October 31, 2009

who's top who's not

ဘယ်သူက “ထိပ်စီး” ဘယ်သူက “ဘိတ်ချီး”


ကမ္ဘာ့ အကြွယ်ဝဆုံးနိုင်ငံ နံပါတ် ၁ က ဖင်လန်နိုင်ငံ၊ ဂျပန်နိုင်ငံကတော့ နံပါတ် ၁၆ (အာရှမှာတော့ နံပါတ် ၁ တဲ့)။


၂၀၀၉ခုနှစ်အောက်တိုဘာလ ၂၆ရက်နေ့မှာ ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လက်ဂါတမ်မ် သုတေသနအဖွဲ့ကနေ ၂၀၀၉ခုနှစ်အတွက် “လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” နှိုင်းယှဉ်ချက် သုတေသနစစ်တမ်း ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။


ဒီသုတေသနပြုချက်ဟာ ကမ္ဘာ့လူဦးရည်ရဲ့ ၉၀%ကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၄၀ရဲ့ ပထ၀ီအနေအထား၊ စီးပွါးရေးတိုးတက်မှု ဒီမိုကရေစီလွတ်လပ်ခွင့်၊ လူနေမှု အဆင့်အတန်း စတာတွေကို မူတည်ပြီး လေ့လာစစ်တမ်းကောက်ယူမှုကရရှိတဲ့ ကိန်းဂဏန်းများဖြစ်ပါတယ်။
နှိုင်းယှဉ်ဇယားရဲ့ ထိပ်ပိုင်းနေရာကို ယူထားတဲ့ နိုင်ငံများကို ကြည့်မယ်ဆိုရင် နံပါတ် ၂နေရာကို ဆွစ်စ်နိုင်ငံ၊ နံပါတ် ၃ နေရာကို ဆွီဒင်နိုင်ငံ၊ နံပါတ် ၄ နေရာကို ဒိန်းမတ်နိုင်ငံ၊ နံပါတ် ၅ နေရာကို နော်ဝေးလ်နိုင်ငံ နဲ့ မြောက်ဥရောပနိုင်ငံများကိုတွေ့ရမှာဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံကနံပါတ် ၆၊ကနေဒါနိုင်ငံက နံပါတ် ၇၊ အမေရိကန်နိုင်ငံကနံပါတ် ၉နဲ့ အင်္ဂလန်နိုင်ငံက နံပါတ် ၁၂ တို့ဖြစ်ကြပါတယ်။
အာရှဘက်ကိုကြည့်ရင်တော့ ဂျပန်က နံပါတ် ၁၆နေရာကနေ ဦးဆောင်နေပြီး၊ ဟောင်ကောင်နိုင်ငံက နံပါတ် ၁၈၊ စင်္ကာပူနိုင်ငံက နံပါတ် ၂၃၊ ထိုင်ဝမ်နိုင်ငံက နံပါတ်၂၄ နေရာတွေနဲ့ ဒီ၂၀၀၉ခုနှစ်မှာ နေရာယူထားကြပါတယ်။ စီပွါးရေးတိုးတက်မှုကို အထင်ကရပြောင်းလည်းပစ်မယ်လို့ ကြွေးကြော်ထားတဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံကြီးကတော့ နံပါတ် ၇၅နေရာကို ရောက်နေပါတယ်။


လက်ဂါတမ်မ် သုတေသနအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ ၀ီလီယမ် အင်ဗိုးဒင် ကပြောတာကတော့ “အာရှနိုင်ငံအသီးသီး ရဲ့ နံပါတ်စဉ်တွေကို ကြည့်မယ်ဆိုရင် နံပါတ်စဉ် အောက်ဘက်ပိုင်းက နိုင်ငံတွေအလိုက် ဒီမိုကရေစီဝါဒ နဲ့ တစ်ဦးချင်းစီအလိုက် လွတ်လပ်ခွင့် နှင့်ပါတ်သက်တဲ့အပိုင်းတွေမှာ အမှတ်ကျသွားတဲ့အတွက်ကြောင့် အခုလိုအောက်ဘက်ပိုင်း ရောက်ရတာပါ။ အာရှ နိုင်ငံအတော်များများ ဟာ စီးပွါးရေး အခြေခံ အုပ်မြစ်တွေက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုတေသနစစ်တမ်းရဲ့ ဓနကြွယ်ဝ မှုဟာ ငွေကြေးတစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး ။ ”
အောက်ဘက်မှာ “ထိပ်စီး” နိုင်ငံ ၂၀နဲ့ “ဘိတ်ချီး”၁၀ နိုင်ငံ ကို ဖေါ်ပြထားပါတယ်။


TOP TWENTY COUNTRIES
1. Finland
2. Switzerland
3. Sweden
4. Denmark
5. Norway
6. Australia
7. Canada
8. Netherlands
9. United States
10. New Zealand
11. Ireland
12. United Kingdom
13. Belgium
14. Germany
15. Austria
16. Japan
17. France
18. Hong Kong
19. Spain
20. Slovenia


BOTTOM TEN COUNTRIES
95. Kenya
96. Algeria
97. Tanzania
98. Nigeria
99. Pakistan
100. Cameroon
101. Central African Republic
102. Yemen
103. Sudan
104. Zimbabwe
“လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” သုတေသနစစ်တမ်းးအရ တွေ့ရှိရသည့် “အဓိက သော့ချက်” များကိုလည်း သော့ချက် ၉ခုနဲ့ရှင်းပြထားပါတယ်။ အထက်ဖေါ်ပြပါ နံပါတ်စဉ် ဟာ ရှုထောင့်ပေါင်းစုံကနေ ယေဘူယျအနေနဲ့ အကောင်းဆုံးကိုထိပ်ဆုံးကစပြီး စီသွားတာဖြစ်ပါတယ်။ နံပါတ်စဉ်အားလုံးဟာ တသသမတ်တည်း အပေါ်အောက်ဖြစ်နေတာမဟုတ်ပါဘူး။ ဥပမာ။ စီးပွါးရေး အခြေခံအုပ်မြစ်များ ( တိုးတက်မှုအခြေအနေ ၊ ဒုတိယတန်းစား စီးပွါးရေးအဆောက်အဦများဧ။် အကျိုးသက်ရောက်မှု)။ ပညာရေး (ပညာသင်နိုင်မှု၊ အဆင့်မြင့်ပညာရေးအခြေအနေ၊ လူသားရင်းမြစ် ပျိုးထောင်ရေး။ အနာဂါတ်အလားအလာ)။ စီးပွါးရေးလုပ်ငန်းများ ခံယူချက်နှင့် စွန့်စားတီထွင်မှု (ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်ခြင်း၊ လုပ်ငန်းအသစ်များနှင့် ကူးသန်းရောင်းဝယ်ရေး တို့၌ အမြင်ကျယ်မှု နှင့် အတွေးအခေါ်သစ်ရှိမှု)၊ အစိုးရအုပ်ချုပ်ရေး ( ရိုးသား ၍ အရည်အချင်းရှိသော အစိုးရ၊ လုံခြုံနွေးထွေးသော ဥပဒေအာဏာများရှိခြင်း၊ ကုန်ထုပ်လုပ်မှုအားကောင်းသော နိုင်ငံသားများ ဖြစ်ခြင်း) ။ ကျန်းမာရေး ( လူဦရည်နှင့် ကျန်းမာရေးနှင့်ညီသော နေထိုင်မှု အခြေအနေ)၊ တစ်ဦးချင်းစီလွတ်လပ်မှု ( ပုဂ္ဂလိက လွတ်လပ်ခွင့် နှင့် နေထိုင်မှုဘ၀ကို ရွေးချယ်နိုင်ခြင်း)။ လုံခြုံမှု (လူသားအတွက် အခွင့်အလမ်းများ ရရှိစေသည့် လုံခြုံသော ပတ်ဝန်းကျင်)။ လူမှူပတ်ဝန်းကျင် (ယုံကြည်စိတ်ချရသည့် ဆက်ဆံမှုကြောင့် ရရှိသည့် ခိုင်မာသည့် အဖွဲ့အစည်းများ ရှိနိုင်မှု )စတာတွေနဲ့လိုက်ပြီး နိုင်ငံအလိုက် ထပ်မံ အသေးစိတ်ခွဲခြား သုတေသနပြုထားပါတယ်။ 


မူရင်း ဇယား ပါ။ လက်ဂါတမ်မှ ထုတ်ပြန်သော အင်္ဂလိပ်လို သတင်းလွှာ ပါ။ အွန်လိုင်းဂျပန်လို သတင်းတို ပါ။
မိမိစိတ်ဝင်စားသောနိုင်ငံ တစ်ခုချင်းကိုသော်၎င်း နိုင်ငံနှစ်ခုကိုသော်၎င်း၊ ကြိုက်နှစ်သက်ရာ ယှဉ်တွဲလေ့လာနိုင်ပါတယ်။ လက်တွေ့နှိုင်းယှဉ် ကြည့်ချင်တယ် စာမျက်နှာ ရဲ့ ညာဘက် အောက်နားက Compare countries ဆိုတဲ့ နေရာမှာ နိုင်ငံတွေကို ရွေးပြိး Go ကိုနှိပ်လိုက်ကြည့်လိုက်ပါ။ 

ကျွန်မစိတ်ဝင်တာနဲ့  လက်တွေ့နှိုင်းယှဉ်ကြည့်လို့ ရလာတဲ့ပုံပါ။ ပါဝင်တဲ့နိုင်ငံတွေကတော့  ဒိန်းမတ်ကနေဒါ ဂျပန်စင်္ကာပူ တို့ပါ။ပုံမှာတွေ့မြင်ရသလိုပါပဲ နိုင်ငံအလိုက် သက်ဆိုင်ရာ သူ့အားသာချက်နဲ့ သူ ရှိတာတွေကိုလည်း  လေ့လာသိရှိနိုင် ပါတယ်။

 ဒီပို့စ်ရဲ့မူရင်း အင်တာနက်စာမျက်နှာကိုဖတ်ပြီး ၊ ဒီပို့စ်လေးကို ရေးလိုက်အပြီးမှာ ကျွန်မလည်း အနည်းငယ်အနားယူဖို့အတွက် မျက်စိစုံမှိတ်ပြီး သီချင်းတပုဒ်ကိုညည်းလိုက်မိပါတယ်။ သီချင်းလေးက


“ဆင်းရဲခြင်း….လွတ်ကင်းအောင်……လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည် မွဲတဲ့သူ လှူဒါန်းနိုင်မည် ၊ ကျောင်းဆောက်ခါ ဘုရား-----ပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ တို့ မ တဲ့ကိန်းဆိုက်မည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် တို့နဂါးနီ၊ …. နေရေးနဲ့စားသောက်ရေးမှာ မနှေးအောင်ပင်ချောင်လည် ရမည်၊ …. လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည် တို့နဂါးနီ၊ …………ဘာသာရောင်သာသနာရောင် ထွန်းလင်းပြောင်မည်၊ ကောင်းစားမည် တို့နဂါးနီ ရွှေမိုး ငွေမိုးရွာမည်…… သိဒ္ဓိအဖုံဖုံ လုံခြုံစေမည် နေ့စဉ်ညစဉ် ဖိုဠ်မထိုးပဲ………အကျိုးပေးနိုင်မည်”
သီချင်းက အစီအစဉ်မကျဘူးဖြစ်နေတယ်နော်။

စာကြွင်း။ ။ ရေးတာတွေများပြီး အဓိက ကိုမေ့သွားတယ်။
ကျွန်မကို ဒီအကြောင်းတွေကို သိနားလည်အောင် မွေးဖွားကြီးပြင်းစေခဲ့တဲ့ ကျွန်မတို့ရဲ့ အမိမြေကတော့ သုတေသနစစ်တမ်းမှာ ပါဝင်ခဲ့မယ်ဆိုရင် ဘယ်နံပါတ်လောက်များဖြစ်မလဲလို့ တွေးမိပါတယ်။
“ဘိတ်ချီး”ဆိုတဲ့စကားလုံးကို “ထိပ်စီး”နဲ့ လိုက်အောင်တွဲပြီးသုံးထားတာဖြစ်ပါတယ် သီးခံပြီးဖတ်ပေးပါ။

October 28, 2009

မိန်းမတစ်ယောက်ရဲ့ “မနက်ခင်းပုံပြင်”

မနက်ခင်း ပုံပြင်


ညအိပ်ရာဝင် ပုံပြင်မဟုတ်ပါဘူး။ တစ်ကယ်ကို မနက်မိုးလင်း ပုံပြင်ပါ။ ဒီပုံပြင်လေးကို မပြောခင်၊ ကျွန်မရဲ့ အတွေ့အကြုံလေးတစ်ခုကို အရင်ပြောပြပါရစေ။

