September 28, 2010

“Say no to racism ”

လူမျိုးဘာသာခွဲခြားမှုဆန့်ကျင်ရေးနဲ့ စစ်ဆန့်ကျင်ရေး အဖြစ် နံမည်ကြီးလူကြိုက်များတဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်ကို အခုတလော ကျွန်မသိပ်သတိရနေမိတယ်။ သီချင်းစာသားကိုတွေ့ရင် သံဇဉ်ကိုကြားယောင်မိသလို၊ သံဇဉ်ကိုကြားလိုက်တာနဲ့ စာသားအဓိပ္ပါယ် ကို ခံစားနားလည်စေတဲ့ အထိ တစ်ကမ္ဘာလုံးက လူတွေကို ဖမ်းစားနိုင်တဲ့ ဒီသီချင်းကို မကြိုက်တဲ့ သူတွေလည်းရှိမှာပါပဲ။ တချိန်တခါမှာတော့ အပြစ်မဲ့သူတွေကို လေယဉ်ပျံကြီးနဲ့ တိုက်သတ်တဲ့သူတစ်စုကို  မှတ်လောက်သားလောက်အောင် သင်္ခန်းစာပေးစစ်တိုက်ဘို့ဆိုပြီးဆုံးဖြတ်လိုက်တဲ့ နိုင်ငံကြီးတစ်နိုင်ငံဟာ ဒီသီချင်းအပါအ၀င် ငြိမ်းချမ်းရေးသီချင်း အချို့ကို ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ဘူးပါတယ်။ သီချင်းရဲ့ စာသားဖြစ်တဲ့မူလကဗျာကို ဒုတိယဇနီးသည်၊ အရှေ့တိုင်းသူ က ငယ်ရွယ်စဉ်မှာ ရေးစပ်ခဲ့ပြီး၊ လုပ်ကြံခံရပြီး သေဆုံးသွားသူ၊ ခင်ပွန်းသည် အနောက်နိုင်ငံသားက ပြန်လည်သီကုံးစပ်ဆိုခဲ့တာပါ။ ဘာသီချင်းလဲဆိုတာ သိသွားပြီပေါ့နော်။
ဒီဆောင်ပုဒ်လေးကိုလည်းမှတ်မိမယ်လို့ထင်ပါတယ်

September 26, 2010

တိုကျို၊ မြန်မာသီတင်းကျွတ်ပွဲ

တိုကျိုမြို့က မြန်မာသီတင်းကျွတ်ပွဲကို သွားခဲ့ပါတယ်။ နံမည်ကျော် “မင်္ဂလာဒိုးအဖွဲ့”ရဲ့ မင်္ဂလာရှိတဲ့ မြန်မာသီချင်းများကိုနားထောင်ရတာ ကြည်နူးစရာပါပဲ။ ဈေးဆိုင်တွေနဲ့ ၊ ပွဲလာတဲ့သူက သင်္ကြန်ပွဲလောက် မများလှပေမယ့်  ပွဲစည်ပါတယ်။ပွဲလာချင်ပေမယ့်  တနင်္ဂနွေလိုနေ့မျိုးမှာ အလုပ်လုပ်ရသူတွေ၊ ခွင့်မရသူတွေ၊ အခြားကိစ္စရှိသူတွေ မလာနိုင်လို့ လူနည်းရတဲ့အပြင်၊ မြန်မာသီတင်းကျွတ်ပွဲတို့ မြန်မာသင်္ကြန်ပွဲတို့ကို မြန်မာအစိုးရကလွှတ်လို့ ဂျပန်ရောက်နေကြတဲ့သူ အများစုကလည်း မလာကြပါဘူး။ အခြားနိုင်ငံတွေရဲ့ ပွဲတွေလို ကိုယ့်ရဲ့ နိုင်ငံတော်မြန်မာသံရုံးကကြီးမှုး ကျင်းပတဲ့ ပွဲမဟုတ်တာကြောင့်လည်း အခုမြင်ရတဲ့ အတိုင်းလူနည်းတာပေါ့နော်။


