ဒီဇင်ဘာလ၃၁ရက်နေ့ ညမှာ “ဆိုးဘာ့” ဆိုတဲ့ ခေါက်ဆွဲတစ်မျိုးကို မိသားစုစုံစုံလင်လင်နဲ့ စားကြပါတယ်။ “တိုရှိခို့ရှိဆိုဘာ့”လို့ခေါ်တဲ့ သူ့နံမည်ရဲ့ အဓိပ္ပါယ်ကတော့ နှစ်ကူးမယ့်ဆိုဘာ့ လို့ ဘာသာပြန်ရရင်ကောင်းမလားပဲ။
![]() |
ဆိုဘာ့ ခေါက်ဆွဲ စားရန်အသင့်ပြင်ဆင်ထားပုံ၊ ခေါက်ဆွဲပေါ်ကို အဆာပလာလေးတွေဖြူးဖြန်းပြီး ဟင်းချိုရည်လေးဆမ်းပြီး ရှလွတ်ရှလွတ်နဲ့ စားလို့ရှိရင် တစ်ပန်းကန်ကတော့ အသာလေးပါပဲ |
![]() |
ဘုရားကျောင်းတွေမှာ နှစ်ဆန်းတစ်ရက်နေ့ကတော့ ကြိတ်ကြိတ်တိုးပါပဲ။ ဘုရားကျောင်းဝင်ပေါက်ကနေ ပင်မဘုရားကျောင်းဆောင်ရှေ့ရောက်ဘို့ တန်းစီဝင်ရတာနဲ့တင် ၁နာရီလောက်ကြာပါတယ်။ |
ည၁၂နာရီထိုးပြီးတစ်နှစ်ကူးပြောင်းတာကို တချို့ကတော့ ဂျပန်နတ်ဘုရားကျောင်းတွေကိုသွားပြီး ပူဇော်ဆုတောင်းကြပါသေးတယ်။ အဲဒီလိုနှစ်သစ်ကူး ဘုရားကျောင်းသွားပြီး ၀တ်ပြုဆုတောင်းတာကို “ဟတ်ဆုမိုးဒဲ့”လို့ခေါ်ပါတယ်။ ၀တ်ပြုဆုတောင်းတာနဲ့အတူ အန္တရာယ်ကင်း အဆောင်တွေ၊ အိမ်ကဘုရားစင်အတွက် ကပ်လှူပူဇော်စရာတွေလည်းဝယ်ကြပါတယ်။ နှစ်သစ်တစ်နှစ်ရဲ့ အိမ်ကနေပထမဆုံးအပြင်ကိုသွားတာကို ဒီလိုဘုရားကျောင်းကိုသွားလိုက်ရတယ်ဆိုတဲ့ အတိတ်ကောင်းနိမိတ်ကောင်းတစ်ခုပါပဲ။ နှစ်ဆန်း၃ရက်နေ့အထိ သွားဖြစ်အောင်သွားကြသလို ဇန်န၀ါရီလတစ်လလုံးမှာ သွားတာကိုလည်းပြောလို့ရပါတယ်လို့လည်း ဖတ်ရပါတယ်။
![]() |
ဘုရားဝတ်ပြု၊ ယတြာချေ၊ ဗေဒင်မေး၊ အဆောင်ဝယ် ပျားပန်းခတ်မျှစည်ကားလှပါတယ် |
ကျွန်မတို့မြန်မာပြည်မှာ အတာအိုးနဲ့ သိကြားမင်းကို ကြိုသလို ဂျပန်နိုင်ငံမှာလည်း အိမ်တွေ၊ရုံးတွေ၊ ဘူတာတွေ၊ လေယဉ်ကွင်းတွေမှာပါ ပြင်ဆင်ပြီး နှစ်သစ်ကိုကြိုဆိုတာမျိုးလည်းရှိပါသေးတယ်။ “ခါ့ဒိုမာ့ဆု”လို့ခေါ်တဲ့ ဂျပန်အတာအိုး(ကျွန်မစိတ်ကြိုက်သုံးထားတဲ့ ဝေါဟာရပါ)မှာ အဓိကပါဝင်ရတာကတော့ “ထင်းရူး၊ ၀ါး ၊ ဂျပန်မက်မန်း” ဆိုတဲ့ အပင်သုံးမျိုးရဲ့ အကိုင်းအခက်အရွက်အလက်တွေပါ။ အဲဒီ အပင်သုံးမျိုးမှာလည်း သူ့အယူတော်နဲ့သူ သတ်မှတ်ချက်တွေ ရှိနေပါတယ်။
အိပ်ဝင်ပေါက်တွေမှာ ပိုက်ဆံရှိရင်ရှိသလို အလှအပတန်ဆာဆင်မှုနဲ့ အရွယ်အစားကလည်း အမျိုးမျိုးနဲ့ပေါ့။ |
သူ့ အယူအဆတွေကတော့ တရုတ်ပြည်ကနေ တဆင့် ဆင်းသက်လာတယ်လို့ဆိုကြပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အိမ်ပေါက်စေ့ အတာအိုးတွေကို ပြင်ဆင်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ဝေးလာတဲ့နေရာမှာ အဲဒီ ခါ့ဒိုမာ့ဆုတွေ ပြင်ဆင်ထားတာတွေတွေ့ရရင် စိတ်ထဲကနေ “ အော်နှစ်သစ်မင်္ဂလာပဲ”လို့ သူ့အလိုလိုခံစားမိလာရပါတယ်။
![]() |
မက်ကိုမက် လိုက်ဦး မယ်၊ သုံးခုစလုံးပါအောင် |
နှစ်သစ်တစ်နှစ်ပြောင်းလို့ နှစ်ဆန်းတစ်ရက်နေ့ လည်းရောက်ရော နောက်ထပ် အတိတ်နိမိတ်ယူတာတစ်ခုကိုလည်း ဂျပန်ယဉ်ကျေးမှုမှာတွေ့ရပါသေးတယ်။ နှစ်ဆန်းတစ်ရက်နေ့ ည သို့မဟုတ် နှစ်ဆန်းနှစ်ရက်နေ့ညမှာ မက်တဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးမက်တဲ့ အိပ်မက်ပါ။
![]() |
အိပ်မက်ဦး ပန်းချီကား |
တစ်ခုစီဆက်ရေးနေရင် ကျွန်မကတော့ ဒီနေ့ည တော့ အိပ်မက်ဖြစ်ပါ့မလားပဲ။ ဒီညမမီလည်း နှစ်ဆန်းနှစ်ရက်နေ့ကျမှပဲ ကြိုးစားပြီး မက်လိုက်ဦးမယ်။
စာကြွင်း။
ပြီးခဲ့တဲ့ပို့စ်ကနေ တစ်လကျော်ဘလော့ဂ်ကို ပစ်ထားခဲ့ပါတယ်။ ရုံးအလုပ်၊ ကြားပေါက်ပိုက်ဆံရတဲ့ အလုပ်၊ သားလေးရဲ့နေမကောင်းဖြစ်လိုက်ပြန်ကောင်းလိုက်ဆိုတဲ့ ပုံမှန်ဖြစ်နေကျကိစ္စတွေထဲကနေ ရုန်းမထွက်နိုင်လောက်အောင် အချိန်ကုန်ခဲ့ရပါတယ်။ ဒီနေ့တော့ သားနဲ့ သားအဖေအိပ်နေတုန်း ဒီပို့စ်ကလေး ထရေးပြီးတင်လိုက်ပါတယ်။ အမြဲတစေ သတိတရရှိပေးသူတွေကော၊ တကူးတက နှုတ်ဆက်ကြသူတွေကော ၂၀၁၁မှာကျက်သရေမင်္ဂလာအပေါင်းခညောင်းပြီး စိတ်ကိုယ်နှစ်ဝ ဆန္ဒ တွေပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဓါတ်ပုံများကိုတော့ ပင်ပင်ပမ်းပမ်းနဲ့ အင်တာနက်မှကူးယူးပါတယ်။