April 5, 2011

ပါရာဒိုင်းရှစ်ဖ် ကို လက်မခံလိုသော အစိုးရ ရှိပါသလားရှင်

ဟီဂါ့ရှိနိဟွန်ဒိုင်းရှင်းစိုင်း ဆိုတဲ့ ငလျင်နဲ့ ဆူနာမီဘေးဆိုးကြီးဖြစ်ပွါးအပြီးမှာ ဂျပန်နိုင်ငံတွင်းမှာ ဂျပန်လူမျိုးတွေကို မှတ်မှတ်ထင်ထင်ဖြစ်စေခဲ့တာကတော့ “ဆိုရှယ်မီဒီယာ ရဲ့ အရေးပါတဲ့ အခန်းကဏ္ဌပါ။
  “ဆိုရှယ်မီဒီယာ” ဆိုတာကတော့ မည်သူမဆိုပါဝင်လှုပ်ရှားနိုင်သလို၊ ကြည့်ရှုအသုံးချနိုင်ခွင့်ရှိတဲ့ ၀က်ဗ်ဆိုဒ်တွေကိုကြားခံပြီး တစ်ဦးချင်းသော်လည်းကောင်း တစ်ဦးမှ အဖွဲ့အစည်းသို့လည်းကောင်း အများပြည်သူအားလုံးသို့လည်းကောင်း ဆက်သွယ်ပြန်ကြားနိုင်ပြီး လူ့ဘောင်အဖွဲ့အစည်းကို သြဇာသက်ရောက်မှုရှိတဲ့ သတင်းလောက တစ်ခုလို့ ကျွန်မအနေနဲ့ နားလည်ထားပါတယ်။  twitter နဲ့  facebook၊ဘလော့ဂ် တို့လို ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို ကြည့်ရှုဆက်သွယ်နိုင်တဲ့ ပလက်ဖောင်းများကို အခြေခံတဲ့  “SNS ဆိုတဲ့ ဆိုရှယ်နက်ဝပ်ကင်း ဆားဗစ်စ်တွေရဲ့ ကွန်ယက်ကို ကျော်လွန်ပြီး သတင်းလောကအသွင်ဆောင်ကာ၊ ယနေ့နိုင်ငံတကာကို ထိုးဖေါက်ဝင်ရောက်နေတဲ့ သတင်းလောကသစ် တစ်ခုလို့လည်းပြောလို့ရမယ်ထင်ပါတယ်။

တစ်ချို့နိုင်ငံတွေကတော့ “SNS ဆိုတဲ့ ဆိုရှယ်နက်ဝပ်ကင်း ဆားဗစ်စ်” နဲ့ “ဆိုရှယ်မီဒီယာ” တွေကို အလွန်ကိုကြောက်လန့်ကြပါတယ်။ အချို့တိုင်းပြည်များက ပြည်တွင်းလုံခြုံရေးအတွက်ဆိုပြီး တကယ်က မိမိအစိုးရရပ်တည်ရေးအတွက် ကာကွယ်ချင်လို့ facebook ကိုသုံးလို့မရအောင် လုပ်ထားပါတယ်။ အချို့တိုင်းပြည်ကတော့ နိုင်ငံရဲ့အစိုးရပိုင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ၀င်ငွေလျော့ကျစေမယ့်အတွက် အင်တာနက်ကနေ အလကားဖုန်းပြောခွင့်တွေကို တားမြစ်ပါတယ်။