နှုတ်ခွန်းဆက်သီချင်း

September 23, 2010

လျောက်လည်ရသည့် အကြောင်းရင်း

 “ယော်ယောဂိ”ပန်းခြံမှာကျင်းပတဲ့ ဗီယက်နမ် ပွဲတော်ကိုသွားခဲ့ပါတယ်။ဒီပန်းခြံမှာ ကျင်းပလေ့ရှိတဲ့ ထိုင်းပွဲတော်ကိုလည်း သွားဖြစ်တာ၂နှစ်ရှိပါပြီ။  ဗီယက်နမ်ပွဲတော်ကိုတော့ ဒီတစ်ကြိမ်ကပထမဦးဆုံးပါ။
ယော်ယောဂိပန်းခြံ နဲ့ ဟာရာ့ဂျုကုကိုသွားရတာ ကျွန်မအတွက်တော့ လွတ်လပ်မှုနဲ့ အတူ၊ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ပုံစံတစ်မျိုးနဲ့  ရရှိပါတယ်။ ကျွန်မကိုယ်တိုင်လွတ်လွတ်လပ်လပ်ဘာမှမလုပ်ပေမယ့် ၊ ဒီလောက်ရှုတ်ထွေးစည်ကားတဲ့ နေရာမှာ ဘာကြောင့်များတည်ငြိမ်တဲ့ စိတ်ခံစားမှုကိုရရှိလည်းဆိုတာ ဟာရာ့ဂျုကု နဲ့ ယော်ယောဂိ ကို ရောက်ဘူးသူတွေကအံ့သြမှာပေါ့။ မရောက်ဘူးသူတွေကလည်း ဘယ်လိုနေရာမျိုးပါလိမ့်လို့ထင်ပါလိမ့်မယ်။
ယော်ယောဂိ ပန်းခြံ


September 17, 2010

ခြေထောက်အနွေးထည်





လက်ဂ် ၀မ်မာစ် (Leg warmers)
ဆိုတာကတော့ကျွန်မ မကြာခဏ၀တ်ဆင်လေ့ရှိတဲ့
ခြေထောက်အနွေးထည်တွေပါ။ အရင်ကျောင်းတက်တုန်းကတော့ မ၀တ်ဖြစ်ခဲ့ပါဘူး။ ရုံးမှာအလုပ်လုပ်ရတော့ နွေရာသီဆိုရင် တောက်လျှောက်အအေးခန်းထဲမှာ တစ်နေကုန်ထိုင်ရသလို အေးတဲ့ရာသီဆို အနွေးဓါတ်ပေးထားတဲ့ အခန်းထဲနေလည်း ဒူးပေါ်ကနေ အောက်ပိုင်းကို စောင်ပိုင်းခြုံထားလည်း ခြေထောက်တွေက ချမ်းတတ်လို့ သူ့ကိုဝတ်ဆင်ဖြစ်တာများပါတယ်။ရာသီ၎ခုစလုံးမှာ
တော်တော်လေး ၀တ်ဆင်ဖြစ်ပါတယ်။

September 10, 2010

ကျွန်မကြိုက်သော “အမြည်း” များ

“ချဉ်ချဉ်တူးတူး မူးပြီးရော” တဲ့ ။ ယမကာသုံးဆောင်သူများအတွက် အမြည်းရယ်လို့သေချာမရှိရင် သံပုရာသီးစိပ်ကလေးလည်း အမြည်းပဲဆိုပြီးစားကြတာကို ပြောကြတာထင်ပါရဲ့။ တကယ်ကတော့ အမြည်း ဆိုတာ ယမကာသုံးဆောင်ရာမှာ သူပါမှ ပိုပြီး ယမကာသောက်တဲ့ အထမြောက်မယ့် စွမ်းဆောင်ရည်ရှိပါတယ်။ 

