April 12, 2011

ခြာလည်မူး ချယ်ရီ၊ ရွှေရည်လူး ပိတောက်


တချိန်လုံးနီးပါးငလျင်လှုပ်တော့ လူကမူးပြီးယိုင်နေသလိုပါပဲ။
မနေ့က ၄လပိုင်း၁၁ရက်နေ့ ၊ ဟီဂါ့ရှိနိဟွန်း ဒိုင်းရှင်းဆိုင်း ဆိုတဲ့ ငလျင်နဲ့ ဆူနာမီဘေးကျခဲ့တဲ့ ၃လပိုင်း၁၁ရက်နေ့ကနေ တစ်လပြည့်ခဲ့ပါပြီ။


ရုံးမှာ လပတ်အစည်းအဝေးလုပ်တဲ့နေ့နဲ့ တိုက်ဆိုင်နေလို့ အစည်းအဝေးစစချင်းမှာ အဲဒီ ဘေးဒုက္ခနဲ့သေကြေဆုံးရှုံးရသူတွေအတွက် အသံတိတ်အရိုအသေပေးခြင်း လုပ်ကြပါတယ်။

ရုံးဌာနအသီးသီးမှာလည်း ငလျင်လှုပ်ခဲ့တဲ့ နေ့လည်၂နာရီ၄၆မိနစ်မှာ အသံတိတ်အရိုအသေပေးခြင်းကို လုပ်ကြတာသတင်းတွေမှာ တွေ့ရပါတယ်။
ငလျင်လှုပ်ခဲ့တဲ့ နေ့လည် ၂နာရီ၄၆မိနစ်မှာ အသံတိတ်အရိုအသေပေးခြင်းပြုကြပုံ

ကျွန်မကတော့ ကိုယ့်ထုံးစံအတိုင်း စိတ်ထဲကနေ အမျှပေးဝေပါတယ်။ နေ့စဉ်နဲ့အမျှ သေဆုံးသူတွေ ဒုက္ခရောက်သူတွေကို သတင်းလောက ကတဆင့် တွေ့မြင်ကြားသိနေရတာ အလွန့်အလွန် စိတ်နှလုံးကြေကွဲ စရာပါ။ 
ရုံးခန်းတွင်း အလုပ်များခဏရပ်ကာ သေဆုံးသွားခဲ့ကြသူတွေအတွက် သတိရမေတ္တာပို့ကြတယ်

နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တိုးကျိုဒန်းလျော့ကု ရဲ့ ကုမဏီဥက္ကဌ ကလည်း မနေ့က ဖူကူရှီးမားခရိုင်အုပ်ချုပ်ရေးရုံးကိုသွားပြီး သတင်းစာရှင်းလင်းပွဲကတဆင့်  တောင်းပန်စကားဆိုခဲ့တယ်။ သူ့အနေနဲ့ ချက်ချင်းလူထုကိုတောင်းပန်စကားဆိုချင် ခဲ့သော်လည်း အရေးပေါ်ထိန်းသိန်းမှုလုပ်ငန်းတွေကို လုပ်ဆောင်ရင်း ရုတ်တရက်ကျမ္မာရေးချို့ယွင်းပြီး ဆေးရုံတက်ခဲ့ရတဲ့ အတွက် အခုလို တစ်လပြည့်တဲ့ အချိန်မှ တောင်းပန်စကားပြောဖြစ်ခဲ့တယ်လို့ လည်းပြောကြားသွားခဲ့ပါတယ်။ သို့သော်လည်း သူ့ကို မကျေနပ်နိုင်သူတွေကတော့ အများကြီးရှိပါတယ်။ သူ့နေရာမှာခဏတာ ကိုယ်စားစဉ်းစားမိရုံနဲ့တင် ကိုယ်သာဆို ဘယ်လောက်ထိစိတ်ထိခိုက်ပြီး ယူကြုံးမရဖြစ်မိမလဲမသိဘူး။
တိုကျိုလျှပ်စစ်ဓါတ်အားပေး ကုမဏီတာဝန်ခံများ (ယာမှ၃ယောက်မြောက်၊ ကုမဏီဥက္ကဌ)

