပြည်မှာ စိုး(宋) မင်းဆက် ၄၂၀-၄၇၉ခုနှစ်များလောက်မှာ တရုပ်လူမျိုးတွေဟာ အလေးသွားမယ်ဆိုရင် အ၀တ်အစားအကုန်ချွတ်ပြီး မှ အိမ်သာဝင် လေ့ရှိကြတယ်လို့သိရပါတယ်။ ဂုဏ်သရေရှိလူကြီးများအတွက်ဆိုရင် အိမ်သာ နဲ့ အ၀တ်လဲခန်းတို့ကို စီမံထားရှိခဲ့ကြတယ်တဲ့။
အဲဒီဆက်စပ်မှု လို့ပြောလို့ရမယ့် ဝေါဟာရကို ဂျပန်ခန်းဂျိ အဘိဓါန်မှာတွေ့နိုင်တာကတော့ ခန်းဂျိနဲ့

更衣ဆိုတဲ့ စာလုံးကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ စာလုံး ရဲ့ တိုက်ရိုက်အဓိပ္ပါယ်“ အ၀တ်လဲခြင်း” ဆိုတာအပြင်“ အိမ်သာသွား ခြင်း”လို့လည်းဖေါ်ပြထားပါတယ်။ အင်္ဂလိပ်လို toilet ကိုလည်း grooming or dressing one's person လို့တွေ့ရပါတယ်။
ရှေးယခင်က လူတွေရဲ့ အ၀တ်အစားပုံစံအရ၎င်း၊ အနံ့ကူးစက်မှာစိုးတဲ့အတွက်ကြောင့်၎င်း အဲဒီလို အိမ်သာတက်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ အခုခေတ်မှာတော့ အ၀တ်အစားပုံစံတွေပြောင်းသွားတဲ့ အပြင် ၊ ခန္ဒာကိုယ်ကထုတ်ပြီး၊ထွက်သွားတာနဲ့ ချက်ချင်းရေဆွဲချပစ်လိုက်ရင် အနံ့ကူးစက်မှာလည်း မစိုးရိမ်ရတော့ပါဘူး။ ဒါ့အပြင် အခန်းတွင်းနဲ့ အ၀တ်အစား အနံ့ပျောက်ဆေး ၊ အမွှေးနံ့သာအမျိုးမျိုးသုံးစွဲလို့လည်း အဆင်ပြေပါတယ်။

နည်းပညာတိုးတက်မှု ကြောင့် လူနေမှု အဆင့်အတန်း နဲ့ (အိမ်သာ)ယဉ်ကျေးမှု များလည်း ပြောင်းလည်း လာခဲ့ပါတော့တယ်။ ယနေ့ နောက်ဆုံးပေါ် ဂျပန်နိုင်ငံရဲ့ ဗိုလ်ထိုင်အိမ်သာများကတော့ အံ့မခန်းတီထွင်မှုတွေနဲ့ပါပဲ။



စာကြွင်း ။ ။ ကျွန်မငယ်ငယ်က မေမေ့ကို ဘာလို့ အိမ်သာကို “အိမ်သာ”လို့ခေါ်တာလဲလို့မေးကြည့်ဘူးပါတယ်။
မေမေက “ဟိုအရင်က အိမ်သာကို အိမ်တွေရဲ့ အပြင်ခပ်လှမ်းလှမ်းမှာ အိမ်လေးတစ်လုံးလို သပ်သပ်ဆောက်ထားပြီး။ အဲဒီထဲကနေ ကိစ္စပြီးလို့ပြန်ထွက်လာတဲ့ အချိန်မှာ နေရထိုင်ရတာ သက်တောင့်သက်သာရှိပြီး လောကကြီးက သာသာယာယာဖြစ်သွားလို့” ဆိုပဲ။ ငယ်ငယ်တည်းက ဒီစကားကို သေချာအမှတ်ရနေခဲ့ပါတယ်။ မေမေ့ အဆို ဟုတ်မဟုတ်ကို တော့ တစ်ခါမှာ မစူးစမ်းခဲ့ဖူးပါဘူး။

ဓါတ်ပုံများကူးယူရာနေရာ
http://www.geocities.jp/a_kuma_illustration/wa_toilet.html
http://chotto-ippuku.blog.so-net.ne.jp/2009-04-14
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E5%92%8C%E5%BC%8F%E4%BE%BF%E5%99%A8

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

စိတ်ဝင်စားစရာ ဗဟုသုတ တိုးပြန်ပြီ အစ်မရယ်... ဂျပန်အိမ်သာတွေက အဲလိုထိုင်ရတယ်ဆိုတာ တခါမှ မကြားဖူးခဲ့ဘူး။ “မင်းဆက် ၄၂၀-၄၇၉ခုနှစ်များ လောက်မှာ တရုပ်လူမျိုးတွေဟာ အလေးသွားမယ်ဆိုရင် အ၀တ်အစားအကုန်ချွတ်ပြီး မှ အိမ်သာဝင်လေ့ရှိကြတယ်” ဆိုတော့ ပြုံးမိပေမယ့် ကိန်းကြီးခန်းကြီးနဲ့ ချဲ့နိုင်သူတွေ တကယ်ချဲ့ခဲ့ကြမှာလို့ တွေးမိပါတယ်။

khun said...

အဆောင်နေတုန်းကအိမ်သာတွေအကုန်လုံး和式トイレဆိုတော့ နဲနဲဝတဲ့ဂျပန်မတွေ ဒုက္ခရောက်တာကို သွားသတိရတယ် မရယ်။
和式တွေကသေးတော့ သူတို့မှာမလွတ်မလပ်နဲ့
ဟိုပေဒီပေဖြစ်တော့ အိမ်သာသန့်ရှင်းရေး当番ကျတဲ့
သူတွေရဲ့မေတ္တာပို့တာ သူတို့ခမျာအမြဲခံရတယ်လေ :P
江戸 နဲ့ 更衣ကတော့ခုမှသိတယ်။
ဗဟုသုတရပါတယ် မရေ။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

သူကြီးမင်း (တုံးဖလား) said...

ဂျပန်အလည်လာရင် သတိထားရမယ်။ တော်ကြာ ပြောင်းပြန်ကြီးဖြစ်နေဦးမယ်။

စကားမစပ်။
ကျား/မ အိမ်သာနှစ်ခုလုံး အဲဒီပုံစံဘဲလားမသိဘူး။
စပ်စုကြည့်တာ။းဝ