ဒီဂျပန်မှာတော့ “ အီဇာ့ကာ့ရာ့ ”လို့ခေါ်တဲ့ (တိုက်ရိုက်ဘာသာပြန်ရင် အရက်ဆိုင် )ဆိုင်တွေဟာ အခုခေတ်မှာ ရိုးရိုးသာမန်သူတွေဝင်ထွက်စားသောက်တဲ့ ဆိုင်တွေဖြစ်လာပါပြီ။ ဒီဆိုင်တွေကို ဘာလို့ အရက်ဆိုင်လို့သီးသန့်ရှိခဲ့ရာကနေ မိသားစုလိုက် ၊ သူငယ်ချင်းမိတ်ဆွေများစုဝေးစားသောက်ရာ သာမန်စားသောက်ဆိုင်တွေအဖြစ်ပြောင်းသွားရတာလဲဆိုတာကို စမ်းစစ်ကြည့်ရင်။ အရက်နဲ့ တွဲသောက်တဲ့ အမြည်းတွေကြောင့်ပါ။ တချို့ အမြည်းတွေဟာ ဟင်းတွေဖြစ်သလို၊ ကလေးနဲ့ အမျိုးသမီးများ ၊ အရက်မသောက်သူများအတွက်လည်း အလွန်ကို ကောင်းတဲ့ စွဲဆောင်မှုရှိလို့ပါပဲ။

August 24, 2010

“ပုပ်စပြုတဲ့ မိန်းမနဲ့ လူပျိုသိုး ”

ပုပ်တယ်၊သိုးတယ်၊ နံစော်တယ် ဆိုတာက အပေါ်ယံစကားလုံးအနေနဲ့ ကြားရတာလုံးဝအဆင်မပြေပါဘူး။
မြန်မာစကားမှာတော့ “လူပျိုသိုး”လို့ သုံးကြတယ်။ “အပျိုသိုး”လို့တော့ သိပ်မကြားဘူးပါဘူး။
ဂျပန်စကားကတော့ “အသီးအနှံ နဲ့ မိန်းမ ဆိုရင် နည်းနည်းပုပ်စပြုတဲ့ အချိန်က အရသာအရှိဆုံး” တဲ့။
ဒီစကားကို တချို့အသားကြိုက်သူတွေကလည်း “အသား နဲ့ မိန်းမ ဆိုတာ ပုပ်ကာနီးက အကောင်းဆုံး” တဲ့။

August 19, 2010

ဖိနပ်ဆိုပေမယ့်


အခုတလော မြင်ရတဲ့ ဖိနပ်တွေထဲက ကျွန်မအနေနဲ့ တစ်ခါမြင်တာနဲ့ စိတ်ထဲမှာ“ဒီလို ဖိနပ်မျိုးတော့ မရှိစေချင်ဘူး” လို့ စဉ်းစားမိတာတွေကတော့။

August 12, 2010

ဘလောက်အရောင်

နောက်ခံအရောင် နောက်ခံဒီဇိုင်းတွေကြောင့် စာဖတ်ရတာအခက်အခဲဖြစ်စေတဲ့ ၀က်ဗ်ဆိုက်တွေကို ဖတ်ဘူးကြည့်ဘူးမယ်ထင်ပါတယ်။


ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့ ဘလောက်အတော်များများဟာ နောက်ခံအမဲ သို့မဟုတ် အလွန်တောက်ပတဲ့ အရောင်တွေကို သုံးကြပါတယ်။ ကျွန်မလည်း ဒီလိုပဲလေ၊ ကိုယ်ကြိုက်တဲ့ အရောင်ကို လှတယ်ထင်ရင် သုံးပစ်လိုက်တာပါပဲ။

August 10, 2010

ဈေးကွေ့ ပါလား

ကျွန်မရန်ကုန်မှာ တက္ကသိုလ်ကျောင်းသူဘ၀က တွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးပါ။

တနေ့တော့ ရန်ကင်းဘက်ကို ပြေးတဲ့ ဟိုင်းလတ်စ် ဘတ်စကားကိုစီးပါတယ်။ နံပါတ်တော့ မမှတ်မိတော့ပါဘူး မနက်ပိုင်းလူကြပ်တဲ့ အချိန်ပေါ့။ ကားရဲ့ အနောက်ပေါက်နဲ့ကပ်ရက် ဘေးတန်း အစွန်ဆုံးထိုင်ခုံမှာ ထိုင်ရပါတယ်။ ကားအတက်အဆင်းလုပ်တဲ့ နောက်ပေါက်ကတော့ ယောက်ျားတွေအားလုံး ခြေထောက်တစ်ဘက်ခြေနင်းခုံပေါ်ထောက်လိုက်ရင်းနဲ့ ခိုစီးတဲ့ လူအပြည့်ပါပဲ။
ထုံးစံအတိုင်း စပါယ်ယာက ပိုက်ဆံတောင်းလိုက်၊ မှတ်တိုင်တွေနံမည်အော်လိုက်၊ ကားမောင်းဆရာကို အသံပေးလိုက်နဲ့ပေါ့။ ထုံးစံမဟုတ်တာကတော့ ဒီစပါယ်ယာက ခုနပြောခဲ့တဲ့ သူ့ရဲ့ စပါယ်ယာအလုပ်နဲ့ ပါတ်သက်တဲ့ စကားတွေအပြင် တခြား စကားတွေကိုလည်း တရပ်စပ်ပြောနေပါတယ်။ ခပ်သွက်သွက်ရွှတ်နောက်နောက်ပါ။
ရုံးချိန်ကလည်းဖြစ်၊ ကားကလည်းမြန်၊ စပါယ်ယာကလည်း သွက်၊ လူကလည်းကြပ်နဲ့ တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင် တလွင့်လွင့်နဲ့ပြေးနေတဲ့ကားပေါ့ရှင်။

August 8, 2010

မှားဖတ်လည်း ရပါတယ်

စာဖတ်မှားတာ၊ လျှမ်းတတ်တာများနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု နဲ့ အတူ ကျွန်မတို့တတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတစ်ခုကို ပြောပြပါရစေ။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ မောင်နှမ၀မ်းကွဲတွေ အားလုံးကျောင်းပိတ်ရက် သွားလည်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတစ်သိုက်ဟာ အဖွားအိမ်မှာ ဆော့လိုက်၊ စားလိုက်၊ စာတွေဖတ်လိုက် စကားပြောလိုက်၊ လျှောက်လည်လိုက်နဲ့ ပေါ့။ဝတ္တုတွေ ကာတွန်းတွေ စာတွေဖတ်တဲ့အခါ နားမလည်တဲ့ စကားလုံးအသစ်တွေ့ရင် လူကြီးတွေကိုမေး ဒါမှမဟုတ် အကြီးတွေက အငယ်ကို ရှင်းပြကြပါတယ်။ မောင်ဝမ်းကွဲလေးတစ်ယောက် က သူဖတ်နေတဲ့ ပုံပြင်စာအုပ်တစ်ခုထဲက “ပြည့်တန်ဆာ” ကို နားမလည်တော့ ကြီးတော်တစ်ယောက်ကို မေးပါတယ်။




July 26, 2010

ဝယ် ရင် ကောင်းမလား

ရန်ကုန်ပြန်တော့ မေမေ့ကို အိမ်မှာဘာပစ္စည်းဘယ်မှာရှိလဲမေးတိုင်း “ဟဲ့ ၊ ခဏနေပါအုန်း ၊ ရှိတော့ရှိတယ် ဘယ်နားမှာလဲမသိဘူး” ဆိုပြီး ချက်ချင်း ဘာကိုမှ မမှတ်မိပါဘူး ။ တော်ကြာ “ လာစမ်းပါဦး ၊ ငါ့သော့တွဲ ဘယ်နားမှာထားမိမှန်း မသိလို့ ရှာပေးပါဦး ” ဆိုတာမျိုးလည်း ရှိပါသေးတယ်။

July 21, 2010

ဇူလိုင်လ ၁၉ရက်နေ့မှာ ရန်ကုန်ကပြန်ရောက်ပါတယ်

ဖေဖေနေကောင်းအောင်ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက်တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ ဖေဖေ ကတော့ ဆေးရုံကပြန်ဆင်းလာပြီး လူကြီးရောဂါဖြစ်တဲ့ အတွက်ကြောင့် သူစားချင်တာကျွေးပြီး သူစိတ်ချမ်းသာအောင်ထားရတဲ့ အခြေအနေပါ။ အိုမင်းနာမကျန်းဖြစ်နေတဲ့ အဖေ့ကိုထားခဲ့ရပြီး၊ အနီးကပ် မပြုစုနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ မြေးလေးကို ဂျပန်လိုနှုတ်ဆက်တဲ့ဖေဖေနဲ့ ၊ “ဖိုးဖိုး ချစ်တယ်”လို့ ပြုံးပြီးပြောတဲ့ ကျွန်မသားလေးကို ကြည့်ရတာ အကြည်နူးဆုံးပါ။ မိဘတွေဟာ သားသမီးတွေကို အချိန်တိုင်းသတိရနေပြီး အတူနေချင်ကြတာကို ပိုပြီးနားလည်သိခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဆိုတာကို သိနေရတာကတော့ ............

July 2, 2010

တိန် ကို မကိန်ပါနဲ့

ကိုယ့်မိခင်ဘာသာစကားကို လူမျိုးခြားများက ပြောဆိုသုံးနှုန်းတာတွေကို ကြားရဖတ်ရတဲ့အခါမှာ သူနဲ့ ဆက်နွယ်တဲ့ စိတ်ဝင်စားစရာတွေ၊ ကျွန်မတို့ သတိမပြုမိတဲ့ အကြောင်းအရာတွေကို တွေ့ရှိလာရပါတယ်။
မြန်မာစာ မြန်မာစကား အလွန်ကိုကျွမ်းကျင်တဲ့ ဂျပန်သူငယ်ချင်းတွေနဲ့ အင်လေးကို အလည်သွားရင်း တွေ့ကြုံ ခဲ့ရတာတွေထဲက သတိရနေတဲ့ အကြောင်းအရာလေးကို ဥပမာအနေနဲ့ ရေးလိုက်ပါတယ်။



June 28, 2010

ပြောင်းပြန်များ

နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးမှုတွေလုပ်ပုံကိုင်ပုံတွေက တခါတလေမှာ (ကိုယ်နဲ့မတူတာ၊ အများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့) ပြောင်းပြန်ဖြစ်နေတာကို ကျွန်မလိုပဲ သတိထားမိကြမယ်ထင်ပါရဲ့။
ကျွန်မတို့ နိုင်ငံမှာကတော့ တခြားနိုင်ငံတွေနဲ့ မတူတဲ့ ပြောင်းပြန်တွေ နည်းနည်းရှိတာကို သတိရမိပါတယ်။ ဥပမာ၊ မော်တော်ကားလမ်းတွေ လက်ျာကပ်မောင်းတာတို့၊ မဲဆန္ဒပေးတဲ့အခါ မဲပေးချင်တဲ့လူကို အမှားခြစ်ရတာတို့ပေါ့။
ဒီပို့စ်မှာပြောချင်တဲ့ ပြောင်းပြန် ကတော့ ဂျပန်လူမျိုးတွေဟာ  ကျမတို့(အခြားအနောက်တိုင်းသားများနဲ့ကော မတူတာဖြစ်နေတဲ့ ) ချွတ်လိုက်တဲ့ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားတတ်တယ်ဆိုတာကိုပါ။
ဂျပန်လူမျိုးတွေကတော့ ဖိနပ်ချွတ်ပြီးရင် ချွတ်ပြီးသား ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားလေ့ရှိပါတယ်။

June 25, 2010

ဒစ်စနေဆီး

ဒစ်စနေ ဆီး ဆိုတာကတော့ တိုကျိုကလွဲရင် ဘယ်မှာမှမရှိဘူးလို့ ညွန်းဆိုကြတယ်။ ဒစ်စနေဆီး အကြောင်းထက် ဒစ်စနေ ပျော်စရာကမ္ဘာတွေအကြောင်းပြောချင်ပါသေးတယ်။ သိပြီးသားဖြစ်နေရင်တော့ ကျော်ဖတ်ပေါ့နော်။ ဒစ်စနေကမ္ဘာကို ပျော်စရာကစားကွင်း(၇)ခုနဲ့တည်ဆောက်ထားတာ တစ်ကမ္ဘာလုံးမှာ ၅နေရာရှိပါတယ်။ အဲဒါတွေကတော့


June 23, 2010

ဒစ်စနေလန်း

တိုကျို ဒစ်စနေလန်း Tokyo Disney Land နဲ့ ဒစ်စနေဆီး Disney Seaကို သွားမယ်ဆိုရင် ဒစ်စနေအကြောင်းကို အနည်းငယ်သိပြီး၊ ဂျပန်စကားပြောတတ်၊ စာဖတ်တတ်မယ်ဆိုရင်ပိုပျော်ဘို့ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ ဂျပန်စာကအဓိကလိုဖြစ်နေတာကိုး။ အဲလိုအဖေါ်တစ်ယောက်နဲ့သွားရင် ပိုပြီး အဆင်ပြေ ပျော်ဘို့ကောင်းပါတယ်။ တချိ့ကတော့ မဆိုင်ဘူးလို့ထင်မှာပေါ့ ။  ကျွန်မ ကျောင်းတက်တုန်းက နိုင်ငံခြားသားကော၊ဂျပန်သူငယ်ချင်းတွေကော ကျောင်းရဲ့ သက်သာဆိုင်က လက်မှတ်ဝယ်ပြီး တိုကျိုသွားဘို့ လူစုကြပါတယ်။ အသိသူငယ်ချင်းမတစ်ယောက်ကို အဖေါ်စပ်ဘူးပါတယ်။ သူက
“ အမလေး မမွန်ရယ် ကြွက်ကို အင်္ကျီဝတ်ထားတာများ ဒီလောက်ပိုက်ဆံ အကုန်ခံပြီးသွားကြည့်ရမယ်လို့” တဲ့။ မဟုတ်ဘူးလေ၊ တစ်နေကုန် စီးစရာ၊ ကြည့်စရာတွေလည်း အများကြီးပဲ။ ကာတွန်းကောင်တွေလည်းရှိတယ်လို့ပြောတော့ “တစ်နေကုန်တောင် ဟုတ်လား၊ ရပါတယ် နောက်ကျွန်မဘာသာ အားမှသတ်သတ်သွားပါတော့မယ်တဲ့” ။ မသိလည်း မတတ်လည်း မဖတ်တတ်လည်း သတ္တိတော့ ရှိတယ်။ ပါးစပ်ပါရွာရောက်လို့ အဆိုရှိတယ်မို့လား။ ကျွန်မတို့ မိသားစုလည်း သတ္တိရှိရှိနဲ့ ဒစ်စနေ တစ်ခွင်ပြဲပြဲစင် လည်ခဲ့တာလေးကိုပြောပါရစေ။



June 14, 2010

သွေးခွဲတဲ့ စကားတွေ

နိုင်ငံအလိုက် လူမှုပတ်ဝန်းကျင်မှာ အကြားရအများဆုံးမေးခွန်းအမျိုးအစား တစ်ခုကို သတိထားမိပါတယ်။ မြန်မာဗုဒ္ဓဘာသာ များ ပတ်ဝန်းကျင်မှာတော့ “.......ဒါနဲ့ မိန်းခလေးက ဘာနေ့သမီးလဲ” “သူ က ဘာနေ့မွေးတာလဲဟင်” ဆိုပြီးတော့ပေါ့။ ဘာကြောင့်လဲ ဆိုတော့
“ဥသာစိန်ပန်း ဒန်းလှကိုရှာ ခိုက်ရန်မှာကား ဓမ္မာသောက အင်းဝရာဇာ မယှဉ်ရာတည်း။ ” လို့  မိမိတို့ရဲ့မွေးတဲ့ နေရက် နဲ့ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက် ပေါင်းသင်းဆက်ဆံမှု၊ အိမ်ထောင်ဘက်၊ စီးပွါးဘက်တွေကို ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အယူအဆအတွေးအခေါ်များ ရှိနေလို့ပါပဲ။
အခြေခံအကြောင်းတရား၊ အခြေအနေ နဲ့ ယုံကြည်မှုတွေမတူပေမယ့် ၊ ဂျပန်မှာလည်း မေးတတ်ကြတဲ့မေးခွန်းးရှိပါတယ်။

June 8, 2010

“ဆန်း”တာတွေကို “စမ်း”ကြည့်ခြင်း

ဒီနေ့ကတော့ အပူချိန်၂၃ဒီဂရီစင်တီဂရိတ်ပါ။ အခုတလော ၂၅လောက်အထိတော့အပူချိန်ရှိပါတယ်။ တိုကျိုမှာကတော့ ပူတယ်လို့ပြောရမှာပေါ့။ ဇွန်လ လလယ်လောက်ရောက်ရင် တော့ မိုးရွာတဲ့ မိုးရာသီ ဖြစ်မှာပါ။ ဒါပေမယ့် ဒီနှစ် တိုကျိုမှာလည်း မိုးရာသီ အ၀င်နောက်ကျမယ်လို့ ရုံးကလူကြီးတွေက ပြောနေကြပါတယ်။ အနီးအနားမှာ သက်ကြီးဝါကြီးဆွေမျိုး၊ မိတ်ဆွေမရှိတဲ့ နိုင်ငံခြားမှာနေရတဲ့ ဘ၀ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က၊ ရုံးက လူကြီးတွေပြောတာကို မှတ်ထားရပါတယ်။

May 29, 2010

ရိုးရိုးမွေးတာ နဲ့ ခွဲမွေးတာ

ဂျပန်မှာ ကလေးမွေးတဲ့ အခါ “ရိုးရိုး မွေး” တာ ဟာ ပုံမှန်ဖြစ်ပြီး ၊ မြန်မာပြည်မှာ ဆေးရုံမှာမွေးသမျှ အများစုဟာ “ ခွဲမွေးကြပါတယ်”။
ဆေးပညာ နဲ့ တိုးတက်မှုများစွာ ရှိနေတဲ့ ဂျပန်ပြည်မှာ ရိုးရိုး မွေးတာ က ပုံမှန်ဖြစ်ပြီး ၊ မီးသိပ်မလာ ၊ ဆေးဝါးမစုံလင်၊ ဆေးကုသခြင်းအာမခံ ကလေးသူငယ် နဲ့ သားသည်မိခင် ထောက်ပံ့မှု စံနစ်တွေ ဘာမှသေသေချာချာ မရှိတဲ့ မြန်မာပြည်မှာ ဘာကြောင့် “ခွဲမွေးတာ” ဟာ ပုံမှန်ဖြစ်နေရတာပါလဲ။

May 25, 2010

ဆယ်လယ်ဘု

“ဆယ်လယ်ဘု” ဆိုတာ ဂျပန်အသံထွက်ကို မြန်မာလိုရေးထားတာပါ။ အင်္ဂလိပ်လို celebrity/ celeb စကားလုံးကို ဂျပန်တွေဘယ်လိုသုံးပြီး ဂျပန်နိုင်ငံမှာ ဆယ်လယ်ဘုတွေကို ဘယ်လိုသတ်မှတ်ထားသလဲ ဆိုတာ ယေဘူယျ လေ့လာကြည့်မိပါတယ်။