တနင်္လာနေ့(၁၁)ရက်နေ့  ညနေပိုင်းကနေ ညဘက်အထိ ၁၀မိနစ်တစ်ကြိမ်လောက်လှုပ်နေတာ ညဘယ်လိုအိပ်ရမလဲတောင် ထင်ခဲ့တယ်။ ဒါပေမယ့် နေ့ဘက်မှာ မနားရအောင်ပင်ပမ်းထားတော့ ခေါင်းအုံးပေါ်ခေါင်းထိတာနဲ့ အိပ်ပျော်တာပါပဲ။

ယောက်ျားရဲ့ လက်ကိုင်ဖုန်းနဲ့ ကျွန်မရဲ့လက်ကိုင်ဖုန်းက ဖုန်းအမျိုးအစားမတူ (ကုမဏီလည်းမတူ) ပါဘူး။သူ့ဖုန်းက အသံပေးကတော်တော်ကျယ်ပါတယ်။
အခုတလော လူတွေက လက်ကိုင်ဖုန်းတွေမှာ ငလျင်အရေးပေါ်အသိပေးချက် ကို တတ်ဆင်သုံးစွဲလို့ငလျင်မတိုင်ခင် စက္ကန့်ပိုင်း (လေးငါးစက္ကန့် ကြိုပြီး) မြည်သံ  သို့မဟုတ် မေးလ်ရပါတယ်။ အဲဒါရှိတော့ မဆိုစလောက် ပြင်ဆင်သတိရှိမှုလေးတော့ ရပါတယ်။ အိပ်ပျော်နေလည်း ဒီအသံကြားရင်လန့်တော့ နိုးတာပေါ့။

နှစ်ရက်ဆက်တိုက် ငလျင်လှုပ်နေတဲ့ အကြိမ်တွေများလွန်းတော့ လူက ခန္ဒာကိုယ် ဗဟိုချက်ကနေ ယိုင်နေသလိုပါ။ ကိုယ်တစ်ယောက်ထဲထင်လားထင်ခဲ့ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်လိုပဲ ဖြစ်နေကြတယ်ဆိုတာသိရတယ်။
ခြာခြာလည်အောင်မူးရလို့ ခေါင်းတွေတောင်ကိုက်တယ်

အဆောက်အဦတွေကော နေ့တိုင်းနည်းပါး ဒီလိုပဲလှုပ်နေရင် ငယ်ငယ်က သွားကျိုးကာနီး နှဲ့ပေးရင်းနဲ့ သွားကျိုးတာလိုမျိုး ကြာရှည်ခံနိုင်ပါ့မလားဆိုတာ သတိရမိတော့ ရင်းနှီးတဲ့ သက်ကြီးဝါကြီး ဂျပန်လူမျိုးတွေကို မေးကြည့်တာပေါ့။ သူတို့ က“ဒီလောက်ကြီးတဲ့ ငလျင်နဲ့ ဒီလို မြင့်မားတဲ့ တိုက်ကြီးတွေ ကို အခုလိုကြုံတာ ပထမဦးဆုံးဆိုတော့ ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်ဘူးတဲ့”

အတိအကျမဟုတ်သော်လည်း ခန့််မှန်းတွက်ဆသူများက အခုလိုနောက်ဆက်တွဲငလျင်တွေဟာ နောက်ထပ် အနည်းဆုံး ၆လ ကနေ နှစ်ကုန်တဲ့အထိ ရှိနိုင်တယ်ဆိုပဲ။

လက်တွေ့အနေအထားမှာတော့ စီးပွါးရေးတွေလည်း မကောင်းသလို ပြန်လည်ထူထောင်ရေးအတွက် လည်း အချိန်၊ ငွေကြေး ၊ လူအင်အား တွေအများကြီးလိုအပ်နေပါတယ်။

အဆိုးဆုံးဒုက္ခများကို တွေ့ကြုံနေကြသူများရဲ့ နေရာမှာ ကိုယ်ချင်းစာကြည့်ပြီး သူတို့ဒီလို အခက်အခဲများကြားကနေ ဆက်လက်ရုန်းကန်သွားနိုင်တဲ့ သတ္တိနဲ့ ဇွဲကိုတော့ အများကြီး လေးစားမိပါတယ်။