အထက်ဖေါ်ပြပါ ဥပမာများထဲက အခုအချိန်အိုလံပစ်ကိုတောင် ကျင်းပပြီးစီးလို့ ကမ္ဘာမှာစီးပွါးရေးအောင်မြင်နေတဲ့နိုင်ငံပဲဖြစ်ဖြစ်သူ့ဘေးက သယံဇာတပေါကြွယ်ဝသော်လည်း  အကြွေးများတဲ့ ဆင်းရဲသားနိုင်ငံပဲဖြစ်ဖြစ် ဒီလို ကျယ်ပြန့်ပြီး သြဇာသက်ရောက်မှုပြင်းထန်တဲ့ “SNS ဆိုတဲ့ ဆိုရှယ်နက်ဝပ်ကင်း ဆားဗစ်စ်” နဲ့ “ဆိုရှယ်မီဒီယာ” ကိုသိသိသာသာ ပိတ်ပင်နေကြသလို၊ အခြားတဘက်ကိုကြည့်ရင် ဂျပန်နိုင်ငံမှာတော့ ဒီကွန်ယက်နဲ့ ဒီသတင်းလောကရဲ့ တိုးတက်အရာရောက်ပုံ နဲ့ လူထုကို အကျိုးပြုပုံ ကို အသိအမှတ်ပြုပြီး မလိုလားအပ်တဲ့အရာများကိုသတိပြုမိဘို့လည်း သုံးသပ်ရင်း ဒီစနစ်ကို အခုထက်ပိုမို အကျိုးရှိရှိသုံးနိုင်ဘို့ စမ်းစစ်သုံးသပ်မှုတွေပိုမိုလုပ်လာကြပါတယ်။

ဆိုရှယ်မီဒီယာ ရဲ့ အတိုင်းအတာကန့်သတ်ချက်တွေနဲ့ အလားအလာတွေကို အခုလိုသုံးသပ်ကြပါတယ်။
 ၁။ ဖုန်းလိုင်းတွေထားပြီး ဆက်သွယ်မှုပြတ်တောက်နေရင် ဘာအဓိပါယ်မှမရှိပါဘူးလို့ဆိုကြတယ်။ (ဆက်သွယ်မှုပြတ်တောက်ခြင်းမဖြစ်အောင် လုပ်ထားနိုင်ဘို့လိုအပ်တာပါ)။
ငလျင်လှုပ်သွားတဲ့ နေ့မှာတယ်လီဖုန်းများ(ကြိုးဖုန်း/လက်ကိုင်ဖုန်း)တွေက ခေတ္တခဏပြတ်သွားတဲ့အချိန်မှာ အင်တာနက်ကနေပဲ အဆက်အသွယ်တွေရရှိခဲ့ပါတယ်။ (တွစ်တာ၊ဖေ့စ်ဘွတ်ခ်များကနေဆက်သွယ်ခဲ့ကြပါတဲ့အတွက် ၎င်းတို့ရဲ့အရေးပါပုံကို အထူးအသိအမှတ်ပြုဖေါ်ပြကြတာဖြစ်ပါတယ်)
၂။ ဟုတ်မဟုတ်ခွဲခြားမထားတဲ့ ကောလဟာလသတင်းများထွက်ပေါ်ကောင်းထွက်ပေါ်နိုင်ပါတယ်။
(အဲဒီအချိန်မှာ ချိဘာ့ခရိုင်က LPဂက်စ်စက်ရုံမီးလောင်မှုဖြစ်တော့ အဲဒီနေရာမှာ အဆိပ်သင့် မိုးတွေရွာနိုင်တယ်ဆိုပြီး တွစ်တာပေါ်မှာရေးတင်တဲ့သူတွေရှိခဲ့ပါတယ်။)

၃။ သတင်းတွေကို တစ်ပြိုင်နက်တည်းနဲ့ လူအားလုံးဆီကိုရောက်သွားအောင်လုပ်ဘို့အတွက်တော့ မဖြစ်နိုင်ပါဘူး။
(အချို့ကောလဟာလ သတင်းတွေကို တစ်ပြိုင်တည်းဖြန့်ချီလို့မရတဲ့အခါမှာ “ဒီမေးလ်ကို တဆင့်ပို့နိုင်သမျှလက်ဆင့်ကမ်းပေးပါ” ဆိုတာမျိုးတွေနဲ့ဖြန့်ချီတာကိုတွေ့ရပါတယ်)
ဒါပေမယ့်လို့pull-based information distribution သတင်းဖြန့်ချီမှုပုံစံဖြစ်တဲ့အတွက် မျှဝေသုံးစွဲနိုင်ပါတယ်။ ဥပမာ၊ အန္တရာယ်ကင်းမကင်း မက်ဆေ့ဂ်ျ ပေးဘို့၊ အချို့သတင်းအချက်အလက် (ဆူနာမီရေလှိုင်း/ စုပေါင်းခိုလှုံရာနေရာ) တွေကို သိနိုင်ဘို့၊ အင်တာနက်စာမျက်နှာနဲ့ အက်ပလီကေးရှင်းတွေကိုလုပ်ပေးထားလို့ တွစ်တာနဲ့အင်တာနက်ကိုသုံးပြီး ရယူဆက်သွယ်နိုင်ခဲ့ကြပါတယ်။ တွစ်တာမှာ ခေါင်းစဉ်တူရာစုဝေးပြီး တွစ်တာသုံးစွဲသူအချင်းချင်းသတင်းဖလှယ်တဲ့အတွက် မေးလ်ပို့သလို တစ်ဦးချင်းစီ ပို့စရာမလိုတာကလည်း အားသာချက်တစ်ခုပါပဲ။

၎။ ပါဝင်ပတ်သက်သူများကိုယ်တိုင်မှ သတင်းကိုထုတ်ပြန်ပေးပို့နိုင်ခြင်း
အချို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တိုကျိုလျှပ်စစ်ဓါတ်အားပေးကုမဏီတို့ကိုယ်တိုင် တွစ်တာမှာအကောင့်ဖွင့်ပြီး လူထုအတွက် သတင်းအပေးအယူဆက်သွယ်မှုတွေလုပ်ခဲ့ပါတယ်။

၅။ အကျိုးအမြတ်ရှိတဲ့ သတင်းအချက်အလက်အတွက်စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း
ကိုယ်လိုချင်တဲ့ သတင်းကိုရွေးချယ်ပြီး ချက်ချင်းရှာဖွေဖတ်ယူနိုင်ပါတယ်။
(တွစ်တာမှာ ရေးတင်နေသူတစ်ယောက်က သူ့ရဲ့ ပုံမှန်အကြောင်းအရာ အကောင့်နဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံပေါက်ကွဲမှု အကြောင်းအရာအကောင့်တွေကိုယှဉ်ကြည့်တဲ့အခါမှာ အဲဒီ ဖြစ်ပွါးမှုအချိန်နဲ့ ကိုက်ညီတဲ့ခေါင်းစဉ်ကို ကြည့်ရှုသူ ဖေါ်လိုဝါ က ရက်ပိုင်းအတွင်း နဂိုမူလအကောင့်ကို ကြည့်ရှုသူဖေါ်လိုဝါထက်အဆများစွာမြင့်တက်သွားပါတယ်)

၆။ အသုံးပြုသူများ ပူးပေါင်းတွဲဘက်နိုင်ခြင်း (ဒီအချက်ကတော့ ဂျပန်လူမျိုးတွေရဲ့ ဗီဇနဲ့ နည်းပညာကို အတူတွေ့ရပါတယ်)
●တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် လိုSNS တွေသုံးပြီး လျှပ်စစ်မီးသုံးစွဲမှုခြွေတာခြင်းအတွက် ပိုစတာတွေတီထွင်ဖြန့်ဝေပြီးသာမန်ပြည်သူအချင်းချင်းစည်းရုံးကြတယ်။
●မလိုအပ်ပဲ ပစ္စည်းတွေကိုအပြေးအလွှားသွားဝယ်တာကိုမလုပ်ကြဘို့ သတိပေးတန့်လှန့်ကြတယ်။
●ဘေးဒုက္ခရင်ဆိုင်ရတဲ့အချိန်ကြိုတင်ပြင်ဆင်မှုကို ၀ီကီစာမျက်နှာဖွင့်ပြီး တင်တယ်။
●လိုအပ်တဲ့သတင်းတွေအတွက် အင်တာနက်စာမျက်နှာအသစ်တွေဖွင့်ကြတယ်။
●ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေကြတယ်။ 
(ဒီဘေးအန္တရယ်ကြီးတွေ့ချိန်မှာ အရေးပေါ်သတင်းတွေကို နားမကြားသူတွေက နားထောင်လို့မရတဲ့အခါ တွစ်တာပေါ်မှာ လက်ဟန်သရုပ်ပြ စကားပြော နဲ့ သတင်းလွှင့်ပေးရင်ကောင်းမှာပဲလို့ ရေးထားတဲ့ စာတစ်ကြောင်းကိုတွေ့တာနဲ့ လက်ဟန်သရုပ်ပြ စကားပြော အတတ်ပညာတတ်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရယ် ရုပ်မြင်အွန်လိုင်းစကားပြော ကျွမ်းကျင်သူရယ် တွစ်တာပေါ်မှာ ဆက်သွယ်မိပြီး အစိုးရကထုတ်ပြန်တဲ့သတင်းတွေကို လက်ဟန်သရုပ်ပြစကားပြော နဲ့ အင်တာနက် အသံလွှင့်အစီအစဉ်ကို ချက်ချင်းတီထွင်လိုက်ကြတယ်။)
●သတင်းတစ်ခု အင်တာနက်စာမျက်နှာတစ်ခုကိုပဲ ဂျပန်ဘာသာကနေ ကိုရီးယားဘာသာ၊ အင်္ဂလိပ်ဘာသာကနေ ဂျပန်ဘာသာ ဆိုသလိုမိမိပတ်ဝန်းကျင်အတွက် လိုအပ်ရာဘာသာပြန်ဆိုမှုကို ပြုလုပ်စွမ်းဆောင်နိုင်ကြတယ်။ဂျပန်နိုင်ငံတွင်းက နိုင်ငံခြားသားတွေကိုကော ကမ္ဘာအရပ်ရပ်က နိုင်ငံခြားသားတွေအတွက်ကော ကိုယ်တတ်နိုင်တဲ့ နေရာကနေ လူထုကတစ်တပ်တစ်အားပါဝင်ကြတယ်။

SNS နဲ့ ဆိုရှယ်မီဒီယာတွေမှာတွေ့ရှိရတဲ့လူတစ်ဦးတစ်ယောက်စီရဲ့ ရေးသား၊ တင်ပြမှုကနေ ထွက်ရှိလာတာကတော့ လူအများကို ရသပီတိဖြစ်စေသလို ၊ စိတ်နှလုံးကို အင်အားသစ်တွေ တိုးစေတာကတော့ တစ်ဦးချင်းစီအတွက် အကျိုးအမြတ်ပါ။ ဒီထက်တစ်ဆင့်တက်ပြီး ဆိုရှယ်မီဒီယာတွေကိုသုံးစွဲပြီး လူ့ဘောင်ကို အထောက်အကူပြူသွားတာကလည်း သုံးစွဲသူတွေရဲ့ စွမ်းဆောင်ချက်များပါပဲ။

တကယ်တော့ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ ဆိုရှယ်မီဒီယာ ကိုလက်ခံသုံးစွဲတယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရုံသာဆိုတဲ့ ခေတ်စားရူးသွတ်မှု(transient manner)တစ်ခုထဲမဟုတ်ပါဘူး။ ခေတ်နဲ့ လူ့ဘောင်အဖွဲ့အစည်း အတွက် လိုအပ်မှုတစ်ခု “ပါရာဒိုင်းရှစ်ဖ်
 တစ်ခုဖြစ်တယ်ဆိုတာကို လေးနက်စွာသဘောပေါက်နေတာကိုတွေ့ရပါတယ်။  

ဂျပန်နိုင်ငံရဲ့ လက်ရှိအခြေအနေကို ငလျင်၊ ဆူနာမီ၊ နျူကလီးယားဓါတ်အားပေးစက်ရုံပြသနာများက မပြီးဆုံးသေးတဲ့အတွက် အခုအချိန်မှာ ကောက်ချက်ချပြဘို့စောလွန်းပါသေးတယ်။ သို့သော်လည်း ဂျပန်နိုင်ငံရဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဘလော့ဂ်တို့ပါဝင်တဲ့  “ဆိုရှယ်မီဒီယာ” ရဲ့ အခန်းကဏ္ဌနဲ့အကျိုးပြုမှုတွေ၊ အဲဒါတွေကို ဂျပန်လူထုကအသုံးချတတ်မှုတွေကတော့ နောင်လာမည့် တိုးတက်မှု အလားအလာကောင်းများကို မှန်းဆလို့ရလောက်အောင် လက်တွေ့သိမြင်ခံစားရတဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ 

စာကြွင်း။ ဂျပန်နိုင်ငံတွင်းသတင်းမီဒီယာများမှ ဖတ်ရှုရတာတွေကို ကိုးကားပါတယ်

ပုံတွေကိုအင်တာနက်က ကူးယူပါတယ်။

6 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အမကောင်းမွန်ဝင်းရေ..
အချို့နိုင်ငံဆိုတာ ဘယ်နိုင်ငံပါလိမ့်နော်။း)))

ဟုတ်တယ်။ လွတ်လွပ် ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ ပိုင်ဆိုင်နေတဲ့ တက်ကနိုလော်ဂျီတွေကို အခုလို အကျိုးရှိရှိအသုံးပြုကြလေ့ရှိပါတယ်။ ဒါဟာ တကယ် ကျေနပ်စရာပါ။

အခုလို မှတ်သားစရာတွေကို စုဆောင်းတင်ပြပေးတဲ့အတွက် ကျေးဇူးနော် အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညီလင်းသစ် said...

ဟုတ်တယ်ဗျ၊ “တချို့” တွေက ရာဇဝင်ထဲမှာပဲ နေခဲ့ ချင်ကြတယ်၊ ခေတ်ဆန်ကြသူများပေါ့၊ တကယ်ပဲ ခေတ်ရဲ့ စီးကြောင်းကို ဆန်တက်ကြသူများပါပဲ...၊း)

နည်းပညာကို ခိုင်းနွားလို ကောင်းကောင်း အသုံးချတတ် သူများအကြောင်း ဖတ်ရတာ အားရစရာ ပါ၊ အခြေအနေကို အမိအရ ထပ်ဟပ်ပြနိုင်တဲ့ ပို့စ်ကောင်းလေး တစ်ခုပါ မကောင်းမွန်ဝင်းရေ...။

ကျော်နှင်းဆီလွင် said...

မမွန်ရေ
ဒီဆောင်းပါးလေးသိပ်ဖတ်လို့ကောင်းတယ်
ပညာလည်းရတယ်သိလား

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းပြောသလို ကိုယ့်နေရာမြဲဖို့အတွက်
ခေတ်ရေစီးကို ဆန်နေသူတွေ မင်းမူနေတဲ့ တိုင်းပြည်ကတော့ တိုးတက်ခြင်းနဲ့ မိုင်ပေါင်းကုဋေမှာ ကျန်ခဲ့ဦးမှာ။
တိုးတက်ပါတယ်လို့ ခုနှစ်သံချီဟစ်ပြီး အော်နေလည်းမျက်စိပါ နားပါတာမို့ အမှန်တရားကို မြင်ရပြီးသားပါ။

ကိုအောင်(ပျူနိုင်ငံ) said...

မကောင်းမွန်ဝင်းပြောတာ အမှန်ပဲ၊ ဆောင်းပါး
က ဖတ်လို့ကောင်းတယ်။

PAUK said...

ဟုတ်သား..။
အဟောင်းတွေချည်း ဖက်တွယ်နေလို့ မရပါလား။
ပို့စ်တင်တဲ့အတွက် ကျေးဇူး။