ကျွန်မ ဂျပန်မှာကျောင်းတက်ဘို့ အတွက် နာဂိုယာမြို.ကို စရောက်ပါတယ်။ ကိုယ်စားရိတ်နဲ့ကိုယ် ကျောင်းတက်ရတဲ့ဘ၀ဆိုတော့ အချိန်ပိုင်းအလုပ်ကို မလုပ်လို့မရပါဘူး။ အချိန်ပိုင်းအလုပ်ကို လုပ်ရင်းနဲ့ကျောင်းတက်ရတာပေါ့နော်။ ကျောင်းပိတ်ချိန်တွေမှာ ဆိုရင် အချိန်ပိုင်းအလုပ်ကို နှစ်မျိုးလောက်လုပ်ရပါတယ်။ဒီလိုအချိန်ပိုင်းအလုပ်၊ လုပ်ရတာကိုတော့ နိုင်ငံခြားမှာ ကိုယ့်စားရိတ်နဲ့ကိုယ် ကျောင်းတက်တဲ့သူတွေ အသိဆုံးပါပဲ။ အဲလိုအချိန်ပိုင်းအလုပ်ကို လုပ်တဲ့အခါ ကျောင်းဖွင့်ရက်တွေမှာ လည်း ကျောင်းစာတစ်ဘက်နဲ့ အလုပ်လည်းဆင်းနိုင်၊ ကျောင်းပြီးတဲ့အထိ လည်း ရေရှည်လုပ်နိုင်မယ့်အလုပ်တစ်ခုကိုတော့ ရွေးလုပ်မှ ဖြစ်မယ် ဆိုပြီး အချိန်ပိုင်းအလုပ် တစ်ခုကိုရွေးခဲ့ပါတယ်။ အဲဒီအတွက်ကျွန်မရွေးခဲ့တဲ့အလုပ်ကတော့ ကော်ဖီဆိုင်ပါ။ နာဂိုယာမြို.မှာနေပြီး ကော်ဖီဆိုင်မှာလုပ်ချင်ရတဲ. အကြောင်းရင်း နောက်တစ်မျိုးရှိပါသေးတယ်။ ခုနကကျွန်မပြောခဲ့တာ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ အကြောင်းရင်းပါ။ နောက်အကြာင်းရင်းတစ်ခုကတော့ ဂျပန်တစ်နိုင်ငံလုံးနဲ့ကော၊ နာဂိုယာမြို့နဲ့ကော၊ နာဂိုယာမြို့တည်ရှိရာ အာအိချိ ခရိုင် နဲ့ကော၊ ဂျပန်နိုင်ငံရဲ. ကော်ဖီဆိုင်လောက တစ်ခုလုံးနဲ့ကော၊ သက်ဆိုင်ပါတယ်။ အဲဒါကတော့ “မနက်ခင်း ပုံပြင်” ကြောင့်ပါပဲ။

ဂျပန်လူမျိုးတွေအားလုံးနီးပါး ကော်ဖီဆိုင်ရဲ့ “မောနင်းဂု ဆားဗစ်စု” morning service ဆို သိကြပါတယ်။အဓိပ္ပါယ်ကတော့ သူ့ စကားလုံးအတိုင်းပါပဲ။ သိတဲ့အတိုင်းပဲလေ ဂျပန်တွေက တစ်ချို့အင်္ဂလိပ်စာလုံးတွေကို ဂျပန်အသံထွက်နဲ့ပဲပြောပါတယ်။ အတိုကောက် အနေနဲ့ “မောနင်းဂု” လို့ အပြောများပါတယ်။ မနက်စာ ကို ဆားဗစ်စ်ပေးတဲ့ အရောင်းပုံစံတစ်မျိုးပါ။ မနက်စာ ဆားဗစ်စ်ပေးတဲ့ အရောင်းပုံစံဆိုတာကို ရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။

ပုံမှန်ဆိုင်မှာ ထိုင်သောက်တဲ့ ကော်ဖီတစ်ခွက်ရဲ့ဈေးဟာ ယန်း၃၀၀ပတ်ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် ခုနက ပြောတဲ့ မောနင်းဂု ဆားဗစ်စု အရောင်းပုံစံနဲ့ရောင်းပြီဆိုရင်တော့ ကော်ဖီတစ်ခွက်စာ ယန်း၃၀၀ နဲ့ ၊ ကော်ဖီတစ်ခွက်တင်မကတော့ ပါဘူး။ ပေါင်မုန့်မီးကင် တစ်ခြမ်း၊ ကြက်ဥပြုတ်တစ်လုံး၊ ဆလပ်ဒ် (ဂေါ်ဖီထုပ် ပါးပါးလှီးကို ဒရက်ဇင်းတမျိုး ဆမ်းထားတဲ့ အသုပ်) ပါတွဲပြီး ပါလာပါတယ်။ ဆိုင်နဲ့လိုက်ပြီး တစ်ချို့ကတော့ ပေါင်မုန့်မီးကင် (သို့) ကြက်ဥပြုတ်ကို ပဲ ဆားဗစ်စ်ပေးတာလည်းရှိပါတယ်။ “မောနင်းဂု” ကိုရောင်းတာ မနက် ၇နာရီလောက်ကနေ ၉နာရီလောက်အထိပါပဲ။ ဒီလိုရောင်းတော့ လူတွေကြိတ်ကြိတ်တိုးနေမှာ လို့ထင်မှာပဲ။ အရမ်းကြိတ်ကြိတ်တိုးတော့ မဟုတ်ပေမယ့်။ တော်တော်ရောင်းရပါတယ်။ အဲဒီတော့ ကျွန်မလည်းအလုပ်များတာပေါ့ ကိစ္စမရှိပါဘူး နှစ်နာရီလောက်ပဲဟာ။ နောက်ပြီးတော့ အဲဒီနှစ်နာရီရဲ. လုပ်ခက သာမာန်အချိန်ထက် ပိုရတယ်လေ။ ပြီးတော့ စားချင်တာလည်းစားခွင့်ရတယ်။ ကော်ဖီဆိုင်တိုင်းလိုလို “မောနင်းဂု” ကို ရောင်းကြတော့ ဆိုင်တွေကလည်း “မောနင်းဂု” ကို ပုံစံမျိုးစုံနဲ့ ရောင်းကြပါတယ်။

နမူနာပုံစံလေးတွေကို အောက်ပါအတိုင်းမိတ်ဆက်တင်ပြလိုက်ပါတယ်။ နေရာဒေသ၊ အချိန်ကာလ၊ ရောင်းချသောဆိုင် ကို မူတည်ပြီး ၊ ပါဝင်သော အစားအသောက် နဲ့ ဈေးနှုန်း ကွာခြားမှု ရှိနိုင်ပါတယ်။

၁။ ယန်း၃၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ပေါင်မုန့်မီးကင် ထောပတ်သုတ်-ကြက်ဥပြုတ်

၂။ ယန်း၃၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ပေါင်မုန့်မီးကင် ထောပတ်သုတ်-ကြက်ဥပြုတ်- ဆလပ်ဒ်



၃။ ယန်း၄၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဟော့ဒေါ့ပေါင်မုန်.တစ်လုံး- ဆော့ဆေ့ဂ်ျ -ကြက်ဥပြုတ်- ဆလပ်ဒ်

၎။ ယန်း၅၀၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဂျပန်ထမင်းဆုပ်- ဂျပန်မီဆော ဟင်းချို- ကြက်ဥပြုတ်

၅။ ယန်း၄၅၀ ပတ်ဝန်းကျင် နဲ့ ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့ - ဆန်ပြုတ် (ငါးမွှေ)-ရေညှိ- မက်မန်းသီး ဆားရည်စိမ်- ကြက်ဥပြုတ်

၆။ ယန်း၅၀၀ ပတ်ဝန်းကျင် နဲ့ ကြိုက်ရာအ၀စား ဆိုပြီး။ ပေါင်မုန့် မျိုးစုံ၊ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆန်ပြုတ်၊ မီဆောဟင်းချို၊ ဆော့ဆေ့ဂ်ျ ၊ ဘေကွန်၊ စတာတွေကို အမျိုးစုံခင်းကျင်းထားပြီး ကော်ဖီ(သို.) လ္ဘက်ရည် (သို့) နွားနို့။ သစ်သီးဖျော်ရည်များ

ဂျပန်ယန်းငွေရဲ့တန်ဘိုးကို ခဏထားပြီး ရောင်းပုံရောင်းနည်းကိုကြည့်မယ်ဆိုရင် ကဲ ဒီလောက်တန်နေမှတော့ သွားစားချင်လာရောမို့လား။ ဒီလိုဆိုင်မျိုး အများဆုံးရှိတဲ့ နေရာကတော့ အာအိချိ ခရိုင်၊ နဂိုယာမြို.ပါ။ ဒါကြောင့် နဂိုယာမြို့မှာ ကျောင်းတက်တုန်း အချိန်ပိုင်းအလုပ်အတွက် ကော်ဖီဆိုင်ကို ရွေးလိုက်ရတာပါပဲရှင်။

အခုလောက်ဆိုကျွန်မပြောချင်တဲ့ “မနက်ခင်း ပုံပြင်” အကြောင်းကို သိသွားပြီလို့ထင်ပါတယ်။ တကယ်ပြောမယ့် “ပုံပြင်”က အခုမှ စမှာပါ။ ကျွန်မလည်း ဒီလို နံမည်ကြီးပြီး ကျွန်မအတွက်လည်း အဆင်ပြေတဲ့ ဒီအလုပ်ကို ရွေးလုပ်ပြီးခါမှ အရမ်းကို အလုပ်ရှုတ်တဲ့တစ်နေ့မှာ ဒီ “မောနင်းဂု ဆားဗစ်စု” ကိုဘယ်သူတီထွင်လိုက်တာလည်းဆိုတာ သိချင်သွားပါတယ်။ အားတဲ့ အချိန်မှာ ဆိုင်ခေါင်းကို မေးကြည့်တော့မှပဲ “မနက်ခင်း ပုံပြင်” ကို သိခဲ့ရပါတော့တယ်။

၁၉၅၀နှစ်များလောက်က ဂျပန်နိုင်ငံ အာအိချိ ခရိုင်၊ မာ့ဆုယာမာ့ မြို့၊ အိချိနိုမိယာ့မြို့တို့ ဘက်မှာ ရှိတဲ့ ကော်ဖ်ီဆိုင်တွေမှာ ကော်ဖီမှာသောက်ရင် မြေပဲ တို.လို ကြက်ဥပြုတ်တို့ ကို တွဲချလေ့ရှိခဲ့ပါတယ်။ အဲဒီ အလေ့အထ ဟာ “မောနင်းဂု ဆားဗစ်စု” ရဲ့ ရေခံမြေခံလို့ပြောရင်မမှားပါဘူး။ အဲဒီဒေသ အဲဒီအချိန်မျိုးမှာ မွေးဖွားခဲ့တဲ့ ခါ့တိုး တိုမို့ကို စံ ဟာ သူမရဲ့ခင်ပွန်းနဲ့ အိမ်ထောင်ကွဲသွားတဲ့အချိန်မှာ ကိုယ်တိုင်အလုပ်လုပ်ဘို့အတွက် ကော်ဖီဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ဆိုင်မှာ ထိုင်သောက်တဲ့ ကော်ဖီတစ်ခွက် ယန်း၁၀၀ခေတ်လို့သိရပါတယ်။ ခါ့တိုး တိုမို့ကို စံ ဟာ ကော်ဖီဆိုင်ဖွင့်ဖွင့်ချင်းမှာ သူမရဲ့ဆိုင်ကို လူလာအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကို အမျိုးမျိုးစဉ်းစားခဲ့ပါတယ်။ ပိုက်ဆံအရင်းအနှီးလည်း မကုန်အောင်။ တခြားလူကြိုက်များနေတဲ့ ဆိုင်တွေလိုလည်း လူဝင်အောင် ဘယ်လိုလုပ်ရမလည်းဆိုတာ အကြံထုတ်ရင်းနဲ့ ပင်လယ်ကမ်းခြေဘက်ကို ထွက်ခဲ့ပါတယ်။ နောက်တော့ ကမ်းခြေက ပုလဲမွေးမြူသူတွေမသုံးတဲ့ ပုလဲတွေကို ကောက်ယူစုဆောင်းပြီး ပုလဲပုတီး ကုံးပြီး ဆိုင်ဖွင့်လို့အရင်ဆုံးရောက်တဲ့ ဧည့်သည်ကို ပေးပါတယ်တဲ့၊ ဒီလိုသတင်းနဲ့ တင်ပဲ ဆိုင်ကိုလာတဲ့သူတွေ အထိုက်အလျောက်ရှိလာပါတယ်။ ရောင်းလည်းကောင်းပါတယ်။ ဒီအချိန်မှာ ခါ့တိုး တိုမို့ကို စံ ဟာ လာနေကျ ဖေါက်သည်တွေကို ထိန်းထားပြီး နောက်ထပ်စီးပွါးတက်ဘို့လည်း ရည်မှန်းချက်ရှိပါတယ်။ ဒါပေမယ့်လို့ ပုလဲပုတီးတွေလည်း လိုသလောက် မရနိုင်တော့တာသလို ပုလဲပုတီး လက်ဆောင်ကို တစ်ချို့ကလည်း ရိုးသွားကြပါတယ်။ ခါ့တိုး တိုမို့ကို စံ ဟာ နောက်တစ်မျိုးစဉ်းစားပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဆိုင်ကိုလာနေတဲ့ ဧည့်သည်အများစုဟာ စီးပွါးရေးသမား ကုမ္ပဏီ
ဝန်ထမ်းတွေ မနက်စောစောမှာ အလုပ်စကားပြောဘို့အတွက် ကော်ဖီဆိုင်ကို ရောက်လာကြတော့တာပဲ။

စောစောစီးစီး အိမ်က ဘာမှစားမလာ၊ ကော်ဖီသောက် အလုပ်စကားပြော ပြီးတာနဲ့ အလုပ်ကိစ္စအတွက် ပြေးရလွှားရတော့မယ်။ သူတို့အတွက်အဓိကလိုအပ်တာ ကော်ဖီတစ်ခွက်အပြင် အဟာရဖြစ်စေမယ့် အစာအနည်းငယ်ပါပဲ။ ခါ့တိုး တိုမို့ကို စံ ဆုံးဖြတ်လိုက်ပါတယ်။ မနက်ခင်းမှာ သူမရဲ့ကော်ဖီဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို နာရီပိုင်းနဲ့ ကော်ဖီတစ်ခွက်ဘိုးစာယူပြီး ပေါင်မုန့်မီးကင်တစ်ချပ်ကို တွဲပေးလိုက်ပါတယ်။ ခါ့တိုး တိုမို့ကို စံ ရဲ့ အတွေးအခေါ်သစ်ဟာ နေ့ချင်းညချင်း ဆိုသလို ၊မာ့ဆုယာမာ
မြို့နဲ့ အိချိနိုမိယာ့မြို့ကလေးမှာနံမည်ကြီးသွားပါတယ်။ နောက်ထပ်ဆိုင်ခွဲတွေလည်း ထပ်ဖွင့်ရပါတယ်။ နောက်ပိုင်းမှာတော့ အာအိချိ ခရိုင်တစ်ခုလုံး၊ အဲဒီကနေမှတစ်ဆင့် ဂျပန်နိုင်ငံတစ်ခုလုံးကို “မောနင်းဂု ဆားဗစ်စု” အရောင်းစံနစ်က ပျံ့နှံ့ သွားပါတော့တယ်။ ဆက်လက်ပြီး အာအိချိခရိုင် ရဲ့ စီးပွါး ရေးအချက်အချာ နာဂိုယာ မြို.မှာတော့ ယနေ.ထက်တိုင် ဒီစံနစ် ကလူကြိုက်များ တွင်ကျယ်လျှက်ရှိပါတော့တယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်( နောက်ပြီးရေးလိုက်တာပါနော်)။

ဒီဇတ်လမ်းလေးတစ်ကယ်ရှိသလားဆိုတာ အင်တာနက်တွေထဲမှာလည်း ရှာကြည့်တော့လည်း တွေ့ပါတယ်။ (ဆိုင်ခေါင်းပြောတာ တစ်ကယ် ဟုတ်မဟုတ်သိရအောင်လို့ မဟုတ်ပါဘူး။ အချက်အလက် ကို သေချာအောင်လုပ်တာပါ။) ဒါပေမယ့် ဆိုင်ခေါင်းပြောတာက ပိုပြီးနားထောင်လို့ကောင်းခဲ့ပါတယ်။
ခါ့တိုး တိုမို့ကို စံ ဟာလည်း မတည်ရင်းနှီးငွေ ယန်း  ၁၅ကုဋေရှိတဲ့ “မိုမိနော့ ခိ”ဆိုတဲ့ အမည်နဲ့ ကုမ္ပဏီကိုပိုင်ဆိုင်သည်အထိ အောင်မြင်ခဲ့ပါတယ်။



ဓါတ်ပုံများကို ကူးယူရာနေရာ


http://www.doit-fun.jp/shopping/goods_detail.php?id=6




http://ja.wikipedia.org/wiki/%E3%83%A2%E3%83%BC%E3%83%8B%E3%83%B3%E3%82%B0%E3%82%BB%E3%83%83%E3%83%88


http://search.yahoo.co.jp/search?p=%E5%96%AB%E8%8C%B6%E5%BA%97+%E3%83%A2%E3%83%BC%E3%83%8B%E3%83%B3%E3%82%B0%E3%82%B5%E3%83%BC%E3%83%93%E3%82%B9&rs=0&search_x=1&tid=top_ga1_sa&ei=UTF-8&fr=top_ga1_sa


http://allabout.co.jp/travel/travelnagoya/closeup/CU20070223A/

October 27, 2009

ဟာဂျိမဲ့မာရှိတက်

“ဟာဂျိမဲ့မာရှိတက် ” ဆိုတဲ့ ဂျပန်စကားဟာ  ပထမဦးဆုံးအကြိမ်တွေ့တဲ့အချိန်မှာ တစ်ဘက်လူကို နှုတ်ဆက်တဲ့စကားပါ။ အခုကစပြီး ကျွန်တော်ကျွန်မတို့ရဲ့မိတ်ဆွေဖြစ်မှုကိုစတင်ပါတယ်ဆိုတာကို ပြောတာလို့ သိရပါတယ်။စီးပွါးရေးလောကမှာတော့ ဒီစကားနဲ့အတူ၊ မိမိကိုယ်ကိုမိတ်ဆက်ပြီး နံမည်ကဒ်ကိုလည်း အချင်းချင်းဖလှယ်ကြပါတယ်။

ဂျပန်လူမျိုးတွေရဲ့ နံမည်ကဒ် ပုံစံနဲ့ နံမည်ကဒ် ဖလှယ်ပုံကို ဘယ်လိုများလည်းဆိုတာ သိပြီးသူတွေရှိသလို မသိသေးတဲ့လူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ကျွန်မအနေနဲ့ကတော့ တခြားနိုင်ငံတွေက နံမည်ကဒ် ပုံစံတွေနဲ့ သူ့ကို ဖလှယ်တဲ့အခါမှာ သတိထားရမယ့်အချက်တွေဘယ်လို ဆိုတာ ကိုတော့ မသိပါဘူး။ ။ တစ်ဦးနှင့်တစ်ဦးမိတ်ဆက်ပြီး နံမည်ကဒ် ဖလှယ်တဲ့ အခါတွေမှာ သတိထားစရာတွေက နိုင်ငံအလိုက် လူမျိုးအလိုက်  ဓလေ့ထုံးစံတွေနဲ့ ကွာခြားတာတွေရှိလိမ့်မယ်လို့လည်းထင်ပါတယ်။ ကျွန်မသဘောပေါက်သိနားလည်ရတဲ့ ဂျပန်လူမျိုးတို့ရဲ့ နံမည်ကဒ် ပုံစံနဲ့သူ့ကိုဖလှယ်ပုံ များကို အနည်း ငယ် မိတ်ဆက်တင်ပြချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဂျပန်လူမျိုးတို့ရဲ့ နံမည်ကဒ် အရွယ်အစားက ပုံမှန်နံမည်ကဒ် အရွယ်အစားထက် အနည်းငယ်ကြီးပါတယ်။ တခြားနိုင်ငံခြားသားတွေရဲ့ နံမည်ကဒ် တွေကိုရတဲ့အခါမှာ ကျွန်မသတိထားမိတာပါ။ နောက်တစ်ခုကတော့ ပုံနှိပ်ထားတဲ့ အစီအစဉ်ကို လည်း တမျိုးထူးခြားနေတာတွေ့ရပါမယ်။ကုမ္ပဏီအမည်၊ လိပ်စာ၊ ဌာန၊ ရာထူး၊ အစဉ်လိုက်လာပြီး မှ လူနံမည်ကို နောက်ဆုံးမှာ ဖေါ်ပြထားပါတယ်။ တစ်ချို့ကတော့ လိပ်စာကို သတ်သတ် အောက်ဘက်မှာ အကွက်တစ်ခုပုံစံနဲ့ပုံနှိပ်ထားပါတယ်။ ကိုယ့်ကိုကိုယ်မိတ်ဆက်စကားပြောရာမှာပဲဖြစ်ဖြစ်၊ အီးမေးလ် အောက်ဆုံးမှာ လိပ်စာနဲ့နံမည်ကို ဖေါ်ပြတဲ့အခါမှာပဲဖြစ်ဖြစ်၊ တယ်လီဖုန်းစကားပြောရာမှာပဲဖြစ်ဖြစ်။ ကိုယ့်ကုမ္ပဏီ အမည်ကို အရင်ဆုံးဖေါ်ပြလေ့ရှိပါတယ်။သဘောကတော့ မိမိရဲ့ ကိုယ်စားပြုရာနေရာကို ဦးစားပေးတယ်ဆိုတာပါ။

ဂျပန်လူမျိုးတွေရဲ့ (တစ်ဘက်လူနဲ့ အချင်းချင်း) နံမည်ကဒ် ဖလှယ်တဲ့အခါတွေမှာ သတိပြုရတာတွေကတော့၊
၁။ နံမည်ကဒ်ကို အိတ်ထဲကနေ ကြိုထုတ်ပြီးလက်ထဲမှာ ကိုင်မထားရပါဘူး၊ လက်ပူနဲ့ ကဒ်ပြားက နွေးနွေးကြီးဖြစ်မနေရပါဘူး။

၂။ တစ်ဘက်လူကလည်း တစ်ပြိုင်တည်း သူ့ရဲ့နံမည်ကဒ်ကို ထုတ်ပြီး ဖလှယ်တဲ့အချိန်မှာ မိမိဘက်က အနည်းငယ်နောက်ကျတဲ့ အချိန်လေးအတွင်းမှာ တစ်ဘက်လူရဲ့ ကဒ်ကို ကိုင်ထားတဲ့လက်ကို သတိထားပြီး သူ့ရဲ့ အောက်ဘက်ကျကျကနေ ကိုယ့်ရဲ့ ကဒ်ကို ကိုင်ထားပြီး ဖလှယ်ရပါတယ်။ တစ်ပြိုင်တည်းပေးမိတယ်ဆိုရင်တော့မိမိရဲ့ကဒ်ကို ဘယ်ဘက်က ၊ တစ်ဘက်လူရဲ့ကဒ်ကို ညာဘက်ကနေ အလဲအလှယ်လုပ်ရပါတယ်။
၃။ တစ်ဘက်လူရဲ့ နံမည်ကဒ်ကို လက်ခံယူတဲ့အခါမှာ နံမည်ကဒ်ပေါ်က လူနံမည်တွေ စာလုံးတွေကို လက်ချောင်းတွေနဲ့ မဖိမအုပ်သွားစေဘို့ ကဒ်ရဲ့ဒေါင့် တွေကနေ ကဒ်ကို ကိုင်ယူရပါတယ်။တစ်ဘက်လူ ဖတ်ရလွယ်အောင် သူ့ဘက်ကဖတ်လို့ရတဲ့ဘက်ဦးတည်ပြီး ပေးရပါမယ်။

၎။ ကဒ်ကို ကိုင်တွယ်ရာမှာ လက်နှစ်ဘက်ကိုသုံးရပါတယ်။ လက်မောင်းကို ကိုယ်နဲ့ကပ်ထားရပါမယ်။

၅။ ကဒ်ဖလှယ်တဲ့အချိန်မှာ တစ်ပြိုင်တည်းဆိုသလို ဦးခေါင်းကို အနည်းငယ်ညွှတ်ပြီး အရိုအသေပေးခြင်း ကိုလည်း မေ့လို့မဖြစ်ပါဘူး။

၆။ တစ်ဘက်လူရဲ့ နံမည်ကဒ်ကို ချက်ချင်းအိတ်ထဲထည့်သိမ်းခြင်း၊ ကဒ်ပေါ်တွင် တစ်စုံတစ်ရာရေးမှတ်ခြင်းမျိုးမလုပ်သင့်ပါဘူး။

၇။ နံမည်ကိုဘယ်လိုဖတ်ရမှန်းမသေချာရင်၊ ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်တာမျိုးမလုပ်ရပါဘူး၊ ဘယ်လိုဖတ်ရမလဲ ၊ ဘယ်လိုအသံထွက်ရမလဲဆိုတာကိုအရင်မေးသင့်ပါတယ်။

၈။ နံမည်ကဒ်ထည့်တဲ့ သီးသန့်အိတ်ကို မဖြစ်မနေသုံးစွဲရပါမယ်။

၉။ရာထူးငယ်သူက နံမည်ကဒ်ကိုအရင်ပေးရပါမယ်။ အကယ်၍ ကိုယ့်ထက်ရာထူးကြီးသူက အရင်ထုတ်ပေးလိုက်ရတဲ့အခြေအနေမျိုးရောက်ခဲ့ရင် “နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ” လို့တောင်းပန်စကားနဲ့ ပေးကမ်းရပါတယ်။

၁၀။ တစ်ဘက်လူရဲ့နံမည်ကဒ်ကို ချက်ချင်းမသိမ်းရပါဘူး။ ကိုယ့်ရဲ့ကဒ်ထည့်တဲ့အိတ်အပေါ်မှာတင်ပြီးစားပွဲပေါ်မှာထားရပါမယ်။ ဒါပေမယ့်ပြန်တဲ့အချိန် မေ့ပြီးမထားခဲ့မိဘို့လည်းအရေးကြီးပါတယ်။

အထက်ပါအချက်တွေကိုဖတ်ပြီး တော်တော် အသေးစိတ်နိုင် သလို တကယ်လုပ်ဘို့လည်းခက်တယ်လို့
တွေးကြမှာပါပဲနော်။  ဟုတ်ပါတယ်။ဂျပန်လူမျိုးတိုင်းလိုလို ဒီအချက်အားလုံးကိုသိတယ်လို့လည်း
 မပြောနိုင်ပါဘူး။ ဒီလို နံမည်ကဒ်လဲလှယ်တဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်သူမဟုတ်ရင် ၊ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသားလူငယ်လူရွယ်များ ဆိုရင်လည်း ဒါတွေအားလုံးကိုမသိနိုင်ပါဘူး။ သိပေမယ့်လည်း အချိန်တိုအတွင်းမှာ ဒီအချက်အားလုံးနဲ့ကိုက်ညီအောင် လှုပ်ရှားဘို့ အခက်အခဲရှိပါတယ်။ ဒါကြောင့် အလုပ်စ၀င်မယ့် သူတွေကို ဒီလို business manner လို့ခေါ်တဲ့ “စီးပွါးရေး နဲ့ အလုပ်အကိုင် အတွက် ပြုမူပြောဆိုပုံ ”တွေကို ကုမ္ပဏီကြီးများ လုပ်ငန်းကြီးများက အလုပ်ဝင်ကာစမှာ ၀န်ထမ်းတွေကို အချိန်ယူပြီးသင်ပေးပါတယ်။ တစ်ချို့ကျတော့လည်း မိမိကိုယ်တိုင်၊ လေ့လာလေ့ကျင့်ကြပါတယ်။
တကယ်လို့ ဂျပန်လူမျိုးတွေနဲ့ အလုပ်လုပ်တဲ့နိုင်ငံခြားသားတစ်ယောက်က ဒါတွေကိုသိနားလည်ပြီး ပုံစံကျနေတယ်ဆိုရင် စီးပွါးရေးလုပ်ရတာ၊ အလုပ်လုပ်ရတာ ပိုမိုပြီး အဆင်ပြေနိုင်ပါတယ်။ အလုပ်တစ်ခုအတွက် ပထမဦးဆုံးစတွေ့ချိန်မှာ လုပ်ရတဲ့ သမရိုးကျ အပြုအမူလေးတစ်ခုက ရှေ့ဆက်ပြီး အလုပ်လုပ်သွားဘို့အတွက် အများကြီး အထောက်အကူပြုမယ်လို့ထင်ပါတယ်။ “First Impression is Last Impression” ဆိုသလိုပေါ့။

အောက်ပါနေရာများမှ ဓါတ်ပုံများကို ကူးယူထားပါတယ်။ 
http://www.greensun.jp/manner-meisi.html
http://allabout.co.jp/gs/businessmanner/closeup/CU20070228A/

October 24, 2009

ပန်းပုရွာ

ကက်နက် ရဲ့ “လက်နှစ်ဘက်” Kenneth Armitage (England) 1916, Both Arms 1969-70

ခါနာ့ဂါဝါ ခရိုင်၊ ဟာ့ကိုနဲ မြို့မှာရှိတဲ့ “ပန်းပုရွာ” ဆိုတာဟာ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်စရာနေရာကောင်းတစ်ခုဖြစ်တဲ့အတွက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ကျွန်မတို့တည်းတဲ့ ဟိုတယ်က ရှိရာ ဟာ့ကိုနဲ ပန်းခြံမှတ်တိုင်ကနေ The HAKONE Open-Air Museumကို ဘတ်စ်ကားနဲ. သွားခဲ့တာပါတာပါ။ ပန်းပုရွာ တည်ရှိတဲ့ ဟာ့ကိုနဲမြို့ ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ ဥတုရာသီလေးမျိုးကိုလိုက်ပြီး  ပြောင်းလည်းခံစားနိုင်တဲ့ သဘာဝရှုခင်းတွေနဲ့ နံမည်ကျော်ကြားသလို၊ “ပန်းပုရွာ” ထဲကို ၀င်ရောက်ကြည့်ရှု ရတာလည်း ရင်သတ်ရှုမောစရာ အနုပညာလက်ရာပစ္စည်းတွေနဲ့ လူသိများပါတယ်။ ကမ္ဘာကျော် ပန်းပု၊ အနုပညာ လက်ရာပစ္စည်းများကို လဟာပြင် ကျယ်ကျယ်ထဲမှာ ခင်းကျင်းပြသထားတာကိုက အမြင်တစ်မျိုးနဲ့ ပိုပြီး စွဲစောင်မှုရှိနေသလိုပါပဲ။ ၁၉၆၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ. “ပန်းပုရွာ” ဟာ၊ ဂျပန်နိုင်ငံရဲ. လဟာပြင်ထဲမှာ ခင်းကျင်ပြသတဲ့၊ လဟာပြင် ပြတိုက် Open-Air Museum အမျိုးအစားထဲက ပထမဦးဆုံးသော ပြတိုက်လို့သိရပါတယ်။ သဘာဝမျက်ခင်းပြင်၊ နောက်ခံတောင်တန်း ၊ မိုးပြာရောင်းကောင်းကင် တို့ရဲ့ ပင့်မြှောက်၊ ကာရံ၊ ထွေးပိုက်ခြင်းကို ခံထားရတဲ. မျက်မှောက်ခေတ် ကမ္ဘာကျော်အနုပညာရှင်များရဲ. လက်ရာပေါင်း၁၂၀ကျော်ကို အစဉ်ထာဝရခင်းကျင်းပြသထားတယ်လို့ ဆိုပါတယ်။ အဲဒါတွေအပြင် “ပီကာဆို ခန်းမ” PICASSO Hall အပါအ၀င် အဆောက်အဦတွင်း ပြခန်း၅ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ အထူးသဖြင့် လက်နဲ့ကိုင်တွယ်ထိတွေ့ဆော့ကစားနိုင်တဲ့ အနုပညာပစ္စည်းများရှိရာ ခလေးများအတွက် “ပိုက်ကွန်အိမ်”ကတော့ ခလေးများအတွက် မမေ့နိုင်စရာ အမှတ်တရအတွေ့ကြုံကို ရစေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အနုပညာလက်ရာပစ္စည်းများကို ဓါတ်ပုံရိုက်ခြင်း အနားသို့ကပ်ခြင်း ကိုင်တွယ်ခြင်းများကို တားမြစ်ထားပါတယ်။ ရိုက်လာတဲ့ ဓါတ်ပုံအချို့ကို မိတ်ဆက်တင်ပြလိုက်ပါတယ်။ ကြည့်ရှုခံစားကြည့်ပါအုန်းနော်။
ပန်းပုရွာအ၀င် ဗဟိုမြက်ခင်းပြင်ကို အပေါ် ပတ်လမ်းမှ တွေ့ရပုံ။





 ဒီအနုပညာလက်ရာ ပန်းပုရုပ်ကတော့ လေအားနဲ့ လည်ပါတ်နေ ပါတယ်။
Nicolas Schoffer (1912-1992), Spatiodynamique (1954-1980)
နီကိုလပ်စ် ရဲ့ လက်ရာ “ဟင်းလင်းပြင် အင်အား”










သူတို့သုံးယောက်ကို စိတ်ဝင်စားလို့ ရှေ့ ကကော နောက်ကပါ ဓါတ်ပုံရိုက်လာပါတယ်။ 
Francisco Zuiga(Costa Rican) 1912-, Group in Front of the Sea(1984) ဖရန်စစ်စ်ကို ရဲ့ လက်ရာ“ ပင်လယ်ကမ်းခြေက အုပ်စု”တဲ့။

 Mastchinsky 1921 & Denninghoff  1923 (German), Sturm (1980)


Ryoji Goto (Japan) 1951-, Intersecting Space Construction 1978
လျောဂျိ ရဲ့ “ဆက်သွယ်ဖြတ်သန်းခြင်းရဲ့ လေဟာနယ် ဆောက်လုပ်ရေး”






 Masayuki Nagare (Japa) 1923-, Wind's Impression
မာဆာ့ယုကိ ရဲ့ “လေအဟုန်ကို သိမြင်ခြင်း”







Igor Mitoraj (Pole) 1994, Tete Endormie 1983
အီဂို ရဲ့“ အိပ်ပျော်နေသေ ဦးခေါင်းရုပ်”

 Santiago de Santiago Hernandez(Spanish) 1925-, Unidos
ဆန်တီဂို ရဲ့ “အပွေ့” 

Giuliano Vangi ( Italian) 1931, Grande Racconto 2004  ဂွါလီနို ရဲ့ “လူပြောများတော့မယ့် ဇတ်လမ်း”




October 23, 2009

အွန်းစမ်း

“ဟာ့ကိုနဲ”

ရုံးကနေ ခွင့်ရလို့“ဟာ့ကိုနဲ”ကိုသွားခဲ့ပါတယ်။ ခါနာ့ဂါဝါခရိုင် ဟာကိုနဲမြို. ဟာ၊ မီးတောင်အရပ်ဖြစ်တဲ့အတွက် ရေပူစမ်းတွေအများကြီးရှိပါတယ်။ တစ်မြို.လုံး မှာ၊ ရေပူစမ်းနဲ. ဟော်တယ်များနဲ. ပြတိုက်မျိုးစုံတို.ရှိတဲ. ခရီးသွားလည်ပတ်ရာနေရာတစ်ခုပါ။ ဒေသတစ်ခုလုံးက ခရီးသွားဧည့်သည်တွေပျားပန်းခတ်မျှနဲ. သဘာဝပတ်ဝန်းကလည်း တော်တော်လှပါတယ်။

တိုကျိုကနေ ကျည်ဆံရထားကို မိနစ်၃၀လောက်စီးပြီး၊ “အိုဒါ့ဝါရာ့ဘူတာ”ကိုသွားပါတယ်။ အဲဒီကနေမှ ဘတ်စ်ကားနဲ. ဟာ့ကိုနဲမြို.က တည်းမယ့်ဟော်တယ်ကိုသွားခဲ့ပါတယ်။တိုကျိုကနေမနက် ၉နာရီခွဲမှာထွက်ခဲ့တာ ဟော်တယ်ရှိတဲ. “ဟာ့ကိုနဲ ပန်းခြံ”ဘတ်စ်ကားမှတ်တိုင်ကိုရောက်တော့ နေ.လည် ၁နာရီခွဲပါ။
ဘတ်စ်ကားမှတ်တိုင်နေရာက ခရီးသွားတွေနားနေအပန်းဖြေရာလမ်းဆုံဖြစ်တော့ စားသောက်ဆိုင်၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင် တွေနဲ.စည်ကားနေပါတယ်။

ခပ်လှမ်းလှမ်းကိုကြည့်လိုက်ရင် “အာ့ရှိနော့ကို”ကန်ကြီးကိုတွေ.ရပြီး တစ်ဘက်မှာတော့“ခိုမာ့ဂါ့တာကဲ”
တောင်ကြီးနဲ. “ဖူဂျီတောင်”ကိုတွေ့ရပါတယ်။

ရောက်သွားတဲ.အချိန်ကတော့ ခရီးပမ်းလာလို့လားမသိပါဘူး။ သိပ်မချမ်းလှဘူးလို.ထင်ခဲ့တာ ညနေ၄နာရီလောက်ရောက်တော့ တော်တော်ကို ချမ်းလာပါတယ်။ အဲဒီကာားဂိတ်ကြီးတစ်ခုလုံးက ဆိုင်တွေအကုန်လုံးနီးပါးနေ၃နာရီလောက်မှာပိတ်ကုန်ပါတယ်။တောင်ပေါ်မြို.ဖြစ်လို.လားမသိပါဘူး။ အားလုံးစောစောပြန်ကုန်ကြတယ်ထင်ပါရဲ.။
ရောက်ရောက်ချင်းနေ.လည်စာစားကြပါတယ်။“အာ့ရှိနော့ကို”ကန်ကြီးထဲကို သင်္ဘောစီးချင်လို့စုံစမ်းကြည့်လိုက်တော့ နောက်ဆုံးအခေါက်က ညနေ၃နာရီ၂၀မှာထွက်မယ်လို့သိရပါတယ်။
တည်းမယ့်ဟိုတယ်ကို သွားပြီးပစ္စည်းတွေထားပြီး သင်္ဘောစီးဘို. ကားဂိတ်ကိုပြန်ထွက်လာကြပါတယ်။ ကန်ကြီးက ၇ စတုရန်းကီလိုမီတာကျယ်ပြီး အနက်ဆုံးနေရာမှာ ၄၅မီတာရှိတယ်လို.ဆိုပါတယ်။

“အာ့ရှိနော့ကို”ကန်ကြီးဟာ မီးတောင်ဒေသများမှာ ဖြစ်ပေါ်တတ်တဲ့ ချိုင့်ခွက်များမှာ ပတ်ဝန်းကျင်တောင်များကနေ စီးဝင်လာတဲ. မိုးရေများစုဝင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ. Caldera Lake အမျိုးအစားဖြစ်ပါတယ်။ သင်္ဘောကြီးကနှစ်ထပ်ရှိပါတယ်၊ ခလေးနဲ.ဆိုတော့ အောက်ထပ်ရှေ့ဆုံးကထိုင်ခုံမှာနေရာယူပြီး စပီကာကနေရှင်းပြတာတွေကို နားထောင်ရင်း၊  ကန်ကြီးပါတ်လည်ကရှုခင်းတွေကို ငေးမောခဲ့ပါတယ်။    
တစ်ပါတ်ပြည့်ပြီး စီးတဲ့နေရာပြန်ရောက်တဲ့အထိမိနစ်၄၀ကြာခဲ့ပါတယ်။ စီးခဲ့တဲ့နေရာကိုပြန်ရောက်တော့ ကားဂိတ်မှာ ဆိုင်တွေအားလုံးပိတ်သွားပါပြီ။တော်တော်ကိုမှောင်သွားပါပြီ၊
ချမ်းလည်းချမ်းပါတယ်။ ဟိုတယ်ကိုရောက်တော့ မိသားစုသုံးယောက် ရေနွေးပူပူလေးသောက်ပြီး အိပ်လိုက်ကြပါတယ်။ ညဘက်ကိုတော့ဟော်တယ်က စားသောက်ခန်းမှာပဲ ညစာစားခဲ့ကြပါတယ်။ ညမအိပ်ခင်မှာ ဟော်တယ်မှာရှိတဲ. ဂျပန်လို “ရိုတန်းဘုရို”လို.ခေါ်တဲ. Open air hot springs မှာရေပူစမ်းစိမ်ကြပါတယ်။
ရေပူစမ်းစိမ်တာ ဂျပန်လူမျိုးတွေရဲ. ယဉ်ကျေးမှုတစ်ခုပါပဲ။ မီးတောင်ပေါများတဲ.နိုင်ငံဖြစ်တဲ့အတွက် ရေပူစမ်းတွေလည်း နိုင်ငံအနှံ့မှာရှိနေပါတယ်။ ဂျပန်လူမျိုးတို.ရဲ. ရေပူစမ်းစိမ်ပုံကတော့ သိကြတဲ့အတိုင်းပဲ။ ယောက်ကျားမိန်းမ သတ်သတ်စီ အခန်းခွဲထားတဲ. နေရာတွေမှာတော့ ဘာအ၀တ်မှမ၀တ်ရပါဘူး။မိသားစုလိုက်ဝင်လို.ရတဲ.နေရာတွေမှာတော့ ရေကူးဝတ်စုံတွေနဲ. ၀င်ကြပါတယ်။ ရေပူစမ်းထဲကို မ၀င်ခင်မှာ ရေချိုးရပါတယ်။ တစ်ကိုယ်လုံးသန်.စင်သွားပြီဆိုတော့မှ ရေပူကန်ထဲကို ၀င်ပါတယ်။ ရေပူစမ်းဆိုတဲ့အတိုင်း ကမ္ဘာမြေကြီးရဲ. အပူချိန်အရ ပူနေပြီး၊ ရေပူစမ်းတစ်ခုမှာ အနည်းဆုံးကမ္ဘာမြေကြီးရဲ. သဘာဝသတ္တုဓါတ်တစ်မျိုးပါဝင်နေပါတယ်။ သူ.ရဲ.အပူချိန်ကတော့ သာမာန်လူ.ခန္ဒာကိုယ်အပူချိန်ထက်မြင့်ပါတယ်။ ရေပူစမ်းမှာပါဝင်တဲ့ ဓါတ်သတတ္တုအမျိုးအစားနဲ. အပူချိန်ကိုလိုက်ပြီး ရေပူစမ်းအမျိုးအစားတွေကို ခွဲခြားတယ်လို့သိရပါတယ်။ အများသုံးရေပူစမ်းတွေမှာတော့ ၄၀ဒီဂရီ စင်တီဂရိတ်လောက်တော့ရှိနေပါတယ်။ ရေပူစမ်းစိမ်ခြင်းဖြင့် ကိုယ်ခန္ဒာကို သဘာဝအလျှောက် ကုထုံးတစ်မျိုး (Spa Therapy)နဲ. ကုစားသလို ကျမ္မာရေးအတွက်အထောက်အကူဖြစ်စေပါတယ်၊ ဒါပေမယ့်လူတိုင်း ရေပူစမ်းစိမ်တိုင်းကောင်းတယ် လို.တော့ မပြောနိုင်သလို တစ်ချို့ရေပူစမ်းတွေက လူခန္ဒာကိုယ်အတွက် မသင့်တော်တာလည်းရှိတယ်လို. သိရပါတယ်။ ရေပူစမ်းစိမ်တာကို အကြာကြီးလည်းမစိမ်သင့်ပါဘူး။ စိမ်ပြီးသွားတဲ့အခါမှာ ရေနွေးနဲ. ရေပြန်ချိုးတဲ.သူရှိသလို ရေနွေးနဲ..ရေပတ်တိုက်လို့လည်းရပါတယ်။
ရေပူစမ်းစိမ်ပြီး ချက်ချင်းသိရတာကတော့ အညောင်းအညာပြေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာပါ။
ဒီနေ.တစ်နေ.ကတော့ မနက်အိမ်ကထွက်ကတည်းက မြေအောက်ရထား၊ ကျည်ဆံရထား၊ ဘတ်စ်ကား၊ သင်္ဘောတွေကို စီးခဲ့ရတဲ. ခရီးပမ်းမှုတွေရော၊ နေ.တိုင်းရုံးမှာ အညောင်းမိခဲ့သမျှကို ရေပူစမ်းစိမ်ခြင်းနဲ. ကုစားပြီး မနက်ဖြန်ဆက်ပြီးလည်ပတ်ဘို.အတွက် စိတ်ကူးယဉ်ပြီး အိပ်ပျော်ခဲ့ပါတယ်။ နောက်နေ.နေ.လည် ၁၁နာရီမှာ ဟော်တယ်ကို အခန်းပြန်အပ်ပြီး ကားဂိတ်မှာ ဟာ့ကိုနဲ ဒေသ အမှတ်တရ လက်ဆောင်ပစ္စည်းတွေသွားဝယ်ပါတယ်။
လက်ဆောင်ပစ္စည်းဝယ်ပြီး ကားဂိတ်နဲ.ကပ်လျှက်မှာရှိတဲ. “မိုးပျံကြိုးရထား” rope way စီးဘို.လက်မှတ်ဝယ်၊ စီးဘို.အလှည့်ကိုတန်းစီစောင့်ရပါတယ်။ ကျွန်မတို.စီးခဲ့တဲ. “မိုးပျံကြိုးရထား” ကတော့ အမြင့် ၁၃၂၇မီတာရှိတဲ့ “ခိုမာ့ဂါ့တာကဲ”တောင်ကြီးရဲ့ထိပ်အထိတက်တဲ. လူ၃၀စီးရထားလုံးဖြစ်ပါတယ်။ ကြိုးလိုင်းအရှည်ကတော့ ၁၈၀၀မီတာရှည်ပြီး ၇မိနစ်နဲ. ပြေးဆွဲတာဖြစ်ပါတယ်။

ရထားလုံးကိုဆွဲတဲ. ကြိုးများကိုလည်း နမူနာပြသထားပါတယ်။ မြေပြင်ကနေ တဖြည်းဖြည်းမြင့်လာတာနဲ.အတူ၊ တအိအိတစ်ရွေ.ရွေ.နဲ. သွားနေတဲ. “မိုးပျံကြိုးရထား” ကိုစီးရတာ အသည်းတအေးအေးနဲ.ပေါ.၊ ဒါပေမယ့် ရထားမှာပါလာတဲ့ တွဲစောင့်ရဲ့ရှင်းပြတာတွေကို နားထောင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရတာကတော့ တကယ်ကို ထူးခြားတဲ့ အရသာပါပဲ။

တောင်ထိပ်ရောက်တော့ ဆင်းပြီး လျှောက်ကြည့်ရပါတယ်။
တောင်ထိပ်ကို ခရီးသွားများအတွက် ပြင်ဆင်ထားလိုက်တာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၂၇မီတာမှာရောက်နေတယ်လို.တောင်မထင်ရပါဘူး။ ကျယ်ဝန်းလှတဲ. ကွင်းပြင်ကျယ်၊ ရှုမျှော်စင်၊ ဘုရားကျောင်း၊ တောင်တက်လမ်းတွေကို လုပ်ထားတာ သိပ်ကို လှပပါတယ်။ အားလုံးထဲမှာ ကျွန်မအတွက် အကြိုက်ဆုံးရှုခင်းကတော့ “ဖူဂျီတောင်”ကို ဒီလောက်အမြင့်ကနေ ကြည့်မြင်ခွင့်ရတာကိုပါ။ တောင်ပေါ်ရောက်တဲ့အချိန်က မွန်းတည့် ၁၂နာရီဖြစ်လို. နေရောင်ခြည်ကိုလည်း လင်းလင်းထင်းထင်း ရရှိပါတယ်။ ဒါပေမယ့်လို့ အဲဒီအချိန်မှာ ၉ဒီဂရီစင်တီဂရိတ်ဖြစ်တဲ.အတွက် တစ်ချက်တစ်ချက်လေတိုက်တဲ့အချိန်တွေမှာ ကိုယ်ထဲအထိစိမ့်အေးသွားပါတယ်။ တောင်ပေါ်ကနေ ၁၂နာရီ၄၀မှာ “မိုးပျံကြိုးရထား” နဲ့ပြန်ဆင်းလာခဲ့ပါတယ်။ အဆင်းမှာ လည်း အတက်နဲ. အချိန်အတူတူ ၇မိနစ်ပါပဲ။ ဒီတစ်ခါပြန်အဆင်းမှာတော့ “မိုးပျံကြိုးရထား” ရဲ. အဆင့်မြင့်ပုံ၊ ဗဟိုထိန်းချုပ်စင်ရဲ. ခိုင်ခန်.ပုံ၊ ခရီးသွားသူတွေအတွက် အမှတ်ရစေမယ့် ပတ်ဝန်းကျင်အပြင်အဆင်တွေကို ကြည့်ပြီး ဘာလို့ ဒီလိုလုပ်ဘို.စိတ်ကူးရှိခဲ့ကြတာလဲ၊ ဘာလို.ဒီလောက်တောင် ကောင်းအောင်လုပ်ခဲ့ကြတာလဲ၊ဆိုတာကို တွေးမိပါတော့တယ်။ နောက်ပြီး အချိန်တိုင်းငလျင်လှုပ်နေတဲ့အပြင် ဒီလိုမီးတောင်ဒေသမှာ ဒီလိုမြင်တွေ့ရတာကိုကြည့်ရင်းနဲ. လူတွေရဲ့ ကြိုးစားမှုနဲ. နည်းပညာ၊ မိမိလုပ်တဲ့အလုပ်အပေါ်ထားရှိတဲ. ခံယူချက်၊ အများအတွက်စေတနာ ဆိုတာတွေကို စဉ်းစားကြည်နူးမိခဲ့ပါတယ်။
တောင်ခြေကားဂိတ်ကိုရောက်တော့ စားသောက်ဆိုင်ဝင်ပြီး နေ့လည်စာစားကြပါတယ်။ နေ့လည် ၁နာရီမှာဘတ်စ်ကားစီးဘို.အမီပါပဲ။ ဒီတစ်ခါသွားမယ့်နေရာကတော့ “ပန်းပုရွာ” ဆိုတဲ.နေရာပါ။ အဲဒီကိုရောက်သွားမယ့်အချိန်က နေ့လည် ၂နာရီခွဲပေါ.။ “ပန်းပုရွာ”ထဲမှာ ၁နာရီခွဲကြာလောက် လျှောက်ကြည့်ပြီးရင် ရထားနဲ. “အိုဒါ့ဝါရာ့ဘူတာ” ဘူတာကိုသွားပြီး ၊ “အိုဒါ့ဝါရာ့ဘူတာ” ကနေ ကျည်ဆံရထားစီးပြီး အိမ်ပြန်ကြရမှာပါ။ အခုခရီးစဉ်ရဲ. နောက်ဆုံးသွားလည်မယ့် “ပန်းပုရွာ” ကို လျှောက်ကြည့်ဘို. အတွက် ပျော်ရွှင်စွာခရီးဆက်ခဲ့ကြပါတယ်။

http://ja.wikipedia.org/wiki/%E4%BB%99%E7%9F%B3%E5%8E%9F%E6%B8%A9%E6%B3%89

October 17, 2009

smile for

အတွက်------ smile



နံမည်က အုအဲတို အာ့ယာ့ပါ။ တိုကျိုမြို. နယ်ရိမမြို.နယ်မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ အသက်ကတော့ နှစ်ဆယ်ကျော်လေးနှစ်ပါတ်လည်ပေါ.။ မွေးသက္ကရာဇ်ကတော့ ၁၉၈၅၊စက်တင်္ဘာ၁၄ရက်နေ.ဖြစ်ပါတယ်။ အထက်တန်းကျောင်းဒုတိယနှစ်မှာကျောင်းထွက်ခဲ့ပါတယ်။အိုသွေးအမျိုးအစားပါ။ မင်းသမီးလည်းလုပ်ပါတယ်။ သီချင်းလည်းဆိုပါတယ်။ ၁၉၉၉ခုနှစ်ကစပြီး အနုပညာလောကထဲဝင်ရောက်ခဲ့ပါတယ်။ ဟို.ကိုင်းဒိုးဇာတိဖခင်နဲ. အိုကီနာဝါဇာတိမိခင်တို.ကနေမွေးဖွားတဲ. သားသမီး၃ယောက်အနက်က အငယ်ဆုံးသမီးလေးပါ။ အကြီးဆုံးအကိုနဲ. ၁၆နှစ်ကွာပြီး ဒုတိယအကိုနဲ. ၂နှစ်ကွာပါတယ်။ အမေဘက်က အဖွားက အိုကီနာဝါ ရိုးရာသီချင်းအဆိုတော်တစ်ယောက်ပါ။ အဖွားရဲ.သွေးပါတာရယ် သူငယ်ချင်းရဲ.စကားတွေကို အားကျတာရယ်နဲ. အမေ.ကို “ကျွန်မလည်းတီဗွီမှာပါချင်တယ်”လို.ပြောပြခဲ့ဘူးတယ်တဲ.။ တနေ.တော့ အမေလုပ်သူက အိမ်ရဲ.စာတိုက်ပုံးထဲမှာရောက်လာတဲ. ကြော်ငြာတွေထဲက ကြော်ငြာတစ်စောင်ကို အုအဲတို အာ့ယာ့မသိအောင် ဖြည့်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ အုအဲတို အာ့ယာ့ရဲ. အမေတင်လိုက်တဲ.လျှောက်လွှာကတော့ “ဂျပန်နိုင်ငံတစ်နိုင်ငံလုံးအတွက်ရွေးချယ်တဲ. ပြည်သူ.သမီးပျို ပြိုင်ပွဲ” ။ ၁၉၉၇ခုနှစ် သတ္တမအကြိမ်မြောက် “ပြည်သူ.သမီးပျို”ပြိုင်ပွဲမှာ အကဲဖြတ်လူကြီးများရဲ.“အထူးဆု”ကို ရရှိခဲ့ပါတယ်။ ကြော်ငြာလုပ်ငန်းများနဲ. သီချင်းဆိုခြင်းအလုပ်တွေ ဘယ်လောက်အလုပ်များသလဲဆိုရင် ဆယ်ကျော်သက်အရွယ်မှာ အိမ်မှာအိပ်ရတဲ.အိပ်ချိန်က တစ်နေ.ကို ၂နာရီပဲရှိခဲ့တယ်တဲ.။ ၂၀၀၀ခုနှစ်မှာ မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တီဗွီဇတ်လမ်း “မျက်ရည်သုတ်လိုက်ပါအုန်း” ကနေစပြီး နောက်ပိုင်းမှာ မင်းသမီးအဖြစ်နံမည်ကြီးသွားပါတယ်။

 ၂၀၀၂မှာတော့ ဂျပန်နိုင်ငံ မဂ္ဂဇင်းအနုပညာရှင်ဆောင်းပါးဆရာများကချီးမြှင့်တဲ. “လူသစ်တန်းထူးချွန်ဆု”။ အဲဒီအသင်းကနေပဲ ၂၀၀၄ခုနှစ်မျာ “ရုပ်ရှင်မင်းသမီးလူသစ်တန်းဆု”တို.ကိုရရှိခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ “အကောင်းဆုံးဆံပင်အလှဆု”နဲ. “smile of the year” ဆုတို.ကို ရရှိခဲ့ပါတယ်။ အဲဒီကစပြီး မင်းသမီး။ အဆိုတော်။ ကြော်ငြာသရုပ်ဆောင်။ အခမ်းအနားမှူး၊ အစီအစဉ်ကြေငြာသူ။ အားကစားပြိုင်ပွဲများ သတင်းထုတ်လွှင့်သူ စတဲ. အနုပညာလုပ်ငန်းပေါင်းစုံကို အောင်မြင်စွာလုပ်ကိုင်နေသူဖြစ်လာပါတယ်။

၂၀၀၂ခုနှစ်ကစပြီး single ဓါတ်ပြား ၁၆ကြိမ်ထုတ်ခဲ့ပြီး အားလုံးနီးပါး လူကြိုက်များခဲ့ပါတယ်။ အဲဒီထဲက တစ်ခါလောက်တော့ နားထောင်ကြည့်စေချင်တဲ. သီချင်းနှစ်ပုဒ်ရှိပါတယ်။ အုအဲတို အာ့ယာ့ ၁၈နှစ်အရွယ်ကဆိုခဲ့တဲ. “ယူးမဲ့ နော့ ချိခရာ့” အိပ်မက်စွမ်းအား ပါ။ အဲဒီ“ အိပ်မက်စွမ်းအား”ကိုဆိုတဲ့အချိန်မှာ အုအဲတို အာ့ယာ့မှာ တကယ့်ကို အကြီးမားဆုံး အိပ်မက်တစ်ခုရှိပါတယ်တဲ. အဲဒီအတွက်နေ့တိုင်းကြိုးစားပါတယ်တဲ. သူမရဲ. အိပ်မက်က “မေမေ့ကို အိမ်အကြီးကြီးတစ်လုံးဆောက်ပေးချင်ပါတယ်”တဲ.။နောက်သီချင်းတစ်ပုဒ်ကတော့ ၂၀၀၉ခုနှစ်ဇွန်လမှာ ထွက်ခဲ့တဲ့ “ Smile for ” ပါ။


အုအဲတိုအာ့ယာ့ ရဲ့ smile for မြန်မာဘာသာ ဖြင့် ခံစားခြင်း

စူးရဲတဲ့အကြည့်တွေနဲ. smile for me smile for you
တလက်လက်နဲ. တခဏ၊ နေ.တိုင်းကို special လှပတဲ.နေ.တွေ ဖြစ်ရမယ်
Let’s go
ညာဘက်ကအိပ်ကပ်ထဲမှာ အချစ်ပန်းပွင့်
ဘယ်ဘက်မှာကမင်းရဲ.လက်၊ ငါလက်တွဲပါရစေ

တစ်ရိပ်ရိပ်ပြေးတဲ. Circus town အလင်းအမှောင်တွေက up and down
ငါတို. နှစ်ယောက်အတူပြေးထွက်ကြစို. နော်

Goal အထိ step by step Step by step
ဖြည်းဖြည်းချင်းသွားလည်း ရပါတယ်ကွာ။ မင်းရဲ.အရှိန်နဲ.မင်းပဲပေါ.
စူးရဲတဲ့အကြည့်တွေနဲ. smile for me smile for you
တလက်လက်နဲ. တခဏ၊ နေ.တိုင်းကို special လှပတဲ.နေ.တွေ ဖြစ်ရမယ်
Let’s go

အနာဂါတ်တွေဘာတွေ ဝေး၊ အဝေးကြီးလိုသေး oh yes
လက်တွေ့အခုက အရေးကြီးတယ် လို့ မထင်ဘူးလားရှင် oh yes
နှလုံးသားလေးကနာကြင်စရာစကားလုံးမိုးတွေမိ၊အပြင်မှာတော့အပြုံးမျက်နှာ၊ ခံစားထိန်းထား
ငါ့အတွက်ကမင်းရှိနေပြီလေ

တစ်ခါတစ်လေမှာတော့ cry cry cry cry cry cry
စိတ်ညစ်ရစရာတွေများရင် အတူငိုပေးမလား ငါနဲ.
ယုံပါရှင် smile for me smile for you မျက်ဝန်းအိမ်ထဲထဲ ကြည့်ကြည့်စမ်းပါ
အိုတွေ.ပြီ wonder land ဒို.နှစ်ယောက်အတွက် yes we can

ထာဝရလင်းလက်မယ့် ကြယ်စင်တစ်ခုလို
အချစ်တစ်ခုရှိရုံနဲ. စွန်.စားရှင်သန်

Goal အထိ step by step Step by step
ဖြည်းဖြည်းချင်းသွားလည်း ရပါတယ်ကွာ။ မင်းရဲ.အရှိန်နဲ.မင်းပဲပေါ.
စူးရဲတဲ့အကြည့်တွေနဲ. smile for me smile for you
တလက်လက်နဲ. တခဏ၊ နေ.တိုင်းကို special လှပတဲ.နေ.တွေ ဖြစ်ရမယ်
Let’s go

“အိပ်မက်စွမ်းအား”ကိုလည်းနားထောင်ကြည့်ပါအုန်း။ စာသားတော့ထည့်မပေးလိုက်တော့ဘူးနော်။
夢のチカラ


ဒီပို.စ်မှာ၊ သီချင်းတွေကို youtube ကနေ လင့်လုပ်ယူပြီး။ အချက်အလက် နဲ. ဓါတ်ပုံများကို http://ja.wikipedia.org/wiki/%E4%B8%8A%E6%88%B8%E5%BD%A9 ၊http://talent.yahoo.co.jp/pf/detail/pp5621စာမျက်နှာကနေရယူပါတယ်။
(အုအဲတို အာ့ယာ့အကြောင်းသိချင်ပါတယ်ဆို တဲ. ကိုပြည့်စုံ ရေ)အုအဲတို အာ့ယာ့ ရဲ. ဓါတ်ပုံတွေကိုနောက်ထပ်ကြည့်ချင်သေးရင်
http://image-search.yahoo.co.jp/search?ei=UTF-8&fr=jinbutsu&rkf=1&p=%E4%B8%8A%E6%88%B8%E5%BD%A9&b=3&d=20 မှာထပ်ကြည့်နိုင်ပါတယ်။

October 14, 2009

ဖိုးဖိုးပြောတဲ. လောကဓါတ်ပညာ


ဖိုးဖိုးပြောတဲ့ လောကဓါတ်ပညာ

လွန်ခဲ့တဲ. အနှစ်၂၀ လောက်ကပေါ.။ ကျွန်မရဲ. ဖိုးဖိုးကို ကျွန်မက ကွန်ပြူတာရဲ. စွမ်းဆောင်နိုင်မှုတွေကို ကျွန်မလေ့လာမိသမျှပြောပြတော့ ဖိုးဖိုးက “မြေးတို. ခေတ်က ဆန်းလှချည့်လား၊ ဒါ၊ လောကဓါတ်ပညာတွေပေါ့တဲ.”။ ကျွန်မကတော့ ဖိုးဖိုးရဲ. ကွန်ပြူတာအပေါ်မှတ်ချက်ချပုံကို တခစ်ခစ်နဲ. ရယ်ခဲ့ရတဲ.အပြင်၊ သတိရတိုင်းကြုံတိုင်း တွေ.တဲ.လူကိုပြောပြီး ရယ်လေ့ရှိပါတယ်။

အခုများ ဖိုးဖိုး ရှိနေလို.ကတော့ ကျွန်မ၊ဂျပန်မှာတွေ.ကြုံရတဲ. လက်ကိုင်ဖုန်းတွေအကြောင်းကို ပြောပြချင် ပါတယ်။ ပြောပြချင်တယ်ဆိုတာထက် ကျွန်မပြောပြတဲ.လက်ကိုင်ဖုန်းအကြောင်းကို ဖိုးဖိုး ဘယ်လို မှတ်ချက်ချမလဲ ဆိုတာကို ပိုသိချင်ပါတယ်။ 



လက်ကိုင်ဖုန်းရဲ.သာမန်စွမ်းဆောင်မှုများ


လက်ကိုင်ဖုန်းတစ်လုံးရဲ. ပုံမှန်တယ်လီဖုန်းပြောခြင်း၊ မက်ဆေ့ဂ်ျ ပို.ခြင်း၊ ဂဏန်းပေါင်းစက်အဖြစ်သုံးခြင်း၊ ကင်မရာအဖြစ်သုံးခြင်း၊ တွေကတော့ လက်ကိုင်ဖုန်းရဲ. မဆန်းကြယ်သော စွမ်းဆောင်မှုများပါပဲ။ အရင်ကတော့ ဒီလိုလုပ်ငန်းတွေလုပ်ဆောင်နိုင်တယ်ဆိုရင် ပြည့်စုံလုံလောက်ပြီလို. ထင်ခဲ.ပါတယ်။ နောက်ထပ် အဲဒီထက်ပိုပြီး လုပ်နိုင်ရင်လည်း နောက်ထပ်တစ်မျိုးနှစ်မျိုးလောက်ပဲ ရှိတော့မယ်ပေါ.။

ရုပ်မြင်သံကြားကြည့်ချင်လား
လက်ကိုင်ဖုန်းကနေ ရုပ်သံထုပ်လွှင့်မှုတွေကိုကြည့်ရှုနိုင်ပါတယ်၊၊ တစ်ချို. ရုပ်သံအစီအစဉ်တွေကိုတော့ နေရာဒေသပြောင်းသွားရင် ပြန်ပြီး ဆက်သွယ်ပေးရတဲ့ ခလုတ်ကို ပြောင်းနှိပ်ပေးဘို.လို.ပါတယ်။ လက်ကိုင်ဖုန်းထဲမှာ ၀မ်းဆက်ဂ် (one seg)လို.ခေါ်တဲ. စံနစ်ကိုထဲ့ထားရင် တီဗွီကြည့်လို.ရပါတယ်။ ၀မ်းဆက်ဂ်လို. ခေါ်ရတဲ.အကြောင်းကတော့ မြေပေါ်ဒီဂျစ်တယ် ရုပ်သံလွှင့်ခြင်းအတွက် လျှပ်စစ်လှိုင်း၁၃ခု (13 segments) ကို အသုံးပြုပါတယ်တဲ. ။ အဲဒီထဲကလှိုင်း ၁၂ခုကို နေရာပုံသေထားတဲ. ရုပ်မြင်သံကြားတွေအတွက်သုံးပြီး၊ လျှပ်စစ်လှိုင်း တစ်ခု(one segment)ကိုတော့ လက်ကိုင်ဖုန်းကနေ ကြည့်ဘို. သုံးနိုင်ပါတယ်တဲ. ။ ဒါကြောင့် လှိုင်းတစ်ခုကို ယူသုံးထားတဲ. ဆိုတဲ့အနေနဲ. ခေါ်တာပါ။ ဂျပန်တွေက“ ၀မ်းဆဲဂု ”လို.ပြောပါတယ်။


တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးပြောချင်လား
 လက်ကိုင်ဖုန်းကို အဓိကအသုံးပြုတဲ.ရည်ရွယ်ချက်က သွားလေရာယူဆောင်ပြီး ကြိုးမဲ့တယ်လီဖုန်း ဆက်သွယ်ဘို.ပါပဲ။ သူ.ထက်ပိုပြီး ကိုယ်စကားပြောဆက်သွယ်နေတဲ. တစ်ဘက်လူရဲ. ပုံကိုပါမြင်ချင်သေးတယ်ဆိုရင်တော့ တီဗွီကောလ် စွမ်းဆောင်မှုကိုပါထည့်သွင်းထားတဲ. လက်ကိုင်ဖုန်းအမျိုးအစားကို သုံးနိုင်ပါတယ်။
လက်ကိုင်ဖုန်းမှာပါတဲ. ကင်မရာမှန်ဘီလူးကနေ ရုပ်သံကို ပို.လွှတ်တာဖြစ်ပါတယ်။ တီဗွီကောလ်နဲ.ပြောမယ်ဆိုရင် သာမာန်စကားပြောခထက် အနည်းငယ်သာဈေးကြီးပါတယ်၊ ဒါပေမယ့် ဓါတ်ခဲကိုတော်တော်စားပါတယ်။
အဖြစ်သည်း၊ အချစ်သည်းတဲ. သူတွေကတော့ တီဗွီကောနဲ.ဖွင့်ပြီးပြောရင် တယောက်မျက်နှာ တစ်ယောက်လည်းမြင်ရတယ်လေ။ ကျွန်မကတော့ တီဗွီကောလ်ကို သုံးပြီး ကျွန်မရဲ. အထက်လူကြီးနဲ. တစ်ခါနှစ်ခါသုံးဘူးပါတယ်။ ရုံးကိစ္စနဲ. ဈေးဝယ်တဲ.အချိန်မှာဆိုင်က ပစ္စည်းကောင်တာမှာ ရှိတဲ့ပစ္စည်း ကို လက်ကိုင်ဖုန်းနဲ. တီဗွီကောလ် ခလုတ်သုံးပြီး တစ်ခါတည်း ၀ယ်မလား၊ မ၀ယ်ဘူးလား ဆိုတာ ဆုံးဖြတ်လို.ရလို.ပါ။ ဒီလိုအချိန်မှာ တီဗွီကောလ်က တော်တော်အသုံးဝင်ပါတယ်။ နောက်တစ်မျိုးကတော့ စကားမပြောနိုင်တဲ့သူတွေတယ်လီဖုန်းပြောဘို.အတွက်ကိုလည်း ရည်ရွယ်ပြီးတီထွင်ခဲ့တယ်လို.ဆိုပါတယ်။ တီဗွီကောလ်ဖွင့်ပြီး တဘက်လူကို လက်ဟန်ခြေဟန်သုံးပြီး ပြောဆိုဆက်သွယ်လို.ရအောင်ပါ။ ဒီမှာ “တယ်ရယ်ဗီဒမ်းဝ့ါ ”လို. ခေါ်ပါတယ်။


ပိုက်ဆံအိတ်အဖြစ်သုံးချင်လား
လက်ကိုင်ဖုန်းလုပ်ထားတဲ့ ကုမ္ပဏီရယ်၊ ကိုယ့်ရဲ. ငွေအပ်နှံထားတဲ.ဘဏ်ရယ်ကိုဆက်သွယ်ပြီး၊ လက်ကိုင်ဖုန်းနဲ. ငွေပေးချေပြီးဈေးဝယ်လို.လည်းရပါတယ်။ စတိုးဆိုင်၊စားသောက်ဆိုင်၊ အလိုအလျှောက်ခလုတ်နှိပ်ဝယ်ယူနိုင်တဲ့ Edy  အက်ဒီ(လျှပ်စစ်ငွေကြေး) စက်များရဲ..အာရုံခံမျက်နှာပြင်(Sensor) ပေါ်မှာ လက်ကိုင်ဖုန်းကိုတင်ပြီး ကျသင့်ငွေကိုပေးချေလို.ရပါတယ်။ ကျသင့်ငွေပေးချေရင်းနဲ. ကိုယ့်ရဲ.လက်ကျန်ငွေကိုလည်း စာလုံးနဲ. အရုပ်များပေါ်တဲ.မျက်နှာပြင်မှာ တွေ.နိုင်ပါတယ်။ လက်ကိုင်ဖုန်းထဲမှာ FeliCa IC chip (non-contact type IC card) ကိုမြှပ်ထဲ့ထားတဲ.အတွက် ဒီစွမ်းဆောင်မှုကိုလုပ်ဆောင် နိုင်တာဖြစ်ပါတယ်။ လျှပ်စစ်ငွေကြေး သုံးစွဲမှုယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်။ ငွေစက္ကူနဲ. အကြွေတွေကို ကိုင်မသုံးပဲ။ ခရက်ဒစ်ကဒ် နဲ. ငွေပေးချေတဲ.ပုံစံမျိုးပါ။ ပိုက်ဆံအိပ်ကို အိုဆိုင်းဖု ၊ တယ်လီဖုန်းကို ဒမ်းဝါ.၊ ဒါကြောင့် “အိုဆိုင်းဖု၊ ဒမ်းဝါ့”လို. ဂျပန်လိုခေါ်ပါတယ်။


အင်တာနက်

လက်ကိုင်ဖုန်းကို အင်တာနက်ဆက်သွယ်မှုအတွက်လည်းအသုံးပြုနိုင်ပါတယ်။ အင်တာနက် ဆက်သွယ်မှုနဲ. တစ်ဆက်တည်းဆိုသလို၊ အောက်ပါ လုပ်ဆောင်မှုတွေကိုလည်း ရရှိနိုင်ပါတယ်။မိုးလေ၀သ (အလိုရှိရာဒေသနဲ. နာရီနဲ.အလိုက်သိနိုင်ပါတယ်)၊ လမ်းပန်းဆက်သွယ်ရေးရှာဖွေမှု (သွားလိုရာနေရာကို ဘယ်လိုယာဉ်အမျိုးအစားနဲ. အချိန်ဘယ်လောက်ကြာမယ်ဆိုတာတွေကို သိနိုင်ပါတယ်။)။
 အဝေးပြေးလမ်းများနဲ. ယာဉ်အသွားအလာ အခြေအနေတွေကိုလည်းသိနိုင်ပါတယ်။
အွန်လိုင်းဈေးဝယ်ခြင်း(ကွန်ပြူတာနဲ. ဈေးဝယ်တဲ့အတိုင်းပဲ ၀ယ်နိုင်ပါတယ်)။ ရှာဖွေခြင်း (စားသောက်ဆိုင်တို.၊ ပန်းခြံ၊ ရုပ်ရှင်ရုံ၊ တို.ကိုရိုးရိုးရှာဖွေတာအပြင် ၊ ကိုယ်ရောက်နေတဲ. နေရာရဲ. အနီးဆုံးမှာရှိတဲ.၊ စာအုပ်ဆိုင်၊ ဖိနပ်ပြင်ဆိုင်၊ဆိုပြီး မိမိရောက်နေတဲ.အရပ်ကို ဗဟိုပြုပြီးလည်းရှာဖွေလို.ရပါတယ်)။
“ကျူအာလ် ကုတ်” ကိုဖတ်ပြီး သက်ဆိုင်ရာ သတင်းအချက်အလက်ရဲ. စာမျက်နှာကို တိုက်ရိုက် သွားပြီး အချက်အလက်တွေကို ဖတ်နိုင်တယ်။ အဲဒီကုတ်အမှတ်အသားလေးထောင့်ကွက် ကို လက်ကိုင်ဖုန်းကင်မရာမှန်ဘီလူးနဲ. ဗဟိုကျအောင်ချိန်ပြီး သက်ဆိုင်ရာ ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။ အခုတော့ လက်ကိုင်ဖုန်းတော်တော်များများမှာ ဒီစွမ်းဆောင်ရည်ကို ထဲ့သွင်းထားပြီးသားတွေ.ရပါတယ်။

သီချင်းသမားလား

သီချင်းပေါင်းစုံကို ကိုယ်အသုံးပြုတဲ.. လက်ကိုင်ဖုန်းကုမ္ပဏီကနေ ၀န်ဆောင်မှုပေးတဲ. သီချင်းတပိုင်းတစ်စ အပြင်၊ အခြားနှစ်သက်ရာ များကိုအလကားပေးတဲ. အချိန်မှာကော၊ ပိုက်ဆံပေးချေခြင်းဖြင့် ကော အမျိုးမျိုး ကူးယူသိမ်းဆည်းနိုင်ပါတယ်။ သီချင်းနားထောင်တာကြိုက်တဲ့သူတွေအတွက် သီးသန်. စီမံထားတဲ. လက်ကိုင်ဖုန်းအမျိုးအစားတွေလည်းရှိပါတယ်။


အခုဘယ်နားရောက်နေလဲသိချင်လား
လက်ကိုင်ဖုန်းဆက်ရင်မေးနေကျ မေးခွန်းပါ။ ဒါပေမယ့် လက်ကိုင်ဖုန်းသုံးသူ နှစ်ဦးနှစ်ဘက်ရဲ. ဖုန်းတွေမှာGPS (Global Positioning System )(ကမ္ဘာလုံးဆိုင်ရာ  တည်နေရာခန်မှန်း စံနစ်)ကိုထဲ့ထားပြီး၊ သူနဲ.ကိုယ်နဲ.ကြားမှာ အဆက်အသွယ် ချိပ်ပေးထားရင် တစ်ယောက်ရောက်ရှိနေတဲ. နေရာကို တစ်ယောက်က သိနိုင်ပါတယ်။ ခလေးနဲ. မိဘကြားမှာအသုံးများပါတယ်။ လူကြီးတွေအနေနဲ.လည်း ချိန်းထားတဲ.ဘူတာရောက်ပြီးကာမှာ တစ်ယောက်နဲ.တစ်ယောက်ရှာလိုမတွေ.နိုင်ရင် ကိုယ်ရောက်နေတဲ. နေရာရဲ. GPS Data ကို တဘက်လူဆီပို.ပေးပြီး ရှာဖွေသိရှိနိုင်ပါတယ်။ ကျွန်မတို.ရုံးမှာဝန်ထမ်းတွေကို ပေးထားတဲ့ လက်ကိုင်ဖုန်းမှာ အဲဒီလို စံနစ်ထည့်ထား ပါတယ်။ ရုံးကိစ္စနဲ. နေရာမျိုးစုံကိုရောက်နေတဲ့ဝန်ထမ်းတွေကို ဘယ်နေရာမှာရှိနေလဲဆိုတာသိရအောင်လို.လို. ဆိုပါတယ်။ ၀န်ထမ်းတစ်ချို.ကသိပ်မကြိုက်ကြပါဘူး။ ရုံးကို ကိုယ်ဘယ်ရောက်နေလဲဆိုတာ မသိစေချင် ရင်လည်း ရပါတယ်။ လက်ကိုင်ဖုန်းကနေ ရုံးရဲ. အင်တာနက်ဆာဗာကိုဆက်သွယ်မှု ပို.ပေးမထားးရင်တော့ အဲဒီနေ. ကျွန်မဘယ်ရောက်နေတာကို ရုံးကမသိနိုင်ပါဘူး။ ကဲ၊ ဘယ်လိုလုပ်မလဲ။ သိရလွန်းတော့လည်း မသိစေချင်ပြန်တော့ဘူးလေ။


ဘာသာစကားအကူအညီလိုသလား

ဂျပန်၊အင်္ဂလိပ် အဘိဓါန်တွေကို အလကားထဲ့ပေးထားတဲ. လက်ကိုင်ဖုန်းတွေ လည်းရှိပါတယ်။ ဘာသာစကားလေ့ကျင့်လို.လည်းရပါတယ်။ နောက်သူ.နဲ. ဆက်နွယ်ပြီး၊ ဂျပန်စာ ခန်းဂျီး ကိုလည်းဖတ်လို.ရပါသေးတယ်။ ဂျပန်ဘာသာမှာ တစ်ချို.နံမည်တွေရဲ. ခန်းဂျီးစာလုံးကို ဂျပန်လူမျိုးတွေ အတွက်လည်း ဖတ်ဖို.ခက်ပါတယ်။ လက်ကိုင်ဖုန်းမှာပါတဲ. ခန်းဂျီးဖတ်တဲ. ခလုတ်အမျိုးအစားကို ပြောင်းနှိပ်၊ ကိုယ်မသိတဲ. ခန်းဂျီးစာလုံးပေါ်ကို လက်ကိုင်ဖုန်းမှာပါတဲ့ ကင်မရာ မှန်ဘီလူးနဲ.ချိန် ၊ သူ.ရဲ. ခန်းဂျီးစာတန်း အောက်မှာ အပြာရိပ်နဲ. မျဉ်းကြောင်းပေါ်လာအောင်ချိန်ထားပြီးရင် အသံထွက်စာလုံးကို မြင်ရပါမယ်။

အပျင်းဖြေ၊ အချိန်ဖြုန်းချင်သလား

ကစားနည်းအမျိုးမျိုးကိုလည်း ပျော်ရွှင်စွာကစားနိုင်ပါတယ်။ အခကြေးငွေပေးပြီး ဒေါင်းလုပ် လုပ်ရတာရှိသလို အလကားရတဲ. တွေလည်းရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ တိရစ္ဆာန်လေးတွေ ကိုလည်းမွေးလို.ရပါတယ်။ နံမယ်ပေး၊ အချိန်မှန်အစာကျွေး၊ နှုတ်ဆက်စကားပြော၊ အတူဆော့ တာတွေကိုလုပ်ပေးရပါတယ်။ အဲဒီကနေတဆင့် ငါးမျှားမလား၊ ငါးမျှားတံရွေးဝယ်တာက အစ၊ မျှားမယ့်နေရာရွေးတာ အလယ်၊ မျှားတံကို ငါးလာဟပ်တာအဆုံး ကို လက်ကိုင်ဖုန်းနဲ. ခံစား ပျော်ရွှင်နိုင်အောင်လုပ်ထားပါတယ်။ အလားတူပဲ ဂေါ့ဖ် ရိုက်တာလည်း ရပါတယ်။
 ဒါဆိုရင် ၀ါသနာအမျိုးမျိုးအတွက် အပလီကေးရှင်း ပရိုဂရမ်တွေ အမျိုးမျိုးရှိလားလို.မေးရင်၊ ရှိတယ်လို.ပဲဖြေရမှာပါ။ လစဉ် ယန်း၃၀၀ (ဆိုင်မှာထိုင်သောက်တဲ. ကော်ဖီတစ်ခွက်စာ) ပေးသွင်းထားရင်၊ ကြိုက်သလောက်ကြည့်လို.ရတဲ. ပုံတွေကိုလည်း ရှုစားနိုင်ပါတယ်။ အားကစားသမားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ. လက်ကိုင်ဖုန်းဆိုရင်၊ တစ်နေ.တာလမ်းလျှောက်တဲ. မှတ်တမ်း၊ ကယ်လိုရီ တိုင်းတာမှု၊ စတာတွေကို အမြဲသိနိုင်အောင်တီထွင်ထားတယ်။

နည်းပညာ၊ လူနေမှုဘ၀ပုံစံ၊ စီးပွါးရေးအမြင်
အဲဒီလို စွမ်းဆောင်မှုတွေပါတဲ. လက်ကိုင်ဖုန်းအမျိုးမျိုးအပြင်၊ လက်ကိုင်ဖုန်းကုမ္ပဏီတွေကလည်း သုံးစွဲသူတွေအတွက် ၀န်ဆောင်မှုမျိုးစုံကို အပြိုင်အဆိုင် သူ.ထက်ငါ အကောင်းဆုံးဖြစ်အောင် မယုံနိုင်စရာ အစီအစဉ်တွေနဲ. စွဲဆောင်ကြပါတယ်။ အခုလောလောဆယ်ဂျပန်နိုင်ငံရဲ.လူကြိုက်များတဲ. လက်ကိုင်ဖုန်းကုမ္ပဏီတွေကတော့။ အေယ au ၊ ဆော့ဖ်ဘဏ့်ခ် softbank ၊ ၀ယ်လ်ကမ် willcom နဲ. အီးမိုဘိုင်းလ် emobile တို.ဖြစ်ကြပါတယ်။ အဲဒီကုမ္ပဏီတွေရဲ. ၀န်ဆောင်မှုနဲ. ဈေးနှုန်းတွေ က သိပ်မကွာခြားလှပါဘူး။ ဒါပေမယ့် စွဲဆောင်မှု အစီအစဉ်လေးတွေကတော့ ဘယ် လက်ကိုင်ဖုန်းကုမ္ပဏီက ဖုန်းကိုသုံးမလဲဆိုတာကို ဆုံးဖြတ်ရခက်စေ ပါတယ်။



ဥပမာ။ အေယူ ကုမ္ပဏီက လက်ကိုင်ဖုန်းကို သုံးတဲ. မိသားစုဝင်။ သူငယ်ချင်း စာရင်းကိုမှတ်ပုံတင်ထားရင် သတ်မှတ်ထားတဲ.ဦးရေအထိ၊(၂၄)နာရီအလကားပြောလို.ရပါတယ်။

ဆော့ဖ်ဘဏ့်ခ် ကုမ္ပဏီက လက်ကိုင်ဖုန်းကို သုံးတဲ.သူချင်းဆို နေ.ခင်းဘက် ဘယ်သူနဲ.မဆို၊ ဘယ်လောက်ကြာကြာ အလကားပြောလို.ရပါတယ်။
(တကယ်လက်တွေ.မှာ ဂျပန်မှာ တစ်ယောက်နဲ.တစ်ယောက်ဖုန်းပြောဘို. အချိန်နဲ. အခြေအနေ သိပ်မရှိပါဘူး၊ အများအားဖြင့် မေးလ်ပို.ကြတာများပါတယ်။အဲဒီမေးလ်ကိုတောင် ရထားစောင့်ရင်း၊စီးရင်းနဲ. နှိပ်ပြီးပို.ရတာပါ။)

ဂျပန်နိုင်ငံရဲ. သူ.ထက်ငါအလုအယက် ပြိုင်ဆိုင်တီထွင်နေတဲ. လက်ကိုင်ဖုန်းကုမ္ပဏီတွေရဲ. စီမံကိန်းများနဲ. ဆော့ဖ်ဝဲလ် ပညာရှင်များရဲ. အမြဲမပြတ်တီထွင်မှုတွေကိုတွေ.ရတာမြင်ရသုံးစွဲရတာတွေက ကျွန်မအတွက်တော့ ဗဟုသုတနဲ. အတွေးမျိုးစုံ ရပါတယ်။ မြန်မာဆိုရိုး စကားတခုကို သတိရမိပါတယ်
“ အကြံတူ၊ နောက်လူသာစမြဲ”တဲ.။ ဂျပန်တွေကတော့ အဲဒီဆိုရိုးကို ကောင်းကောင်းသဘောပေါက်ပုံရ ပါတယ်။  အကြံတူတဲ့ပုံစံတူစီးပွါးရေးလုပ်ငန်း (လက်ကိုင်ဖုန်းကုမ္ပဏီ)တွေဟာ အမြဲလိုလို ၀ယ်ယူ အသုံးပြုသူ များအတွက် စွဲမက်ဘွယ် အသစ်တစ်ခုခု(လက်ကိုင်ဖုန်းရဲ. ပုံစံနဲ. သူ.မှာ “ပါဝင်မှု” (ကွန်တန်.စ် contents)၊ သုံးစွဲသူအတွက် ၀န်ဆောင်မှု )ကို ဖန်တီးပြီး သူ.ထက်သူ လူစွမ်းကောင်းဖြစ်အောင် ဈေးကွက်မှာနေရာယူထားကြပါတယ်။ သူတို.ရဲ.နည်းပညာ၊ လူနေမှုဘ၀ပုံစံ၊ စီးပွါးရေးအမြင်တွေကို သူတို.ရဲ.ကုန်ပစ္စည်းများရဲ. တိုးတက်မှုက သက်သေပြနေပါတယ်။ 

မှတ်စုတိုများ
မူလပထမ ဂျီပီအက်စ် GPS Global Positioning System (ကမ္ဘာလုံးဆိုင်ရာ တည်နေရာခန်မှန်း စံနစ်)ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကကြီးကြပ်တဲ. ဂြိုလ်တုကနေ လျှပ်စစ်လှိုင်းကိုသုံးပြီး၊ လတ္တီတွဒ်၊လောင်ဂျီတွဒ် ဒီဂရီများကို မီတာပေါင်းဆယ်ချီပြီး တိကျမှုအနုစိတ်ထုတ်ယူပြီး လက်ရှိတည်နေရာကို သိနိုင်တဲ့စံနစ်ဖြစ်ပါတယ်။



အက်ဒီ Edy (Euro, Dollar, Yen)လို.ခေါ်တဲ. လျှပ်စစ်ငွေကြေး ရဲ. နံမည်က ဘယ်လိုကနေပြီး ဖြစ်လာတာလဲလို.ပြောရမယ်ဆိုရင် သူ.ကိုတီထွင်တဲ. bitWallet Inc. ကုမ္ပဏီက သူတီထွင်တဲ. လျှပ်စစ်ငွေကြေးစံနစ်ဟာတစ်နေ.ကျရင် ယူရိုငွေ၊ ဒေါ်လာငွေ၊ ယန်းငွေတို.လို ငွေကြေးယူနစ်တစ်ခုဖြစ်လာရမည်ဆိုတဲ့သဘောနဲ. မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။



ကျူအာလ်ကုတ် QR code ကို တနည်းအားဖြင့် two dimensional code လို.လည်းခေါ်ပါတယ်။ single dimensional bar code ကိုတော့ ပစ္စည်းတွေမှာကပ်ထားတဲ.ကုန်ပစ္စည်းတန်ဘိုးကို ဖေါ်ပြဘို.အတွက်သုံးပါတယ်။သူ.ကို ဘားကုတ်ဖတ်တဲ. ကရိယာလေးနဲ.မှ ဖတ်လို.ရပါတယ်။ ဘာကြောင့် ကျူအာလ်ကုတ် ကိုသုံးရသလဲဆိုရင် ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။
၁။သတင်းအချက်အလက်တွေကို ဘယ်နေရာမဆိုလူမြင်သူမြင် ထုတ်ဖေါ်ပြမထားချင်လို.ပါ။
၂။ဘားကုတ်မှာ အင်္ဂလိပ်စာလုံးနဲ.ကိန်းဂဏန်းများကို ၁၀လုံးအထိပဲ မြှုပ်သွင်းရေးသားနိုင်ပါတယ်။ ကျူအာလ်ကုတ်မှာ အင်္ဂလိပ်စာလုံးနဲ.ကိန်းဂဏန်းများကို ၄၀၀၀လုံး၊ ဂျပန်စာခန်းဂျီးအပါအ၀င် ၁၈၀၀လုံးအထိ မြှုပ်သွင်းရေးသားနိုင်လို.ဖြစ်ပါတယ်။
၃။ စာရွက်တစ်ရွက်ပေါ်မှာ၊ ကြော်ငြာသင်ပုန်းပေါ်မှာ နေရာသေးသေးလေးနဲ. သတင်းအချက်အလက်တွေကို တင်ထားနိုင်ပါတယ်။
၎။ အမဲအကွက်အကွက်တွေတင်မကပဲ လှပတဲ.နောက်ဆုံးပေါ် ဒီဇိုင်းများလည်းရှိပါတယ်။
၅။ အင်တာနက်ကနေ အခမဲ. ဒေါင်းလုပ်လုပ်ပြီး ကိုယ်ပိုင် ကျူအာလ်ကုတ်ကိုလည်း လုပ်နိုင်ပါတယ်။



နားလည်လွယ်အောင်ပြောရရင်တော့ ပြောချင်တာတွေချရေးထားတဲ. စာရွက်ကို ဒီအတိုင်းဖြန်. ပေးတာထက်၊ စာရွက်လှလှလေးနဲ. ရေး၊ လှလှလေးခေါက်၊ ပြီးရင် ရေထဲကိုစိမ်လိုက်မှ စာလုံးတွေပေါ်လာမယ် ဆိုသလိုမျိုးပေါ.။ နည်းပညာယဉ်ကျေးမှု တစ်ရပ်ပါ။

ပို.စ်တွင်ပါဝင်သောဓါတ်ပုံများကူးယူရာစာမျက်နှာများ
http://www5d.biglobe.ne.jp/~sptnet/61061137/
http://ja.wikipedia.org/wiki/%E3%83%90%E3%83%BC%E3%82%B3%E3%83%BC%E3%83%89
http://allabout.co.jp/finance/gc/9494/
http://www.yomiuri.co.jp/net/news/20061106nt0a.htm
http://imode-press.jp/imode/top/chokkan_game/index.html
http://ja.wikipedia.org/wiki/%E9%9F%B3%E6%A5%BD%E6%90%BA%E5%B8%AF
http://www.apple.com/jp/iphone/iphone-3gs/?cid=MAR-JP-OVER-IPHONE
http://kuchiran.jp/pc/mobile.html
http://itpro.nikkeibp.co.jp/article/COLUMN/20070821/280040/?P=2&ST=network