တချို့ကတော့ ပြောတယ် ဂျပန်တွေက ပြေးစရာမြေမှမရှိတာ၊ ဒီလိုပဲနေကြမှာပေါ့တဲ့။ ပြေးစရာမြေဆိုတာထက် သူတို့အများစုပြောတာကတော့ တစ်ကမ္ဘာလုံးနေချင်ရင် ဘယ်နေရာမဆိုနေချင်စရာပါပဲတဲ့။ အန္တရယ်ရှိပြီးကြောက်စရာကောင်းမယ်လို့ စဉ်းစားကြည့်ရင်လည်း ဘယ်နေရာမှ လုံခြုံတယ်လို့မရှိပါဘူးတဲ့။ ဒါတောင်သူတို့မှာ ဘာသာတရားကို စိတ်ဝင်စားသူနည်းပါတယ်။

ယုံကြည်ရာ တရားနဲ့ ကိုးကွယ်ရာ ဘုရားရှိသူ ကျွန်မမှာတော့ စိုးရိမ် ကြောက်လန့် တဲ့ အခါတွေများသလို၊ တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်ခဲ့တဲ့ အချိန်လေးတွေလည်း တခါတလေတော့ ရှိပါတယ်။

ဒီရက်ပိုင်းမှာတော့ ပတ်ဝန်းကျင် လမ်းတလျှောက်မှာ ချယ်ရီတွေဝေနေပြီး လေအ၀ိုက်မှာ ပန်းနုရောင်ပွင့်ဖတ်လေး တွေလည်းဝေ့ကာဝိုက်ကာနဲ့ ပေါ့။ မြန်မာပြည်မှာတော့ ရွှေဝါရောင်ပိတောက်တွေနဲ့ နှစ်သစ်ကူး အတာသင်္ကြန်ကို ကြိုဆိုနေကြမှာကို လွမ်းဆွတ်သတိရမိပါတယ်။
ချယ်ရီမြေ

မကြာခင် ရက်ပိုင်းလေးအတွင်းမှာတော့ မြန်မာတို့ရဲ့ မင်္ဂလာနှစ်သစ်ကူးပြောင်းတော့မှာဆိုတာကို တွေးကြည့်ရုံနဲ့တင် ချမ်းမြေ့ရပါတယ်။
တစ်ယောက်တနယ်စီမှာနေ ပိတောက်နဲ့ ချယ်ရီပမာပေ ဆိုသလိုတော့ မဟုတ်ပါဘူး။ ယောက်ျားနဲ့ အတူတူရှိနေပါတယ်။  သို့သော်လည်း ချယ်ရီပင်တွေကြားကနေ ပိတောက်ကို သတိရနေပါတယ်။
ဓါတ်ပုံများကိုအင်တာနက်က ကူးယူပါတယ်။

ဖြည့်စွက်ချက်။ ။ ၁၃ရက်နေ့ အင်တာနက်သတင်းမှာတော့ နောက်ဆက်တွဲငလျင်က ၁၀နှစ်လောက်အထိတောင် ကျန်နေဦးမယ်တဲ့


12 comments:

သူကြီးမင်း (တုံးဖလား) said...

အမခြာလည်မူး.. အဲ..ယောင်လို့။
အမကောင်းမွန်ရေ...
အဲဒီလို ငလျင်တွေ ဆက်တိုက်လုပ်နေရင် အရက်ကုမ်ပဏီ ဘီယာကုမ်ပဏီတွေ အရှုံးပေါ်ကုန်တော့မယ်။း)))
ဟုတ်တယ်။ သောက်စရာမှ မလိုတော့တာ။

အားလုံးသတိဝီရိယနဲ့နေနော်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Shinlay said...

ဂရုစိုက်ပါနော်။ဘုရားရှစ်ခိုး၊မေတ္တာပို့ ကြတာပေါ့။
ဂျပန်သီတင်းတွေကို အမြဲကြည့်နေပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

မနေ့က ထပ်လှုပ်တဲ့သတင်းကြောင့် စိတ်ပူနေခဲ့တာပါ... ပို့စ်တက်လာတာ မြင်မြင်ချင်း အရမ်းဝမ်းသာသွားတာပဲ အစ်မရေ...

ချယ်ရီပင်တွေကြားကနေ ပိတောက်ကိုလွမ်းနေတဲ့ အစ်မကောင်းမွန်ဝင်းနဲ့ မိသားစု မြန်မာ့နှစ်သစ်ကိုရော တစ်နှစ်ပတ်လုံးပါ ဘေးရန်ကင်းရှင်းစွာနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ...

Anonymous said...

အစ်မရေ..
၁၀မိနစ်ခြားတခါလောက်ကိုလှုပ်တယ်ဆိုတော့
စိတ်မအေးနိုင်တော့ဘူးပေါ့နော့..။
..........
ချယ်ရီပန်းတွေ လှတယ်..။
(အောက်ဆုံးစာကြောင်းဖတ်ပြီး
ပြုံးမိတယ်..)

ပေါက်

စူးနွယ်လေး said...

အခုပိုဆိုးလာတယ်နော် တီဗွီမှာကြည့်ရတယ်

Iora said...

သဘောင်္တို့ ဓါတ်လှေခါးတို့ တချိန်လုံးစီးနေရရင် ခံစားရတာမျိုးနေမှာပေါ့နော်။ ဘေးအန္ဒရာယ်ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာပါစေလို့  ဆုတောင်းပါတယ်။

ညီလင်းသစ် said...

နေ့စဉ်ဘဝမှာ နေရတာ တကယ့်ကို မလွယ်တာပါလား မ,ကောင်းမွန်ဝင်းရေ..၊ ဘယ်အချိန် ဘာဖြစ်မလဲဆိုတဲ့ စိုးတထိတ်ထိတ် စိတ်နဲ့နေရတာ အတော်လေး ပင်ပန်း၊ မွန်းကျပ်မှာပဲနော်၊ အဝေးကြီးက တွေးကြည့်တာတောင် မောတယ်၊ ဒီပို့စ်ရဲ့ ခေါင်းစဉ်ကိုကော၊ အောက်ဆုံးက ပိတောက်ပန်းပုံရဲ့ caption စာသားကိုကော ကြိုက်တယ်...။

အဖြူရောင်နတ်သမီး said...

ငလျင်ဒါဏ်ကတော့ တော်တော်ကို ဆိုးပါတယ်..။
ငလျင်မလို့မူးတာ တခြားမူးတာနဲ့ မတူဘူး..
တော်တော်ကို ဆိုးတာ...လူတကိုယ်လုံး တုန်ချိချိနဲ့လေ..။

စော(အဝါရောင်မြေ) said...

အမရေ ကြည့်ရတာ အရမ်း ပင်ပန်းနေ သလိုပဲ

``ဗွမ်း ဗွမ်း`` ကဲ သင်္ကြန်ရေ လောင်းလိုက်ပြီး

အမရေ နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့  ခညောင်းပါစေလို့  ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Anonymous said...

မရေ
ငလျှင်တွေကအရှင်းမပြတ်ဘူးနော်
လူလည်းမသောက်ပဲမူးတူးတူးရီဝေေ၀နဲ့ရယ်
မနောက်ဘူးအဟုတ် သိလား
:D

Kyaw Hnin Se Lwin said...

မမွန်ရေ
မသောက်ပဲအမြဲမူးတူးတူးရီဝေေ၀ဖြစ်နေတယ် ညီမလည်း...:D
ဒါနဲ့မမွန်ဘလော့ဂ်ဖွင့်လိုက်ရင်ညာဘက်မှာ
flickrအဖြူရောင်ဝင်းဒိုးတခုလာတက်တယ်သိလား စစ်ကြည့်ဦးနော်

SHWE ZIN U said...

ညီမ ရေ

မသောက်ဘဲမူးမူးနေတော့ ငွေကုန်သက်သာမလားလို့
စတာပါညီမရေ အားလုံးအတွက် စိတ်မကောင်းမိပါဘူး
သတိထားပါ


မင်္ဂလာနှစ်သစ်ပါနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး